ကျနော်နှင့် အကြောက်တရား …
ညသည် တိတ်ဆိတ်လျှက် … တစ်ချက်တစ်ချက် ပေါ်ထွက်လာသော ပုရစ်လေး
များနှင့် အခြားအကောင်ငယ်လေးများ၏ အသံကို ကြားနေရသည်…။ လမ်းမီးတို့
သည် ထိန်ထိန်လင်းလျှက် … လမ်းဘေးဝဲယာမှ အိမ်တို့သည် ပြတင်းတံခါးများကို
စေ့စေ့ပိတ်ကာ ငြိမ်သက်နေကြချေပြီ …။ ဆောင်းအကုန်အအေးဓာတ်လေးကို နွေ
လေရူးလေးက ကူညီအားဖြည့်ပေးနေသဖြင့် စိမ့်တိမ့်တိမ့်ဖြစ်လာ၍ ကျနော် အကျင်္ီဇစ်ကို
အပေါ်ရောက်အောင်ဆွဲတင်ကာ လက်နှစ်ဘက်ကို အကျင်္ီအိတ်ထဲ နှိုက်လျှက် ရွာလမ်းမ
တစ်လျှောက် ကုတ်ချောင်း ကုတ်ချောင်းနှင့်ပြန်လာနေမိသည်…။ အချိန်ကား ည ၁၁နာရီခွဲ
ချေပြီ..။ ကျနော်အလုပ်ရှိရာနှင့် ကျနော်၏နေအိမ် ( နေအိမ်ဆိုသော်လည်း အခန်းဟုပြောက
ပို၍ မှန်ကန်ပေလိမ့်မည်။) ဆယ့်ငါးမိနစ်ခန့်လမ်းလျှောက်ရ၏။ ကျနော်လမ်းမီးများ လင်းနေသော
လမ်းမကြီးအတိုင်း မှန်မှန်လျှောက်လာနေရင်း မှောင်နေသော လမ်းကြားလေးအတွင်းသို့
ကွေ့ဝင်မိရာ ကျနော့်အရှေ့ သုံးပေအကွာမှ မည်းမည်းအရာတစ်ခု ဗြုန်းခနဲ ထကာ
ရှေ့မှဖြတ်ပြေးသွား၏။ ကျနော့်မှာ ကိုယ့်အတွေးလေးနှင့်ကိုယ်မို့ ပတ်ဝန်းကျင်ကို သတိ
မထားမိချေ။ လမ်းကျဉ်းလေး၏ တစ်ဘက်မှာ မန်ကျည်းပင်ကြီးနှစ်ပင်က ယှဉ်လျှက်ပေါက်
နေ၏။ ဒီမန်ကျည်းပင်တွေရဲ့ သက်တမ်းက အနည်းဆုံး နှစ်၅ဝလောက်တော့ ရှိပေတော့မည်..။
လမ်းရဲ့တစ်ဘက်မှာ သရက်ပင်များရှိ၏။ သို့အတွက် ဤနေရာသည် မှောင်မိုက်နေခြင်းဖြစ်သည်။
ကျနော့်ရှေ့မှ မည်းမည်းအရာတစ်ခု ဖြတ်ပြေးသွားတော့ ကျနော်ကြက်သီးတွေ ဖြန်းခနဲထကာ
ခေါင်းနပန်းလည်းကြီးသွား၏။ ဟာ…ဘာကြီးလဲဟပေါ့ … ပြီးတော့ ငါ့ကို တစ္ဆေခြောက်တာ
ထင်တယ်ဟု စိတ်ထဲမှာလည်း မှတ်ချက်ဆွဲလိုက်မိသည်..။ တော်ပေသေးသည်….
ကျနော့်ရှေ့မှ ဖြတ်ပြေးသွားသော မည်းမည်းအရာက ကျနော့်ကို တဝုတ်ဝုတ်နှင့် နှုတ်ဆက်
သွားသည့်အတွက်….. ဒီအဖြစ်အပျက်လေး ကြုံတွေ့ပြီး ကျနော်အတွေးလေးဖြန့်မိသည်။
ကျနော်တို့ ရုတ်တရက် အလန့်တကြားတစ်ခုခု ကြုံတွေ့ရလျှင် အဘယ်ကြောင့် ကြက်သီး
တွေထ ခေါင်းနပန်းကြီးသွားရသနည်း ။ စိတ်ထဲတွင်ရော အဘယ်ကြောင့်ထိတ်ခနဲ ဖြစ်သွား
ကြရသနည်း။ အတွေးမပေါ်ပေမယ့်… ကျနော်ငယ်စဉ်က နားထောင်ခဲ့ရသော တစ္ဆေ သရဲ
နာနာဘာဝ စုန်း ကဝေ မှင်စာ စသည့် လူကြီးသူမများပြောပြသည့် ပုံပြင်လိုလို တကယ့်အဖြစ်
အပျက်လိုလို အရာတွေက ကျနော်တို့အတွေးတွေထဲကို ကြောက်စိတ်ထည့်သွင်းပေးလိုက်
ခြင်းကြောင့်ပေလော…။ ကျနော်တို့တောရွာဆိုသည်ကား အပင်ကြီးကြီးရှိရင် နတ်ကွန်းထား
လိုက်ကြသည်။ ဘာအတွက် အဘယ်ကြောင့်သော အယူအဆကားမသိရချေ။
ထားတော့…ကျနော်ပြောချင်သည်ကား ဒီလိုအတွေ့အကြုံလေးထဲက တွေးစရာလေးတွေ
ရစေဘို့ပါ ….။ အတွေးများနှင့် မောင်းနှင်ခြင်းလို့ခေါ်ရမလား…..ဒါမှမဟုတ်…
ကျနော်၏ အလွဲများလို့ ခေါင်းစဉ်တပ်လိုကလည်း တပ်နိုင်ပေသည်…။
ဒီလိုမှောင်မှောင်မိုက်မိုက် ညတစ်ညပေါ့ … ထိုအချိန်က ကျနော်ရှစ်တန်းကျောင်းသားဘဝ
ကျနော်သည် ကျနော့်ရွာနှင့် တစ်မိုင်ကျော်ကျော်ဝေးသော နေရာလေးတွင် ဖခင်ဖြစ်သူနှင့်
အတူ အလုပ်လုပ်ရ၏။ ထိုနေရာမှ ရွာသို့ နွားလှည်းဖြင့်လာသော် တစ်နာရီနီးပါး လာရသည်..။
တစ်ရက်ပေါ့ဗျာ … ရွာကိုကျနော် ညနေ ငါးနာရီကျော်မှာ နွားလှည်းလေးနဲ့ လာခဲ့ပါတယ်…။
ရွာကိုပစ္စည်းပို့စရာလေးတွေကိုလှည်းပေါ်တင်လို့ပေါ့..။ ရွာကနေ ကျနော်နေတဲ့နေရာဆီကိုလည်း
အိမ်ကနေလိုအပ်တဲ့ပစ္စည်းလေးတွေပြန်သယ်ဘို့ရာပါ။ ရွာရောက် ပစ္စည်းတွေချပြီး အပြန်အတွက်
ပစ္စည်းတွေပြန်တင်ပေါ့…။ ပစ္စည်းတွေမစုံလို့ ဝယ်ရပြုရနှင့်မို့ ကျနော်ပြန်မဲ့ အချိန်ဟာ ညရှစ်နာရီ
ထိုးပါတော့မယ်..။ ခင်ဗျားတို့ပြောမယ် အစောကြီးရှိပါသေးလားလို့ …။ အဲ့အချိန်က ကျနော်တို့ရွာမှာ
လျှပ်စစ်မီးမရသေးပါဘူး။ ဒီတော့ ရွာတွေမှာ ညရှစ်နာရီဆို မီးပိတ်အိပ်ကြပါပြီ။ မနက်ကိုလည်း
စောစောထပြီး လုပ်ငန်းခွင်ဝင်ကြရသေးတော့လေ။ ပြောစရာတစ်ခုကျန်နေတယ်။ ကျနော်
နေတဲ့နေရာကနေ ကျနော့်ရွာကိုလာတဲ့လမ်းမှာ ရွာတစ်ရွာကိုဖြတ်လာရသည်။ ကျနော်တို့
ရွာနဲ့ ထိုရွာကို သုဿန်တစ်ခုခြားထားသလို ထိုရွာအဆုံးမှာလည်း သုဿန်တစ်ခုရှိပြန်၏။
ကျနော်အပြန်လမ်းတွင် သုဿန်နှစ်ခုကို ဖြတ်ရသပေါ့။ ဖြစ်ချင်တော့ ကျနော်လာတဲ့ညနေ
မှာ ကျနော်ဖြတ်လာရသောရွာက ရွာသားတစ်ယောက် အုန်းပင်တက်ရာမှ ပြုတ်ကျပြီး
သေဆုံးသွားခဲ့သည်။ ထိုသို့သော သေဆုံးသူကို ရွာဓလေ့ထုံးစံအရ ရွာပြင်သုဿန်တွင်သာ
ထားရလေ့ရှိသည်။ ကျနော့်အပြန်လမ်းစကြပါစို့ဗျာ..။ ကျနော်ပြန်လာတော့ ရွာတွေမှာ မှောင်
မိုက်တိတ်ဆိတ်နေပါပြီ..။ ကျနော်နွားလှည်းလေးနဲ့ တိတ်တိတ်ဆိတ်ဆိတ် မောင်းနှင်လာမိသည်။
ပြဿနာက ကျနော်တို့ရွာနောက်က ရွာကိုကျော်ပြီး သုဿန်အရောက်မှာ စတော့တာပါပဲ..။
ရွာအပြင်ကသုဿန်ကို ကျနော်တစ်ချက်ဝေ့ကြည့်တော့ လှည်းတစ်စင်းပေါ်မှာ အုန်းပင်ပေါ်မှ
ပြုတ်ကျပြီး သေဆုံးသူကို တင်ဆောင်ထားသည်ကို မည်းမည်းသဏ္ဍန်အဖြစ်သာမြင်ရလေ၏။
ရွာပြင်သုဿန်ကို ကျနော့်နွားလှည်းလေး ဖြည်းဖြည်းကျော်လာသည်…။ ထိုသို့ကျော်ဖြတ်လာစဉ်
ကျနော့်နောက်မှ အသံတစ်ခုကြားရ၏။ တဒုတ်ဒုတ်…အသံပင် .. အသံကားခပ်ဝေးဝေးမှ
ကြားနေရပြီး တဖြည်းဖြည်းနှင့် ကျနော့်နွားလှည်းနား နီး၍ နီး၍ လာလေသည်…။
ကျနော်ကြက်သီးထလာချေပြီ..။ ကြောက်စိတ်ကလည်း လွမ်းမိုးလာ၏ …။ နွားကို ငေါက်လိုက်ပြီး
နွားနှစ်ကောင်ကျောပြင်ကို ကြိမ်းလုံးလေး ခပ်ဆတ်ဆတ်တင်လိုက်သည်..။ နွားတွေကလည်း
မှန်မှန်သွားနေရာမှ ကျနော့်လက်ချက်ကြောင့် ပြေးကြရလေသည်..။ ကျနော့်အနောက်မှ တဒုတ်ဒုတ်
သံကလည်း ထပ်ကြပ်မကွာ လိုက်ပါလာ၏။ ကျနော်သေချာ ပြန်နားစွင့်မိသည်…။ အသံကား
နီးသထက် နီးလာချေပြီ..။ ကျနော်ဆုံးဖြတ်လိုက်သည်… ဘာကောင်ဖြစ်ဖြစ် ရင်ဆိုင်လိုက်တော့
မည်ပေါ့ ..။ ဒီလိုတွေးပြီး ကျနော် နွားလှည်းကို အရှိန်လျှော့လိုက်ကာ ပုံမှန်ပဲ သွားစေလိုက်သည်..။
ဒီအခါမှာ ကျနော်ကြားနေရသော အသံသည် ကျနော့်လှည်းဘေးရောက်လာ၏။ မှောင်မှောင်မည်းမည်း
မှာ ကျနော် အသံလာရာကို အာရုံစိုက်ကြည့်လိုက်သော မည်းမည်းသဏ္ဍန်အရိပ်ကြီးကို မြင်ရသည်။
အရိပ်အရှည်ကား ခြောက်ပေခန့်ရှိချေမည်…။ ခေါင်းကြီးကလည်း အကြီးကြီးလိုမြင်ရသည်..။
ကျနော်လည်း လက်မှာ နွားနှင်တံ ကြိမ်လုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး …
တစ်စုံတစ်ခုဖြစ်လာပါက ကျနော် ဒီကြိမ်လုံးကို လက်နက်အဖြစ် အသုံးချရမည်မဟုတ်လား..။
သို့သော် ကျနော်တွေးထင်ထားသလို ကျနော့်လှည်းဘေးမှ အရိပ်မည်းကြီးက ကျနော့်အား
ဘာမှ ရန်မူခြင်းမရှိပဲ ..ကျနော့်လှည်းကိုဖြတ်ကျော်သွားလေသည်…။ သည်အခါမှာ ကျနော်
သေသေချာချာကြည့်လိုက်မှ အာလာလားးးးးးး အရိပ်မည်းကြီးက ဘာမှမဟုတ်…
ဟီးးးးးးးးးးး လူတစ်ယောက် စက်ဘီးနင်းလာခြင်းသာ .. တဒုတ်ဒုတ်အသံကား သူ့၏
စက်ဘီးနောက် ကယ်ရီယာခုံဘေးတစ်ဘက်တစ်ချက်မှာ ချိတ်ဆွဲထားသော ပလပ်စတစ်
ဆီပုံကြီးများက မြေကြီးနှင့် ထိမိနေသောကြောင့်ပင်…။ ဒီအခါမှ ကျနော်ငိုအားထက်
ရီအားသန်ဖြစ်ရလေတော့သည်…။ ကဲ..ကျနော်၏ ကြောက်စိတ်ကားးးဤသို့ ဤပုံ…
ကဲ..ဒီတော့ ကျနော် ဒီစာလေးကို မေးခွန်းလေးတွေနဲ့ အဆုံးသတ်ကြည့်ရအောင်ဗျာ…။
ကျနော်တို့ ကြောက်စိတ်တွေ ဘယ်အရွယ်က စတင်ခဲ့ကြပါသလဲ … ???
ကျနော်တို့ ကြောက်စိတ်တွေကို ဘယ်လိုတွန်းလှန်ကြမလဲ…..?????
ကျနော်တို့တွေရဲ့ ကြောက်စိတ်တွေဟာ ဘယ်ကနေ အခြေခံခဲ့သလဲ….????
ကျနော်တို့ ကြောက်သင့်တာကိုကြောက်ပြီး မကြောက်သင့်တာကို မကြောက်ပဲ
နေကြပါသလား ….???
6 comments
kyeemite
March 14, 2012 at 11:12 am
ကိုထွန်းဝင်းလတ်ရေ..
ကျနော်တို့ ကြောက်စိတ်တွေ ဘယ်အရွယ်က စတင်ခဲ့ကြပါသလဲ … ???
အမှန်ပါ..ငယ်ငယ်က လူကြီးတွေပြောပြသော သရဲပုံပြင်များကစခဲ့
တာပေါ့..ညဘက်သရဲပုံပြင်များနားထောင်ကြပြီဆိုလျှင်
နားထောင်ရင်းအရသာလဲရှိ..ကြောက်လဲကြောက်
နားမထောင်ဘဲလည်းမနေနိုင်..ကြောက်လာလို့ တဖြည်းဖြည်း
အလယ်ကောင်စုတိုးကြ…နားထောင်ပြီးပြန်တော့
အိမ်သာတောင်တစ်ယောက်ထဲမသွားရဲ…
ကျွန်တော်မှတ်မိသလောက်ဆို..၈တန်း ၉တန်းလောက်အထိကြောက်တတ်တုန်း
ကြီးလာမှစာတွေပေတွေ များများဖတ်မိလာပြီး..
ကိုယ့်ကိုယ်ကို မကြောက်အောင်မနဲသတ္တိပြန်မွေးယူရတယ်…
ပြောရရင် ခုထိတောင် နည်းနည်းတော့ ကျန်သေးတာဘဲ..
ငယ်ဘဝတစ်လျှောက်လုံး စွဲခဲ့တာကိုးဗျ…
ခုခေတ်ကလေးတွေကျတော့ အများကြီးကွာသွားပြီ..
မိဘတွေကလည်း(အများစု)အိပ်ရာဝင်သရဲပုံမပြောကြတော့ဘူး
ဒါကြောင့်ထင်ရဲ့..ကျွန်တော်တို့တုန်းကထက်ပိုသတ္တိရှိလာကြတယ်…
နောက်အလွယ်တကူမယုံလွယ်ကြတော့ဘူးဗျ..
ကျုပ်တို့တုန်းကတော့ လူကြီးပြောသမျှ အကုန်အဟုတ်မှတ်တာကလား..
အင်း..ပြောရင်းလေရှည်နေပီ…အဓိကကတော့ ကျုပ်တို့ရဲ့နောက်မျိုးဆက်
လေးတွေကို “ကြောက်သင့်တာကြောက်ပြီး မကြောက်သင့်တာမကြောက်အောင်”
လေ့ကျင့်ပျိုးထောင်ပေးဘို့ “ကျုပ်တို့တုန်းကမရခဲ့တဲ့ လွတ်လပ်ခွင့်နဲ့ မှန်ရာကို
ပြန်ပြောခွင့်” တွေပေးကြဘို့ အရေးကြီးတယ်ထင်မိပါကြောင်း။
kotun winlatt
March 14, 2012 at 1:56 pm
ဟုတ်တယ်… အစ်ကိုရေ …
ကျနော်ပြောချင်တာ.. အဲ့လိုကြောက်စိတ်တွေ ကျနော်တို့စိတ်တွေမှာ
အမြစ်တွယ်လာရတဲ့အကြောင်းကိုပါ…
နောက်မျိုးဆက်လေးတွေက ကျနော်တို့ထက် ပိုသတ္တိကောင်းကြပါတယ်..
သူတို့လေးတွေရဲ့ သတ္တိတွေကို အမှန်ကန်ဆုံး နည်းလမ်းမှာ အသုံးချနိုင်အောင်
ကျနော်တို့ ထိန်းကျောင်းပေးကြရမှာပါ…
ဒါမှသာ ကျနော်တို့နိုင်ငံဟာ ကျနော်တို့တွေ မျှော်လင့်ထားသလို
ဖြစ်လာမှာမဟုတ်လားးဗျာ….။
etone
March 14, 2012 at 2:03 pm
ကိုထွန်းဝင်းလတ်ရေ … ငယ်ငယ်က ..ပါးစပ်ပုံပြင်တွေကနေ .. ကြောက်စိတ်ကို စတင်မွေးဖွားစေတယ်လို့ ..ထင်တာပါပဲ … ။ ငယ်ငယ်ကဆို .. ဒေဝေါကြီးလာလိမ့် လို့ခြောက်လျှင် .. ကြောက်လို့ .. လူကြီးတွေ ပြောသမျှ လိုက်လုပ်ရတယ် .. တကယ်တော့ .. လူကြီးတွေကို ကြောက်တာ မဟုတ်ပဲ ဘာမှန်းမသိတဲ့ ဒေဝေါကို ကြောက်တာကြောင့်ပါပဲ … ။ ပြသနာက .. အဲ့ဒီမှာစတာပါပဲ ..လူကြီးတွေ … တခြားတဖက်လှည့်နဲ့ .. ကိုယ့်ကိုကြောက်အောင် ၊ ကိုယ်ညွှန်ပြသလိုဖြစ်အောင် မစွမ်းဆောင်ကြပါပဲ .. ဘယ်နှယ့်မရှိတဲ့ ဒေဝေါဆိုတာကြီးကို … ကြားခံခြောက်သလဲနော် …. ။
ကိုယ့်အစွမ်းစမသုံးပဲ ..ပုံပြင်ဆန်ဆန် ၊ မဟုတ်တရုတ်တွေ လျှောက်ဖောပြီးဇာတ်လမ်းဆင်ထားတော့ ..ကလေးတွေ .. စိတ်ထဲ .. သူရဲဆိုတာ အစွယ်ရှိတယ် … သဘက်ဆို … နားရွက်ကြီးကို စောင်လိုခြုံလို့ရတယ် .. တစ္ဆေဆိုတာ .. ခြေထောက်မပါဘူး ..စသဖြင့် … မမြင်ဖူးလည်းပဲ .. စိတ်ကူးယဉ်ပုံဖော်ပြီးတွေးကြောက်နေတော့တာပေါ့ … ။ အဲ့ဒါကနေပဲ .. ကြောက်တယ်ဆိုတာ .. ဘာလဲလို့ ..သိလာရတယ် .. ထင်ပါရဲ့ … ။ 🙄
kotun winlatt
March 14, 2012 at 5:26 pm
ဟုတ်တယ်..မအိတုံရေ…
လူကြီးတွေက ကလေးတွေ ဆောတာ ကစားတာကို
ကန့်သတ်ချင်တော့ မမြင်ဘူးတဲ့ တကယ်မရှိတဲ့
အရာတွေနဲ့ ခြောက်လှန့်ခဲ့ကြတော့ ကျနော်တို့
စိတ်ထဲမှာ ကြောက်စိတ်ဆိုတာကြီး စတင်ဖြစ်ပေါ်လာခဲ့ရတာပေါ့..
ကျနော်တို့က အသက်အရွယ်လေးရလာ စာလေးပေလေးဖတ်ပြီး
တွေးခေါ်မြော်မြင်မှုတွေရှိလာပြီး ဒါတွေဟာ မကောင်းဘူး
ဒီအပြုအမူတွေကို နောက်ထပ်မျိုးဆက်တွေအပေါ်ကို
ကျနော်တို့ မကျင့်သုံးမိဖို့ အရေးကြီးတယ်ထင်တာပဲဗျာ…။
Mon Kit
March 14, 2012 at 2:06 pm
မွန်ကစ်ကတော့ သရဲကို ကြောက်ဝူး…
တကယ်ရန်မူနိုင်တဲ့ သက်ရှိလူသားဘဲ ကြောက်တယ်… 🙁
kotun winlatt
March 14, 2012 at 5:31 pm
ဟုတ်ပါ….
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ..
လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ…
လူအချင်းချင်း သတ်ဖြတ်ခြင်း ကင်းရှင်းကြပါစေ…