ရင်ခုန်စရာမကောင်းတော့တဲ့ မြန်မာရုပ်ရှင်အကယ်ဒမီ

DaveJanuary 18, 20101min3068

မြန်မာရုပ်ရှင်လောကကြီးဖြစ်တည်ရှင်သန်နေတာ နှစ်ပေါင်း(၆၀)နီးပါးရှိခဲ့ပါပြီ။ရုပ်ရှင်အနုပညာ ထူးချွန်သူ တွေကို ဂုဏ်ပြုတဲ့အနေနဲ့ချီးမြှင့်တာ မြန်မာနိုင်ငံမှာ အကယ်ဒမီတစ်မျိုးပဲရှိပါတယ်။ အဲဒီတစ်မျိုးတည်းတောင် ပျောက်မသွားအောင်အနိုင်နိုင်ထိန်းထားရတဲ့အတွက် မြန်မာနိုင်ငံမှာ ရုပ်ရှင်ဆုပေးတာရှိတယ်လို့ ပြောပြစရာ ကျန်ရုံလောက်ပဲရှိပါတော့တယ်။ရင်ခုန်စရာမကောင်း တော့ဘူးလို့ မြန်မာပရိသတ်က ပြောနေကြပါပြီ။

ဘာလို့ရင်မခုန်ကြတာလဲ

မြန်မာရုပ်ရှင်ကို တစ်ပြည်တစ်ရွာကလူတွေမဆိုထားနဲ့ ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ်ကတောင် ရင်မခုန်ကြတော့ ဘူးဆိုတော့ ဘယ်လိုဆက်လုပ်ကြမလဲ။ဒါရုပ်ရှင်လောကသားတွေအဓိကစဉ်းစား ကြရမယ့်ပြဿနာ ဖြစ်ပါ တယ်။တခြားပုဂ္ဂိုလ်တွေမှာလည်း အနည်းနဲ့အများတာဝန်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ရုပ်ရှင်ဆိုတာ အနု ပညာတစ်ရပ်ဖြစ်တယ်။ခေတ်ပေါ်ယဉ်ကျေးမှုရဲ့ ပုံစံတစ် ရပ်လည်းဖြစ်တဲ့အတွက် ဒါဟာမြန်မာ ခေတ်ပြိုင် ယဉ်ကျေးမှုအတွက် ကြီးမားတဲ့ပြဿနာတစ်ခု လို့လည်း ဆိုနိုင်ပါတယ်။

ပရိသတ်ကမြန်မာတွေလုပ်တဲ့မြန်မာရုပ်ရှင်ကိုရင်မခုန်ကြဘူး။အကယ်ဒမီဆုပေးတဲ့ကိစ္စကိုလည်း ရင်မခုန် ကြဘူးဆိုတဲ့သဘောက ပေါ့သေးသေးပြဿနာမဟုတ်ပါဘူး။မြန်မာတွေညံ့ပြီး ရင်းညံ့နေကြ လို့လား။ မြန်မာ သရုပ်ဆောင်တွေ ဒီခေတ်မှာ တော်တော်ညံ့ကုန်ကြပြီလား။ရုပ်ရှင် အနုပညာ မြန်မာနိုင်ငံမှာ ဆိတ်သုဉ်းသွား တော့မှာလား။အတတ်ပညာရော မရှိကြတာလား။ ကြိုးစားအားထုတ်မှုမရှိတာလား စသည်ဖြင့် မေးခွန်းတွေ အများကြီးထွက်လာပါလိမ့်မယ်။

အစကောင်းခဲ့ပေမယ့်

မြန်မာရုပ်ရှင်ဟာ အစကောင်းခဲ့တဲ့ လူထုဖျော်ဖြေရေးမီဒီယာတစ်ခုဖြစ်ပါတယ်။ရုပ်ရှင်မပေါ် ခင်က မြန်မာ တစ်နိုင်ငံလုံးမှာ ရိုးရာဇာတ်သဘင်တွေ၊ဆိုင်းဝိုင်း၊အိုးစည်ဝိုင်း၊ဒိုးပတ်ဝိုင်း၊နတ် ကန္နားဆိုင်း၊မသာဆိုင်း စသည်ဖြင့် အဲဒါမျိုးတွေပဲ ရှိခဲ့တယ်။မြန်မာလူမျိုးဟာ ပျော်ရင်လည်း ပျော်လို့ ဝမ်းနည်းရင်လည်း ဝမ်းနည်းလို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခံစားမှုကိုဖော်ထုတ်ကြ တယ်။ဖျော်ဖြေခဲ့ကြတယ်။

ရုပ်ရှင်ဆိုတာလည်းပေါ်လာရော မြန်မာ့ဇာတ်သဘင်အစဉ်အလာ ငုတ်လျှိုးသွားခဲ့ရတယ်။ အရင့်အရင် မြေဝိုင်းကနေစင်ပေါ်တက်လာတဲ့ ဇာတ်သဘင်ဟာ အသားကျပြီးတိုးတက် ပြောင်းလဲမယ်ကြံကာရှိသေး ရုပ်ရှင်က လူထုဖျော်ဖြေရေးနယ်ပယ်ထဲကို ထိုးဖောက်ဝင် ရောက်လာတော့ လုံးဝကျန်နေရစ် ခဲ့ရတယ်။ ဇာတ်သဘင်ပြုပြင်ပြောင်းလဲရေးဝါဒီ ရွှေမန်း တင်မောင်ကွယ်လွန်သွားတဲ့နောက်ပိုင်းမှာ မြန်မာဇာတ် သဘင်လောကဟာ ယိုယွင်းပျက် စီးလာခဲ့တာ ဒီနေ့မှာဆိုရင် ဇာတ်သဘင်ရဲ့အသက်ဝိညာဉ်ဟာ ငွေ့ငွေ့လေး ပဲရှိပါတော့တယ်။ ဇာတ်သဘင်ကို ရုပ်ရှင်ကသတ်ခဲ့တာပါ။အဲသည်လို ဇာတ်သဘင်အပေါ်ရက်စက်ခဲ့တဲ့ ရုပ်ရှင်ဟာ အခု ရုပ်မြင်သံကြားတို့၊ဗွီဒီယိုတို့ သတ်တာကိုခံရလို့ သေတော့မယ့်သဘောလား။ဘာပဲ ပြောပြော ရုပ်ရှင်ဟာ စတုန်းကတော့ အစကောင်းခဲ့တာ သေချာပါတယ်။ပရိသတ်က ဖိုးစိန် ကြီးတို့ ရွှေမန်းတင်မောင် တို့လို သဘင့်နေ၊လတွေ ကွယ်ခဲ့ပြီဆိုတဲ့ကာလမှာ ခင်မောင်ရင်က ဘယ်လိုဝတ်စားပြီး ဘယ်လိုသရုပ် ဆောင်ပြတယ်။ဇေယျကြီးကတော့ ဘယ်လို၊မေရီမြင့်က ငိုရင်တောင် လှနေသေးတယ်။ မောင်တင်မောင်နဲ့ မေရှင်နဲ့က ဘယ်လို အတွဲညီတာ စသည်ဖြင့် တလက်လက်လင်းလာတဲ့ ရုပ်ရှင်ကြယ်ပွင့်တွေကို စောင့် မျှော်ပြီး အားပေးခဲ့ကြရတယ်။သူတို့ ခေတ်မှာ အကယ်ဒမီဆိုတဲ့ဆုက ရင်ခုန်စရာကောင်းခဲ့တယ်။ပရိသတ် အတွက်လည်းရင်ခုန်ရ တယ်။ရုပ်ရှင်လောကသားတွေအတွက်လည်း ရင်ခုန်စရာကောင်းတယ်။ ဘာလို့လဲ ဆိုတော့ ရွေးစရာဇာတ်ကားတွေလည်းများ၊သရုပ်ဆောင်တွေလည်း အနုပညာအင်အားကောင်းတဲ့ အတွက် ကောင်းပေ့ညွန့်ပေ့ဆိုတာတွေထဲက အကောင်းဆုံးတွေကို သိရမှာဆိုတော့ ရင်ခုန် စရာကြီးပေါ့။အခုတော့ ဘယ်သူတွေက ဘယ်လောက်အနုပညာပြောင်မြောက်ပြီး ဘယ်လောက်ထိ လင်းလက်တောက်ပနေလို့ ဘာကိုရင်ခုန်ကြရမှာလဲ။

ဘယ်လိုလုပ်ကြမလဲ

နှစ်ပေါင်း(၆၀)လောက်ကြာခဲ့ပေမယ့် ဘာမှပြောင်ပြောင်ရောင်ရောင်မရှိတဲ့ မြန်မာ့ရုပ်ရှင်ကို တောက်ပအောင် ဘယ်လိုလုပ်ကြမလဲ။ရုပ်ရှင်ရုံတွေမှာ ပရိသတ်နည်းလာလို့ တချို့မြို့ ငယ်လေးတွေမှာ ရုပ်ရှင်ပြသရေး လုပ်ငန်း ရပ်ပစ်လိုက်ရတာ ၄နှစ် ၅နှစ်လောက်ရှိပါပြီ။မြန်မာ ဇာတ်ကားတွေကို အထင်မကြီးကြတော့ဘူး ။မြန်မာသရုပ်ဆောင်တွေကိုလည်း ရုပ်သံကြော်ငြာ မှာ ဘယ်သူတော့ ဘာဝတ်ပြထားတယ်။ ဘာလုပ်ပြ တယ် စသည်ဖြင့် အဲသည်လောက်ပဲ၊ အာသာပြေတယ်ဆိုရုံလောက်ပဲ ကြည့်ကြတော့တယ်။

ရုပ်ရှင်အစည်းအရုံးတဲ့ ဖွဲ့ထားတယ်။မြန်မာရုပ်ရှင်တိုးတက်လာဖို့ ဘာလုပ်သလဲတော့ မပြောတတ်ပါဘူး။ အစိုးရက ဝါဒဖြန့်ဇာတ်ကားတွေရိုက်ပေးဖို့ ဖွဲ့ထားတယ်ထင်တာပါပဲ။ဝါဒဖြန့် တာလည်း ဖြန့်ပေါ့။ကိုယ့် ရုပ်ရှင်တိုးတက်ရာတိုးတက်ကြောင်းလည်း လုပ်ကြဦးမှပေါ့။ဥပမာ ရုပ်ရှင်ပွဲတော်တွေ လုပ်လို့ရတယ်။ ကိုယ့်ပြည်တွင်းမှာဆို ကျော်ဆွေအမှတ်တရ ရုပ်ရှင်ပွဲတော်၊ ဝင်းဦးအမှတ်တရ ရုပ်ရှင်ပွဲတော်၊ မေရှင် အမှတ်တရ၊ဦးသုခအမှတ်တရ စသည်ဖြင့် လုပ်စရာ တွေအများကြီးပါ။တခြားနိုင်ငံတွေမှာလည်း ရုပ်ရှင် ပွဲတော်တွေ သွားလုပ်လို့ရတယ်။ရုပ်ရှင် ပညာ လေ့လာရေးတွေ၊နှီးနှောဖလှယ်တာတွေ လုပ်ဦးမလား။ လုပ်စရာတွေအများကြီးရှိပါ တယ်။တစ်ခုမဟုတ်တစ်ခု လုပ်မှဖြစ်ပါလိမ့်မယ်။ဒီလိုပဲ ဆက်သွားနေကြမယ် ဆိုရင်တော့ မြန်မာ့ရုပ်ရှင်ဆိုတာ မြောင်းထဲရောက်၊အကယ်ဒမီဆုဆိုတာတွေလည်း အမှိုက်ပုံးထဲ ရောက်ဖို့ပဲ ကျန်တော့ကြောင်း စေတနာအရင်းခံထားကာ ရေးသားလိုက်ရပါသဗျာ။

8 comments

  • susunosuki

    April 17, 2010 at 3:17 pm

    ကျွန်တော်ကလေး တုန်းကဆို အကယ်ဒမီပေးပွဲညနေဆို လူတွေအားလုံးနီးနီး စိတ်ဝင်တစားစောင့်ကြည့်လေ့ရှိတယ်
    ခု ကျတော့ တော်တော်များများက စိတ်မဝင်စားတော့တာတွေ့ရတယ်

  • Maung Thant

    April 29, 2010 at 5:47 am

    Myanmar academy is becoming a joke. When I was young, the academy night was a big night for all of us, paying attention to who’d get the prize. Nowadays almost all actors and actresses got an academy at least. Some even have two. It is time to stop giving those worthless toys.

  • SoeLin

    June 25, 2010 at 8:50 am

    အကယ်ဒမီပေးတဲ့နေရာမှာလည်း ..
    ထုံးစံတွေ .. နေရာဝင်ယူလာပြီလေ ..

  • khaung shan

    August 3, 2010 at 12:13 pm

    မြန်မာတွေလည်းပြောရရင်တော့ မညံ့ပါဘူး..။
    ဒါပေမယ့် ..ဂရုမစိုက်ချင်ကြဘူး..။

  • divamyo001

    August 20, 2010 at 2:38 pm

    အနုပညာ အရည်အသွေးတွေ ကျဆင်းလို ့မဟုတ်ဘူးလို ့ထင်ပါတယ်ခင်ဗျ။ ရုပ်ရှင်ရုံ တွေ လူဝင်တာ က အခု ခေတ်မှာ ဖျော်ဖျေ ရေးကိရိယာတန်ဆာပလာ တွေကများလာတာလည်းပါတယ်လို ့ထင်ပါတယ်။ အခု လို ရုံတွေလူသိပ်မဝင်တာ က ရုံတွေ ရဲ ့သန် ့ရှင်းမှု ၊ဝန်ဆောင်မှု အပိုင်းတွေ ညံ ့လို ့လို ့ထင်ပါတယ်။နောက်တစ်ခု က အခုလို မြို ့ပေါ် က အိမ်တိုင်းနီးပါး မှာ တီဗီ၊ အောက်စက် ၊စလောင်း၊ စသဖြင့် ပစ္စည်း တွေရှိနေကြပြီးသားပါ။ဒါကြောင့် ရုံတင်ပြီးတာ နဲ ့အခွေထွက်တဲ ့ ရုပ်ရှင်ကားတွေကိုဝန်ဆောင်မှုညံ့တဲ့ ရုပ်ရှင်ရုံ တွေကိုမသွားတော့ဘဲအခွေထွက်တာကိုစောင့်ကြည့်တဲ့သဘော ပါ၊ ဒီလောက်ဆို နားလည်နိုင်ပြီလို ့ထင်ပါတယ်။ခင်ဗျ

  • yaminlay

    September 4, 2010 at 10:07 am

    ဟုတ်တယ်။အကယ်ဒမီပေးပွဲကရန်ကုန်မှာလုပ်တုန်းကမှတော်သေးတယ်။နေပြည်တော်မှာလုပ်တာပိုပြီးချာလာသလိုပဲ
    စိတ်ဝင်စားစရာလည်းမကောင်းတော့ဘူး။ဖျော်ဖြေရေးတွေအစီအစဉ်လုပ်တာတွေလည်းအရမ်းညံတယ်။အော်စကာပေးပွဲကိုကြည်.ပြီးငါတို.အကယ်ဒမီပေးပွဲကတော်တော်ချာပါလားလို.တွေးမီတယ်။အဝတ်အစားကိုပြောတာမဟုတ်ပါဘူးအစီအစဉ်တင်ဆက်ပုံတွေကိုပြောတာပါ။အဝတ်အစားဝတ်တာတွေကတော့တစ်နှစ်ထက်တစ်နှစ်ခတ်မီလာကြပါတယ်။

  • yaminlay

    September 4, 2010 at 10:10 am

    ဟုတ်တယ်။အကယ်ဒမီပေးပွဲကရန်ကုန်မှာလုပ်တုန်းကမှတော်သေးတယ်။
    နေပြည်တော်မှာလုပ်တာပိုပြီးချာလာသလိုပဲ
    စိတ်ဝင်စားစရာလည်းမကောင်းတော့ဘူး။
    ဖျော်ဖြေရေးတွေအစီအစဉ်လုပ်တာတွေလည်းအရမ်းညံတယ်။
    အော်စကာပေးပွဲကိုကြည်.ပြီးငါတို.အကယ်ဒမီပေးပွဲကတော်တော်ချာပါလားလို.တွေးမီတယ်။
    အဝတ်အစားကိုပြောတာမဟုတ်ပါဘူးအစီအစဉ်တင်ဆက်ပုံတွေကိုပြောတာပါ။
    အဝတ်အစားဝတ်တာတွေကတော့တစ်နှစ်ထက်တစ်နှစ်ခတ်မီလာကြပါတယ်။

  • babyshan

    September 12, 2010 at 6:22 am

    ဟုတ်တာပေါ့ဗျာ ဘယ်ရင်ခုန်စရာကောင်းမှာလဲ သူတို ့ပေးချင်ရင်ပေးမယ် မပေးချင်ရင် အဲသရုပ်ဆောင် ဘယ်လောက်ကောင်းကောင်း ပေးမှာမဟုတ်ပါဘူးဗျာ။တကယ်ကိုမဖြစ်သင့်ပါဘူးဗျာ။

Leave a Reply