ဒုတိယဒီမိုကရေစီ၊ အမြစ်မရှိသောသစ်ပင်နှင့် ခြအုံကြီးအကြောင်း (အပိုင်း-၆)
လွတ်လပ်ရေးနဲ့ပတ်သက်လို့ကတော့ မြန်မာနိုင်ငံက နဲနဲထူခြားတဲ့နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရတာ တစ်ကြိမ်မဟုတ်ပါဘူး။ နှစ်ကြိမ်ဖြစ်ပါတယ်။ ပထမလွတ်လပ်ရေးက ဂျပန်တွေ ပေးတဲ့လွတ်လပ်ရေးဖြစ်ပါတယ်။ ဂျပန်ခေတ်ထဲမှာပေးခဲ့တာပါ။ အဲဒီလွတ်လပ်ရေးကို လက်ခံယူခဲ့ တာကတော့ အဓိပဓိဒေါက်တာဘမော်ဖြစ်ပါတယ်။ နောက်လွတ်လပ်ရေးကတော့ အားလုံး သိကြတဲ့အတိုင်း အင်္ဂလိပ်ကပေးတဲ့လွတ်လပ်ရေးဖြစ်ပါတယ်။ ဂျပန်တွေက စစ်ရှုံးသွားတော့ မျက်နှာ ကြီးရာ ဟင်းဖတ်ပါဆိုသလို အင်္ဂလိပ်တွေပေးတဲ့လွတ်လပ်ရေးကိုပဲ လူတွေကမှတ်မိကြပါတော့တယ်။ လွတ်လပ်ရေးနေ့အခန်းအနားကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့မှာ သမ္မတ အိမ်တော်မှာ ကျင်းပပါတယ်။ သမ္မတ အိမ်တော်ဆိုတာက အခုပြည်လမ်းပေါ်မှာ ရှိတဲ့ ပြည်သူ့လွှတ်တော် အဆောက်အဦ ရဲ့ အနောက်ဘက်နားမှာရှိပါတယ်။ အင်္ဂလိပ်ကိုလိုနီရယ်စတိုင် အဆောက်အဦကြီး ပါပဲ။ အလွန်ခန့်ညားပါတယ်။ ၁၉၈ဝ ကျော်လောက်မှ ဖျက်လိုက်တာပါ။ သရဲအတော်ခြောက် တယ်လို့တော့နာမည်ကြီးပါတယ်။ အထဲမှာတော့ အထက်တန်းစားအရာရှိကြီးတွေ နေထိုင်တဲ့ပုံစံတွေ ခင်းကျင်းထားပြီးတော့ ထမင်းစားခါနီးတီးတဲ့မောင်းပါရှိပါတယ်။ အဲဒီမှာ အလုပ်လုပ်ကြတဲ့ မြန်မာ တွေနဲ့ ကုလားတွေဟာ ဝတ်စုံပြည့်ဝတ်ရပါတယ်။ အဲဒီ သမ္မတအိမ်တော်ကြီးရဲ့ အရှေ့မှာ အလံတိုင် ရှိပါတယ်။ ဒီအလံတိုင်ကနေ အင်္ဂလိပ် Unio Jack အလံကို ချ မြန်မာနိုင်ငံအလံကို တင်ပေါ့။ ပြီးတော့ Governor က ခေါက်ထားတဲ့အလံကို သိမ်းပြီး ရန်ကုန်ဆိပ်ကမ်းမှာ စောင့်နေတဲ့သင်္ဘောပေါ်ကို တက်၊ ပြီတော့ အင်္ဂလန်နိုင်ငံကို ပြန်ပေါ့။ မြန်မာပြည်သူလူထုတစ်ချို့နဲ့ အင်္ဂလိပ်ကပြားတစ်ချို့က မျက်ရည် တရွှဲရွှဲနဲ့လိုက်ပို့ကြပေါ့။
မြန်မာပြည်လွတ်လပ်ရေးရပြီဟေ့။ မြန်မာလူမျိုးအားလုံးကျွေးကျော်သံဖြစ်ပါတယ်။ လွတ်လပ်ရေး ဆိုတဲ့ စကားလုံးကို အဓိပယ်အမျိုးမျိုးဖွင့်ကြပါတော့တယ်။ ကွန်မြူနစ်တွေကတော့ သူတို့ရဲ့ အဓိပယ်ဖွင့်ဆိုချက်ဖြစ်တဲ့ လွတ်လပ်ရေးရတဲ့နေ့မှာ ပထမဆုံးထွက်လာတဲ့သေနတ်သံဟာ ကွန်မြူနစ် တော်လှန်ရေးသေနတ်သံ ဖြစ်ရမယ်ဆိုတာနဲ့အညီ အားလုံးတောခိုဖို့ စိုင်းပြင်းကြတော့ တာပါပဲ။ တစ်ချို့ကတော့ ငါတို့တော့ လွတ်လပ်ပြီ၊ ငါတို့တော့ ချမ်းသာပြီ ငါတို့မြန်မာနိုင်ငံဆိုတာ မြေပေါ် မြေအောက်ရေပေါ်ရေအောက်သယံဇာတတွေပေါများကြွယ်ဝတဲ့နိုင်ငံဖြစ်တယ် ဆိုပြီး သဘာဝအရင်း အမြစ်တွေကို အားကိုးသူတွေကတစ်ချို့ရှိတယ်။ အခုချိန်ထိလည်း မြန်မာနိုင်ငံ ခေါင်းဆောင်တွေ ဟာသဘာဝ အရင်းအမြစ်တွေအပေါ်မှာ ပဲမှီခိုနေဆဲပဲဖြစ်ပါတယ်။ တစ်ချို့ လူနည်းစု တိုင်းရင်းသား တွေကလည်း ငါတို့ကတော့ ပြည်မနဲ့မပေါင်းဘူး။ အင်္ဂလိပ်နဲ့ပဲဆက်ပေါင်းမယ်။ အင်္ဂလိပ်က ဟိုဟာလုပ်ပေးမယ်၊ ဒီဟာလုပ်ပေးမယ်ဆိုတာပြောထားတာတွေရှိတယ်။ တစ်ချို့ကတော့ အင်္ဂလိပ်တော့ဆုတ်သွားပြီ။ ငါတို့တော့ ထောပြီ။ အင်္ဂလိပ်တွေ ကျွင်းကျန်တာမှန်သမျှ သိမ်းကြုံးယူရမယ်လို့ ယူဆသူတွေက တစ်မျိုးရှိပါတယ်။
တကယ်တော့ ရန်ကုန်မြို့ဆိုတာ အင်္ဂလိပ်တွေတည်ဆောက်ခဲ့တဲမြို့ဖြစ်ပါတယ်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲစတင်စဉ်က တံငါသည်ရွာလေးအဖြစ်သာရှိခဲ့တာပါ။ အင်္ဂလိပ်လူမျိုးတွေဟာ ရန်ကုန်မြို့ကို စနစ်တကျ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ မြို့တော်ရဲ့ Purpose က သူတို့ရဲ့ Trading and Commerce လုပ်ငန်းတွေကို လုပ်ကိုနိုင်ဖို့ဖြစ်ပါတယ်။ မြို့တော်တည်ဆောက်တဲ့နေရာမှာ လမ်းတွေကအစ၊ လေတိုက်ရာအရပ်၊ နေထွက်ရာအရပ် အစရှိတာတွေအားလုံးကို နှစ်ပေါင်းများစွာလေ့လာပြီးမှ ဆောက်လုပ်ခဲ့ကြတာဖြစ်ပါတယ်။ မြို့တော် တည်ဆောက်မှုနဲ့ အုပ်ချုပ်မှုကို Municipal ကတစ်ဆင့်ဆောင်ရွက်ပါတယ်။ တည်ဆောက်မှုတွေအားလုံးကို Code of Contruction ဆိုပြီး ဆောက်လုပ်ရေးဆိုင်ရာ စည်းကမ်းများထုတ်ပြီး စနစ်တကျ ဆောက်ရွက်ခဲ့တာပါ။ ဒါကြောင့် အဲဒီခေတ် က အာရှနိုင်ငံရဲ့မြို့တော်တွေအကြား ရန်ကုန်မြို့ဟာ ခေတ်အမီဆုံးနဲ့ အလှပဆုံး မြို့တော်တစ်ခုဖြစ်ခဲ့ပါတယ်။ ရန်ကုန်မြို့တော်ရဲ့ အလယ်ဗဟိုဟာ ဆူးလေဘုရား ဖြစ်ပါ တယ်။ ဆူးလေဘုရားဟာ ဗုဒ္ဒဘာသာဝင်တွေကို ကိုယ်စားပြုပါတယ်။ ဆူးလေဘုရားနဲ့ ဒါးလွယ်ခုတ်လောက်မှာရှိတဲ့ Immanual Church ဟာ ခရစ်ယာန်ဘာသာဝင်တွေကို ကိုယ်စားပြု ပါတယ်။ ဆူးလေဘုရားဘေးမှာ ရှိတဲ့ Mosque ဟာ မူဆလင်ဘာသာဝင်တွေကို ကိုယ်စားပြုပါတယ်။ ၂၆ လမ်းဒေါင့်မှာရှိတဲ့ Synagogue ဟာ ဂျူးလူမျိုးတွေကို ကိုယ်စားပြုပါတယ်။ ဒီတော့ရန်ကုန်မြို့ဟာ လူမျိုးပေါင်းစုံနေထိုင်တဲ့ Cosmopolitan အနေနဲ့ အာရှဒေသမှာ အစောဆုံးပွင့်လန်းလာခဲ့တဲ့ မြို့တော်တစ်ခုဖြစ်ပါတယ်။ စတင်တည်ဆောက်တဲ့အချိန်မှာ လူဦးရေ (၄) သိန်းလောက်နေနိုင်အောင် တည်ဆောက်ခဲ့တာပါ။ အခုတော့ ရန်ကုန်မြို့ပတ်ဝန်းကျင်မှာလူဦးရေ (၅) သန်း လောက်နေထိုင်နေပါတယ်။ အခုထိတော့အဆင်ပြေဆဲပါပဲ။
မြန်မာလူမျိုးအများစုဟာ ကျေးလက် Rural မှာနေထိုင်ပြီး သမရိုးကျ စိုက်ပျိုးရေးနဲ့ အသက်မွေးသူများပါတယ်။ မြို့ပြ Urbanized မှာ နေထိုင်ခဲ့ဘူးသူတွေမဟုတ်ပါဘူး။ စစ်ကြီးပြီးတော့ လွတ်လပ်ရေးရပြီဆိုတာကတစ်ကြောင်း၊ စစ်အတွင်းရန်ကုန်မြို့ကို စွန့်ခွာသွားသူတွေကြောင့် ရန်ကုန်မြို့အတွင်း အဆောက်အဦများတိုက်ပျက်များအလွန်များနေတာကတစ်ကြောင်း၊ ယခင် အလွန်နာမည်ကြီးတဲ့ ရန်ကုန်မြို့မှာ အလကားနေရဖို့နဲ့ အလကားရဖို့တစ်ကြောင်း၊ စက်ရုံ အလုပ်ရုံ တွေဟာ ရန်ကုန်မြို့မှာ ရှိတဲ့အတွက် အလုပ်ရှာဖွေဖို့တစ်ကြောင်းအတွက် အလုံးအရင်းနဲ့ ပြောင်းရွှေ့လာခဲ့ကြပါတယ်။ တစ်ချို့ကလည်းဘုန်းကြီးကျောင်းတွေမှာတည်းကြတယ်။ တစ်ချို့ကလည်း တိုက်ကြိုတိုက်ကြား၊ လမ်းဆုံလမ်းခွ ရှိတဲ့နေရာမှာ တဲထိုးနေကြပါတယ်။ ရွာမှာ တဲထိုးသလိုပဲ ရန်ကုန်မြို့ပေါ်မှာ တဲထိုးနေခဲ့ကြတာဖြစ်ပါတယ်။ ဖြစ်သလိုနေ ဖြစ်သလိုစား ကြုံရာ ကျပန်းအလုပ်တွေကို လုပ်ကိုင်ကြပါတယ်။ တဲတွေလည်း ထိုးချင်သလိုထိုး၊ အမှိုက်ကလည်း စွန့်ပစ်ချင်သလိုပစ်၊ အညစ်အကျေးတွေကလည်း စွန့်ချင်တဲ့နေရာမှာစွန့် နဲ့အလွန်အောက်တန်း ကျတဲ့ လူနေမှုတွေပေါ်လာတယ်။ ဒီလိုလူတွေကို (Scum) ကျူးကျော်တွေလို့ခေါ်တယ်။ ဒီကျူးကျော်တွေကို ဘယ်သူမှ မရှင်းပစ်နိုင်ဘူး။ နိုင်ငံရေးသမားအချို့က သူတို့ကို အသုံးချတယ်။ ဒီကျူးကျော်တွေကလည်း ငါတို့မြန်မာနိုင်ငံ လွတ်လွတ်ရေးရပြီ၊ ငါတို့နေချင်တဲ့နေရာမှာနေမယ်။ ဘယ်သူမှ ဂရုမစိုက်ဘူးဆိုပြီး မိုက်ကျေးခွဲနေတော့ ဘယ်သူမှ မထိရဲကြပါဘူ။ တစ်ချိန်က အင်မတန်လှပခဲ့တဲ့ ရန်ကုန်မြို့ဆိုတာက လွတ်လပ်ရေးရပြီးတာနဲ့ တောင်အာဖရိကနိုင်ငံက Shanty Town တွေလိုဖြစ်လာတယ်။ မြို့ပျက်ကြီးပါပဲ။ မြန်မာလူမျိုးတွေဟာ အခုထိ Urbanized မဖြစ်သေးပါ။ အခုထိခေါင်းဆောင်နေသူအားလုံးဟာလည်း Public Transporation ကိုနားမလည်သေးပါ။ အပိုင်း-ရ ဆက်ဖတ်ပါ။
2 comments
အရှုံးတွေနဲ့ ကျွန်တော်
March 7, 2012 at 9:36 pm
အကိုရေ ဆက်လက်လို့ စောင့်မျှော် ဖတ်ရှုသွားပါ့မယ် ဆက်ရေးပေးပါဦး ရန်ကုန်မြို့ကိုတော့ ခုချိန်ထိ ရောက်ကို မရောက်ဖူးသေးဘူးဗျာ
ရဲစည်
March 7, 2012 at 11:46 pm
ကျွန်တော်လူငယ်ပါ ရှေ့ကိုဘဲကြည့်ချင်ပါတယ် နောက်က အမှိုက်တွေကို မသိ မမြင် မကြားချင်တော့ပါဘူး။တော်ကြာ လမ်းကြောင်းလွဲသွားမှာဆိုး..။စာတွေတော့ စောင့်ဖတ်လျက်ပါ။ချာချီရဲ့ စကားတစ်ခွန်းပါ ” သူများမပြောခင် ကြိုပြောမယ် သူများတွေပြောလာပြီဆို မပြောတော့ဘူးတဲ့” လက်ရှိ ထောင်ခါထားလို့ အပြင်ရောက်နေသူတွေရဲ့ အနာဂါတ်ပုံဖော်မှုတွေ အပေါ် ထင်မြင်ယူဆချက်လေးတွေနဲ့ ကွန်ဗတ်တွေရဲ့ အတိတ်ယုံကြည်ချက်ကို ပြန်မနင်းချေသင့်တဲ့ အကြောင်းလေး ရေးပေးပါအုံး။လေးစားလျှက်ပါ