အမေစုနှင့် ကျွန်တော်တို့ကလောအဖွဲ့ ( ၂ ) အဆုံးသတ်ခြင်း ………. ( အစစ် )

yuiioMarch 3, 20121min22411

အဲ့ဒီကနေအောင်ပန်းကိုသွားတဲ့လမ်းမှာက ရွာ နှစ်ရွာ ရှိတယ်။ ဟဲဟိုးနဲ့ အောင်ပန်းက ၁၅ မိုင် လောက် ဝေးပါတယ်။ ရွာနှစ်ရွာမှာလည်း ကြိုဆိုတဲ့သူတွေများကြတယ်ဗျ။ ရွာနှစ်ရွာကိုဖြတ်ပြီးတော့ အောင်ပန်းမြို့နားက ယိုးဒယားစားသောက်ဆိုင်နားမှာလည်း ကြိုတဲ့သူတွေ ပြည့်နေပါတယ်။ အောင်ပန်း ခုတင် ၇၀ဝ စစ်ဆေးရုံ နားကိုရောက်တော့ စစ်သားတစ်ယောက်က ပြေးထွက်လာပြီးလက်ပြနှုတ်ဆက်နေတယ်။ မျက်နှာမှာလည်း အပြုံးတွေနဲ့။ အောင်ပန်းမြို့က လမ်းတစ်လျှောက်ကြိုဆိုတဲ့သူအများဆုံးလို့ပြောရမှာပါ။ ကမော္ဘဇဘော်ဒါဆောင် ကနေ ဟောပြောပွဲလုပ်မဲ့ဘူတာရှေ့က ကွင်းထဲအထိကို လူအပြည့်ပဲဗျ။ နောက်ပြီး ကြိုဆိုတဲ့နေရာမှာလည်း ပိုပြီးစည်းကမ်းရှိတယ်။ တိုးတာဝှေ့တာကို သိပ်မတွေ့ရဘူးဗျ။ အဲ့ဒီလမ်းတစ်လျှောက်လုံးမှာ ကျွန်တော်တို့ အားလုံး အေးအေးဆေးဆေး ဖြစ်နေပါတယ်။ ဟောပြောမဲ့ကွင်းထဲအဝင်ကျမှ ပရိသတ်ကို နည်းနည်း ထိန်းရတာပဲရှိပါတယ်။ အောင်ပန်းမှာ အမေစုက ပညာတတ်အလုပ်လက်မဲ့တွေအတွက်ကို အဓိက ပြောသွားတာဗျ။ အဲ့ဒီမှာတိုင်းရင်းသား ဝတ်စုံလေးတွေနဲ့ ကြိုနေတာကို အမေစုက တွေ့သွားပါတယ်။ အမေ့ဘေးက လူတစ်ယောက်က ကျွန်တော်တို့ကိုမေးလာတယ် “သူတို့ပေါင်းထားတဲ့ခေါင်းပေါင်းလေး ရှာပေးလို့ရနိုင်မလား” တဲ့။ အဲ့ဒါနဲ့ ကျွန်တော်တို့အဖွဲ့ထဲက အစ်ကိုတစ်ယောက်က “ငါသွားရှာမယ်” လို့ပြောပြီး ထွက်သွားပါတယ်။ ခဏကြာတော့ ခေါင်းပေါင်းလေးတစ်ခုနဲ့ ပြန်ရောက်လာပြီး အမေစုကို ပေးလိုက်ပါတယ်။ ကျွန်တော်က ဘယ်လိုသွားရှာလာတာလဲလို့မေးတော့၊ သူကခေါင်းပေါင်း ပေါင်းထားတဲ့ ရှမ်းမလေး တစ်ယောက်ဆီ ကိုသွားပြီး အမေစုအတွက်ခေါင်းပေါင်းလေးတစ်ခုလောက် ရှာပေးပါလားဟေ လို့ပြောပြီး၊ အဲ့ကောင်မလေးဆီက ခေါင်းပေါင်းလေးကို ယူလာတာတဲ့။ အခု အမေစုကို ဓါတ်ပုံတွေမှာ ခေါင်းပေါင်းလေးနဲ့ လှပနေတာကို တွေ့ရတာ အဲ့ဒီရှမ်းမလေးကြောင့်ဗျ။ ကလေးမလေး ဘယ်လောက်တောင်ပျော်ရွှင်သွားမယ် ဆိုတာကို စာဖတ်သူတွေ တွေးကြည့်နိုင်မှာပါ။ ဒါက သမိုင်းတွင်သွားမဲ့ ကြည်နူးစရာ အဖြစ်အပျက်လေးတစ်ခုပဲလေ။

ဟောပြောပွဲပြီးလို့ အဲ့ဒီကွင်းထဲကနေ မြို့အထွက်ကို ထွက်တဲ့လမ်းမှာ လူတွေက အရမ်းကို တိုးကြတယ်ဗျ။ ကျွန်တော်တို့ကလည်း စည်းထဲကိုမဝင်လာဖို့ တော်တော်လေးကို အားတင်းပြီးတောင့်ထား ကြရတာပါ။ ပရိသတ်က တွန်းလာတာကို ကျွန်တော်တို့က ပြန်တွန်းလိုက်တစ်ခေါက်ကျတော့ အရှေ့ဆုံးမှာ ရှိနေတဲ့ အမေအို တစ်ယောက်က ခြေခေါက်ပြီး လဲသွားပါတယ်။ အဲ့ဒီအဖြစ်အပျက်လေးကို ကျွန်တော်တို့အားလုံးလဲ စိတ်မကောင်းဖြစ်ကြရပါတယ်။ ကျွန်တော်တို့က ပြန်မတွန်းခဲ့ရင် ကျွန်တော်တို့ထဲက လူတစ်ယောက်ဖြစ်ဖြစ် အဲ့ဒီအမေအိုကြီးပဲ ဖြစ်ဖြစ် ကားအောက်ကို ရောက်သွားနိုင်လို့ပါ။ ကျွန်တော်တို့ရဲ့အမှားတစ်ခုဆိုပေမဲ့၊ အဆိုးဆုံးအခြေအနေကိုမရောက်သွားစေချင်တဲ့ စေတနာကြောင့်ဖြစ်ရတဲ့ အမှားပါ။ အဲ့ဒီ ပရိသတ်ကိုကျော်လာပြီး ကလောကိုဆက်ထွက်ဖို့ အရှိန်စမြှင့်တော့ ကျွန်တော်တို့လည်း ကားဆီကို ပြန်ပြေးလာကြပါတယ်။ အဲ့ဒီမှာ ထပ်လွဲတာက ၊ ကားပေါ်ကို ကြည့်လိုက်တော့ လူက အပြည့်ဗျ၊ ဘယ်သူတွေမှန်းလဲမသိဘူး၊ နိုင်ငံခြားသား နှစ်ယောက်တောင်ပါသေးတယ်ဗျ။ ဒါပေမဲ့ စဉ်းစားချိန်တောင် မရပါဘူး၊ မရ ရတဲ့နည်းနဲ့ ကားပေါ်ကိုခုန်တက်ကြရ ပါတော့တယ်။ ကားပေါ်ကိုရောက်မှ မေးကြည့်တော့ သတင်းထောက်တွေပါတဲ့။ နိုင်ငံခြားသားနှစ်ယောက်ထဲက တစ်ယောက်က New York Time ကတဲ့။ နောက်တစ်ယောက်က ဂျပန်အမျိုးသမီး သတင်းထောက်တစ်ယောက်ပါ။ ဒါက လုံခြုံရေးကားပါ ၊ အနောက်မှာ ကားတွေအများကြီးပါပါတယ်။ အဲ့ဒီကားတွေကို ပြောင်းပြီးစီးပေးပါပြောတော့၊ သူတို့က ကားကသွားနေတော့ ဘယ်လိုဆင်းရမလဲ ပြန်မေးတာနဲ့ပဲ အဲ့ဒီအဖွဲ့တွေလည်း ကျွန်တော်တို့နဲ့ ကလောအထိပါလာပါတော့တယ်။

ကလောနဲ့ အောင်ပန်း ၆ မိုင်ပဲဝေးတဲ့ လမ်းတစ်လျှောက်မှာက ဓါတ်ဆီဆိုင်တန်းလေးတစ်ခုပဲရှိတာမို့ အားလုံး အေးအေးဆေးဆေး ဖြစ်နေကြပါတယ်။  ကလောကိုရောက်တော့ လမ်းတစ်လျှောက်မှာကြိုတဲ့ ပရိသတ်က မရှိသလောက်ကို နည်းနေတာနဲ့၊ ကျွန်တော်တို့အဖွဲ့တွေ စိတ်ဓါတ်ကျချင်ချင် ဖြစ်သွားကြပါတယ်။ ဒါပေမဲ့ ဟောပြောမဲ့ နေရာနားလည်းရောက်ရော များပြားလှတဲ့ ပရိသတ်ထုကြီးကို တွေ့ကြရပါတော့တယ်။ လူတွေလည်း ရွှင်ရွှင်လန်းလန်း ပြန်ဖြစ်လာတာပေါ့ဗျာ။ လွွဲဲတာကဒီလိုဗျ၊ ကျွန်တော်တို့တွေ ဖိတ်စာမှာ ကြေငြာထားတာက ၁၂ နာရီကနေ ၁ နာရီအတွင်းရောက်မယ်။ ရောက်လာတာက ၁ဝ နာရီခွဲလေ။ အဲ့လိုဆိုတော့ ကြိုဆိုဖို့ လူစုနေတုန်းမှာ ရောက်သွားသလိုဖြစ်သွားတာပါ။ ဟောပြောပွဲစင်က ရုံးဝင်းထဲမှာလုပ်ထားတာပါ။ အမေစုရဲ့ကား ရုံးဝင်းထဲရောက်ပြီဆိုတာနဲ့ ရုံးဝင်းကို ပိတ်ထားလိုက်တော့ ကျွန်တော်တို့အဖွဲ့လည်း ပရိသတ်ကို အထိမ်းရ သက်သာသွားပါတယ်။ အဲ့ဒီ ရုံးလုပ်ထားတဲ့အိမ်ကလဲ သမိုင်းနဲ့ဗျ။ အဘဗိုလ်ချုပ်အောင်ဆန်း ကလောကို ၁၉၄၅ ခုနှစ်မှာ လာတုန်းက နှစ်ည အိပ်သွားဖူးတဲ့အိမ်ပါ။ အိမ်ရှေ့မှာ အဲ့ဒီအကြောင်း ဆိုင်းဘုတ်ကလေးတောင် ရှိသေးတယ်။ အခု အဘရဲ့သမီး အမေစုလာတော့ သမိုင်းမှာ မှတ်တမ်းတင်ရမဲ့အိမ်လို့ ဆိုရမှာပါ။

ရုံးမှာ အမေစုက ဆရာဒဂုန်တာရာနဲ့ တွေ့တယ်။ နောက်ပြီး နေ့လည်စာစားရင်း ခဏနားတယ်။ ၁၂ နာရီအတိ ဟောပြောပွဲစတော့မယ်ဆိုတော့ ကျွန်တော်တို့က အမေစု အိမ်ပေါ်ကနေဆင်းလာပြီး စင်ပေါ်ကိုတက်ဖို့ လမ်းရှင်းနေကြပါတယ်။ အဲ့ဒီအချိန်မှာ အမေကြီးတစ်ယောက်က ငိုသံကြီးနဲ့ “ ငါက ဗိုလ်ချုပ်ကို အသက် ၈ နှစ်သမီးတုန်းက ဒီမှာတွေ့ဖူးတယ် …. အခု ဗိုလ်ချုပ်သမီးကို ငါတဝကြီး တွေ့ချင်တယ်အေ့” လို့ပြောပြီး တောင်ဝှေးကြီးထောက်ပြီး ဒေါက်ကနဲ လမ်းရှင်းထားတဲ့အလယ်ကို ဝင်ချလာပါတယ်။ အားလုံးလည်း ပြုံးစိစိတွေ ဖြစ်ကုန်ပြီး “ရပါတယ်အမေကြီး ဒီနားမှာပဲစောင့်နေပါ”ဆိုပြီး ထားထား လိုက်ပါတယ်။ ဒီလိုနဲ့ အမေစုအိမ်ပေါ်ကနေ ဆင်းလာပြီး အမေကြီးနားကိုလည်းရောက်ရော အမေကြီးက ဘာမှမပြောဘဲ ဆွဲဖက်ပြီးအားရပါးရနမ်းတာဗျာ။ ခရီးစဉ်တစ်လျှောက်လုံးမှာ အဲ့အမေကြီး တစ်ယောက်ပဲ အမေစုကို အားပါးတရနမ်းတာဗျ။ တစ်ကယ့် အမေကြီးဗျာ။ အဲ့ဒါပြီးတော့ အမေစုလည်း စင်မြင့်ပေါ်ကနေ ကလောပရိသတ်ကို စပြီးမိန့်ခွန်းပြောပါတယ်။ ဘာတွေပြောသလဲဆိုတာကိုတော့ ကျွန်တော် ဒီနေရာမှာ မရေးတော့ပါဘူး။ ကျွန်တော်တို့အဖွဲ့လည်း စင်ရှေ့မှာ တန်းစီထားလိုက်ပြီး အမေစုပြောတဲ့စကားကို နားထောင်နေကြပါတယ်။ အဲ့ဒီအချိန် ကျွန်တော့်ဘေးကို ခုနက New York Time က သတင်းထောက်က ရောက်လာပြီး အမေစုကို ရှုထောင့်ပေါင်းစုံကနေ ဓါတ်ပုံရိုက်ပါတော့တယ်။ စင်ပေါ်မှာ ပန်းအိုးလေးတွေ စီထားတော ့အဲ့ဒီက ပန်းလေးတွေနဲ့ အမေစုကို နောက်ခံထားပြီး ရိုက်တာဗျ။ သူလိုချင်တဲ့ ပန်းအိုး အနေအထားရအောင် ပန်းအိုးတွေကို တဖြည်းဖြည်းချင်းလိုက်ပြီးလှည့်နေတာဗျ။ အမေစုမိန့်ခွန်း ပြောတာ ကိုလည်း အနှောင့်အယှက် ဖြစ်မှာ ကြောက်တယ်တင်ပါတယ်။ တစ်ကယ်ကို စင်အောက်ကနေ ခေါင်းကိုပုပြီးတော့ ပန်းအိုးတွေကို ဖြည်းဖြည်းချင်းလိုက်လှည့်နေတာ။ တစ်ကယ့်ဂြိုလ်သားဗျာ။

ဟောပြောမှုပြီးလို့ ဟဲဟိုးကိုပြန်ထွက်ဖို့ အမေစုက ကားပေါ်ကိုတက်ပြီးတဲ့အချိန်မှာ အမေစုကားနားကို တပ်သားယူနီဖောင်းနဲ့  လူတစ်ယောက်က “ အမေ ကျွန်တော်တို့ကိုလည်းပစ်မထားပါနဲ့” လို့ အော်ပြီး ကပ်လာပါတယ်။ ကလောပရိသတ်ရော ကျွန်တော်တို့ရော အံအားသင့်သွားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမေစုသွားရာလမ်းတစ်လျှောက်က စစ်တပ်တွေအားလုံးကို အဲ့ဒီနေ့က အပြင်မထွက်ရအမိန့်ထုတ်ပြီး ဝင်းတံခါးတွေ သော့ခတ်ထားတာကို သိနေကြလို့ပါ။ ဒီတစ်ယောက်က ဘယ်လိုများကြိုးစားပြီး ခိုးထွက်လာလည်းဆိုတာကို ခန့်မှန်းသိနိုင်ပါတယ်။ အမေက အဲ့ဒီ စစ်သားကို စကားတွေပြောတယ် လက်ဆွဲနှုတ်ဆက်တယ်။ အမေကတော့ ဘယ်ပစ်ထားပါ့မလဲဗျာ။ အဲ့ဒီစစ်သားရဲ့ သတ္တိကို ကျွန်တော်တို့ တလေးတစားဖြစ်မိပါတယ်။ (အခုအချိန်ဆိုရင် ဘယ်လို အပြစ်ပေးမှုနဲ့ကြုံတွေ့နေမလဲ မသိနိုင်ပါဘူး)

ကလောပရိသတ်ကလည်း အုံခဲနေတော့ ကျွန်တော်တို့တတွေ ကြိုးစားပန်းစား တောင့်ခံထားကြ ရပါတယ်။ ပရိသတ်ကို လွန်သွားလို့ ကိုယ့်ကားပေါ်ကိုယ် ပြန်တက်မယ်လုပ်တော့လည်း သတင်းထောက်အဖွဲ့က အရင်အတိုင်းပဲ ပြည့်လို့။ ဒီတစ်ခါတော့ ကားရပ်ပေးလိုက်ပြီး သူတို့ကို စာနယ်ဇင်းကားနဲ့ လိုက်ဖို့ပြောပြီး ချန်ထားခဲ့ရပါတယ်။ အောင်ပန်းကတော့ အပြန်လမ်းမှာ နှုတ်ဆက်တာက မနက်ကအတိုင်း စည်ကားပါတယ်။ နောက်ပြီး ကမော္ဘဇဘော်ဒါဆောင်ရှေ့မှာလည်း ၈ တန်း၊ ၉ တန်း ၁ဝတန်းအရွယ် ဘော်ဒါဆောင် ကျောင်းသား၊ကျောင်းသူလေးတွေက အင်အား ၃၅ဝ လောက်နဲ့ ကြိုနေကြပါတယ်။ အမေစုက သူတို့ရှေ့ကိုရောက်တော့ ကားကို ရပ်ခိုင်းပြီး။ နှုတ်ဆက်ဖို့မဝံ့မရဲဖြစ်နေတဲ့ ကလေးတွေကို တစ်ယောက်ချင်းစီ လက်ဆွဲနှုတ်ဆက်တယ်၊ နောက်ပြီး ကျောင်းသူလေးတွေ ယူလာတဲ့ပန်းစည်းလေးတွေ လက်ဆောင်လေးတွေကို တစ်ခုချင်း ဂရုတစိုက်ယူပေးပါတယ်။ အဲ့ဒီ အချိန် ကလေးတွေရဲ့မျက်နှာကို ကြည့်လိုက်မိကြတော့ အားလုံးက ဂုဏ်ယူဝမ်းမြောက်တဲ့ စိတ်အားတက်ကြွနေတဲ့ မျက်ဝန်းလေးတွေ အပြုံးလေးတွေနဲ့ ချစ်စရာကောင်းလိုက်ကြတာဗျာ။ ကျွန်တော်တို့အဖွဲ့လည်း မျက်ရည်ဝေ့သွား ကြရ ပါတယ်။ မြင်ကွင်းလေးက ကြည်နူးစရာကောင်းလွန်းလို့ပါ။ နောက်ပြီး ဘယ်သူမှမတွေ့တဲ့မြင်ကွင်းလေးတစ်ခုကို ကျွန်တော်က ထပ်တွေ့ပါတယ်။ ကမော္ဘဇဘော်ဒါဆောင်ရဲ့ ဘေးမှာက စစ်တပ်တစ်ခုရှိတယ်ဗျ။ ဝင်းတံခါးကတော့ သော့ခတ်ထားပါတယ်။ ဟိုး …..အတွင်းဘက်အပိုင်းကို ကြည့်မိလိုက်တော့ အဲ့ဒီမှာ လူတွေအများကြီး စုစုဝေးဝေးက လက်ပြနေကြတာကို မြင်တယ်ဗျ။ အမေစုက မမြင်ရလောက်ဘူး။ ကျွန်တော်က ကားပေါ်မှာ မတ်တတ်ရပ်နေလို့သာလှမ်းမြင်ရတာပါ။ အဲ့ဒီနေရာကို လွန်လာပြီး ခုတင် ၇၀ဝ စစ်ဆေးရုံဂိတ်ရှေ့ကိုရောက်တော့ အလာတုန်းက တွေ့တဲ့စစ်သားပါပဲ၊ ဂိတ်ရှေ့ကို ပြေးထွက်လာပြီး လက်ပြနှုတ်ဆက်ရင်း အမေစုကို တစ်ခုလှမ်းပြောတယ်ဗျ။ အဲ့ဒီအချိန်ဘာလှမ်းပြောတယ်ဆိုတာကို မကြားရပေမဲ့၊ ဂိတ်ထဲကနေ လှမ်းခေါ်နေတဲ့ တပ်ထိန်းကို လှမ်းပြောတာကိုတော့ကြားလိုက်တယ် “ ငါက လုပ်ချင်တာကို ရအောင် လုပ်လိုက်ရမှ ကျေနပ်တာကွ” တဲ့။ ဒီအဖြစ်အပျက်တွေကို ကြည့်ရင် စစ်တပ်ကလည်း အမေ့ကို အားထားကြတယ်ဆိုတာ သိသာပါတယ်။ မတရားထုတ်ပြန်တဲ့ အမိန့်တွေကြောင့်သာ ထွက်မတွေ့နိုင်ကြတာပါ။ အဲ့ဒီအမိန့်တွေကို ဟန့်တားပေးနိုင်ရင် အရမ်းကောင်းမှာပဲဗျာ။အဲ့ဒီကနေ ဟဲဟိုးကိုပြန်တဲ့လမ်းတစ်လျှောက်မှာ အမေစုက လမ်းလုပ်သားလေးတွေကိုတွေရင် ကားကိုရပ်ပြီး မုန့်တွေ ရေဘူးတွေဝေတယ်၊ လက်ဆွဲနှုတ်ဆက်တယ်။ သူတို့ခမျာ အမေစုက လက်ဆွဲနှုတ်ဆက်တော့ သူတို့ရဲ့ ပေကျံနေတဲ့လက်တွေနဲ့ နှုတ်ဆက်ရမှာကို ရွံ့နေကြတာကို မြင်နေရပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုမျိုးတစ်ခါမှ ဂရုစိုက်တာကို မခံဖူးကြသူတွေဆိုတော့ သူတို့တွေ တအားကို ပျော်သွားကြတာကို တွေ့ရပါတယ်။

ဒီလိုနဲ့ပဲ ကျွန်တော်တို့ ဟဲဟိုးကိုရောက်လာကြပါတယ်။ ဟောပြောပွဲနေရာကို မရောက်ခင် အရှေ့ကို မျှော်ကြည့်လိုက်တဲ့အခါမှာ ကျွန်တော်တို့အဖွဲ့ဆီကနေ အာမေဒိတ်သံတွေ ထွက်လာပါတယ်။ လမ်းမှာကြိုဆိုနေတဲ့ပရိသတ်ရဲ့ အင်အားကတစ်ကယ်ကို များပြားလွန်းပါတယ်။ ပရိသတ်အနားကို မရောက်ခင် အားလုံး အမေစုကားဘေးကို ပြေးသွားပြီး စည်းချထားလိုက်ပါတယ်။ ဟဲဟိုးပရိတ်သတ်က စိတ်အား တက်ကြွလွန်းနေတာရယ်၊ တစ်နေကုန်ပင်ပန်းလာတာရယ်ကြောင့် ကျွန်တော်တို့တတွေ တော်တော်ကို ပင်ပန်းကြပါတယ်။ ကားပေါ်ကနေ စင်ပေါ်ကို သွားမဲ့ လမ်းလေးကိုလည်း ခက်ခက်ခဲခဲကို တောင့်ခံပြီး ရှင်းပေးရတာပါ။ ကျွန်တော်တို့အဖွဲ့က ကလောမှာ အင်အား ၁ဝ ယောက်လောက်ထပ်ဖြည့်လာတာကို အခြေအနေမဟန်ပါဘူး။ အဲ့ဒါအပြင် ဟဲဟိုးက လူငယ်တွေကလည်း အပြင်စည်းဆိုပြီး ပရိတ်သတ်ဖက်ကို လှည့်ပြီး တွန်းထားပေးပါသေးတယ်။ ကလောလူငယ်တွေနဲ့ ဟဲဟိုလူငယ်တွေ ကျောချင်းကပ်ပြီး တင်းခံထားတာတောင် မနိုင့်တနိုင်ဖြစ်လောက်အောင်ကို ဟဲဟိုးပရိသတ်က အင်အားကြီးတာပါ။ နောက်ပြီး ဟဲဟိုးက တောင်ကြီးနဲ့ မိုင် ၂ဝ ပဲဝေးတာရယ်၊ တခြားညောင်ရွှေ ၊ ရွှေညောင်မြို့များနဲ့ နီးတာတွေရယ်ကြောင့် ပရိသတ်အင်အားများသွားတာဖြစ်နိုင်ပါတယ်။ ကလောသားတွေ ဟဲဟိုးမှာ ဟောဟဲဆိုက်သွားကြတာပေါ့ဗျာ။ အမေစုလည်း စင်ပေါ်ကို ရောက်တော့မှ ကျွန်တော်လည်း စတိတ်စင်ကို ကြည့်မိပါတယ်။ စတိတ်စင်က တော်တော်ကို ကောင်းတာဗျ။ ၁ဝ ဘီးကားပေါ်မှာ ဆောက်ထား ပလိုက်တော့ ကြီးလည်းကြီးတယ်။ လူလည်း ဆန့်တယ်၊ တစ်ခုခုဆို ရွှေ့ပြောင်းဖို့လည်း အရမ်းကို အဆင်ပြေသွားပါတယ်။ စင်ပေါ်ကိုကြည့်လိုက်တော့လည်း အမေစုနေပူမှာကို မစိုးရိမ်ရအောင် လက်္ဘရည်ဆိုင်တွေမှာ သုံးတဲ့ ထီးအကြီးလိုမျိုးအရွယ်အစားနဲ့ ရိုးရာ ထီးအကြီး ကြီး တစ်ခုကို အမေစုဘေးနား နေထိုးတဲ့ဖက်နဲ့ ကွက်တိ ချထားပေးတာဗျ။ ဟဲဟိုးက စီစဉ်တဲ့သူတွေ အရမ်းကို တော်ကြပါတယ်။ ချီးကျူးဖို့လည်းကောင်းတယ်။ သူတို့အတွက် ဂုဏ်ယူစရာလည်းကောင်းပါတယ်။ စင်ရှေ့မှာက ဟဲဟိုးလူငယ်တွေ ရှိနေတော့ ကျွန်တော်တို့က စင်ဘေးမှာပဲ နေကြပါတယ်။ ဟဲဟိုးမှာ အမေစုက လုံခြုံရေးလုပ်ပေးတဲ့ လူငယ်တွေကို ကျေးဇူးတင်တယ်လို့ ပြောတယ်ဗျ။ ကျွန်တော်တို့လည်း အမေစုရဲ့ ကျေးဇူးတင်စကားတစ်ခွန်းနဲ့ သေလို့ရပြီဗျ။ ကျွန်တော်တို့ကလည်း အမေ့ကို ကာကွယ်ခွင့်ရတာရယ်၊ ကလောမြို့ကို အမေလာတာရယ် အတွက်နဲ့တင် ကျေးဇူးတွေ အများကြီးတင်နေရသူတွေပါ။

ဟောပြောပွဲပြီးလို့ လေဆိပ်ကို ပြန်အထွက်မှာလည်း အလာတုန်းကအတိုင်းပဲ၊ အင်အားများတဲ့ပရိသတ် ကိုတွေ့ကြုံရပြန်ပါတယ်။ လေဆိပ်ကိုရောက်တော့ အမေစုက VIP အခန်းမှာ လေယာဉ်မဆိုက်ခင် အနားယူနေတာမို့ ကျွန်တော်တို့ အဖွဲ့တွေက အပြင်မှာပဲ စုဝေးရင်း အနားယူပါတယ်။ နောက်ပြီး ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေကို အမေစုကို ကန်တော့ချင်လို့ ခွင့်တောင်းပေးပါ လို့  တောင်းဆိုကြတော့ ခေါင်းဆောင်တွေက အမေ့ကို ပြောပေးတယ်။ အမေကခွင့်ပြုတော့ အားလုံး ကြည်ကြည်နူးနူးနဲ့ ကန်တော့ခွင့်ရလိုက်ပါတယ်။ အမေက ဆုပေးတော့ ကျွန်တော်တို့ အားလုံး လေထဲမှာ လွင့်နေသလို ပေါ့ပါးလို့။ ၄ နာရီခွဲကျော်ကျော်လောက်မှာ အမေ ရန်ကုန်ကို ပြန်သွားပါတယ်။ ကျွန်တော်ရဲ့ ရင်ထဲမှာ ဟာသွားပြီး ငိုချင်သလိုလိုမျိုး ဖြစ်သွားတယ်ဗျ။  ရုတ်တရတ် မျက်ရည်လည်းဝေ့သွားတယ်။ အခုနေပြန်တွေးကြည့်ရင် ပြန်ခံစားရတယ်။

ကလောအပြန် ကားပေါ်ကို ရောက်တော့မှ တစ်ယောက်နဲ့တစ်ယောက် ဂရုပြုမိကြပါတယ် တစ်နေကုန် နေပူ၊ဖုန်ထူ၊ လေတိုက် ခံထားရတာကြောင့် အားလုံးလည်း ညစ်ပတ်စုတ်ပြတ်လို့။ နောက်ပြီး လူပေါင်းများစွာရဲ့ တွန်းထိုးဆွဲရမ်းထားတာကြောင့် လည်ကတုံးအဖြူရောင်တွေလည်း ညစ်ပတ်ပေကျံလို့။ ဒါပေမဲ့ ခရီးစ ဆုံး အောင်မြင်တဲ့အတွက် ဝမ်းသာနေကြသူတွေချည်းပါ။ ကလောကိုပြန်လာတဲ့ အချိန်က အိမ်မက် မက်နေရသလိုမျိုးပါပဲ။ ငါတို့ တစ်ကယ်လုပ်နိုင်ခဲ့ပြီဆိုတာကိုပါ။

ကျွန်တော်တို့ ကလောလည်း အောင်မြင်ခဲ့ပါပြီ။

ကျွန်တော်တို့ ……….. ဂုဏ်ယူနိုင်ပြီ ……………… အခုဆိုရင် ……………. ။      ။

11 comments

  • yuiio

    March 3, 2012 at 11:55 pm

    ကလောမှာ အမေစုကို လာပြီး နှုတ်ဆက်တဲ့ စစ်သားလေးက အောင်ပန်း ဘီအီး တပ်ကတဲ့၊ နာမည်က ကျော်ဇင်ဝင်းပါတဲ့။ အခု တပ်ထဲမှာ နှိပ်စက်ခံရပြီး အချုပ်ကျနေတယ် လို့ကြားနေရလို့ ကျွန်တော်ပြောရတာပါ။ သတင်းအတိအကျတော့ မဟုတ်သေးပါဘူး။

  • Swal Taw Ywet

    March 4, 2012 at 1:32 am

    Dear Yuiio,
    Congratulation.
    You and your team did a very difficult jobs to success.
    Really thank you for safe of our Ah May Suu.
    I do admire you.
    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

  • Foreign Resident

    March 4, 2012 at 8:25 am

    ” အမေစု ကားပေါ်ကနေ စင်ပေါ်ကို သွားမဲ့ လမ်းလေးကိုလည်း
    ခက်ခက်ခဲခဲကို တောင့်ခံပြီး ရှင်းပေးရတာပါ ”

    ကို yuiio ရဲ့ဘဝ ကို တကယ့်ကို အားကျ မိပါတယ် ။
    မန္တလေး လူထုကြီးရဲ့ အောင်သမုဒ္ဒရာ လို့တောင် ခေါ်ရလောက်တဲ့
    ကြက်သီးထဖွယ် ကြိုဆိုမှုကြီး ကိုလည်း မြင်ခဲ့ရပါပြီ ။
    ကျနော်တို့ ရန်ကုန်ကရော ဘယ်တော့မှ ဒီလို ပွဲမျိုးနှင့် ကြုံရမလဲ မသိဘူး ။

    ” အမေစုကားနားကို တပ်သားယူနီဖောင်းနဲ့ လူတစ်ယောက်က
    “ အမေ ကျွန်တော်တို့ကိုလည်း ပစ်မထားပါနဲ့” လို့ အော်ပြီး ကပ်လာပါတယ် ”

    အဲဒီ စစ်သားလေးကို သနားလိုက်တာ ။ ရင်ဘတ်ကြီး နှင့် ခံစားလို့ရတယ် ။
    ဘာစကားလုံးတွေမှ ထပ်ဖြည့်စရာ မလိုလောက်အောင် ဝါကျက ပြည့်စုံပါတယ် ။
    တိုင်းပြည်ကြီးရဲ့ အမျိုးသားခေါင်းဆောင် အမေစု က
    အရင် စစ်ဗိုလ်ချုပ်တွေရဲ့ မတရား ပြုမှုမူတွေကြောင့်
    အောက်ခြေက စစ်သားလေးတွေ နှင့် စစ်တပ် ကို
    မုန်းသွား ရွံသွား ကျဉ်သွားမှာကို စိုးရိမ်နေရှာတဲ့
    အပြစ်မဲ့ရှာတဲ့ တပ်မတော် အောက်ခြေက ဝန်ထမ်းတွေရဲ့
    ရင်ထဲက ခံစားမှု အမှန်ကို တစ်ချက်ထဲ ဖွင့်ပြလိုက်သလို ပါပဲ ။

  • sealion

    March 4, 2012 at 3:24 pm

    မျှဝေတာ ကျေးဇူးပါဗျာ..လေးစားပါတယ် ခုမှ သိရတယ် အမေစု လမ်းကြောင်းရှိတဲ ့တပ်တွေ ကို သော့ပိတ်ထားတယ်ဆိုလို ့ …အာဏာရူးတစ်စု လက်ကိုင်တုတ် တပ်မတော် အတွက် စိတ်မကောင်းပါဘူးဗျာ ..အောက်ခြေကရဲဘော်လေးတွေ အမြင်မှန်ရပြီး မတရားတဲ ့အမိန် ့တွေ ကို ဖီဆန်နိုင်တဲ ့တနေ ့…

  • Khin Latt

    March 5, 2012 at 3:25 am

    yuiio ရေ

    စိတ်ဝင်စားစရာ တင်မက အားကျစရာ ပါကောင်းတဲ့ အတွေ့အကြုံ လေးကို ဝေမျှ ပေးလို့ ကျေးဇူးနော်။

    မင်းပြောတဲ့ စစ်သားလေး အတွက် တကယ်ဘဲ စိတ်မကောင်းဖြစ်ရပါတယ်။
    ဓာတ်ပုံလေး ကလဲ အီမိုးရှင်း ဖြစ်စရာ တကဲ့ ကို ပါဘဲ၊
    သူ့သတ္တိ ကိုလဲ ချီးကျူးပါရဲ့။
    သူပြောခဲ့တဲ့ ” အမေ ကျွန်တော်တို့ကိုလည်းပစ်မထားပါနဲ့” ဆိုတာမှာ အဓိပ္ပါယ်အများကြီး ဖွင့်ကြည့်လို့ရတယ်။
    သူတို့ စိတ်ထဲမှာ သူတို့ကို လူတွေ ကမုန်းနေတယ်လို့ ခံစားနေကြရသလား။
    သူတို့ဟာသူတို့ ပြည်သူထဲက ပြည်သူဘဲ ဆိုတာကို မစဉ်းစားမိဘဲ သီးခြားလူတန်းစားလို့ ခံစားနေမိကြသလား။
    တကယ်တော့ သူတို့ ဟာ စစ်တုရင်ကစားပွဲ ခုံ ပေါ်မှာ ဆိုရင် ဖြစ်ချင်ရာဖြစ် ထိုးကျွေး ခံနေရတဲ့ နယ်ရုပ် လေးတွေ လို့ ဘဲ ကျွန်မ တော့ မြင်မိပါတယ်။
    တစ်ချို့ ဆို အမှားအမှန် စဉ်းစားနိုင်တဲ့ ပညာဉာဏ် မရှိအောင်ကို ဦးနှောက်ဖောက်ခံ ထားကြရတာပါ။

    ဒီလို လုပ်ရင် ဘယ်လို အပြစ်ဒါဏ် ရမယ်ဆိုတာ အဲဒီ ရဲဘော်လေးသိမှာပါဘဲ။
    တာဝန်ချိန်မှာ ဒီလို အပြင်ထွက် လို့ အပြစ်ဒါဏ် ပေးတယ် ဆိုရင် ပါ။
    ကျွန်မ တို့ အပြစ်ပေးသူကို အပြစ်မတင်သင့်ပါဘူး။
    ဒါပေမဲ့ သူ့ကိုယ်ပိုင်လွတ်လပ်ချိန်မှာ အပြင်မထွက်ရလို့ အမိန့်တမင်ထုတ်ထားတာ ဆိုရင်တော့ ဒါဟာ မတရားပါဘူး။
    အဲဒီ သူ့ရဲ့ အထက်အရာရှိ ကရော ကိုယ့် မိသားစု ရေရှည်ကောင်းစားရေး ကိုမသိ မမြင် နိုင်လောက် အောင်၊ အမှားအမှန် မကွဲ လောက်အောင် ကို ဦးနှောက်ဖောက်ခံ ထားရတာဘဲလား။

    ဒီသတင်းကလဲ အတိအကျ မဟုတ်ရင်တော့ ဝေဖန်ခဲ့တာ ဝါးလုံးရှည် နဲ့ ရမ်းသလို ဖြစ်နေမှာလဲ စိုးသမို့ တော်သေးပြီကွယ်။

    ဘာဘဲ ဖြစ်ဖြစ် မင်းရဲ့ ဘဝ မှာတော့ ဂုဏ်ယူဖွယ် မှတ်တိုင်တစ်တိုင် ရခဲ့တာပေါ့။
    အရီးတို့ လဲ မင်းအတွက် ဂုဏ်ယူပါတယ်။
    Face Book ထဲက ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကလော၊ ဟဲဟိုး ခရီးစဉ် ဓာတ်ပုံတွေထဲ မှာ လုံခြုံရေး လူငယ် တွေ နဲ့ တွဲရိုက် ထားတာ တွေ့တော့ မင်း ကိုတောင် သတိရမိသေး။
    မင်းလဲ အဲဒီ အဖွဲ့ထဲ က တစ်ယောက် ဖြစ်မယ်ထင်တယ်။ 🙂

    • yuiio

      March 5, 2012 at 7:08 pm

      (Face Book ထဲက ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကလော၊ ဟဲဟိုး ခရီးစဉ် ဓာတ်ပုံတွေထဲ မှာ လုံခြုံရေး လူငယ် တွေ နဲ့ တွဲရိုက် ထားတာ တွေ့တော့ မင်း ကိုတောင် သတိရမိသေး။)
      အစ်မရေ အစ်မတွေတဲ့ ဓါတ်ပုံရှိတဲ့ link လေးပြောပြပါလား။ ကျွန်တော်ဆီမှာ အမှတ်တရလေး သိမ်းထားချင်လို့ ။ ကျွန်တော်လည်း ရှာနေတာ မတွေ့လို့။

  • inz@ghi

    March 5, 2012 at 7:46 am

    လုပ်ပြီ …
    😛
    အသာလုပ်ကြပါ ကိုယ့်ဆြာတို့ ….
    ကျနော်တို့ ထားဝယ်လည်း.. …..
    ကျနော်တို့ ပုသိမ်လည်း ………..
    ကျနော်တို့ ..ကလောလည်း ……
    ကျနော်တို့ ..မန်းလေးလည်း ……
    ကျနော်တို့ ..စစ်ကိုင်းလည်း …….
    လည်း … လည်း …………………

    ခင်တဲ့
    ဂီ

  • Ma Ei

    March 5, 2012 at 11:35 am

    အမေစုကို ကြည်ကြည်နူးနူးနဲ့ ကန်တော့ခွင့်ရလိုက်ပါတယ်။
    အမေက ဆုပေးတော့ ကျွန်တော်တို့ အားလုံး လေထဲမှာ လွင့်နေသလို ပေါ့ပါးလို့။
    ကျွန်တော်ရဲ့ ရင်ထဲမှာ ဟာသွားပြီး ငိုချင်သလိုလိုမျိုး ဖြစ်သွားတယ်ဗျ။
    ရုတ်တရတ် မျက်ရည်လည်းဝေ့သွားတယ်။
    အခုနေပြန်တွေးကြည့်ရင် ပြန်ခံစားရတယ်။

    စာဖတ်သူတွေလည်း ထပ်တူခံစားမိကြပါတယ်…
    ကျေးဇူးပါ…

  • ကြောင်ကြီး

    March 5, 2012 at 12:20 pm

    ဂုဏ်ယူပါတယ် yuiio…အုတ်တချပ် သဲတပွင့်အဖြစ် ကူညီခွင့်ရလိုက်လို့..။ ကလောသားဆိုတော့ စစ်သား ကိုကျော်ဇင်ဝင်း သတင်းနောက်ဆက်တွဲ ရရင် တင်ပေးပါအုံး…။

  • TTNU

    March 5, 2012 at 2:17 pm

    Yuiio ရေ…
    တာဝန်ကျေပွန်ပါပေတယ်။
    စံနစ်တကျလည်းပြန်ရေးပြတတ်တဲ့ အတွက်
    ကျေးဇူးတင်ပါတယ်။

  • snow white

    March 5, 2012 at 8:14 pm

    အလုပ်ပြန်ချိန်မို့စာကို တဝက်ဘဲဖတ်ပြီးတော့ညီမပြန်ရပေမယ် နောက်နေ့ထပ်ဖတ်ပါအုံးမယ် ဖတ်ရတာ တကယ် ညီမတို့ပါမိန့်ခွန်းနားထောင်တဲ့နေရာကို ရောက်နေရသလိုပါဘဲ အမေစုကို လေးစားပါတယ် အမေစုလည်းအားတွေဖြစ်ပါစေပြည်သူတွေရဲ့အားတွေနဲ့ သက်ရှည်ကျန်းမာပါစေ

Leave a Reply