ဆင်းရဲနည်း ချမ်းသာနည်း
ကျွန်တော် ရွာထဲက လူတွေရော အပြင်က စာဖတ်သူတွေပါ ဒီ စာအုပ်ကို မဖတ်ဖူးကြသေးရင် ဖတ်ကြည့်စေချင်တဲ့ စေတနာနဲ့ ဆရာ မြတ်ငြိမ်း ဘာသာပြန်ဆိုထားတဲ့ RICH DAD POOR DAD. ဆိုတဲ့ စာအုပ်ကို ပြန်လည် ကူးယူ ဖော်ပြပေးလိုက်ပါတယ်……..
————————————————————————————————————————————————————————-–
လိုအပ်ချက် တစ်ခုရှိနေသည်
စာသင်ကျောင်းတွေက ကလေးသူငယ်များအား လက်တွေ့လောက နှင့်ရင်ဆိုင်ဖို့ အသင့်ဖြစ်အောင် သင်ကြားပေးလိုက်ပါသလား ။ ကျွန်မ မိဘတွေ ပြောလေ့ပြောထ ရှိသည့် စကားရှိ၏ ။ “ စာကြိုးစား ၊ ဂုဏ်ထူးတွေ များများ ပါအောင်လုပ် ၊ ဒါမှ အခွင့်အရေးတွေ အများကြီးရပြီး လခ ကောင်းတဲ့ အလုပ်တစ်ခုရမယ် ” ဟူ၏ ။ သူတို့၏ ဘဝရည်မှန်းချက်မှာကျွန်မ တို့ ညီ အစ်မ နှစ်ယောက် ဘဝ အောင်မြင်ရေးအတွက် မဟာအခွင့်အရေးကြီးရရန် တက္ကသိုလ်ပညာ သင်ကြား တတ်မြောက်ဖို့ ဖြစ်၏ ။
နောက်ဆုံးတော့ ၁၉၇၆ ခုနှစ်တွင် ကျွန်မ ဖလော်ရီဒါ တက္ကသိုလ် မှ စာရင်းကိုင်ပညာ ဖြင့်ဘွဲ့ရ၏ ။ ဂုဏ်ထူးတွေ အများကြီးပါသည် ။ ကျွန်မ တို့ အုပ်စုတွင် ထိပ်ဆုံးနားက ရပ်တည် နှိုင်ခဲ့သည် ။ထို အခါ မိဘ နှစ်ပါးသည် သူတို့၏ ဘဝရည်မှန်း ချက်ကြီးအောင်မြင်သွားလေသည် ။ ဤကား သူတို့၏ဘဝ တွင် လက်ခမောင်း ခတ်ရမည့် ပေါက်မြောက် အောင်မြင်မှုကြီး ဖြစ်၏ ။ သူတို့၏ “ မဟာစီမံကိန်း ” အတိုင်း ကျွန်မ “ကြီး ၈ ကြီး ” စာရင်းကိုင် အဖွဲ့မှာ အလုပ်ဝင်သည် ။ တည်တံ့ ခိုင်မြဲသော ဝမ်းကျောင်း အလုပ်ကို လုပ်ပြီး စောစောစီးစီးအနားယူနိုင်ဖို့ ကျွန်မ မျှော်လင့်ထားသည် ။
ကျွန်မ ယောကျင်္ား မိုက်ကယ် လည်း သည်လမ်းကြောင်းအတိုင်းလိုက်သည် ။ ကျွန်မ တို့ နှစ်ယောက် အလုပ်ကြိုးစားသော ၊ ဝင်ငွေ သင့်တင့် လျှောက်ပတ်စွာရသော၊ အလုပ်ကို တန်ဖိုးထားလေးစားတတ်သော မိသားစုမှ ပေါက်ဖွားလာသူများချည်း ဖြစ်၏ ။ မိုက်ကယ်လည်း ဂုဏ်ထူးတွေ တစ်သီ ကြီးဖြင့်ဘွဲ့ရသည် ။သို့သော် သူက နှစ်ထပ်ကွမ်း ဘွဲ့ရသူ ။ ဦးစွာ အင်ဂျင်နီယာ ဘွဲ့ ၊ နောက်ဥပဒေ ကျောင်းမှ ။ သူ့အား ဝါရှင်တန် ဒီစီ မှ နာမည်ကြီး ဥပဒေ အဖွဲ့ တစ်ဖွဲ့က ချက်ချင်း လို အလုပ်ခေါ်ခန့်သည် ။သူက မူပိုင်ခွင့် မှတ်ပုံတင်ဥပဒေ ရေးရာ များကို ကိုင်တွယ်သည် ။ သူ့အနာဂတ် ဘဝ လမ်းကြောင်းက ဖြောင့်ဖြူးသလို ရှိနေပြီ ။ ပီပြင် ခိုင်မာသော ဝမ်းကြောင်းလုပ်ငန်း တစ်ခု ရှိနေပြီ ။ သူလည်း အသက်ငယ်ငယ် နှင့် လုပ်ငန်းခွင်မှ အနားယူခွင့်ရဖို့ သေချာသလောက်ရှိနေပြီ ။
ကျွန်မတို့ နှစ်ယောက်စလုံး ဝမ်းကြောင်းလုပ်ငန်းတွင် အောင်မြင်ကြ၏။ သို့ပေမယ့် မှန်းချက်နှင့် နှမ်းထွက်က တခြားစီ ဖြစ်နေ၏ ။ ကျွန်မ တို့ နှစ်ယောက်စလုံကြောင်းကျိုး ခိုင်လုံစွာဖြင့် ဋ္ဌာန တွေ ပြောင်းကြ၏ ။ရာထူးတွေ ပြောင်းကြ၏ ။သို့သော် ကျွန်မ တို့ အတွက် အငြိမ်းစား စီမံကိန်းတွေ စီစဉ်ပေးထားတာမရှိ ။ အငြိမ်းစားရန်ပုံငွေ ဆိုသည်မှာ ကျွန်မ တို့ တစ်ဦးချင်း ထည့်ဝင်ငွေကြောင့်သာ ပမာဏ ကြီးထွားလာခြင်းဖြစ်၏ ။
မိုက်ကယ်နှင့် ကျွန်မ တို့ အိမ်ထောင်ရေးက သာယာသည် ။ ချစ်စရာ ရင်သွေးသုံးရောက် ထွန်းကားခဲ့ပြီ ။ ဤစာကိုရေးနေချိန်တွင် အကြီးနှစ်ယောက်က ကောလိပ် တက်နေပြီး အငယ်က အထက်တန်းကျောင်း တက်နေပြီ ။ ကျွန်မ တို့၏ ရင်သွေးကလေးတွေ လက်လှမ်း မှီ သ၍ ကောင်းပေ့ ၊ ညွန့်ပေ့ ဆိုသည့် ပညာတွေ သင်ယူနိုင်ဖို့ ကျွန်မ တို့ ငွေတွေ သောက်သောက် လဲ ပုံအော သုံးစွဲခဲ့ကြ၏ ။
တစ်နေ့ . . . . ၁၉၉၆ ခုနှစ်ထဲတွင် သားတော်မောင် တစ်ယောက် သည် စာသင်ကျောင်းနှင့် ပတ်သက်၍ အထင်မှား အမြင်မှားတွေ ဖြစ်ပြီး အိမ်ပြန်လာသည် ။ သူက စာသင်ရတာကို ငြီးငွေ့လာပြီ ၊ စိတ်ပျက်လာပြီ ဖြစ်၏ ။
“ လက်တွေ့ဘဝမှာ ကျွန်တော် ဘယ်တော့မှ အသုံးမချ မဲ့ ဘာသာရပ်တွေကို ကျွန်တော်ဘာဖြစ်လို့ အချိန်ကုန်ခံပြီး သင်ယူနေရမှာလဲ မေမေ ”
“ ဘာဖြစ် လို့လဲ ဆိုတော့ မင်းကျောင်းမှာ အဆင့်ကောင်းကောင်း မရရင် ကောလိ်ပ်တက်ခွင့် မရမှာ ကြောင့်ပေါ့ ” ဟု ကျွန်မ မဆိုင်းမတွ ဖြေလိုက်၏ ။
“ ကျွန်တော် ကောလိပ်ကို သွား သွား ၊ မသွား သွား ကျွန်တော်ကတော့ သူဋ္ဌေး ဖြစ်လာမှာပဲ ”
“ မင်းကောလိပ်က ဘွဲ့မရရင် ရာထူးကြီးကြီး မရဘူး ၊ ရာထူးကြီးကြီး မရတဲ့ နောက်မှာ မင်းဘယ်လိုလုပ်ပြီး သူဋ္ဌေးဖြစ် လာနှိုင်မှာလဲ ”
မိခင် တစ်ဦး၏ ပူပန်သောက ဖြင့် ကျွန်မ ချောက်ချောက် ခြားခြား ပြန်ပြောလိုက်၏ ။ သားတော်မောင်က ပြုံးစိစိ လုပ်သည် ။ နည်းနည်း ကလေး စိတ်ပျက်သွားဟန်ဖြင့် ခေါင်း ကို ဖြည်းလေးစွာ ခါယမ်းသည် ။ ကျွန်မ တို့ သည် အကြောင်းကို ယခင်ကလည်း အကြိမ်ကြိမ် ပြောခဲ့ဖူးကြပြီ ။ သူက ခေါင်းကို ငုံ့ပြီး မျက်လုံးတွေကို ကလယ် ကလယ် လုပ်သည် ။ မိခင် တစ်ဦး၏ အမျှော်အမြင် ရှိသည် ့ စကားလုံးတွေ သူ့နားထဲ မဝင်ပြန်။
သားကလေးက ပါးရည်နပ်ရည် ရှိ သည် ။ စိတ်မာသည် ။ သို့ပေမယ့် သူက ယဉ်ကျေးလိမ္မာပြီး မိမှန်းဘမှန်း သိတတ်သူကလေးပါ ။
“မေမေရယ်. . . ” သည် တစ်ချီတော့ သင်ကြားပို့ချမှုကို နာခံရမည့်သူက ကျွန်မ ဖြစ်သွားပြီ ။ “ ခောတ်နဲ့ အမီ လိုက်စမ်းပါ လောကကြီးကိုလေ့လာကြည့်စမ်းပါဦး ။ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေ ချမ်းသာလာကြတာ သူတို့ရဲ့ ကျောင်းပညာ ရေးတွေကြောင့်မှ မဟုတ်တာဘဲ မေမေရဲ့ ။ မိုက်ကယ် ဂျော်ဒန် ကိုကြည့်၊ မက်ဒေါနား ကိုကြည့် ။ ဟားဗတ် တက္ကသိုလ်တောင် ပြီးအောင် မတက်နိုင် တဲ့ ဘီလ်ဂိတ်တောင် မိုက်ကရိုဆော့ဖ် ကိုတည်ထွင်နိုင်သေးတာပဲ ။ ခုဆိုရင် အမေရိကားမှာ အချမ်းသာဆုံး စာရင်ထဲ ဝင်နေပြီ ။ ကျပ်မပြည့်ဘူး လို့ တံဆိပ်တပ် ခံထားရပေမယ့် တစ်နှစ်ကိုဒေါ်လာ လေးသန်းလောက်ရနေတဲ့ ဘေ့စ်ဘော ကစားသမား တစ်ဦး ရှိတယ်လေ ”
သားအမိ နှစ်ယောက် တော်တော်ကြီးကြာအောင် နှုတ်ဆိတ်နေမိကြ၏ ။့ကျွန်မ တဖြည်းဖြည်း အမြင်မှန် ရလာပြီ ။ ကျွန်မ သည် ကျွန်မ မိဘတွေ၏ သွန်သင်ညွန်ပြ ချက်ကိုပင် သားငယ်အား ထပ်မံ သွန်သင်ညွန်ပြ နေမိပါကလား ။ ကျွန်မတို့ ပတ်ဝန်ကျင်ရှိ ကမ္ဘာကြီးပြောင်းလဲ နေပြီ ။ ကျွန်မတို့ ဆုံးမ ဩဝါဒ တွေ မပြောင်းလဲသေး ။
စာကောင်းကောင်း သင်ပြီး အဆင့်တွေ ကောင်းကောင်းရအောင် ကြိုးစားအားထုပ်ခြင်းသည် အောင်မြင်မှုရဖို့ အာမခံချက်မပေးနိုင်တော့ ။ သည် အချက်ကို ကျွန်မတို့၏ ကလေးတွေက လွဲပြီး ဘယ်သူမှ သတိပြုမိပုံမရ ။
“ မေမေ . . . ကျွန်တော်က မေမေ နဲ့ဖေဖေတို့လို ခေါင်းမဖော်နိုင်လောက်အောင် အလုပ်မလုပ်ချင်ဘူး မေမေ ရဲ့ ။ မေမေ တို့ ပိုက်ဆံတွေ အများကြီးရပါတယ် ။ ကျွန်တော်တို့လည်း ကစားစရာ အရုပ်တွေ တစ်ပုံကြီးနဲ့ ဧရာမ အိမ်ကြီးထဲမှာ နေကြရပါတယ် ။ တစ်ကယ်လို့ မေမေ တို့ရဲ့ အကြံပေးချက်အတိုင်း လိုက်လုပ်မယ် ဆိုရင် ကျွန်တော်လည်း မေမေတို့လို ဖြစ်သွားလိမ့်မယ် ။ အလုပ်ကို ပိုပိုပြီး ခါးချိုး လုပ် ။ အဲဒီ လို လုပ်ရတာဟာ အခွန်အခ တွေ ပိုပေးဖို့ နောက်ပြီး ကြွေးတွေ တင်ပြီး လုုံးလည် ချာလည် လိုက်ဖို့လေ ။ ခုချိန်မှာ အာမခံချက် ရှိတဲ့ အလုပ်ဆိုတာ မရှိတော့ဘူး ။လုပ်ငန်း ကျစ်လစ်အောင် လုပ်နေတာတွေ ၊ လူလျှော့နေတာတွေကို ကျွန်တော် သိနေတာပဲဟာ ။မေမေတို့ ခောတ်က ဘွဲ့ရတွေ လခ ရသလောက် ဒီခောတ် ဘွဲ့ရတွေ လခ မရတော့ဘူး ဆိုတာ ကျွန်တော် သိတယ် ။ ဆရာဝန်တွေကို ကြည့်လေ ။ သူတို့ ဟိုတုန်းကလောက် ငွေ များများ စားစား မရတော့ဘူး ။ ကျွန်တော် လူမှု ဖူလုံရေး ထောက်ပံ့ ငွေကို အားမကိုးချင်ဘူး ။ ဒီတော့ ကျွန်တော့် အတွက် အဖြေ သစ်တွေ လိုလာပြီ ။ ”
ဆက်လက်ဖော်ပြ ပေးပါမည် ။ ။
ချစ်ရင်ထူး
10 comments
တွတ်ပီ
March 18, 2012 at 9:45 am
ကောင်းပါတယ်.
ဆက်ရေးပေးပါနော်
စောင့်ဖတ်ပါ့မယ်
စာအုပ် နာမည်လေး အတိအကျ ပြောပြပေးပါလား
ကိုရင်မောင်
March 18, 2012 at 11:54 am
ချစ်ရင်ထူးရေ
တကယ်အနှစ်ရှိတဲ့စာအုပ်ပါ
ဆက်ရေးပါစောင့်အားပေးနေပါတယ်…
windtalker
March 18, 2012 at 2:03 pm
ဖတ်ရှုလေ့လာသင့်သော အကြောင်းအရာများကို ဝတ္ထုလို ရေးထားသော ဖတ်ဖို ့ပိုစိတ်ဝင်စားရတယ် ဗျာ ။
နောက်ဆက်တွဲတွေကိုလည်း မြန်မြန်လေးတင်ပေးပါဗျို ့
a me
March 18, 2012 at 5:50 pm
ချစ်ရင်ထူး နှစ်ရှင့် စားတွေ အများကြီးမရေးပါနဲ့ အေမီ လိုက်မဖတ်နိုင်လို့ပါ
နွေဦး
March 18, 2012 at 10:16 pm
ချစ်ရင်ထူး ၂ ခင်ဗျား….
တအုပ်လုံးရေးတင် မှာလားဟင်?
padonmar
March 19, 2012 at 1:18 am
စာအုပ်လေးကောင်းပါတယ်။ကျေးဇူးပါ။
ဆင်းရဲဖေဖေ ချမ်းသာဖေဖေ နဲ့ တူတူပဲမလား။
တစ်ခါတင်ရင် ဒီထက် ရှည်ရှည်လေး တင်ပေးပါလား။
Khin Latt
March 19, 2012 at 4:39 am
စောင့်ဖတ်နေပါတယ်ဟေ့။ မြန်မြန်လေး နဲ့ များများလေး။ 🙂
MaMa
March 19, 2012 at 8:03 am
နည်းများ ပေးမလားလို့ …..
အတွေးတွေချည်းပဲ ပေးသွားတယ်။ 🙁
ချစ်ရင်ထူးနှစ်
March 19, 2012 at 4:16 pm
နည်းဆိုတာက ပေးလို့မရဘူးလေ. . .
တစ်ယောက်နဲ့ တစ်ယောက် တူတာမှ မဟုတ်တာ မမ ကလည်း. .
——————————————————————————————————————-
တစ်ယောက်က တိုတို ရေး/ တစ်ယောက်က ရှည်ရှည် ဆိုတော့ မတိုမရှည် လေးပဲ ရေးတော့မယ်
——————————————————————————————————————-
ဆင်းရဲဖေဖေ ချမ်းသာဖေဖေ နဲ့ အတူတူပါပဲ ခင်ဗျာ
——————————————————————————————————————-
တစ်အုပ်လုံးရေးပေးချင်ပါတယ်ခင်ဗျာ ဒါပေမယ့် . . .
Oakar Bo
March 19, 2012 at 4:57 pm
ဆင်းရဲသောဖေဖေ နဲ့ ချမ်းသာသောဖေဖေ ကျွန်တော့် ဘဝကို တစ်ဆစ်ချိုးကွေ့ခဲ့စေသော အရမ်းကောင်းတဲ့စာအုပ်လေးပါ။ လွန်ခဲ့တဲ့ ခုနှစ်နှစ်လောက်က (တက္ကသိုလ်ဝင်တန်းအောင်ပြီးကာစ) ဖတ်ခဲ့ဖူးပါတယ်။ ဒီစာအုပ်သာ မဖတ်ခဲ့ဖူးဆိုရင် ကျွန်တော်လည်း ဒီအချိန်မှာ ကြွေးတွေနဲ့ လုံးလည် ချာလည်လိုက်နေမယ့် ဝန်ထမ်း တစ်ယောက်ဖြစ်ခဲ့မှာပါ။ ဒီစာအုပ်ရေးသားသူနဲ့ ဘာသာပြန်ဆရာ မြတ်ငြိမ်း ရဲ့ကျေးဇူးကြောင့် ကျွန်တော် လမ်းမှန်ကို ရွေးချယ်နိုင်ခဲ့ပါတယ်။ အခုအချိန်ထိ စီးပွားရေးလောကထဲမှာလည်း စာအုပ်ထဲက အချက်အလက်တွေက အသုံးဝင်နေဆဲပါဘဲ။ ကိုချစ်ရင်ထူးနှစ် အနေနဲ့ တစ်အုပ်လုံး ပြန်လည်ဖော်ပြပေးနိုင်မယ်ဆိုရင် မဖတ်ရသေးတဲ့ ရွာသူ ရွာသားတွေအတွက် အရမ်းအကျိုးရှိမှာပါ။