ပြည်သူ့စစ်သားတဦး ဖော်ထုတ်လိုက်သည့် မြန်မာ့နျူကလီးယား စီမံကိန်း (ဘာသာပြန်ဆောင်းပါး)

True FaithJune 8, 20102min1101

မြန်မာစစ်အစိုးရက နျူကလီးယားဗုံး ထုတ်လုပ်ရန် ကြံရွယ်နေဟု ကျွမ်းကျင်သူပြောကြား

ဒီဗွီဘီ သတင်းဌာန (Democratic Voice of Burma) ရဲ့ (၅) နှစ်ကြာ စုံစမ်း ထောက်လှမ်း မှုများက မြန်မာနိုင်ငံရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရေး စီမံချက်များကို ဖော်ထုတ်နိုင်ပါပြီ။ စုံစမ်းထောက်လှမ်းတွေ့ရှိမှုများအတွက် အရေးပါသူတဦးကတော့ ဒုံးလက်နက်နှင့် နျူကလီးယား စီမံကိန်းအတွက် လိုအပ်သော စက်ပစ္စည်း အစိတ်အပိုင်း နမူနာများကို ထုတ်လုပ်ရာမှာ တာဝန်ယူခဲ့သော၊ ဒုံးလက်နက် ကျွမ်းကျင်သူ မြန်မာ စစ်အင်ဂျင်နီယာ ဗိုလ်မှူးစိုင်းသိန်းဝင်းပဲ ဖြစ်ပါတယ်။

ဒီဗွီဘီရဲ့ မြန်မာစစ်ရေး စီမံကိန်းများကို ထောက်လှမ်း စုံစမ်းနေမှုများကို သိရှိပြီးနောက်မှာ၊ ဗိုလ်မှူးစိုင်းသိန်းဝင်းဟာ ဒီဗွီဘီကို ဆက်သွယ်လာပြီး အထောက်ထားစာရွက်စာတမ်းများ၊ ရောင်စုံဓာတ်ပုံများကို ပေးအပ်ခဲ့ပါတယ်။ ထိုအချက်အလက်များသည် မြန်မာစစ်တပ်ရဲ့ ဒုံးလက်နက် စီမံကိန်းများ အတွက် ရုရှမှလေ့ကျင့်သင်ကြားပေးနေသော အထောက်အထားများ သာမက၊ မြောက်ကိုရီးယား၏ ပါဝင်ဆက်နွှယ်မှုတို့ကိုပါ ဖော်ထုတ်ပေးနိုင်လိုက်ပါတယ်။

ထိုအချက်အလက် အထောက်ထားများအား ဒီဗွီဘီနှင့်အတူ ပူးပေါင်း၍ လပေါင်းများစွာ လေ့လာခဲ့သူကတော့ IAEA မှာ ဒါရိုက်တာအဖြစ်ထမ်းဆောင်ခဲ့သူ ဒေါက်တာ ရောဘတ် ကယ်လီ ပဲဖြစ်ပါတယ်။ ဒေါက်တာကယ်လီသည် ဤအထူးဆောင်းပါးတွင် မြန်မာစစ်အစိုးရ၏ နျူလက်နက်များထုတ်လုပ်ရာတွင် အသုံးပြုနိုင်သော နည်းပညာနှင့် ယူရေနီယံ ရှာဖွေ ထုတ်လုပ်နေမှုများအကြောင်း ရေးသားထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှ အရေးပါသော သူတဦးဟာ အလွန်လျှို့ဝှက်လှသော နျူဆိုင်ရာ စီမံချက်များအကြောင်း ထုတ်ဖော်ဖို့ ပြည်တွင်းမှ ထွက်ခွာလာခဲ့ပါတယ်။ ထိုပုဂ္ဂိုလ်အား ဒီဗွီဘီမှ အချိန်ယူ တွေ့ဆုံမေးမြန်းခဲ့ပြီး၊ အချက်လက်များအား ကမာ္ဘကို ထုတ်ဖော်ဖွင့်ချလိုက်ပါပြီ။ ထိုအရေးပါသောပုဂ္ဂိုလ်မှာ မကြာသေးခင်အထိ ပြည်တွင်းမှာ ဗိုလ်မှူးရာထူးအဆင့်နဲ့ တာဝန် ထမ်းဆောင်ခဲ့သော စိုင်းသိန်းဝင်းဖြစ်ပါတယ်။

သူဟာ မြန်မာစစ်အင်ဂျင်နီယာတဦးဖြစ်ပြီးရုရှနိုင်ငံတွင် ဒုံးပျံနည်းပညာများ သင်ယူခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံ ပြန်ရောက်ပြီးနောက် ဒုံးပျံနှင့် နျူကလီးယား စီမံကိန်းများအတွက် လိုအပ်သော စက်ပစ္စည်းအစိတ်ပိုင်းများထုတ်လုပ်ရာ အထူးစက်ရုံများတည်ဆောက်ခြင်း၊ ဥရောပနိုင်ငံများမှ ထုတ်လုပ်သော ခေတ်မီစက်ကိရိယာများ ထားရှိရာ အဆောက်အအုံများ ဆောက်လုပ်ခြင်း စသည့်တာဝန်များ ထမ်းဆောင်ခဲ့ပါတယ်။ ဗိုလ်မှူးစိုင်းဟာ သူနှင့်အတူ အဆိုပါ စက်ရုံများတွင် တည်ဆောက်ထားသော စက်ပစ္စည်းများ၏ ရောင်စုံဓာတ်ပုံများ၊ စာရွက်စာတမ်း အထောက်အထားများအား ယူဆောင်လာခဲ့ပါတယ်။

ဒီဗွီဘီသည် ထိုအထောက်အထားများအား ကျွမ်းကျင်သူများကို ပြသကာ အသေးစိတ် စစ်ဆေးပြီး ကမာ္ဘအား ထုတ်ပြန်ကြေညာရန် စီစဉ်ခဲ့ပါတယ်။ အချို့သောကျွမ်းကျင်သူများဟာ လေ့လာတွေ့ရှိချက်များအပေါ်မှာ အတော်လေး ချိန်ချိန်ဆဆ ရှိကြပြီး အမျိုးမျိုး ကောက်ချက်ချမှုများ ရှိကြသလို၊ အချို့ကတော့ ထိုအထောက်ထားများတွင်ပါဝင်သော ပစ္စည်း ကိရိယာများဟာ နျူလက်နက်များထုတ်လုပ်ရာတွင် အသုံးပြုဖို့ဖြစ်တယ်ဆိုတဲ့ ကျွန်ုပ်တို့၏ ကောက်ချက်အား အပြည့်အဝ သဘောတူချင်မှ တူပါလိမ့်မယ်။

မည်သို့ပင်ဆိုစေ ထိုကွဲပြားသော အမြင်များအား ကြိုဆိုပါတယ်။ တချိန်တည်းမှာ ထိုကွဲပြားသော အမြင်များအပေါ် အခြေခံထားသော ထပ်လောင်း စစ်ဆေးတွေ့ရှိချက်ဟာ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များကို ချိုးဖောက်နေတယ်ဆိုသော ကျွန်ုပ်တို့၏ အမြင်အား ပိုမိုခိုင်မာအောင် အားဖြည့်ပေးပါလိမ့်မယ်။ ဒီဗွီဘီမှာ လျှို့ဝှက် စက်ရုံများ၏ ဓာတ်ပုံများ ရာချီရှိနေသလို၊ မရေမတွက်နို်င်အောင် များပြားလှသော အခြား အချက်လက်ရင်းမြစ်နှင့် အထောက်ထားများလည်း ရှိနေပါတယ်။

သို့ပေမယ့် ဗိုလ်မှူးစိုင်း ပေးအပ်လာတဲ့ အထောက်ထားများနှင့် ဆက်စပ်သော နောက်ကြောင်း အချက်လက်များကိုပဲ ဦးစားပေးဖော်ပြသွားပါမယ်။ လွန်ခဲ့တဲ့ (၂) နှစ်အတွင်းမှာ အီရန်နိုင်ငံ၏ လျှို့ဝှက်နျူစီမံကိန်းများအကြောင်း အထောက်အထားများဟာ laptop documents များအနေဖြင့် ထွက်ပေါ်လာခဲ့ပါတယ်။ ထိုအထောက်အထားများ၏ မူလရင်းမြစ်အား ရှင်းလင်းစွာ မသိရပေမယ့် ထိုကိစ္စသည် နိုင်ငံတကာတွင် အီရန်နိုင်ငံ၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ အကြီးကျယ် အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပါတယ်။

တဖက်တွင် ယခု ဗိုလ်မှူးစိုင်း ယူဆောင်လာသော အထောက်အထားနှင့် ဓာတ်ပုံများအရ အသုံးပြုထားသော စက်ပစ္စည်းများ မူလရင်းမြစ် ဘယ်ကလာသည်ဆိုမှာ ပေါ်လွင်သည့်အပြင်၊ အထောက်ထားများ ထွက်ပေါ်ရာ လမ်းကြောင်းကလည်း လုံးဝရှင်းလင်းလှပါတယ်။ ထိုအထောက်အထား အချက်လက်များအပေါ် နျူမပြန့်ပွားရေးလုပ်ဆောင်နေကြသော အဖွဲ့အစည်များဟာ မည်သို့ရှုမြင်ကြမည်လဲဆိုသည်မှာ အလွန်စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။ ဗိုလ်မှူးစိုင်းသိန်းဝင်းဟာ ဒီဗွီဘီမှ ရိုက်ကူးထုတ်လွှင့်သော မြန်မာစစ်အစိုးရ၏ အစုလိုက် အပြုံလိုက်သေစေနိုင်သော လက်နက်များ ထုတ်လုပ်ရေး စီမံကိန်းမှတ်တမ်း ရုပ်ရှင်အား ကြည့်ရှုခဲ့ရပါတယ်။

ထိုမှတ်တမ်း ရုပ်ရှင်ပါ စက်ရုံများထဲမှာ စက်ရုံ (၂) ခုမှာ သူတာဝန်ထမ်းဆောင်နေခဲ့ပြီး၊ ကမာ္ဘကသိသင့်သော အချက်လက်များ ပိုမိုလိုအပ်နေတယ်ဆိုတာကို ခံစားလာမိပါတယ်။ ဒီလိုနဲ့ သူဘာတွေတွေ့မြင်ခဲ့တယ်၊ ဘာတွေလုပ်ဖို့ ခိုင်းစေခဲ့ခြင်းခံခဲ့ရတယ်ဆိုတာကို ဖွင့်ချဖို့ ထိုင်းနိုင်ငံဘက်ကို ထွက်ခွာလာခဲ့ပါတယ်။ သူပြောပြတာတွေဟာ အခြား သူ့အရင်လူများ ပြောကြားထားခဲ့သမျှကို ဖြည့်စွက်ပေးရာ ရောက်တဲ့အပြင်၊ စစ်အစိုးရ ဘာတွေ ဆောက်လုပ်စီမံ နေတယ်ဆိုတာကို ပြသထားတဲ့ဓာတ်ပုံများနှင့် ပိုမိုခိုင်မာအောင် အားဖြည့်ထားပါတယ်။

ထို့အပြင် သူတက်ရောက်ခဲ့ဖူးသော အထူးသရုပ်ပြ သင်တန်းများအကြောင်းလည်း ပြောပြနိုင်သလို၊ နျူစီမံကိန်းနှင့်ပတ်သက်၍ သူတွေ့ဆုံခဲ့ဖူးသော သက်ဆိုင်သူများ၏ အမည် နာမများအားလည်း ပြောပြနိုင်ခဲ့ပါတယ်။ စိုင်းသိန်းဝင်းဟာ အစ္စရေးနိုင်ငံရဲ့ လျှို့ဝှက် နျူလက်နက် ထုတ်လုပ်မှု စီမံကိန်းများအကြောင်း ဖွင့်ဟပြောဆိုခဲ့သူ၊ သဲကန္တာရတွင်ရှိသော Dimona နျူစက်ရုံတွင် တာဝန်ထမ်းခဲ့သူ အစ္စရေး နည်းပညာရှင် Mordecai Vanunu အား ပြန်ပြောင်း အမှတ်ရစေပါတယ်။

Vanunu ဟာ ထိုအချိန်က အစ္စရေး၏ လျှို့ဝှက် နျူစီမံကိန်းစက်ရုံများနှင့် ထုတ်လုပ်မှုများအား ဓာတ်ပုံများစွာရိုက်ကာ လန်ဒန်မြို့ အခြေစိုက် ဆန်းဒေးတိုင်းမ် သတင်းစာကြီးမှတဆင့် ၁၉၈၆ နှစ်တွင် ကမာ္ဘအား ဖွင့်ချခဲ့ပါတယ်။ အစ္စရေးကတော့ နျူလက်နက်များ ရှိသည်ကို မဆိုထားနှင့် ထိုဓာတ်ပုံများတွင်ပါရှိသော စက်ရုံများ ရှိသည်ကိုပင် ဝန်မခံခဲ့ပါ။

ဒါပေမယ့် Vanunu ကတော့ အစ္စရေးအစိုးရ၏ ပြန်ပေးဆွဲမှုကိုခံလိုက်ရပြီး နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် နှစ်ပေါင်းများစွာ ထောင်သွင်းအကျဉ်းချခြင်းကို ခံလိုက်ရပါတယ်။ ဗိုလ်မှူးစိုင်းဟာလည်း အလားတူ သတင်းအချက်လက်များကို ပေးအပ်ခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်မှူးစိုင်းဝင်းသိန်းဟာ ဘယ်လို စီမံကိန်းမှာပါဝင်ခဲ့ရသလဲ သူဟာ ဒုံးပျံနှင့် နျူစီမံကိန်းများအတွက် နမူနာစက်ပစ္စည်းအစိတ်ပိုင်းများ ထုတ်လုပ်ရာမှာ ပါဝင်ခဲ့ရပါတယ်။

သူဟာ အတွေ့အကြုံရှိသော စက်မှုအင်ဂျင်နီယာတဦးဖြစ်ပြီး စက်မှုပိုင်းဆိုင်ရာများကို အသေးစိတ် တိကျစွာပြောနိုင်ပါတယ်။ သူဟာ ဒုံးပျံ နည်းပညာသင်ခဲ့သူ အင်ဂျင်နီယာတဦး ဖြစ်သည်နှင့်အညီ သူပြုလုပ်ခဲ့သည်ဆိုသော ဒုံးပျံလောင်စာပန့်တွင် အသုံးပြုသော ပန်ကာ ဒလက်အကြောင်းကို အသေးစိတ်ရှင်းပြခဲ့ပါတယ်။

သူပြောပြတဲ့ နျူစီမံကိန်းအကြောင်းဟာ သူပြတဲ့ ရောင်စုံဓာတ်ပုံများနှင့် မန္တလေးတိုင်း သပိတ်ကျင်း မြို့နယ်ရှိ နျူတပ်ရင်းအား (၂) ခေါက်သွားရောက်ခဲ့တဲ့ အပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ နျူတပ်ရင်းဟာ နျူလက်နက် ထုတ်လုပ်တပ်ဆင်ရေး အဆောက်အအုံများ ဆောက်လုပ်ရန် တာဝန်ပေးခြင်းခံထားရတဲ့အဖွဲ့ဖြစ်ပါတယ်။ အဆိုပါအဖွဲ့သည် နျူဓာတ်ပေါင်းဖို ဆောက်လုပ်ခြင်း၊ နျူသန့်စင်စက်ရုံများ ဆောက်လုပ်ခြင်းတို့ လုပ်ဆောင်ပါတယ်။

ဒီဗွီဘီ၏ အတိုင်ပင်ခံ အဖွဲ့များကတော့ လက်ရှိမြန်မာနိုင်ငံအခြေအနေဟာ နျူစီမံကိန်းအတွက် လိုအပ်သော အဆောက်အအုံနှင့် စက်ပစ္စည်းများ တည်ဆောက်ရန် လုံလောက်သော အစွမ်း မရှိသေးဟု ယူဆကြပါတယ်။ နျူလက်နက် ထုတ်လုပ်ရာတွင် လိုအပ်သော လက်နက်ကုန်ကြမ်း ပစ္စည်း ထောက်ပံ့ရေး စက်ရုံများအား တည်ဆောက်ရာတွင် ကျွမ်းကျင်မှု မလုံလောက်သေးပါ။

သို့သော် ဗိုလ်မှူးစိုင်းနှင့် အခြားသတင်းရင်းမြစ်များမှ အချက်အလက်များအရဆိုလျှင် စစ်အစိုးရသည် နျူကလီးယား လက်နက်ထုတ်လုပ်နိုင်သည်အထိ ရည်မှန်းထားပြီး ထို့အတွက် များစွာသော အရင်းမြစ်များကို တိုးချဲ့သုံးစွဲနေတာ ရှင်းလင်းလှပါတယ်။ ဥရောပလုပ် စက်ပစ္စည်းများနှင့် စက်ရုံများ ဂျာမနီနှင့် အဆက်သွယ်ရှိသော စင်ကာပူအခြေစိုက် company (၂) ခုသည် မြန်မာနိုင်ငံ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်း (DTVE) တွင် သုံးရန်ဟုဆိုကာ စက်ပစ္စည်းများစွားအား ရောင်းချခဲ့ပါတယ်။

ထိုသင်တန်းကျောင်းသည် သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ အနျူမြူစွမ်းအင်ဌာန (DAE) နှင့် ဆက်စပ်နေပါသည်။ ထို ဆက်စပ်လျက်ရှိသော ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သက်ဆိုင်သော အချက်လက်များ များစွာသိရှိထားပြီးဖြစ်ပါတယ်။ ထိုသင်တန်းကျောင်းသည် အစိုးရ၏ နျူ၊ ဓာတု၊ ဇီဝလက်နက်ထုတ်လုပ်ရေး၊ အထူးသဖြင့် ဒုံးလက်နက် စီမံကိန်းအတွက် လိုအပ်သည်များကို အမည်ခံဝယ်ပေးနေခြင်း ဖြစ်နိုင်ပါတယ်။

ဂျာမန်အစိုးရသည် စက်ပစ္စည်းများ ရောင်းချရန်ခွင့်ပြုချိန်မှာ ထိုသင်တန်းကျောင်းနှင့် ပတ်သက်၍ တိကျရေရာသော အချက်အလက်ရှိမထားခဲ့ပါ။ ကံကောင်းသည်မှာ ထိုရောင်းချ လိုက်သော စက်ပစ္စည်းများသည် အလွန်ဈေးကြီးပြီး စွမ်းအားမြင့်ပေသော်လည်း၊ ဒုံးပျံနှင့် နျူဆိုင်ရာ ကိစ္စများတွင် အသုံးချနိုင်ရန်မူ အလွန် အသေးစိတ် တိကျမှုကို ပေးနိုင်သော အပိုဆောင်း ပစ္စည်းအပြည့်အစုံလိုအပ်ပြီး၊ ထို အပိုပစ္စည်းများသည် ယခုရောင်းမှုများတွင် မပါဝင်ပါ။

ထိုလျှို့ဝှက်စက်ရုံများသည် ယခုအထိတော့ အခြား သုတေသနဌာနများအတွက် လိုအပ်သော နမူနာအစိတ်ပိုင်းများ၊ ပုံစံပြ မော်ဒယ်များကိုသာ အများစု ထုတ်လုပ်နေပါတယ်။ ထိုစက်ရုံများသည် ထုတ်လုပ်ရေးစီမံချက်အရ နောက်ဆက်တွဲ ဆင့်ပွား အစိတ်ပိုင်းများကို မထုတ်လုပ်သေးသလို၊ သူတို့ကိုယ်တိုင် သုတေသနပြုထုတ်လုပ်ခြင်းမျိုးလည်း မလုပ်သေးပါ။

ရောင်းချလိုက်သော ကုမ္ပဏီကတော့ ထိုစက်ပစ္စည်းများသည် ပညာရေးနှင့် အသက်မွေး ဝမ်းကြောင်းဆိုင်ရာ သင်တန်းများတွင် သုံးရန်သာဟု ယူဆထားသော်လည်း ဂျာမန် အစိုးရကတော့ သံသယရှိသဖြင့် ထိုစက်ပစ္စည်းများ တပ်ဆင်အသုံးပြုနေသော အထူးစက်ရုံများအား သွားရောက်စစ်ဆေးရန် သံတမန်တဦးနှင့် ကျွမ်းကျင်သူတဦးအား စေလွှတ်ခဲ့ပါသည်။ အဆိုပါ ဂျာမန် ကျွမ်းကျင်သူသည် ထိုစက်ရုံ၏ အနီးတဝိုက်တွင် တက္ကသိုလ်များ၊ ကျောင်းသားများ ရှိမနေခြင်း၊ ကျောင်းတွင် အမျိုးသမီးကျောင်းသူ မရှိခြင်း တို့ကို ထောက်ရှုကာ ထိုစက်ပစ္စည်းများအား သင်ကြားရေးတွင် အသုံးပြုနေသည်ဆိုသည့် အချက်အား သံသယဖြစ်သည်ဟု ဆိုပါသည်။

ထိုကျောင်းသားများသည် စစ်ယူနီဖောင်း ဝတ်ဆင်ထားခြင်းမရှိသည်ကိုလည်း သတိပြုမိခဲ့သည်။ ထို ဥရောပ အရာရှိများလာစဉ်က အရပ်သားဝတ်စုံဝတ်ထားကြသူများသည် အခြားအချိန်များတွင် ယူနီဖောင်းများဝတ်ထားကြသည်ကို ဒီဗွီဘီမှ စစ်ဆေးထားသော ဓာတ်ပုံအထောက်အထားများအရသော်လည်းကောင်း၊ ကျောင်းသားအချို့အား စစ်ဆေးမေးမြန်းချက်အရသော်လည်းကောင်း သိရှိရပါသည်။

ဗိုလ်မှူးစိုင်းသည် ထိုဂျာမန်များ လာစဉ်ကရိုက်ကူးထားသော ပုံများနှင့် စက်ပစ္စည်းများ တပ်ဆင်စဉ်က ပုံများ စသည့် အလွန် မှတ်မိလွယ်သော ပုံများအား ပြသခဲ့ပါတယ်။ ဤအချက်သည် ထိုအချိန်က ဗိုလ်မှူးစိုင်းသည် ထိုစက်ရုံတွင် ရှိနေခဲ့သည်ဆိုသော အချက်အား ခိုင်မာစေပါသည်။ ဂျာမန်အစိုးရ၏ နိုးကြားမှုရှိခြင်း၊ ထိုစက်ရုံများအား သွားရောက် စစ်ဆေးနိုင်ခြင်း တို့မှာလည်း အလွန်ကံကောင်းသည်ဟု ဆိုရမည်ပင်။

စစ်အစိုးရကတော့ အမှန်ကိုပြောချင်မှ ပြောမှာဖြစ်ပေမယ့် ထိုသွားရောက်စစ်ဆေးခြင်းသည် အမှန်တရားကို စစ်ကြောရာတွင် အလွန်အရေးပါလှပါတယ်။ နျူတပ်ရင်းက တည်ဆောက်နေတဲ့ စက်ပစ္စည်းများအကြောင်း သပိတ်ကျင်း နျူတပ်ရင်းက တောင်းဆိုတဲ့ စက်ပစ္စည်း အစိတ် အပိုင်းများရဲ့  ဓာတ်ပုံအများပြားကို ဗိုလ်မှူးစိုင်းက ဒီဗွီဘီအား ပြခဲ့ပါတယ်။

ထိုပုံများအနက်မှာ အထင်ရှားဆုံးပုံတပုံကတော့ သပိတ်ကျင်း အခြေစိုက် အမှတ် (၁) သိပ္ပံနှင့်နည်းပညာတပ်ရင်းမှ လျှို့ဝှက်မန်မိုဖြင့် ပြင်ဦးလွင်ရှိ အထူးစက်ရုံ (၁) သို့ တောင်းဆို ထားသော စက်အစိတ်ပိုင်းပုံဖြစ်ပါတယ်။ ထိုအရာသည် အထူးပစ္စည်းထုတ်လုပ်ရေး သုတေသနဌာနက တောင်းဆိုသော bomb reactor ဖြစ်ပြီး လိုချင်သော ပုံစံအား ပုံကြမ်းရေးထားသည့် ဓာတ်ပုံများလည်း ပါဝင်ပါတယ်။

နျူလက်နက် ထုတ်လုပ်ရေး စီမံကိန်းတွင် အသုံးပြုသော bomb reactor သည် ယူရေနီယမ် ဒြပ်ပေါင်းအား နျူကလီးယား လောင်စာ (သို့မဟုတ်) နျူကလီးယားဗုံးလုပ်ရာတွင် လို်အပ်သော ယူရေနီယမ် သတ္တုအဖြစ် ပြောင်းလဲရာတွင် သုံးသော အထူးကိရိယာဖြစ်ပါတယ်။ ဓာတ်ပုံများနှင့် ပုံကြမ်းများက ဖော်ပြထားသော bomb reactor သည် ထိုသို့ပြုလုပ်ရာတွင် သုံးသော ကိရိယာ အစိတ်ပိုင်းများဖြစ်ပြီး၊ ထိုအထဲမှ တခုသည် မြင့်မားသောအပူချိန်တွင်အသုံးပြုနိုင်သော အရာမျိုးဖြစ်ပါတယ်။

ထိုကိရိယာသည် သုတ်ဆေးများအား အပူပေးကာ ခွာထားပြီး လက်ရှိအသုံးပြုနေပါတယ်။ ဒီဇိုင်းကတော့ နိုင်ငံခြား တိုင်းပြည်တခုခုမှမဟုတ်လျှင် မြန်မာဒီဇိုင်းဖြစ်နိုင်ပါတယ်။ နျူတပ်ရင်းရဲ့  bomb reactor လိုအပ်မှုဟာ မြန်မာနိုင်ငံဟာ ယူရေနီယမ် သတ္တုပြုလုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ ခိုင်မာလှတဲ့ သက်သေဖြစ်ပါတယ်။ ယူရေနီယမ်သတ္တုကို ပလူတိုနီယံ ထုတ်လုပ်တဲ့ reactor မှာ သုံးသည်ဖြစ်စေ၊ နျူကိရိယာတခုခုမှာ သုံးသည်ဖြစ်စေ၊ ဘာပဲဖြစ်ဖြစ် ဒါဟာ လက်နက်များ ပြုလုပ်ရာတွင်သာ အသုံးဝင်သော နျူနည်းပညာကို ရရှိနိုင်ရန် အားထုတ်နေတဲ့ အချက်ပဲဖြစ်ပါတယ်။

ဗိုလ်မှူးစိုင်းရဲ့ ပုံတွေထဲမှာ ယူရေနီယမ် သန့်စင်ရာမှာအသုံးပြုတဲ့ uranium hexafluoride gas စတဲ့ ယူရေနီယမ် ဒြပ်ပေါင်းများ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုအင်ဂျင်နီယာဆိုင်ရာ စက်ပစ္စည်းများလည်း ပါဝင်နေပါတယ်။ ယူရေနီယမ် isotope များကို ဗုံးပြုလုပ်ရာမှာသုံးတဲ့ ပစ္စည်းများအဖြစ် ခွဲခြမ်းနိုင်သော အဆင့်မြင့် လေဆာ ကိရိယာများမှာသုံးသော နော်ဇယ်ခေါင်းများလည်း သူပြတဲ့အထဲမှာ ပါဝင်ပါတယ်။

ထို့အပြင် Glove box လို့ခေါ်တဲ့ ဓာတ်သတ္တိကြွပစ္စည်းများ ရောမွှေရာတွင် သုံးသောကိရိယာနှင့် ယူရေနီယမ် ဒြပ်ပေါင်းများပြုလုပ်ရာတွင် သုံးသော လုံခွက် (furnaces) များလည်း ပုံတွေထဲမှာ ပါဝင်တယ်။ ဒီပစ္စည်းများဟာ အခြား နေရာတွင်လည်း အသုံးပြုနိုင်တယ်ဆိုပေမယ့် နျူတပ်ရင်းမှာ လုပ်ဆောင်နေသည့်အရာများနှင့် ဆက်စပ်ကောက်ချက်ချရလျှင် နျူလက်နက် စီမံကိန်းမှလွဲ၍ အခြားဖြစ်နိုင်စရာမရှိပေ။

စစ်အစိုးရဟာ ပလူတိုနီယမ်ကို နျူဗုံးပြုလုပ်နိုင်ဖို့ nuclear reactor တခု တည်ဆောက ်နေတဲ့အကြောင်း ဗိုလ်မှူးစိုင်းကို ပြောပြပါတယ်။ ဒီအချက်နဲ့ အံဝင်စေတာကတော့ control rod လို့ခေါ်တဲ့ reactor ရဲ့အစိတ်ပိုင်းတခုအကြောင်း သရုပ်ပြပွဲတခုကို သူကိုယ်တိုင် တွေ့ခဲ့ရတာပါပဲ။ သူ့ကိုပြောပြတာကတော့ အခု အစိုးရဟာ ယူရေနီယမ်ကို သန့်စင်ပြီး ဗုံးလုပ်ဖို့ စီမံကိန်းချထားတယ်။ ယူရေနီယမ် သန့်စင်တဲ့ နည်းလမ်းတွေမှာ အစိတ်ပိုင်းတခုဖြစ်တဲ့ ကာဗွန်မိုနော့ဆိုက် လေဆာအကြောင်း သရုပ်ပြတာလည်း သူကြည့်ရှုခဲ့ရဖူးတယ်။

သူသပိတ်ကျင်းမှာတွေ့ခဲ့၊ ကြားဖူးခဲ့တဲ့ သူတွေရဲ့ နာမည်တွေကိုပြောပြတော့ ထိုအထဲမှာ နာမည်အချို့ဟာ မြန်မာ အနုမြူစွမ်းအင်ဌာန (DAE) မှာ လုပ်ကိုင်နေကြသူများ ဖြစ်နေကြပါတယ်။ ထိုအထဲမှ အများစုဟာ IAEA ထောက်ပံ့မှုနဲ့ပြုလုပ်တဲ့ ထရိန်နင်များ တက်ရောက်ခဲ့ဖူးကြသူများ ဖြစ်ကြပါတယ်။

ဗိုလ်မှူးစိုင်း ကိုယ်တိုင်ဟာလည်း ကာဗွန်မိုနော့ဆိုက် လေဆာအတွက် နော်ဇယ်ပြုလုပ်ရာမှာ တာဝန်ယူခဲ့ရဖူးတယ်။ သူဟာ ဓာတုဗေဒ အင်ဂျင်နီယာပညာအကြောင်း သိပ်မသိတဲ့အတွက် ပုံတွင်ပါရှိသော ထိုဌာနမှ အသုံးပြုနေသော ကိရိယာများအကြောင်း ကျွန်ုပ်တို့ အကဲဖြတ် သိရှိနိုင်သလောက် သူမသိပေမယ့် အချုပ်အားဖြင့် သူ့ပြောပြချက်များဟာ အလွန် စိတ်ဝင်စားဖွယ် ကောင်းပါတယ်။

သူမြင်တွေ့ခဲ့သော သရုပ်ပြမှု၊ သင်ကြားရှင်းလင်းမှုများဟာ အကြမ်းဖျင်းသိပ်ကျလွန်းတာလည်း ထင်ရှားလှပါတယ်။ အကယ်၍ ထိုအဆင့်သည် မြန်မာတို့ အကောင်းဆုံးလုပ်နိုင်တဲ့ အဆင့် ဆိုလျှင် သူတို့မျှော်မှန်းချက်ရောက်ဖို့ အတော်ပင်လိုသေးသည်ဟု ပြောရပါမယ်။  ဗိုလ်မှူးစိုင်းသိန်းဝင်း ပြောပြချက်များအပေါ် သုံးသပ်ချက် သူဟာ အဆင့်မြင့် ခေတ်မီ စက်ပစ္စည်းများအကြောင်း ကောင်းကောင်းသိသူ အတွေ့အကြုံရှိသူ စက်မှု အင်ဂျင်နီယာ တယောက် ဖြစ်ပါတယ်။

ထိုစက်ပစ္စည်းများဟာ နျူစီမံကိန်းနှင့် ဒုံးပျံများထုတ်လုပ်ရာတွင် အသုံးပြုနိုင်သော အလွန် တိကျသော စက်အစိတ်အပိုင်းများ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ပါတယ်။ သူဟာ နျူကျွမ်းကျင်သူ တယောက်တော့ မဟုတ်ပါဘူး။ ဒါကြောင့် သူ့ကို ဘာအတွက် ဘယ်လိုဟာတွေ ထုတ်လုပ်ပေးပါ ဟုပြောကာ လုပ်ခိုင်းသည့် အရာများကလွဲ၍ ကျန်သောအရာများအကြောင်း သူသိပ်မပြောနိုင်ပါ။

ဒါပေမယ့် သူတင်ပြလာတဲ့ပုံများတွင် ပါသည့်အရာများကတော့ နျူလက်နက်ထုတ်လုပ်ရာတွင် ပလူတိုနီယမ်ဒြပ်ပေါင်းများကို လက်နက်ထုတ်လုပ်နိုင်သည့် အရာများသို့ ပြောင်းလဲသည့် နေရာများမှာ သုံးနိုင်သည့်အရာများ ဖြစ်နေတာတော့ အသေအချာပါ။ ထို ဓာတ်ပုံများနှင့် သူ့ပြောဆိုချက်များဟာ အတုယောင်ဖြစ်သည်ပဲ ဆိုပါဦး၊ ထိုအရာများဟာ သူထောက်ပြတဲ့ အသုံးပြုမှုများနှင့် အံဝင်ခွင်ကျဖြစ်နေတာ တွေ့ရပါတယ်။

သူဟာ စစ်အင်ဂျင်နီယာဘွဲ့ရပြီး ရုရှနိုင်ငံ၊ မော်စကိုရှိ နာမည်ကျော် Bauman Institute တွင် Missile နည်းပညာ ဆက်လက်သင်ကြားခဲ့ပါတယ်။ ထိုအထောက်အထားအားလုံး သူပြနိုင်ပါတယ်။ သူ့ရဲ့သူငယ်ချင်းများဟာလည်း Moscow Institute of Engineering Physics နဲ့ Mendeleev Institute of Chemical Technology (MIFI) စတဲ့ ကျောင်းတွေမှာ နျူကလီးယားနှင့် ဓာတုအင်ဂျင်နီယာ ဘာသာရပ်များကို သင်ကြား ခဲ့ကြပါတယ်။

MIFI ဟာ ဆိုဗီယက် နျူကလီးယား လက်နက် ဒီဇိုင်းနာများကို လေ့ကျင့်မွေးထုတ်ပေးရာ အဓိက ကျောင်းကြီးဖြစ်ပါတယ်။ ထိုကျောင်းမှ ဓာတုနည်းပညာများ သင်ကြားလာသူများဟာ ဗိုလ်မှူးစိုင်းသိသလောက် အဓိကကျတဲ့ စက်ကိရိယာများ တည်ဆောက်တပ်ဆင်ရာတွင် အဓိက အရေးပါမည့်သူများ ဖြစ်နိုင်ခြေရှိပါတယ်။

မြန်မာပြည်ရဲ့ နျူကလီးယား reactor နဲ့ ပတ်သက်လို့ ဒါနဲ့ပတ်သက်လို့တော့ ခန့်မှန်း ပြောဆိုချက် အမျိုးမျိုးရှိပါတယ်။ သက္ကရာဇ် ၂၀၀ဝ ပြည့်နှစ်မှာ (၁၀) မီဂါဝပ်အားရှိ သုတေသနသုံး reactor တလုံးဆောက်ဖို့ ရုရှနဲ့ မြန်မာ သဘောတူခဲ့တာကတော့ ရှင်းလင်းစွာ သိကြပါတယ်။ ဒီသဘောတူကြီချက်ကို ဖုံးကွယ်မထားဘဲ ၂၀၀၈ ခုနှစ်လောက်မှာမှ ရုရှက တည်ဆောက်ရန် ရည်ရွယ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

အဲဒီ reactor ဟာ အခုထိ မတည်ဆောက်ရသေးသလို IAEA ရဲ့ အထူး သဘော တူညီချက်များအား မြန်မာဘက်မှ လက်မှတ်မထိုးမချင်း ရုရှမှ တည်ဆောက်ပေးမည့် အရိပ် အယောင်လည်း မရှိပါ။ ထို သဘောတူညီချက်အား မြန်မာဘက်မှ လက်မှတ်ထိုးမည့်ပုံလည်း မရှိပါ။ အဘယ့်ကြောင့် ဆိုသော လက်မှတ်ထိုးသဘောတူလိုက်သည်နှင့် သူတို့ ခိုးကြောင် ခိုးဝှက် လုပ်ဆောင်နေသော စီမံကိန်းများအား IAEA မှ ဝင်ရောက်စစ်ဆေးခွင့် ရရှိသွားမှာ ကြောင့်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ထို (၁၀) မီဂါဝပ် reactor ဆိုသည်မှာ နျူလက်နက် မပြန့်ပွားရေးအတွက် စိုးရိမ်စရာမရှိလောက်အောင် သေးငယ်တဲ့ အတိုင်းအတာဖြစ်ပြီး ကမာ္ဘ့နိုင်ငံအများမှာ ပုံမှန်လိုပဲ ရှိနေကြပါတယ်။ ထို reactor များကို နျူဆိုင်ရာ ပညာရပ်များ သင်ကြားရေးအတွက် အသုံးပြုနိုင်ပြီး လက်နက်ထုတ်လုပ်နိုင်သည်အထိ လိုအပ်တဲ့ ပလူတိုနီယမ် ပမာဏကို အလွယ်တကူနှင့် ချက်ချင်းထုတ်လုပ်နိုင်ရန်အတွက် အသုံးမပြုနိုင်ပါ။

IAEA မှာ ဘယ်လို reactors မျိုးဟာ ပလူတိုနီယမ်ထုပ်လုပ်ဖို့ သင့်တော်တယ်လို့ သတ်မှတ်ရန် စံနှုန်းထားများရှိပါတယ်။ အဆိုပါ (၁၀) မီဂါဝပ် reactor ဟာ ထိုစံနှုန်းများ အောက်မှာ ရှိပါတယ်။ ထိုအရွယ်အစားသည် နျူဆိုင်ရာ သင်ကြားရေးနှင့် ဆေးပညာဆိုင်ရာ radioisotopes များ ထုတ်လုပ်ရာတွင်သာ အသုံးဝင်ပါတယ်။

ကမာ္ဘတဝှမ်းမှာ အဆိုပါ reactor များကို ဒေသတွင်း ဆေးပညာဆိုင်ရာ radioisotopes များ ထုတ်လုပ်ရေးအတွက်သာ အဓိကသုံးကြပါတယ်။ အထက်ပါအချက်များကြောင့် မြန်မာဟာ ရုရှထံမှ 10 MW reactor ဝယ်ယူထားသည်ဆိုသည့် သတင်းမမှန်သကဲ့သို့ ဗုံးစီမံကိန်းအတွက် သူတို့ဘာသာ သူတို့အလားတူ စက်ရုံမျိုး တည်ဆောက်နေတယ်ဆိုတဲ့ သတင်းဟာလည်း အဓိပ္ပာယ်ကင်းမဲ့ပါတယ်။

ဖြစ်နိုင်တာကတော့ အစ္စရေးက ဖျက်ဆီးလိုက်တဲ့ ဆီးရီးယားရဲ့ reactor လို ပိုပြီးကြီးတဲ့ဟာမျိုး တည်ဆောက်ဖို့ ကြိုးစားနေတယ်ဆိုတဲ့အမြင်က ဖြစ်နိုင်ခြေရှိပြီး ပိုစိတ်ဝင်စားဖွယ် ကောင်းပါတယ်။ အဲဒီ reactor ဟာ မြောက်ကိုရီးယားက ယွန်ဗြောင်း (Yongbyon) ဒေသမှာ တည်ဆောက်ထားတဲ့ 25 MW အားရှိ ပလူတိုနီယမ်ထုတ်နိုင်တဲ့ အဆင့်ရှိတဲ့ ဟာမျိုး ဖြစ်ဖွယ်ရှိပါတယ်။

မြောက်ကိုရီးယားဟာ ဆီးရီးယားလို ဖောက်သည် နိုင်ငံမျိုးတွေကို နျူနည်းပညာနဲ့ပတ်သက်ပြီး အကူအညီပေးနိုင်တယ်ဆိုတဲ့ အချက်ဟာ မြန်မာနိုင်ငံရဲ့ နျူစီမံကိန်းတွေအကြောင်း စဉ်းစားရာမှာ စိုးရိမ်ဖွယ်ရာအချက်အဖြစ် ထည့်သွင်းရပါလိမ့်မယ်။ မြောက်ကိုရီးယားဟာ တာလတ်ပစ် ဒုံးပျံများ တည်ဆောက်ရာမှာ အကူအညီပေးမယ်ဆိုတဲ့ စစ်ရေးဆိုင်ရာ သဘောတူညီချက် ရှိပေမယ့် နျူလက်နက် စီမံကိန်းနဲ့ပတ်သက်ရင်တော့ မြောက်ကိုရီးယား ဘယ်လောက် ပါဝင်ပတ်သက်နေသလဲဆိုတာ ခန့်မှန်းပြောဆိုရတဲ့အဆင့်ပဲ ရှိနေသေးတယ်။

မြန်မာဟာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်နေသလား မြန်မာအနေနဲ့ အရေးကြီးဆုံးသောအချက်မှာ IAEA နှင့် သဘောတူညီချက်အား လိုက်နာခြင်းပင်ဖြစ်ပါတယ်။ ၁၉၉၅ မှာ အပြည်ပြည်ဆိုင်ရာ ဥပဒေစံနှုန်းနှင့် သဘောတူညီချက်များကို လိုက်နာသောအားဖြင့် နျူလက်နက်များရရှိအောင် မကြိုးပမ်းပါဟူသော သဘောတူညီချက်အား လက်မှတ် ထိုးထားခဲ့ပါတယ်။

ထိုသဘောတူညီချက်အား ဖြည့်စွက်ချက်ဖြစ်သည့် Small amount quantities protocol တွင် မြန်မာနိုင်ငံ၌ နျူဆိုင်ရာ အဆောက်အအုံပစ္စည်း လုံးဝမရှိပါဟု ကြေညာခဲ့ပါတယ်။ IAEA မှ လက်ခံခဲ့သော ထိုကြေညာချက်အရ မြန်မာပြည်တွင် နျူဆိုင်ရာ လုံခြုံရေး စစ်ဆေးမှုများ လုံးဝမရှိခဲ့ပါ။ မြန်မာနိုင်ငံဟာ လူမှုရေးရာ အထောက်အပံ့အနေဖြင့် IAEA မှ ပေးအပ်သော Scientific grant money ရရှိထားသော နိုင်ငံဖြစ်သောကြောင့် အခါအားလျော်စွာ IAEA မှ သွားရောက်ခြင်းများရှိပါတယ်။

ထို grant money မှ အချို့အား မြန်မာနျူသိပ္ပံပညာရှင်များအား နျူပစ္စည်းများ ထုတ်လုပ်နိုင်ရန် လေ့ကျင့်ပေးမှုများတွင် သုံးသော်လည်း ထိုငွေသည် grant money ၏ အနည်းစုသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ အာမခံပြောကြားချက်များအရ ၎င်းတို့ထံတွင် နျူထုတ်လုပ်နိုင်သည့် အဆောက်အအုံပစ္စည်းကိရိယာ မရှိ၊ နျူကုန်ကြမ်းအနည်းငယ်သာရှိပြီး လက်ရှိအခြေအနေမှ ပြောင်းလဲဖို့ အစီအစဉ်မရှိသေးပါဟူ၍ဖြစ်ပါတယ်။

ဗိုလ်မှူးစိုင်း၏ အထောက်အထားများအရဆိုလျှင် ယူရေနီယမ်များ တူးဖော်နေခြင်း၊ တူးဖော် ရရှိသည်များကို reactors နှင့် ဗုံးများတွင် အသုံးပြုနိုင်သော ဒြပ်ပေါင်းများသို့ ပြောင်းလဲနေခြင်း၊ နျူဗုံးပြုလုပ်ရာတွင်သာ အသုံးပြုနိုင်သော reactor နှင့် ယူရေနီယမ် သန့်စင်စက်ရုံများကို တည်ဆောက်ရန်ကြိုးစားနေခြင်း စသည်တို့ကို တွေ့ရှိရပါတယ်။

ထိုလုပ်ဆောင်ချက်များဟာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ရည်ရွယ်၍ ဆောက်လုပ်ပါသည် ဟုလည်း လုံလောက်သော ဆင်ခြေပေးရန်မဖြစ်နိုင်ပါ။ ထိုလုပ်ဆောင်ချက်များဟာ မြန်မာနိုင်ငံ၏ လက်ရှိနည်းပညာအားဖြင့် အလှမ်းဝေးသောအရာများဖြစ်ပါတယ်။ အခြေအနေများ ပြောင်းလဲသွားပြီဆိုလျှင် IAEA ကို အကြောင်းကြားရမှာက မြန်မာနိုင်ငံ၏ တာဝန်သာ ဖြစ်ပါတယ်။

သေချာတာကတော့ သူတို့သာ လျှို့ဝှက်စွာနဲ့ ဗုံးထုတ်လုပ်နိုင်ရန်ကြိုးစားနေလျှင်၊ သဘောတူညီချက်ကို ဖောက်ဖျက်နေသည်ဆိုလျှင် IAEA ကို မိမိဆန္ဒအလျောက် အကြောင်းကြားမည် မဟုတ်ပါ။ မြန်မာဟာ စင်ကာပူရှိပွဲစားများမှတဆင့် လက်နက်များ ထုတ်လုပ်ရာတွင် သုံးနိုင်သော အဆင့်မြင့် ဂျာမန်လုပ် စက်ပစ္စည်းများကို ဝယ်ယူခဲ့ခြင်း၊ ထိုစက်များဟာ အရွယ်အစားအားဖြင့် အရည်အသွေးအားဖြင့် ဝယ်ယူစဉ်က ခေါင်းစဉ် အဖြစ်သုံးခဲ့သော သင်ကြားရေးနှင့် လားလားမျှ မအပ်စပ်သော အရာများကို လုပ်ဆောင်နိုင်စွမ်း ရှိခြင်း။ ထိုစက်များကို အမည်ခံကာ ဝယ်ယူခဲ့သော သင်ကြားရေးဌာနသည် မြန်မာ အနုမြူ စွမ်းအင်ဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့နှင့် ဆက်စပ်နေခြင်း။ အဆိုပါ အရာများအား ထောက်ရှု၍ ထိုဌာနများ၊ စီမံကိန်းများနှင့် သက်ဆိုင်သူအပေါင်းတို့အား လက်နက် ထုတ်လုပ် နိုင်သော ပစ္စည်းများ မဝယ်ယူနိုင်အောင် ပိတ်ဆို့တားဆီးခြင်းများ ပြုလုပ်သင့်ပါတယ်။

မြန်မာရဲ့ နျူကလီးယားစီမံကိန်းအခြေအနေ ဘယ်လိုလဲ ကျွန်ုပ်တို့ဟာ ဗိုလ်မှူးစိုင်းယူလာသော နျူစီမံကိန်း အထောက်ထားများ၊ ဓာတ်ပုံများအား အသေအချာ လေ့လာခဲ့ကြပါတယ်။ သူတို့တွေ တွင်ဖောက်ထားတဲ့ စက်ပစ္စည်းအစိတ်ပိုင်းများရဲ့ အရည်အသွေးဟာ ညံ့ဖျင်းပါတယ်။ ဒီအစိတ်အပိုင်းတွေထုတ်ဖို့ သုံးတဲ့ ဆွဲထားတဲ့ ပုံများဟာလည်း အတော်လေးဆိုးပါတယ်။

တကယ်သာ နျူလက်နက်ထုတ်ဖို့ စီမံနေတယ်ဆိုရင် အလွန်ရှုပ်ထွေးတိကျလှတဲ့ စက်များလိုအပ်မှာဖြစ်တဲ့အတွက် အဲဒီရှုထောင့်ကကြည့်ရင်တော့ မြန်မာပြည်ဟာ အဆင်သင့် မဖြစ်သေးပါဘူး။ ဖြစ်နိုင်ခြေကတော့ ဗိုလ်မှူးစိုင်းရဲ့ အချက်အလက်တွေထဲမှာ မပြည့်စုံတာတွေ ရှိကောင်းရှိနိုင်တယ်၊ ဒါမှမဟုတ်လည်း မြန်မာပြည်ဟာ အခုမှ ပွဲစရုံပဲရှိသေးတဲ့ အခြေအနေဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုတွေ့မိသလောက် စက်ပစ္စည်းနဲ့ လိုအပ်သော ပစ္စည်းများအခြေအနေအရ သူတို့ အောင်မြင်အောင်လုပ်နိုင်ဖို့တော့ အလှမ်းဝေးနေပါသေးတယ်။ ဒါပေမယ့် သူတို့မျှော်မှန်းချက်က အရေးအပါဆုံးပါ။ သူတို့ဟာ ယူရေနီယမ်တွေ တူးဖော်နေတယ်၊ တူးဖော်ရတာတွေကို ဓာတုဗေဒ နည်းတွေနဲ့ အဆင့်မြှင့် သန့်စင်နေတယ်။ သူတို့ဟာ ပလူတိုနီယမ် ထုတ်လုပ်ဖို့ နျူကလီးယား reactor ၊ ဗုံးလုပ်နိုင်ဖို့ ယူရေနီယမ် သန့်စင်ရေး စက်ရုံတွေ ဆောက်နေတယ်။

ဒီလုပ်ဆောင်ချက်တွေဟာ သူတို့ရဲ့ IAEA နဲ့ သဘောတူညီချက်တွေကို ချိုးဖောက်နေတာ ဖြစ်ပါတယ်။ အကယ်၍ သူတို့ရဲ့ တရားမဝင်စီမံကိန်းတွေ မအောင်မြင်သေးရင်တောင် အခုသူတို့လုပ်နေတာတွေဟာ နျူလက်နက် မပြန့်ပွားရေး လုပ်ဆောင်နေကြတဲ့ နိုင်ငံတကာ အသိုင်းဝိုင်းကြားမှာ ပွဲဆူသွားစေနိုင်ပါတယ်။ IAEA ဟာ မြန်မာအစိုးရကို မေးမြန်းသင့်ပါတယ်။ သည် စွပ်စွဲချက်တွေသာ အမှန်ဖြစ်လာရင် နောက်ဆက်တွဲ မေးခွန်းတွေ၊ လေ့လာစုံစမ်းမှုတွေ လုပ်ရပါမယ်။

ဒါပေမယ့် သည်ကြိုးပမ်းချက်တွေဟာ မြန်မာပြည်က နောက်ဆက်တွဲ သဘောတူညီချက်တွေကို လက်မှတ်မထိုးလျှင် လုပ်ဆောင်နိုင်ဖို့မလွယ်ပါ။ IAEA မှာ မြန်မာနိုင်ငံကို စစ်ဆေးရန် အခွင့်အာဏာရှိမည်မဟုတ်ပါ။ မြန်မာဟာ မြောက်ကိုရီးယားနှင့် စစ်ရေး သဘောတူညီချက်အရ တာလတ်ပစ် စကဒ်ဒုံးကျည်များကိုလည်း မြောက်ကိုရီးယား အကူအညီဖြင့် တည်ဆောက်ဖို့ကြိုးစားနေပါတယ်။

ထိုစကဒ် ဒုံးကျည်များဟာ မြန်မာလုပ် နျူထိပ်ခေါင်းများ သယ်ဆောင်ဖို့တော့ ဖြစ်နိုင်မယ်မဟုတ်ပါဘူး။ အဘယ့်ကြောင့်ဆိုသော် ကနဦး နျူထိပ်ဖူးများဟာ စကဒ်ဒုံးကျည်တွင် တပ်ဆင်ရန် အလွန်မှလေးလံသောကြောင့်ဖြစ်တယ်။ ဒါပေမယ့် ထို စကဒ်ဒုံးကျည်များတွင် တပ်ဆင်ဖို့ရာထက် အိမ်နီးချင်း နိုင်ငံများအား ခြိမ်းခြောက်နိုင်ဖို့က အဓိကဖြစ်ပါလိမ့်မယ်။

မြန်မာပြည်ကို အုပ်စိုးနေသူများဟာ နိုင်ငံရေးအတွေးအခေါ်ထက် လောဘများသာ ရှိကြတဲ့ လူတစုဖြစ်ပါတယ်။ စစ်အစိုးရဟာ တိုင်းပြည်ရဲ့ ကြွယ်ဝတဲ့ ရင်းမြစ်များဖြစ်တဲ့ ကျွန်းသစ်၊ ရွှေ၊ ကျောက်စိမ်း၊ အခြား ဓာတ်သတ္တုများနှင့် ပြည်သူတို့ လုပ်အားစတာတွေကို လူတစု ကောင်းစားရေး အတွက်ပဲ ဦးစားပေး လုပ်နေသူတွေဖြစ်ပါတယ်။

သူတို့ရဲ့ နည်းပေးလမ်းပြ ဆရာ မြောက်ကိုရီးယားလိုပဲ မြန်မာစစ်အစိုးရရဲ့ နျူရည်မှန်းချက်ဟာ နိုင်ငံရပ်ခြားမှ ကျူးကျော် နှောင့်ယှက်မှုများကို နျူပိုင်ဆိုင်ခြင်းဟူသည့် ဒိုင်းဖြင့် အကာ ကွယ်ယူကာ သူတို့အတွက် လုံခြုံနေရေးပင်ဖြစ်ပါတယ်။

မှတ်ချက်။ ။ ၂၀၁ဝခု ဇွန် (၃) ရက်နေ့ ရက်စွဲဖြင့် ဒီဗွီဘီတွင် ဖော်ပြထားသည့် IAEA ဒါရိုက်တာဟောင်း Robert Kelly ရေးသားသော Expert says Burma ‘planning nuclear bomb’ မူရင်းဆောင်းပါးကို အောင်ဆန်းမန်း ဘာသာပြန်ဆိုတင်ပြပါတယ်။ (အများပြည်သူတွေ သိသင့်တယ်လို့ ယူဆတဲ့အတွက် ခေတ်ပြိုင်အင်တာနက် စာမျက်နှာမှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။)

One comment

  • zamte

    June 8, 2010 at 6:18 am

    ကျနော်က ခေတ်ပြိုင်ဝက်ဆိုဒ်ကို ဒီကနေ့ဝင်ကြည့်မိတော့ ဘာသာပြန်ထားတဲ့ နျူကလီးယား ဆောင်းပါးကို တွေ့လို့ ပရိသတ်တွေ ဖတ်ရှုနိုင်အောင် ပို့စ်အဖြစ် တင်ပြလိုက်ပါတယ်။ ပို့စ်တင်ပြီးတဲ့အချိန်မှာ အောက်ဘက်က ဆက်စပ်နေတဲ့ ပို့စ်တွေကို ကြည့်မိတော့ ကျနော့်ထက် ဦးစွာ ဒီဆောင်းပါးကို ဖော်ပြပေးထားတာ တွေ့လိုက်ရပါတယ်။ မတတ်နိုင်တော့။ ပို့စ်ကတော့ တင်ပြီးသွားပြီဖြစ်သည်။ စာဖတ်သူများကို တောင်းပန်လိုတာက ပွိုင့်များလိုချင်၍ ထပ်တင်ခြင်း မဟုတ်ပါ။ မမြင်မိလိုက်တဲ့အတွက် အခုလို ဆောင်းပါးနှစ်ခုကို ထပ်မံတင်ပြမိခြင်း ဖြစ်ပါသည်။ အဲဒီအတွက် တောင်းပန်ပါသည် မိတ်ဆွေများ။

Leave a Reply