မြတ်သောဆရာ ..သူ့လိုဆရာ(၂)
ကျွန်မ ရန်ကုန်ကိုပြောင်းလာတဲ့အခါ ဆရာရန်ကုန်ကို ကျောင်းကိစ္စနဲ့ လာရင် လာတွေ့တတ်ပါတယ်။
အဲဒီအချိန် ကျောင်းမှာကွန်ပျူတာခန်းလုပ်ပြီး ကလေးတွေကို ကွန်ပျူတာသင်ပေးတော့
သချင်္ာကို ချစ်တဲ့ဆရာဟာ ကွန်ပျူတာကိုလည်း သိပ်ချစ်သွားပါတယ်
။ကျောင်းကွန်ပျူတာခန်းရဲ့ တာဝန်ကို ဆရာပဲ ယူထားပြီး စာသင်ချိန်ကလွဲရင်
နေ့နေ့ညညကွန်ပျူတာသင်ခန်းစာ စာအုပ်တွေနဲ့ လေ့လာနေတတ်ပါတယ်။
ကျွန်မနဲ့တွေ့တဲ့အခါတွေမှာ မင်းကတော့ ကွန်ပျူတာတော်တော်တတ်နေရောပေါ့နော်၊
ဆရာ သိပ်အားကျတာပဲလို့ ပြောတတ်ပါသေးတယ်။ ဆရာထင်သလောက် မတတ်ပါဘူးလို့ ရှင်းပြရပါတယ်။
လွန်ခဲ့တဲ့ ၅နှစ်က တစ်ရက်မှာ နယ်က သူငယ်ချင်းဆရာဝန်ဆီက ဖုန်းဝင်လာပါတယ်။
ဆရာ ဦးသန်းရ ကျောင်း ကွန်ပျူတာခန်းထဲမှာ ဦးနှောက်သွေးကြောပေါက်ပြီး မေ့လဲသွားလို့
ရန်ကုန်က ဦးနှောက်နဲ့ အာရုံကြောခွဲစိတ်ကု ဒေါက်တာ ဦးစောဆိုင်မွန်သာရဲ့ ကွယ်ကဘောဆေးခန်းကို လွှတ်လိုက်ပါတယ်တဲ့၊
(ကရင် အမျိုးသားချင်းလည်းဖြစ် ၊စားရိတ်လည်း သက်သာစေချင်လို့ ညွှန်လိုက်တာပါ)
လိုက်ပို့တဲ့ ကားဆရာက ကွယ်ကဘောဆေးခန်း မရှာတတ်တော့ SSC ကိုရောက်နေတယ်လို့ သတင်းပေးလာပါတယ်။
SSCရဲ့ ICU ထဲသွားရှာတော့ ဆရာ့ကို ခွဲစိတ်ပြီး သတိလစ်နေဆဲ စက်တန်းလန်းနဲ့ တွေ့ရပါတယ်။
ကိုယ်တတ်နိုင်သလောက်ငွေကို် စောင့်နေတဲ့ ဆရာ့ အမျိုးသမီးလက်ထဲထည့်ရင်း အားပေးရပါတယ်။
အခြားသူငယ်ချင်းတွေဆီလည်း ဖုန်းတွေ တစ်ဆင့်တစ်ဆင့်ဆက်ကြပြီး ဆရာ့ကို ကူညီကြဖို့ ဆော်ဩကြပါတယ်။
ဆရာ့မိတ်ဆွေတွေကလည်း ကူညီကြပါတယ်။ဆေးရုံပေါ်မှာ တစ်လကျော်ကုသပြီး အသက်ရှင်လာပေမယ့်
ခြေတစ်ဖက်လက်တစ်ဖက် မသန်တော့တဲ့ အခြေအနေနဲ့ မြို့ကိုပြန်သွားနိုင်ပါတယ်။ ဆွဲနေတဲ့ ခြေနဲ့လက်ကို လေ့ကျင့်ခန်း လုပ်နေရပါတယ်။
သူငယ်ချင်းဆရာဝန်ကပဲ ဆရာ့ကို အခမဲ့ အိမ်တိုင်ယာရောက်ကြည့်ပြီး ကုသပေးနေပါတယ်။ဆေးပင်စင်လည်း ယူလိုက်ရပါတယ်။
တင်္စနျစ်တစ်ခါ မြို့ပြန်တဲ့အခါ ဆရာ့ကိုသွားကန်တော့ရင် ဆရာက မျက်ရည်တွေလည်ပြီး မင်းတို့ တပည့်တွေကြောင့် ဆရာမသေတာပါကွာလို့ ပြောတတ်ပါတယ်။
ဆရာ အခုကျောင်းတာဝန်က အားသွားတော့ ဗုဒ္ဓဘာသာကို လေ့လာနေပါတယ်တဲ့။
စာမဖတ်နိုင်သေးတော့ တပည့်တစ်ယောက် ကန်တော့ထားတဲ့ CD player လေးနဲ့ တရားခွေတွေ နာပါတယ်
၊သိပ်တော့ နားမလည်သေးဘူးလို့ပြောရှာပါတယ်။ကိုယ့်မှာရှိတဲ့ လွယ်ကူရှင်းလင်းတဲ့ တရားခွေတွေ ဆရာ့ဆီ ပို့ပို့ပေးရပါတယ်။
နောက်ဆုံးတစ်ခေါက်ရောက်တော့ ဆရာ့ခြေတွေ လက်တွေ အတော်ကောင်းလာပါတယ်။လူတွဲမပါပဲ လျှောက်နိုင်လာပါပြီ။
ဆရာ့ကို အိမ်ဝမှာ ဦးထုပ်ဆောင်း လွယ်အိတ်လေးတစ်လုံးလွယ် နဲနဲဆွဲနေသေးတဲ့ ခြေထောက်တွေကို ကြိုးသိုင်းဖိနပ်နဲ့ထိန်းလို့
တွေ့လိုက်ရတော့ ဆရာအပြင်သွားမယ်မှန်း သိလိုက်ရပါတယ်။
တပည့်တစ်ယောက်ဖွင့်ထားတဲ့ ကွန်ပျူတာဂိမ်းဆိုင်မှာ ကွန်ပျူတာသင်ခန်းစာတွေ ပြန်လေ့ကျင့်နေတာပါတဲ့။
အဲဒီ တပည့်ကလည်း ဆရာ့ကိုဆို အခမဲ့ ပေးသုံးပါတယ်။ဆရာ့ဇွဲနဲ့ ဝါသနာပေါ် တစ်စိုက်မတ်မတ်ရှိပုံကတော့ အံ့မခန်းပါပဲ။
ဘယ်ခါတွေ့တွေ့ ဆရာပြောနေကျစကားကတော့ မင်းတို့ တပည့်တွေကြောင့် ဆရာ မသေတာပါဆိုတဲ့ စကားပါပဲ။
ဆရာ့လိုပဲ စေတနာအပြည့်နဲ့ သင်ကြားပေးကြတဲ့ ဆရာဆရာမတွေ ကျွန်မ ဘဝ တစ်လျှောက်လုံး အများကြီးတွေ့ခဲ့ရပါတယ်။
အခုထိလည်း သင်တန်းတွေ တက်နေဆဲမို့ စေတနာကောင်းတဲ့ ဆရာဆရာမတွေ တွေ့နေဆဲပါပဲ။
အဲဒီထဲမှာ တချို့ဆရာတွေက မိသားစု ကျောထောက်နောက်ခံကောင်းရှိတာကြောင့်
စားဝတ်နေရေး ပူပင်စရာမလိုတော့ တပည့်တွေက ဖြည့်ဆည်းပေးစရာမလိုတဲ့အတွက် တပည့်အကျိုးကို
ခံစားရတာ သိသာထင်ရှားပြလို့ မရတာကြောင့် ဥပမာအနေနဲ့ ထည့်မပြရတာပါ။
ဆရာကတော့ တကယ့်ကို တပည့်မရှား တစ်ပြားမရှိ ပီတိကိုစား အားရှိပါ၏ ဆိုတဲ့ ကဗျာအတိုင်းပါပဲ။
SSC လို ပုဂ္ဂလိကဆေးရုံမှာ အကြီးစားခွဲစိတ်မှုရဲ့ စားရိတ်ကို၊နောင်ကျန်းမာလာသည်ထိ ကုသရတဲ့ စားရိတ်ကို
တစ်သက်လုံး ရိုးသားစွာ ပညာပေးလာတဲ့ ဆရာ့ရဲ့ မေတ္တာစေတနာ ရောင်ပြန်ဟပ်ပြီး အကုန်ခံနိုင်သွားတာပါ။
ဒါတစ်ကယ့် အဖြစ်မှန် နာမည်မှန်တွေပါပဲ။ ဆရာ ခုထိ ကျွန်မတို့မြို့မှာ ကျန်းမာစွာရှိနေပါတယ်။
ကျွန်မတို့ ဆေးတက္ကသိုလ် (၁)က ဒုတိယနှစ်အမ်ဘီဘီအက်စ မှာ သင်ပေးတဲ့ ဆရာမကြီး ဒေါ်နော်မာစော၊ဆရာဒတ် တို့ ဆိုရင်လည်း
အဲဒီလိုပဲ ပြည်တွင်းပြည်ပက တပည့်တွေ ထောက်ပံ့ကူညီကြတဲ့ တစ်နှစ်တစ်နှစ် သိန်းချီငွေတွေနဲ့ ဘဝရဲ့ နောက်ဆုံးအချိန်ကို အေးအေးချမ်းချမ်း ကျော်ဖြတ်သွားခဲ့ပါတယ်။ေ
ဆး(၂)က ဆရာကြီး ဦးမောင်မောင်စိန်ကိုလည်း တပည့်တွေ ကန်တော့ ထောက်ပံ့ကြတာ ဆေးတက္ကသိုလ်တွေရဲ့ website တွေမှာ တွေ့နေရပါတယ်။
သိတတ်တဲ့ တပည့်တွေကလည်း မကျန်းမာတဲ့၊နွမ်းပါးတဲ့ဆရာတွေကို ကူညီချင်လို့ို့ အဖွဲ့တွေ ဖွဲ့ပြီး လှုပ်ရှားနေကြပါတယ်။
ကျောင်းသားဟောင်းတွေရဲ့ ဆရာကန်တော့ပွဲဆိုတာ နှစ်စဉ် ဒီဇင်ဘာလလောက်ဆို မပြတ်ကြားနေရတာပါ။
ဒီလို ဆရာကောင်းတွေ နဲ့ ဆုံဆည်းခဲ့ရတဲ့ ကျွန်မတော့ ဘဝပေးအခြေအနေ အရ ဆရာများလုပ်ဖြစ်ခဲ့ရင် ဆရာဦးသန်းရလို ဆရာမျိုးပဲ လုပ်မှာပါ။
ဆရာဟာ ကျွန်မရဲ့ Role Model ပါ
၊ကိုယ့်လက်ကိုယ့်ခြေ နိုင်တုံးမှာ အရိုးသားဆုံး ခြိုးခြံချွေတာပြီးနေပါမယ်။ အကယ်၍ မကျန်းမာတဲ့ အနေအထားရောက်ရင်တော့ ကျွန်မရဲ့ ထားခဲ့တဲ့ မေတ္တာ စေတနာတွေ ရောင်ပြန်ဟပ်မယ်ဆိုတာ ဆရာ့ကို ကြည့်ပြီး ယုံကြည်ပါတယ်။
ကျွန်မလိုပဲ ဆရာကောင်းတွေခေတ်နဲ့ ဆုံဆည်းဖူးကြတဲ့ ကျွန်မတု့ိ အရွယ် ဆရာဆရာမတွေ ရှိမှာပါ။ကျွန်မတို့ဆရာတွေ ကျွန်မတို့အပေါ် ကောင်းခဲ့သလို ကျွန်မတို့ကနေ နောင်တပည့်တွေ အပေါ်ကောင်းမပေးနိုင်ဘူးလား။
တပည့်တွေကို ငါ့ဆီ ကျူရှင်လာတက်မှ အမှတ်ကောင်းမယ်လို့ ပြောနေစရာလိုသေးလား
၊အဲဒီလို ခြိမ်းခြောက်ခံပြီး လာတက်ရတဲ့ ကလေးတွေက ကိုယ့်အပေါ် လေးစားမှုရော ရှိပါ့မလား၊
ဒီလို ရှာလို့ရတဲ့ငွေတွေနဲ့ လှလှပပ ဝတ်နိုင်စားနိုင်တာ နောင်ရေးစိတ်အေးရမယ့် အခြေထိ စုဆောင်းနိုင်ရဲ့လား။
ဆရာဆိုတဲ့ Image ကို ဘယ်လို ပုံဖော်စေချင်ကြလဲ စဉ်းစားကြစေချင်ပါတယ်။
မိဘ၊ဆရာ၊ကျောင်းသား ဆိုတဲ့ တြိဂံထဲက တစ်ဒေါင့်နဲ့ တစ်ဒေါင့် ဆက်သွယ်ရာမှာ အဓိက အကျဆုံးက ဆရာပါ။
မိဘ နဲ့ ကျောင်းသားတွေကောင်းဖို့ ဆရာတွေက ဦးဆောင်သွားရပါမယ်။
တိုင်းပြည်အတွက် တော်တဲ့ လူကောင်းလေးတွေ၊ ကောင်းတဲ့ လူတော်လေးတွေ ဘက်ညီညီ ထွက်လာဖို့
တာဝန်အရှိဆုံးကဆရာတွေပါ။
ဒီနေရာမှာ စွယ်တော်ရွက်ရဲ့ “တစ်ယောက် တစ်လက် ဝိုင်းလို့ကူ၊ ဂေဇက်ရွာကြီး ကောင်းဖို့ ကောင်းဖို” ထဲက စကားလုံးတွေ ယူသုံးပါရစေ။့
https://myanmargazette.net/106194/creative-writing/comment-page-1#comment-174500
အနီးကပ်ဆုံး ရောက်တဲ့နေရာက စ “ ပြောင်း ” ကြပါစို့။
အမှန်ရောက်အောင် ချက်ချင်းမပြောင်းနိုင်သေးရင်တောင် အနည်းဆုံး အမှားတွေတော့ ထပ်မလုပ်ကြပါစို့ရဲ့
ထပ်ပြောချင်ပါတယ်
ဆရာဆိုတဲ့ Image ကို ဘယ်လို ပုံဖော်စေချင်ကြပါသလဲ။
ဒီစာရဲ့ ခေါင်းစဉ်က အားလုံးသိကြပါမယ်၊ဖက်ဖူးရောင်ရုပ်ရှင်ကားထဲမှာ မာမာအေးကြီး ခံစားမှုအပြည့်နဲ့ဆိုထားတဲ့ သီချင်းပါ။
မှတ်မိသလောက် ရေးပေးလိုက်ပါတယ်။ခံစားကြည့်ကြပါ။
မြတ်သောဆရာ၊သူ့လိုဆရာ
လိမ္မာယဉ်ကျေး သင်ပေးတဲ့ဆရာ
သူ့ဘဝကိုပင် သူမတွယ်တာ။
တပည့်များအပေါ် သားသမီးများပမာ
ချစ်ခင်မြတ်နိုးကြင်နာ၊
အရာရာအစစ ဆုံးမညွှန်ကြားကာ
သိစေချင်သောစေတနာ၊ တတ်စေချင်သောစေတနာ
15 comments
weiwei
March 10, 2012 at 12:27 am
ဒီပို့စ်လေးက သိပ်ကောင်းပါတယ် … အတုယူကြဖို့ကောင်းတယ် …
ရိုးသားခြင်းဆိုတဲ့ဂုဏ်ပုဒ်တစ်ခုဟာ အသက်သာသေသွားမယ် နံမည်မသေစေတဲ့ တန်ဖိုးဖြတ်လို့မရတဲ့ အရာတစ်ခုပါပဲ …
padonmar
March 10, 2012 at 10:10 pm
ဝေဝေရေ
အခုတော့ ရိုးတဲ့သူကို အတယ်လို့ပြောနေကြတယ်။
ဦးဦးပါလေရာ
March 10, 2012 at 12:45 am
ကောင်းလိုက်တာ မပဒုမ္မာ ရေ…
ဒီပိုစ့်ကြောင့် ဆရာဟောင်းတွေကို ပြန်သတိရသွားပါတယ်။
နောက်ကို အိမ်သာလဲဆေးပါ့မယ်..
ဆရာတွေကိုလဲ ပြန်ကြည့်ဘို့ ကြိုးစားပါ့မယ်..
padonmar
March 10, 2012 at 10:14 pm
ဦးဦးပါ
ကျွန်မက မိကျောင်းမင်းရေကင်းပြဖြစ်နေမိပြီထင်တယ်။
yaungchikha
March 10, 2012 at 9:44 am
အန်တီပဒုမ္မာရေးတဲ့ မြတ်သောဆရာသူလိုဆရာ ကိုပထမပိုင်းဖတ်ပြီး၊ ဒုတိယပိုင်းဆက်ဖတ်ရတော့ အတုယူဖို့ တော်တော်ကောင်းတာပဲလို့ခံစားမိပါတယ်..
padonmar
March 10, 2012 at 10:18 pm
ရောင်ခြည်ခရေ
နီးစပ်ရာ ဆရာဆရာမတွေရှိရင်လည်း လေးစားအပ်တဲ့ ဆရာဖြစ်ဖို့ ကြိုးစားအောင်
ခဲလေးတစ်လုံးဆက်ပစ်လိုက်ပါနော်။
kyeemite
March 10, 2012 at 11:20 am
ကိုပဒုမ္မာရေးပြတဲ့ဆရာမျိုးတွေ ကျွန်တော်တို့ငယ်ငယ်က
အများကြီးပါ..အင်းခုတော့..ရှိတော့ရှိတယ်..ရှားတယ်ပြောရမလိုပါဘဲ..
အရေးအသားကလည်းကောင်း အကြောင်းအရာကလည်းကောင်း
ဖတ်သွားပါဂျောင်း..
padonmar
March 10, 2012 at 10:19 pm
မကြီးမိုက်
ရှားတာလေးတွေ ပြန်ပေါလာအောင် တိုက်တွန်းကြပါစို့။
ကြောင်ကြီး
March 10, 2012 at 12:44 pm
ကြောင်ကြီး a profitable teacher …… ဖြစ်ချင်တယ်။
padonmar
March 10, 2012 at 10:27 pm
အောင်ကြူးရေ
profitable ကို ဂဃနဏ သိချင်လို့ Oxford dictionary နှိပ်ကြည့်တော့
(၁)yielding profit or financial gain အမြတ်အစွန်းထွက်သော နဲ့
(၂) beneficial ,useful အကျိုးရှိ အသုုံးဝင်သော လို့ ရမ်းဘာသာပြန်လိုက်တယ်။
ဖြစ်ချင်တဲ့ ဆရာဖြစ်ပါစေ ဦးကြောင်သင်မယ့် သင်တန်းလေးတော့ တက်ကြည့်ကြဖို့ ရွာသူလေးတွေ(နန်းမြတ်၊ကြေးမလောင်၊လုံး၊နွေးသီး၊ကြေးမုံ တို့)ကို တိုက်တွန်းလိုက်ပါမယ်။
မဟာရာဇာ အံစာတုံး
March 10, 2012 at 2:07 pm
အန်တီ ပဒုမ္မာ ခင်ဗျား ..
ကျနော် လေးစားရတဲ့ ဆရာ တစ်ယောက်လည်း ရှိပါတယ် …
သူကတော့ အရင် လှည်းတန်းမှာ အင်္ဂလိပ်စာ သင်တန်း သင်ပြပေးတဲ့ ဆရာကြီး ဦးမြကြိုင် ပါပဲ …
ကျနော်ဟာ အီးမေဂျာ ကျောင်းသား တစ်ယောက် ဖြစ်ခဲ့ပေမယ့် တကယ်တမ်း ဝန်ခံရရင် ဂရမ်မာ လေး အနည်းအကျဉ်းလောက်ကိုသာ သိခဲ့ပါတယ် …။
အီးမေဂျာ ရခဲ့တယ် ဆိုတာကလည်း ဆယ်တန်း အောင်တော့ အင်္ဂလိပ်စာ အမှတ်အများဆုံး ရခဲ့လို့ပဲ ဖြစ်ပါတယ် ..။ တကယ် တတ်လားမေးရင် တတ်သလိုလို၊ မတတ် သလိုလို ဖြေမိမှာပါပဲ .. 😀
ကျနော် ဒုတိယနှစ် လောက်မှာ ဆရာကြီးရဲ့ သင်တန်းကို ယောင်လည်လည်နဲ့ ရောက်ခဲ့ပါတယ် …။
နောက်ပိုင်းမှာ ဆရာကြီးရဲ့ ကျေးဇူးကြောင့် ကျနော်ဟာ အင်္ဂလိပ်စာကို ရေး၊ ဖတ်၊ ပြောတတ် လာခဲ့ပါတယ် … ။
ဆရာကြီးက အသင်အပြလည်း ကောင်းသလို၊ ကျောင်းသားတွေဆီက ပိုက်ဆံကို လိုချင်လွန်းလို့ သင်တဲ့ ဆရာမျိုးထဲမှာလည်း မပါပါဘူး ဆိုတဲ့ အကြောင်း …….
အန်တီ ပဒုမ္မာရဲ့ မြတ်သောဆရာ ပို့စ်ထဲမှာ ကျနော် လေးစားရတဲ့ ဆရာကြီးရဲ့ အကြောင်းကို ရေးသားလိုက်ပါတယ် ခင်ဗျား … ။
လေးစား၊ ခင်မင်စွာဖြင့်
အံစာတုံး
padonmar
March 10, 2012 at 10:32 pm
ရာအိမ်မှူးမောင်မောင်အံ
ဆရာကြီး ဦးမြကြိုင်အကြောင်း အန်တီလည်း ကြားဖူးပါတယ်။
သူ့သင်တန်းက ကလေးတွေကို လိမ္မာရေးခြားရှိစေဖို့ ဆရာတော် မစိုးရိမ်စာသင်သားကို ခေါ်ပြီး ပုညကြိယာဝတ္ထု ၁ဝပါး ကစလို့ သင်စေတဲ့ အကြောင်း စာလေးဖတ်ရတော့ ကိုယ့်ကျောင်းတက်တဲ့ ကလေးတွေဆီက ကျူရှင်ခ ရရုံ စာမေးပွဲအောင်ရုံ သာမက ဘဝရှေ့ရေးပါကြည့်ပေးတဲ့ မြတ်ဆရာတစ်ယောက်ပါပဲလို့ သိခဲ့ရပါတယ်။
pooch
March 10, 2012 at 11:54 pm
စေတနာ ရောင်ပြန်ဟပ်ခြင်းခံရတဲ့ မြတ်ဆရာပါ။ ကျမလည်း ဆရာကောင်းတွေ တော်တော်များများ ကြုံခဲ့ဖူးပါတယ်။
ခုချိန်ထိတော့ ဆရာတွေဆီ က အယူပဲ ရှိခဲ့ပြီး ဘာတခုမှ ပြန်ပြီး မကူညီနိုင်ခဲ့ပါဘူး။
တချို့ လက်လှမ်းမှီတဲ့ တီချယ့်လိုမျိုးဆိုရင်တော့ အခါကြီးရက်ကြီးများမှာ သွားပြီးကန်တော့တာလောက်ပဲ ရှိပါတယ်။
ခုခေတ်မှာလည်း ရှိတော့ ရှိပါတယ်။ ဒါပေမဲ့ အဆိုးတွေက များလွန်းလို့ အကောင်းတွေကို ဖုန်းနေတာမျိုးပဲ ဖြစ်မယ်လို့ ထင်ပါတယ်။
MaMa
March 11, 2012 at 2:34 pm
၉တန်းတုန်းက ရူပသင်တဲ့ဆရာမက စာဖတ်နည်း ပြောဖူးတယ်။
တစ်နေ့စာတစ်နေ့ ဖတ်သွားရင် ဘယ်စာမှ မခက်ဘူးတဲ့
နေ့တိုင်းသင်တဲ့စာကို ဖတ်ပြီး ပထမနေ့က စာကို revision ပြန်ရင် စာမေးပွဲ ဘယ်တော့ဖြစ်ဖြစ် လာထားဆိုပဲ။
padonmar
March 18, 2012 at 12:18 pm
မယ်ပုရေ
ဆရာတွေကို ကျေးဇူးတုံ့ဆပ်နိုင်ဖို့ စိတ်ထဲမှာရှိနေရင် မယ်ပုရဲ့ တပည့်လေးတွေပေါ် စေတနာအပြည့်ထားပေးလိုက်ပါကွယ်။
မယ်ပုရဲ့ အသင်အပြနဲ့ စေတနာက တီချယ်ကြီးတပည့် ပီသပါပေတယ်လို့ အများက ပြောလာကြရင် တီချယ်ကြီးက ရုပ်ဝတ္ထုတွေနဲ့ ကန်တော့တာထက် ပိုပြီးပီတိဖြစ်ပါလိမ့်မယ်။
……………………………………………………………………..
မမရေ
ကျမတို့ဆရာတွေက စာမေးပွဲအောင်ရုံသာမက စာဖတ်နည်းကအစ ဘဝမှာ နေနည်းထိုင်နည်း အောင်မြင်ကြောင်းတွေပါ သင်ပေးတဲ့ ဆရာတွေပါ။နောက်လာမယ့် ဆရာတွေကိုလည်း အဲဒီလို မြတ်ဆရာတွေဖြစ်စေချင်ပါတယ်။