ဪ ……………… ပြောတော့ အင်ဂျင်နီယာ ……………… (စိတ်အနာများ)
အပြစ်ကြီးတစ်ခုမဟုတ်ဘဲ ပြင်ဆင်ခွင့် ပြန်လည်အားထုတ်ခွင့်မရတော့ဘဲ တစ်သက်တစ်ကျွန်းထောင်ချခံရသူလို ဖြစ်နေတဲ့ ဘဝတွေထဲမှာ ကျွန်တော်တို့ AGTI နဲ့ ဒုတိယနှစ်နဲ့ ကျောင်းကနေ ကန်ထုတ်ခံရသူတွေလည်း ပါ ပါတယ်။ တစ်ဘာသာကို ပျမ်းမျှ ၆၅ မှတ်မရတာနဲ့ပဲ တတိယနှစ်ကို ဆက်တက်ခွင့်မရတော့တာ၊ နောက်ထပ်တစ်ခါကြိုးစားခွင့်မဲ့တာလည်း ကျွန်တော်တို့ပါပဲ။ အမှတ်မမှီရင်လည်း စာမေးပွဲချပလိုက်လို့ရရဲ့သားနဲ့ ဘာမှလာမပြောနဲ့ဆိုပြီး အူကြောင်ကြောင် တစ်ဝက်တစ်ပျက်နဲ့ ကျောင်းကနေထုတ်ပလိုက်တာက နိုင်ငံတော်ရဲ့ စေတနာတစ်ခုလား ဆိုတာလည်း ကျွန်တော်တို့ နားမလည်နိုင်ပါဘူး။ ကျွန်တော်တို့က ဒုတိယ အခွင့်အရေးနဲ့ မထို်က်တန်လောက်အောင် ညံ့ဖြင်းနေကြသူတွေမဟုတ်ပါဘူး။ နည်းပညာကောလိပ်ဆိုတာက အနည်းဆုံး အမှတ်ပေါင်း ၃၂ဝ ရှိမှ ဝင်ခွင့်ရတာပါ။ ကျွန်တော်တက်တဲ့ civil major က ကျွန်တော်တို့တုန်းက အမှတ် ၄၂ဝ အနည်းဆုံးရှိမှာ ဝင်ခွင့်ရတာပါ။ ပေါင်းကူးနဲ့ ဝင်လာသူတွေကလည်း တော်တော်ကို စိစစ်ပြီးမှ civil ကိုတက်ကြရတာပါ။ ကျွန်တော်က mechanical ကနေ ပေါင်းကူးနဲ့ civil ကို ပြောင်းခဲ့တဲ့သူပါ။ အဲ့ဒီအတွက် ကျွန်တော် တစ်နှစ်အောက်ပါတယ်။ ဆိုလိုတာက တော်ရုံတန်ရုံ ဉာဏ်ရည်နဲ့ သင်ကြားကြသူတွေမဟုတ်ပါဘူး။
ကျွန်တော်က ဘာသာရပ်တွေကို သင်ယူတဲ့နေရာမှ မျှတမှုရှိသူမဟုတ်ပါဘူး။ စိတ်ဝင်စားတဲ့ ဘာသာရပ်တွေကို စိန်ခေါ်ပြီးယှဉ်ပြိုင်နိုင်တဲ့အထိ လေ့လာပေမဲ့၊ စိတ်ထဲသိပ် မလာတဲ့ ဘာသာတွေကျတော့ အောင်မှတ်တောင် မနည်း ဖြေလို့ရဖို့ ခက်ခဲသူပါ။ ကျွန်တော်က လက်တွေ့ပိုင်းကို များများလုပ်ရတဲ့ practical များမှ နားလည်တဲ့ ဘာသာတွေကို စိတ်ဝင်စားသူပါ။ ဒုတိယနှစ်ကို ဖြေပြီးတဲ့ အချိန်မှာ ကျွန်တော်တို့က project အနေနဲ့ workshop တစ်ခုကို လုပ်ပြရတယ်ဗျ။ အဲ့ဒီနေရာမှာကျတော့ ကျွန်တော်က ခေါင်းဆောင်ပါတယ်။ တခြားမေဂျာတွေ ready-made ပစ္စည်းတွေနဲ့ project ကို ဝယ်နေတဲ့ အချိန်မှာ ကျွန်တော်က ဘယ်တုန်းကမှ မလုပ်ဖူးတဲ့ workshop တစ်ခုကို ၊ ဘယ်သူမှအကုန်အကျမခံဘူးတဲ့ ၂၅၀၀၀ဝ ကျော် အကုန်အကျငွေကို ၊ ဘယ်တော့မှမကြာဘူးတဲ့ ၁ လကျော် အချိန်ယူပြီး နေ့မနားညမနား၊ စိတ်အားထက်ထက်သန်သန်နဲ့ ခေါင်းဆောင် လုပ်ခဲ့ပါတယ်။ project တင်တော့ ပါချုပ်ရဲ့ ချီးကျူးစကားက အကောင်းဆုံးဆိုတဲ့သက်သေကို ပြပါတယ်။ နောက်တစ်ပါတ်လောက်ကြာတော့ အောင်စာရင်းထွက်တယ်။ ကျွန်တော် တတိယနှစ်ကို မပါဘူး။ ကျောင်းထွက်ပေါ့ဗျာ။ ကြက်တူရွေးလို နှုတ်တိုက်ရွတ်နိုင်တဲ့သူတွေအများဆုံးပါတဲ့သူတွေပဲ တတိယနှစ်ကို တက်သွားနိုင်တာပေါ့။ ပြောရရင် ကျွန်တော် တော်တော်ကို စိတ်ဓါတ်တွေကျ၊ စိတ်တွေလည်းနာ ဖြစ်ခဲ့ရတာပါ။ ကျွန်တော့်မှာ ဘာကြီးမားတဲ့ ချို့ယွင်းမှုရှိလို့လဲ၊ ဘာကြောင့် ဒုတိယ အခွင့်အရေးကို မပေးနိုင်ကြတာလဲဆိုတဲ့ အတွေးတွေပေါ့။
စာကျက်ပြီး ပြန်ဖြေနိုင်တာကို အရည်အချင်းလို့ ယူဆတဲ့ ပညာရေးစနစ်ဆိုးမှာ ကျွန်တော့်လိုမျိုး လုံးဝကို စုံးစုံးမြုပ်လုမတတ်ဖြစ်သွားသူတွေ ဘယ်လောက်များနေပြီလဲ။
အပြင်ဆိုက်ထဲကို စပြီးခြေချတော့ ကျောင်းမှာ ကျွမ်းကျင်လာခဲ့တဲ့ လက်တွေ့ ဘာသာရပ်တွေက ကျွန်တော့်ကို အကူအညီတွေများစွာ ဖြစ်စေခဲ့ပါတယ်။ အလုပ်ဝင်ပြီး ၃ လလောက်အတွင်းမှာ ကျွန်တော့် လစာက နှစ်ဆ တိုးသွားပါတယ်။ ဒါပမဲ့ လုပ်သက် ၁နှစ်ခွဲလောက်မှာ တွေ့လာရတာက ကျွန်တော် ဘယ်လောက်ပဲ ကြိုးစားကြိုးစား နောက် ၅ နှစ်အတွင်း လစာ ၃ သိန်းဝန်းကျင်ထက် ပိုတက်မလာနိုင်တာကိုပါ။ ကျွန်တော်တစ်ယောက်စာအတွက် လုံလောက်တယ်ဆိုရုံပါပဲ။ ကျွန်တော် ဘယ်တော့မှ ချမ်းသာနိုင်မလဲ တင့်တောင်းတင့်တယ် နေနိုင်မလဲ တွေးကြည့်တော့ …….. ရွှေပြည်တော်မျှော်တိုင်းဝေး …….. ဝေးသထက်ဝေးတာကိုပဲ မြင်လာပါတယ်။ အခု ရန်ကုန်ကို ကျွန်တော့်သူငယ်ချင်း တစ်ယောက် အခုနှစ်မှ BE ဘွဲ့ရလာလို့ naing group မှာ အလုပ်ဝင်လျှောက်ပါတယ်။ သူအလုပ်ရလာလို့မေးကြည့်တော့ လစာက ၆၀၀၀ဝ တဲ့။ စားရိတ်ငြိမ်းသလားဆိုတော့ မငြိမ်းဘူး။ ရန်ကုန်ရဲ့ စရိတ်စက နဲ့ အင်ယာတစ်ယောက်ရဲ့ လစာနဲ့ ဘယ်လို မျှမလဲလို့ တွေးကြည့်တော့…….. ရင်လေးတာပဲ အဖတ်တင်တယ်။ နောက်တစ်လလောက်ကြာလို့ အဲ့ဒီသူငယ်ချင်းကိုတွေ့တော့ ထပ်မေးကြည့်တယ် အဆင်ပြေသလားလို့။ သူက အဆင်ပြေတယ်တဲ့ အောက်ဆိုက်လေးတော့ ဖန်ရတာပေါ့လို့ ပြန်ပြောတယ်။ ဒါပါပဲ နောက်ဆုံးကျတော့ ပညာတတ်တစ်ယောက် အဖျက်ဆီးခံလိုက်ရတာပါ။ ဒီလိုမျိုး သွယ်ဝိုက်ပြီး အဖျက်ဆီးခံရတာကို ပညာတတ်တွေ အားလုံး ခံနေကြရတာပါ။ ဒါတွေဖြစ်လာရတာက ကျွန်တော်တို့မှာပဲ အပြစ်ရှိနေတာလား၊ တာဝန်မယူနိုင်တဲ့ တာဝန်ကို မသိဘဲ ဖာသိဖာသာ နေတဲ့ အစိုးရကိုပဲ အပြစ်ဖို့ရမှာလား။ အဲ …….နောက်ဆုံးတော့ ….. ဘုရားဟောထားတဲ့ ပြုသူအသစ်၊ ဖြစ်သူအဟောင်း ဆိုတဲ့တရားသဘောနဲ့ ကိုယ့်ကိုယ်ကို ဖြေသိမ့်နေရတာပါပဲ။ ………………… တစ်ခါတစ်လေတော့လည်း လက်မခံနိုင်သလိုဖြစ်တယ်ဗျာ။
အခုတော့ ကျွန်တော် မြန်မာနိုင်ငံမှာ အလုပ်လုပ်ရမှာ ကြောက်လာတယ်။ ကျွန်တော့် စာရိတ္တကို ရောင်းစားရတော့မှာလား ဆိုတဲ့ အတွေးတွေနဲ့ပါ။ ရိုးသားမှုနဲ့ အလုပ်လုပ်ရင် ချမ်းသာဖို့ မဖြစ်နိုင်တဲ့ ဒီအလုပ်မှာ ကျွန်တော် ဆက်ရပ်တည်ဖို့ကိုလည်း စဉ်းစားလာရပါတယ်။ ဒီအချိန်မှာ ကျွန်တော့်ကို ဆွဲဆောင်တာက နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ပါ။ ခက်နေတာတစ်ခုက ကျွန်တော် မြန်မာနိုင်ငံမှာပဲ နေချင်နေတာဗျ။ ဘယ်လိုလုပ်မလဲ။ နောက်ဆုံးတော့ အင်ဂျင်နီယာပညာနဲ့ ရိုးရိုးသားသား အလုပ်လုပ်ပြီးချမ်းသာချင်တဲ့ လူငယ်တစ်ယောက် စိတ်လေလေနဲ့ Mandalay Gazette မှာ စာရေးဖွင့်ချနေတာကို ခင်ဗျားတို့တွေ့နေပြီပေါ့။
ထပ်ပြောရရင်လည်း လေတယ်။ လုံးဝစိတ်လေတယ်။ ။
13 comments
pazflor
March 4, 2012 at 5:00 am
ဘဝတူတွေမို ့အားပေးသွားပါတယ်ဗျာ။ ချမ်းသာချင်ရင်တော့ လခစား အင်ဂျင်နီယာ လုပ်မယ့်အစား အတွေအကြုံယူပြီး ကိုယ်ပိုင်လုပ်ငန်း လုပ်ကြည့်ပေါ့။ (နည်းနည်း ရွီးကြည့်တာ….)
😀
Swal Taw Ywet
March 4, 2012 at 9:01 am
Dear Brother, Yuiio,
Sorry to hear your story.
But I could not do nothing for you except encouragement.
Just try your best.
If you really well prepared and learned for one Major Subject ( eg; Survey or Estimating ..)
You should start your own business by using your experiences.
As a worker of other’s company you will not get much as you need.
Now you are still young, You have enough time to learn.
So.. you should go abroad and take oversea experiences and more income for your future.
Dear brother,
I heard there were some entrance exam for AGTI to B Tech course and
B Tech to B E course.
But I don’t want to advise you to attend GTC again.
Please try to go abroad and make yourself to learn there.OK?
With respect,
Swal Taw Ywet.
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 4, 2012 at 10:20 am
အခုတော့ ကျွန်တော် မြန်မာနိုင်ငံမှာ အလုပ်လုပ်ရမှာ ကြောက်လာတယ်။ ကျွန်တော့် စာရိတ္တကို
ရောင်းစားရတော့မှာလား ဆိုတဲ့ အတွေးတွေနဲ့ပါ။ ရိုးသားမှုနဲ့ အလုပ်လုပ်ရင် ချမ်းသာဖို့ မဖြစ်နိုင်တဲ့
ဒီအလုပ်မှာ ကျွန်တော် ဆက်ရပ်တည်ဖို့ကိုလည်း စဉ်းစားလာရပါတယ်။ ဒီအချိန်မှာ ကျွန်တော့်ကို
ဆွဲဆောင်တာက နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ပါ။ ခက်နေတာတစ်ခုက ကျွန်တော် မြန်မာနိုင်ငံမှာပဲ
နေချင်နေတာဗျ။ ဘယ်လိုလုပ်မလဲ။ နောက်ဆုံးတော့ အင်ဂျင်နီယာပညာနဲ့ ရိုးရိုးသားသား အလုပ်
လုပ်ပြီးချမ်းသာချင်တဲ့ လူငယ်တစ်ယောက် စိတ်လေလေနဲ့
Mandalay Gazette မှာ စာရေးဖွင့်ချနေတာကို ခင်ဗျားတို့တွေ့နေပြီပေါ့။
________________
စိတ်မလေပါနဲ ့ဗျာ။ကြိုးစားအားထုတ်မှုလေးနဲ ့ဆက်လျှောက်နေပါ။တစ်နေ ့မှာ အောင်မြင်ရမယ်လို ့
နှလုံးသွင်းလိုက်ပါ။အောင်မြင်မှာပါ။
Mလုလင်
March 4, 2012 at 10:49 am
အရှေ ့ဒဂုံ ဘက် မှာမြေဈေး ထက်ဝက် ကျတယ် ကြားတယ်။ ၄၀-၆ဝ ကို ၅၅ က နေ ၂၂ ထိ ကျတယ် တဲ့။ အတိအကျ တော့ မသိဘူးနော့ ကြားတာကိုပြောတာ။ မြေဝယ်… ရှယ်ယာ ခေါ် .. အထပ်မြင့်ဆောက် … ပြန်ရောင်း … အဲလို လုပ်တာ အဆင်ပြေတယ် နဲ့ တူတယ်။ ငွေရှင် တွေက အဲလို လုပ်ပေးနိုင်မယ့် ပညာရှင် တွေ လိုနေတယ် ထင်တာပဲ။ ကိုယ့်ကိုကိုယ် ယုံကြည်မှု နဲ့ ကိုယ့်ကို သူများ က ယုံကြည်မှု တွေ ခိုင်ခိုင်မာမာ ရှိလာတဲ့ တစ်နေ့ .. စာရိတ္တ ကိုရောင်းစား စရာ မလိုပဲ အဆင်ပြေ သွားနိုင်ပါတယ် လို့။
မြန်မာပြည်က မခွာနိုင်သူ
Mလုလင်
MaMa
March 4, 2012 at 9:57 pm
M လုင်ရေ-
လူငယ်ပေမယ့် စိတ်ဓာတ်ခိုင်မာကောင်းမွန်လို့ လေးစားမိပါတယ်။
(မြန်မာပြည်က မခွာနိုင်သူ) ဆိုလို့
ပိုပြီးတော့တောင် လေးစားမိသွားတယ်။
(ပိုစ့်နဲ့မဆိုင်တာ ဝင်ပြောမိလို့ ပိုင်ရှင် yuiio ကို တောင်းပန်ပါတယ်။)
etone
March 5, 2012 at 10:36 am
အန်တီမမရေ…. သူက မြန်မာပြည်က ဘယ်ခွာနိုင်ပါ့မလဲ …. ။
ပူပူနွေးနွေး …အိမ်သူ သက်ထား ဇနီးမယားနဲ့ မခွဲနိုင်မခွာရက် ဖြစ်နေတာကိုး .. ဟိဟိ … 😀
(ကို လုလင်ရေ … စောဒီးပါဗျို့ …. လူပျိုလုပ်မရအောင် … နည်းနည်း ဖွလိုက်ပြီ …. ခွိခွိ)
စော်တီးပါ ပို့စ် ပိုင်ရှင်ရေ ..အောက်မှာ တည်တည်တံ့တံ့ကော့မန့်ရေးပါမယ် .. ဟိဟိ … 😀
MaMa
March 4, 2012 at 12:11 pm
yuiio ရေ-
(ကျွန်တော်က ဘာသာရပ်တွေကို သင်ယူတဲ့နေရာမှ မျှတမှုရှိသူမဟုတ်ပါဘူး။ စိတ်ဝင်စားတဲ့ ဘာသာရပ်တွေကို စိန်ခေါ်ပြီးယှဉ်ပြိုင်နိုင်တဲ့အထိ လေ့လာပေမဲ့၊ စိတ်ထဲသိပ် မလာတဲ့ ဘာသာတွေကျတော့ အောင်မှတ်တောင် မနည်း ဖြေလို့ရဖို့ ခက်ခဲသူပါ။)
ဆိုတဲ့ စာကိုဖတ်ပြီး သူမတူအောင် ထူးချွန်ထက်မြက်တဲ့ ကမာ္ဘကျော်တွေအကြောင်းကို သွားသတိရလိုက်မိပါတယ်။
ကိုယ်စိတ်ပါဝင်စားတဲ့ ပညာတစ်ခုမှာ ထူးချွန်မယ်ဆိုရင် လက်တွေ့လောကမှာ အဆင်ပြေ အောင်မြင်နိုင်ပါတယ်။
စွယ်တော်ရွက်ပြောသလို ကိုယ်စိတ်ပါဝင်စားတဲ့ပညာနဲ့ ပတ်သက်တဲ့လုပ်ငန်းကို
(ကိုယ်ပိုင်သော်လည်းကောင်း၊ ဝန်ထမ်းသော်လည်းကောင်း) ဝင်လုပ်ပြီး တစိုက်မတ်မတ်ကြိုးစားခြင်းဖြင့် အောင်မြင်မှုကို အရယူပါ။
ဒီနေရာမှာ ပန်းရံသမားနှင့် ယှဉ်ရဲသော အင်ဂျင်နီယာ ဆိုတဲ့ ပိုစ့်ထဲကလို တာထွက်ကို သည်းခံနိုင်ဖို့လည်း အရေးကြီးပါတယ်။
အဲဒါကြောင့် တစိုက်မတ်မတ် ဆိုတဲ့ စကားကို အထူးအလေးဂရုပြုဖို့ လိုပါတယ်။
ပြောရမယ်ဆိုရင် လူရယ်လို့ ဖြစ်လာကတည်းက လောကကြီးထဲမှာ အသက်ရှင်နေထိုင်ဖို့နဲ့အတူ သိက္ခာရှိတဲ့ အဆင့်အတန်းဘဝတစ်ခုကို ရရှိဖို့အတွက် ကြိုးစားကြရတာပဲ မဟုတ်လား။
အဲဒီလို ဘဝတစ်ခုရရှိဖို့ ပညာရှာကြရတယ်။ ငွေရှာကြရတယ်။
ပညာတတ်မှ ဂုဏ်ရှိတဲ့အသက်မွေးဝမ်ကျောင်းမှုကိုရမယ်။
ပညာဆိုတဲ့နေရာမှာ ကျောင်းပညာမှ မဟုတ်ပါဘူး။
လက်တွေ့လုပ်ငန်းလုပ်ကိုင်ရင်းနဲ့ သင်ယူတတ်မြောက်လာတဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်ဟာ လက်တွေ့လုပ်ငန်းခွင်မှာ ပိုအသုံးကျတာတွေရှိပါတယ်။
အဲဒီအခါ အင်ဂျင်နီယာဘွဲ့မရလည်း ကိစ္စမရှိဘူး။
လုပ်ငန်းတစ်ခုကို ဦးစီးလုပ်ကိုင်နေတဲ့သူတွေဟာ လူတော်နဲ့ လူရှော်၊
လူသန့်နဲ့ လူညံ့ ကို ခွဲခြားနိုင်သူတွေ များပါတယ်။
ကိုယ့်ကျွမ်းကျင်မှုက ကိုယ့်ကိုနေရာပေးသွားပါလိမ့်မယ်။
အဲ…. အလုပ်စလုပ်ကတည်းက ကိုယ်နဲ့ကိုက်ညီမယ့် နေရာကို အရွေးမှန်ဖို့တော့ လိုတာပေ့ါနော်။
padonmar
March 4, 2012 at 8:09 pm
ကျွန်မတို့အသိ အင်ဂျင်နီယာလေးတစ်ယောက်ဟာ AGTI ပါပဲ။
သူများရဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ လခစားဝင်လုပ်ရာက ကိုယ်တိုင် အလုပ်သမားတွေစုပြီး လက်ခစား
ကန်ထရိုက်လုပ်ငန်းတွေ လိုက်လုပ်ပါတယ်။ဆက်ဆံရေးလည်းကောင်း သူတတ်ရမယ့် ဆောက်လုပ်ရေးပညာကိုလည်း ခြေခြေမြစ်မြစ်တတ်တဲ့အတွက် ငွေရင်းစရာမလိုပဲ လုပ်ငန်းအောင်မြင်လာပါတယ်။အလုပ်ပေးမယ့်သူတွေ ဝိုင်းဝိုင်းလည်နေပါတယ်။
ကျွန်မတို့ အလုပ်နဲ့ပတ်သက်တဲ့ အဆောက်အဦပြင်တာ အသစ်ဆောက်တာ အားလုံး သူအားချိန်နဲ့ ညှိပြီးမှ လုပ်ဖြစ်တဲ့အထိ သူ့ရဲ့ မားကက်တင်းကောင်းတယ်ဆိုပါစို့။
အဲဒီလို အဆင့်ရောက်အောင် ၆-ရနှစ် သူပျိုးထောင်ယူခဲ့ရပါတယ်။
BE ဘွဲ့ရတာကောင်းပေမယ့် လက်တွေ့ဘယ်လောက်တတ်တယ်ဆိုတာက ပို အရေးကြီးပါတယ်။
စိတ်ရှည်ဇွဲသန် သည်းညည်းခံဖို့လည်း လိုတာပေါ့။
အားမလျှော့ပါနဲ့။
unclegyi1974
March 4, 2012 at 10:18 pm
စိတ်ဓာတ်မကျပါနဲ့ကွယ်
အခုကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးတောင်တက္ကသိုလ်ကဘွဲ့ရခဲ့တာမဟုတ်ပါဘူးကွယ်
အဓိက ကကြိုးစားမှု ဝိရိယရှိမှု အလုပ်အပေါ်စေတနာထားမှု
တို့ရှိရင်တနေ့ကြိုးစားမှုအသီးအပွင့်ခံစားရမှာပါကွယ်
Lwin Aung
March 4, 2012 at 10:40 pm
I am constructing the monastic educational schools donated by a Japan NGO since Nagis . I am not civil engineer. I rent a civil engineer who are skillful person with AGTI ( Civil ) and now subcontract to him all.
nagar lay
March 4, 2012 at 10:40 pm
ဪ ညီလေးရယ်
မင်းစိတ်ဓါတ်ကျစရာ စိတ်လေစရာ မလိုပါဘူးကွာ။
မင်းအတွေးလည်းမဆိုးပါဘူး။ဒါပေမယ့် တဖက်သက်တော့ဆန် နေသလိုပဲ။
မင်းကစာကို by hard ကျက်တာကိုမကြိုက်ဘူး ။ လက်တွေ့ကိုပို စိတ်ဝင်စား တယ်။
မှန်ပါတယ်။စာကိုဘာမှနားမလည်ပဲ အလွတ်ကျက်ပြီးဖြေနိုင်တိုင်း အင်ဂျင်နီယာမှမဟုတ်တာ။
ဒီလိုပဲ လက်တွေ့ကျွမ်းပြီး စာဘာမှမရရင်လည်း အပြင်မှာ ဆိုင်ဖွင့်ပြီး စီးပွာရေးလုပ်နေ တဲ့လူတွေ ဖြစ်သွားမှာပေါ့။ဒါပေမယ့်ကွာ မြန်မာနိုင်ငံမှာက အင်ဂျင်နီယာကျောင်းသားတွေကို လက်တွေ့သင်ဖို့
အတွက် နိုင်ငံတော်က သင်ထောက်ကူ accessories တွေကိုမှ အလုံအလောက် မချပေးတာ။
မင်းတို့ကျောင်းက workshops မှာလက်တွေ့ပစည်း အစုံရှိလို့လား။civil မှာအခြေခံ ဖြစ်တဲ့
ကျောက်၊ သဲ၊ ဘိလပ်မြေတောင်မှ ရှိရဲ့လား။ဒိလိုလက်တွေ့ ဘာမှသင်မပေးနုုုိုင်တဲ့ကျောင်း၊
သင်စရာပစည်းမရှိတဲ့ကျောင်း ကထွက်လာတဲ့မင်းတို့လို (ငါ့သားလည်းပါတယ်)အင်ဂျင်နီယာတွေ
ကိုနှိမ်တာကမဆန်းပါဘူး၊ကိုယ့်လူမျိုးကို ကိုယ်မှမနှိမ်ရင်ဘယ်သူကနှိမ်မှာလည်း။
နိုင်ငံတော်ကတောင် အင်ဂျင်နီယာတွေ အများကြီးမွေးထုတ်းပေးခဲ့ပါတယ်ဆိုပြီး အတည့်အလင်း
ကြေငြာ၊ ထွက်လာတဲ့ အင်ဂျင်နီယာတွေကို အလုပ်အကိုင်လည်း မပေးနိုင်၊ပေးတော့လည်း
လစာက တစ်ကိုယ်ရည်တောင် မလောက်လို့ တောင်းစားရမယ့်လစာ၊ အင်ဂျင်နီယာတစ်ယောက်ရဲ့
အခွင့်အရေးလည်းမပေး၊ ပြည်တွင်းမှာလည်း အနှိမ်ခံ ၊ဒီလိုဆိုတော့ အင်ဂျင်နီယာတွေအနေနဲ့ ပြည်တွင်းမှာလည်း အနှိမ်ခံရမယ့် အတူတူ ပြည်ပမှာပဲ ပိုက်ဆံများများနဲ့ အနှိမ်ခံမယ် ဆိုပြီး ပြည်ပကိုလုပ်ကျွေး ၊ပြည်တွင်းကဆုတ်ယုတ်နဲ့၊ပြည်ပတွေချမ်းသာလာကြတာပဲလေ။ဒါကြောင့်
ဘယ်သူ့ကိုမှ အပြစ်တင်မနေပါနဲ့တော့ကွာ။
yuiio
March 5, 2012 at 6:55 pm
….နောက်ဆုံးတော့ ….. ဘုရားဟောထားတဲ့ ပြုသူအသစ်၊ ဖြစ်သူအဟောင်း ဆိုတဲ့တရားသဘောနဲ့ ကိုယ့်ကိုယ်ကို ဖြေသိမ့်နေရတာပါပဲ။ ………………… တစ်ခါတစ်လေတော့လည်း လက်မခံနိုင်သလိုဖြစ်တယ်ဗျာ။
etone
March 5, 2012 at 10:37 am
yuiioရေ
နည်းပညာကျောင်းသားတွေဘဝကို …. ထဲထဲဝင်ဝင်မဟုတ်လျှင်တောင် အတော်များများ သိခဲ့ပါတယ် … ။ ကျွန်မတို့ ကွန်ပျူတာတက္ကသိုလ်စတက်တဲ့ နှစ်က …ရန်ကုန်မှာ ကျောင်းဆောင် ဆောက်မပြီးသေးလို့ … မအူပင်မှာ …. သုံးလ အဆောင်နေ ကျောင်းတက်ခဲ့ရတယ် …. ။ အဲ့ဒီမှာ …ရန်ကုန်က နည်းပညာကျောင်းသားတွေက ကိုယ့်ထက်စောစီးစွာ .. ကျောင်းတက်နေကြရင်း .. သူတို့နဲ့ ခင်မင်မိရာက .. .သူတို့ အခြေနေကို လေ့လာခွင့်ရခဲ့မိတာမျိုးပါ … ။ ပြောရလျှင် ..သူတို့ရဲ့ .. အနေထိုင် ၊ ပတ်ဝန်းကျင်တွေပါ ရောပါကုန်မှာမို့ … အပေါ်ယံလောက်သာ …ဝင်ရေးလိုက်ပါတယ် … ။
BE ရဖို့ … ငါးနှစ်… ရင်းရပါတယ် … လူအနည်းစုသာ … အဲ့ဒီငါးနှစ်စလုံး ဖြေဆိုအောင်မြင်သွားပြီး ..တစ်ချို့ကတော့ .. B.Tech လောက်နဲ့ရော .. A.G.T.I လောက်နဲ့ပါ … အကြောင်း အမျိုးမျိုးကြောင့် …တက္ကသိုလ်ကျောင်းသား ဘဝ ဆုံးသွားကြတယ် … ။ တစ်ချို့ကျတော့လည်း … ကျောင်းထွက်လိုက်ရ ၊ ကျောင်းနားလိုက်ရတာလည်း ကြားဖူးပါတယ် … ။
အကြောင်းပြချက်အမျိုးမျိုးနဲ့ …. ရွှေးချယ်လိုက်ရတဲ့ ပညာရပ်တစ်ခု … ဆုံးခန်းတိုင် ပညာသင်ခွင့်မရခဲ့တာ… ခေတ်ကိုပဲ အပြစ်တင်ရမလား … ၊ စနစ်ကိုပဲ … ကြိတ်မဲရမလား …. ၊ မိဘပံ့ပိုးမှုကိုပဲ … စောဒကတတ်ရမလားပဲ …. ။ ဘယ်လိုပဲဖြစ်ဖြစ် … ထိုက်တန်တဲ့ လူတော်လူကောင်းတွေ … ပေါ်ထွက်လာဖို့အရေး ….. တည်ထောင်သူတို့မှာ … တာဝန်ရှိတာတော့အမှန်ပဲ …. ။ ကိုယ်ချင်းစာစိတ်ပေါ့လေ .. အဲ့ဒါလည်း လိုပြန်သေးတယ် … ကိုယ့်သားသမီးတွေ … အဲ့ဒီကျောင်းမှာ တက်နေတယ်ဆိုတဲ့ စိတ်ထားကြည့် …. ဒီလို အဖြစ်တွေရှိလာနိုင်ပါ့မလား .. တွေးတောစရာပါပဲ … 🙄