ကျနော်နှင့် သေခြင်းတရား ..
ကျနော် အလုပ်ကိစ္စလေးနဲ့ ခရီးတစ်ခုကို ထွက်ခဲ့ရတယ်… ခရီးဆိုပေမယ့် ကျနော်တို့ရွာနဲ့
ခြောက်မိုင်ခန့်ဝေးတဲ့ ရွာလေးကိုပါ … ဘာနဲ့သွားလည်းဆိုတော့ ထော်လာဂျီနဲ့ သွားတာပါ..။
ထော်လာဂျီဆိုပေမယ့် ..ထော်လာဂျီအသေးစားမဟုတ်ပါဘူး ..ကုန်တင်ကား အငယ်စား
ကားလို့ပဲ မှတ်ယူကြပါ… ဒရိုင်ဘာ၊ စပယ်ယာနှစ်ယောက်၊ ကျနော်နှင့် ကျနော့်ဦးလေး
အားလုံးပေါင်း လူငါးယောက်ပါပါတယ်… ကျန်တာကတော့ ပစ္စည်းတွေပေါ့………
ကျနော်တို့ ရွာကနေမနက် ကိုးနာရီလောက်မှာ စထွက်လာကြပါတယ်….
ကျနော်တို့ရွာကနေထွက်လာပြီး .. လယ်ကွင်းတွေရဲ့ အလယ်က ဖောက်ထားတဲ့ မြေသား
ကျောက်ခင်းလမ်းလေးပေါ်မှာ ကားလေးတရိပ်ရိပ်ပြေးနေပါတယ်… ကျနော်က ကားရှေ့ခန်း
မှာ ဒရိုင်ဘာရယ် စပယ်ယာတစ်ယောက်ရယ်နဲ့ ကျနော်ပါလာပြီး နောက်ခန်းမှာတော့ ကျနော့်
ဦးလေးနဲ့ စပယ်ယာတစ်ယောက်ပါလာတယ်ခင်ဗျ… ကျနော် ဘေးမှ စပယ်ယာလေးနဲ့
ထွေရာလေးပါးပြောရင်း လိုက်လာပါတယ်..။ သူနဲ့ စကားစပြတ်တော့ ကျနော်ခရီးသွား
ရင် လုပ်လေ့ရှိတဲ့ အတိုင်း စိတ်ထဲကနေ သရဏဂုံ သုံးပါးကို ရွတ်နေမိပါတယ်….
ဗုဒ္ဓံသရဏံ ဂစ္ဆာမိ … ဓမ္မံသရဏံ ဂစ္ဆာမိ .. သံဃံသရဏံ ဂစ္ဆာမိ..ဆိုပြီးပေါ့ …
ဒီသရဏဂုံ သုံးပါးကိုတော့ ကျနော်ခရီးထွက်တိုင်း ဘာပဲစီးစီး စိတ်ထဲကနေ အမြဲ ရွတ်ဆိုလေ့
ရှိပါတယ်…။ ဒီလိုနဲ့ ကျနော်တို့ ကားလေးဟာ ရွာလေးတစ်ရွာကို ကျော်ဖြတ်ပြီး နောက်တစ်ရွာ
ဆီကို ရောက်လာပါတယ်…။ ရွာလမ်းမက ကျယ်ပြီး လမ်းလေးကဖြောင့်နေတဲ့ အတွက်
ကားဆရာက ကားကိုအရှိန်နည်းနည်းတင်လိုက်ပါတယ်… ကားလေးကလည်း ရွာလမ်းမမှာ
တရိပ်ရိပ်ပြေးနေတော့တာပေါ့ .. ဒီလိုနဲ့ ရွာအလယ်ရောက် ကားကဗြုန်းခနဲ့ လမ်းဘယ်ဘက်ကို
ဆွဲချသွားပါတယ်… ဒရိုင်ဘာပါးစပ်က “ ဟာ… ဘာဖြစ်တာလဲ…” ဆိုတဲ့ စကားသံ မဆုံးခင်
“ဒုန်း…” ဆိုတဲ့ အသံကြီးနဲ့ အတူ ကားဟာ လမ်းဘေးက ဖုန်းတိုင်အဖြစ်စိုက်ထားတဲ့ ကျွန်းတိုင်
ကြီးကို ဝင်ဆောင့်မိတော့တာပါ… ကားလေးကာမှန်ကလည်း “ ခွမ်း…ခ…လွမ်းးးး” နဲ့ မြည်ပြီး
တစစီကွဲကျသွားတော့တာပေါ့ … ကျနော်ခဏကြာမျှ ကြောင်စီစီဖြစ်သွားပြီး ကျနော့် ဘေးက
စပယ်ယာနဲ့ ဒရိုင်ဘာကို မရဲတရဲ လှမ်းကြည့်လိုက်တယ်.. သူတို့လည်း ကျနော့်လို ကြောင်စီစီ
နဲ့ဖြစ်နေတယ်ခင်ဗျ .. ကျနော်သေသေချာချာကြည့်တော့ ခေါင်းခန်းထဲက ကျနော်တို့ သုံးယောက်
သား တစ်ယောက်မှ မကွဲမပြဲသလို ဘာမှ မဖြစ်ကြဘူး.. အရင်ဆုံးသတိဝင်လာတဲ့
လူက ဒရိုင်ဘာဖြစ်ပြီး ..ကားအောက်ဆင်းပြီး သူ့ကားကိုကြည့်တယ်… ပြီးမှ သူ့
ပါးစပ်က ထွက်လာတဲ့ စကားက “ ကားရှေ့ဘီး ကျွတ်သွားတာဗျ”တဲ့ …
ကျနော်ကားပေါ်က ဆင်းတော့ ကျနော့် ဒူးခေါင်းက တော်တော်နာနေတယ်…
ကြည့်လိုက်တော့ ကျနော့်ဒူးခေါင်းမှာ သုံးလက်မလောက် ပြဲနေပြီး သွေးစို့လာတာ
တွေ့လိုက်ရတယ်… ဒီတော့ ကျနော့်ဘေးက စပယ်ယာနဲ့ နောက်ကပါလာတဲ့ လူတွေကို
မေးရတယ်… မင်းတို့တွေရော ဘာဖြစ်သွားသေးလဲပေါ့.. ကျနော့်ဦးလေးကတော့ ဘာမှမဖြစ်..
နောက်ခန်းကပါလာတဲ့ စပယ်ယာလေးလည်း ဘာမှမဖြစ်..ကျနော့်ဘေးက စပယ်ယာလေး
ကတော့ လက်မှာ အနည်းငယ် ထိမိပြီး ကျနော့်လိုပဲ ဒူးကွဲသွားပါတယ်… ဒရိုင်ဘာက
တော့ ဘာမှမဖြစ်ပါဘူး…။ ကျနော်တို့ကား ဖုန်းတိုင်ကိုတိုက်မိပြီး အချိန်အနည်းငယ်လေးမှာ
ပဲ ရွာသားတွေထွက်ကြည့်လာကြပါတယ်…။ သူတို့တွေကလည်း ကျနော်တို့ထဲက လူတွေ
ထိမိခိုက်မိတာ ရှိမရှိပဲ မေးပါတယ်…။ ကျနော်ကတော့ ဖရိုဖရဲဖြစ်သွားတဲ့ ပစ္စည်းတွေကို
နေရာတကျဖြစ်အောင်စီစဉ်ပြီး..ကာဆရာကို ကားကပြင်တာကြာဦးမှာလားမေးတော့..
ကားဆရာက ကြာမယ်ပြောလို့ အိမ်ကိုဖုန်းလှမ်းဆက်ပြီး သုံးဘီးဆိုင်ကယ် နှစ်စီးလွှတ်
ပေးဖို့ပြောရပါတယ်… ကျနော်လည်းထူပူနေတာမို့ တခြားအတွေးတွေ ဘာမှမဝင်နိုင်အောင်
ဖြစ်နေရပါတယ်.. ရွာသားတွေရဲ့ အပြောအရ ကျနော်တို့တော်တော် ကံကောင်းတယ်ဆိုပဲ..
ခါတိုင်း ကျနော်တို့ကားဝင်တိုက်မိတဲ့ ဖုန်းတိုင်းနားက ခုံလေးမှာ အမြဲလိုလို လူလေးငါးဆယ်ယောက်
ထိုင်နေကျတဲ့… ဒီနေ့မှ ထိုင်တဲ့လူမရှိတာလို့ပြောကြပါတယ်…
ဒီလိုဖြစ်ပြီး အချိန်နည်းနည်းကြာသွားမှ ကျနော်အတွေးဝင်လာတယ် ….
“ဟာ….ငါ သေဘေးကနေ သီသီလေးလွှတ်သွားရတာပဲ …. တကယ်လို့ ငါသေသာ
သေသွားခဲ့ရင်….” ဆိုတဲ့အတွေးနဲ့ အတူ သေခြင်းတရားဆိုတာ မနက်ဖြန်ထက်နီးတယ်
ဆိုတဲ့ စကားလေးကို နားထဲမှာ ကြားယောင်လာပါတယ်….
ဟုတ်ပါတယ်… သေခြင်းတရားဆိုတာ မနက်ဖြန်ထက် ကျနော်တို့အတွက် ပိုနီးပါတယ်…
ဒီတော့ ကျနော်တို့အတွက် သေခြင်းတရားဆိုတာ အချိန်မရွေးကျရောက်လာနိုင်တဲ့
အရာမဟုတ်လား .. မသေခင်အချိန်မှာ ကျနော်တို့ ဘာတွေလုပ်ထားသင့်သလဲ …
နေရေးထက် သေရေးခက်တယ်ဆိုပဲဗျ… တကယ်လို့ ဒီအချိန်မှာ ကျနော်သေသွားခဲ့ရင်
အပါယ်ရောက်တာ ငရဲကျတာ အသာထား … လူပြန်ဖြစ်မှာ မဟုတ်တာတော့သေချာတယ်…
လူမဖြစ်ဘူးဆိုလို့ နတ်ဖြစ်မှာလို့ ဆိုလိုခြင်းမဟုတ်ပါ… ကျနော့်စိတ်စွဲရာနေရာ တစ်ခုမှာ
မကျွတ်မလွတ်ရှိနေမှာ အသေအချာပါ … ကျနော်တရားဆိုတာကိုလည်း သေချာအားထုတ်
ဘူးသူ မဟုတ်သလို သေခြင်းတရားဆိုတာ ကိုယ်နဲ့ဘာမှမဆိုင်သလိုနေလာခဲ့တာပါ …
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မှာပါဆိုတဲ့ အတွေးနဲ့ လုပ်နိုင်သလောက်လုပ်ခဲ့ပေမယ့်..
တကယ်တမ်းက ကျနော့်မှာ သေခြင်းတရားအတွက် ပြင်ဆင်ထားတာ ဘာမှရှိမနေသေးတာ
သိလာရတာတယ်…။ ဒီအဖြစ်အပျက်လေးကနေ ကျနော်ရလိုက်တဲ့ သင်ခန်းစာကတော့
သေခြင်းတရားဆိုတာ မင်းနဲ့ အနီးဆုံးမှာ ရှိနေတယ် … မင်းသေခြင်းတရားအတွက် ကြိုတင်
ပြင်ဆင်ထားရမယ်ဆိုတဲ့ အသိရယ်.. နော်ကတစ်ခုက ကျနော်သေခြင်းတရားနဲ့ ကပ်လွဲလွဲသွား
ခဲ့ရတာဟာ ခရီးသွားတိုင်း စိတ်ထဲကနေ သရဏဂုံသုံးပါးကို ရွတ်ဆိုနေတဲ့ အတွက်ကြောင့်
ဆိုတာပါ …. ဒီတွေ့အကြုံလေးကနေ ကျနော်ပြောချင်တာကတော့ ကျနော်တို့အားလုံးနဲ့
အနီးဆုံးမှာ သေခြင်းတရားရှိနေပါတယ်… ဒီအတွက် ကျနော်တို့ သေခြင်းတရားကို ရင်ဆိုင်
နိုင်ကြဖို့ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန အစရှိတာတွေကို နည်းပါးအောင်ကျင့်ကြံပြီး
ကောင်းတာလေးတွေကိုပဲ လုပ်ဆောင်ကြရအောင်ပါစို့လို့ တိုက်တွန်းပါတယ်ခင်ဗျာ..။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ….။
3 comments
windtalker
March 7, 2012 at 12:29 pm
ကံကောင်းလို ့မသေတဲ ့သံချောင်းတို ့လောင်ဇု
ပေါင်မပု ဘဲ ဒဲပဲပြူး တာ ဘုရားတရားဂုဏ်တော်အကျိုးကြောင့်မို ့ဆိုတာ နားလည်ရပါတယ် ။
kai
March 7, 2012 at 4:45 pm
ခရစ်ယန်တွေကတော့.. ထာဝရဘုရားသခင်အလိုတော်အရ မသေခဲ့ဖူးပြောမှာပေါ့..
မွတ်စလင်တွေကလည်း.. အလာအရှင်မြတ်အလိုတော်အရ… သေဘေးကလွတ်တယ်ပေါ့…
ဆိုတော့…
နောက်ဆို.. ထော်လာဂျီလို..( စံနစ်တကျလူစီးဖို့လုပ်ထားတာမဟုတ်တဲ့ကား )ကို မစီးပါနဲ့..
မစီးမဖြစ်စီးရရင်လည်း.. ဘီးတွေကို ကားကို.. ကြံ့ခိုင်မှုစစ်ဆေးလေ့ရှိတဲ့… ကားကိုစီးပါ..
ပိုဖြစ်နိုင်ရင်.. ကိုယ်တိုင်.. ဘီးတွေတချက်စီကန်ပြီးစစ်ကြည့်ပါ…။
ပြုတ်တော့မယ့်ဘီးဟာ.. သိသိသာသာ တုန်ခါပါတယ်..။
ပြုတ်ထွက်လွင့်ထွက်မဲ့.. နေရာမထိုင်ပါနဲ့..
အသက်ကိုဉာဏ်စောင့်ပါတယ်..။ 😆
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 7, 2012 at 7:58 pm
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မှာပါဆိုတဲ့ အတွေးနဲ့ လုပ်နိုင်သလောက်လုပ်ခဲ့ပေမယ့်..
တကယ်တမ်းက ကျနော့်မှာ သေခြင်းတရားအတွက် ပြင်ဆင်ထားတာ ဘာမှရှိမနေသေးတာ
သိလာရတာတယ်…။ ဒီအဖြစ်အပျက်နဲ ့ထပ်တူရေးနိုင်တဲ့ ကိုထွန်းဝင်းလတ်ရဲ ့ အက်ဆေးလေး
ကို အားပေးသွားတယ်ဗျာ။