ရန်ကုန်မြို့ရှိ နိုင်ငံပိုင် အဆောက်အအုံရောင်းချလိုက်ကြောင်းသိရ

naykhanaingJune 5, 20101min832

မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ထိန်းသိမ်း ထားသော ရန်ကုန်မြို့ရှိ နိုင်ငံပိုင် အဆောက်အအုံ ၂ဝ ကျော် အနက် ၅ ခုကို ရောင်းချ လိုက်ကြောင်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မတီနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

1

အမျိုးသား စာကြည့်တိုက် (ဓာတ်ပုံ – ဧရာဝတီ)

အဆောက် အအုံ ၅ ခုမှာ ခြောက်ထပ်ရုံး၊ ပြည်သူ့ ကုန်တိုက်၊ MRTV-3 New Studio Complex၊ ရတနာပုံ ရုပ်ရှင်ရုံနှင့် အမျိုးသား စာကြည့်တိုက်တို့ ဖြစ်သည်။

၂၀၀၉ ခုနှစ် အကုန်ပိုင်း လောက်မှ စတင်၍ နိုင်ငံပိုင် စက်ရုံများ၊ ဝန်ကြီးဌာနများ၊ အလုပ်ရုံများ စသည့် နိုင်ငံပိုင် အဆောက် အအုံ ၁၄ရ ခု ကို ဈေးပြိုင် စနစ်နှင့် ရောင်းချ ခဲ့ကြောင်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။

“ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား လက်အောက်ရှိ MRTV 3 New Studio Complex အဆောက် အဦး မြေနေရာကို ကျပ် သိန်းပေါင်း တသိန်း သုံးသောင်း နဲ့ ရောင်းချလိုက်ပြီ”ဟု သူက ပြောသည်။

ယင်း အဆောက်အအုံနှင့် မြေနေရာကို ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီ လီမိတက်က ရရှိသွားသည်။ ယင်းကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဝဏ္ဏကျော်ထင် ဦးအောင်ဇော်နိုင်သည် အာဏာပိုင်များနှင့် နီးစပ်သည့် အာရှဓန ဘဏ် လုပ်ငန်းရှင် ဦးအိုက်ထွန်း၏သား ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာနမှ အရာရှိတဦးက“အာဏာပိုင်တွေကတော့ ပုဂ္ဂလိက ကို လွှဲပေးတယ်ဆိုတာ စီးပွားရေး လုပ်ငန်းရှင်တွေလည်း ပိုင်ဆိုင်မှုတခု ထပ်တိုးမယ်၊ ပြည်သူတွေလည်း သင်တင့်မျှတတဲ့ ဈေးနှုန်း နဲ့ သုံးစွဲခွင့်ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လွှဲပေးနေတာ”ဟု ပြောသည်။

ပြန်ကြားရေး ဝန်ကြီးဌာန၏ မြန်မာ့ရုပ်ရှင်လုပ်ငန်းပိုင် ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ရတနာပုံ ရုပ်ရှင်ရုံ မြေနေရာနှင့် အဆောက် အအုံကိုလည်း ပုဂ္ဂလိက လုပ်ငန်းရှင် တဦးအား ငွေကျပ် သိန်း ကိုးထောင့် နှစ်ရာ ကျော် ဖြင့် ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရသည်။

တာမွေမြို့နယ် အနောက်မြင်းပြိုင်ကွင်းလမ်းနှင့် လေးထောင့်ကန်လမ်းထောင့်ရှိ အမျိုးသား စာကြည့်တိုက်အား ကျပ် သိန်းပေါင်း တစ်ထောင် ကျော်ဖြင့် ရောင်းချလိုက်ခြင်းဖြစ်ကြောင်း အာဏာပိုင်နှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

“နေပြည်တော်မှာရှိတဲ့ အဆောက်အဦးတွေကို ဦးစားပေးဆောက်နေတော့ ဒီအတွက် ကုန်ကျစရိတ်နဲ့ ရွေးကောက်ပွဲအတွက် သုံးဖို့ ငွေကြေးအများအပြားက လိုလာပြီဆိုတော့ အခုလို တဖြည်းဖြည်းချင်း ထပ်ရောင်းထုတ်နေတာ”ဟု သူက ပြောသည်။

www.irrawaddy.org/bur/မှဖော်ပြသည်..

2 comments

  • Shwemannmay

    June 6, 2010 at 4:30 am

    ရှိပူရသေး ကုန်မှအေးဆိုတာ စကားရှိသလေ 😀

  • phyowaichan

    June 6, 2010 at 8:41 am

    အင်း ဒီလိုနဲ့ရောင်းစားခဲ့တာ နှစ်ပေါင်းလည်းမနည်းတော့ပါဘူး ……… ကုန်ကုန်မှအေးမှာ

Leave a Reply