ဆန်နီနေမင်းနဲ့ ဘာသာရေးဆွေးနွေးမှု စောဒက သောဒနာများ
ဘာသာခြားကမေးရင်း ဘယ်လိုဖြေမလဲ အမေးအဖြေကိုဖတ်ရှု့ရပြီး ဘာသာခြားများမှ ဦးဇင်းအား သူတို့မရှင်းလင်းတာများ ထပ်မံမေးမြန်းလာသဖြင့် ဘာသာရေးဆွေးနွေးမှုများ ပြုလုပ်ပေးလိုက်ပါတယ်။ အနက်ရောင်များသည် ဦးဇင်းအရင်ဖြေထားတဲ့စာများဖြစ်ပြီး အပြာရောင်စာများသည် ထပ်မေးလာတဲ့ မေးခွန်းများ၊ အနီရောင်သည် ဦးဇင်းခုထပ်ဖြေပေးတဲ့စာများ ဖြစ်ပါတယ်။
ဖြေ။ ။ ကမ္ဘာမြေ၊ လ၊ နေ၊ လူစတဲ့အရာတွေဟာ လောကကြီးထဲမှာ ဖြစ်ပျက်နေတဲ့ သဘာဝတရားတွေမို့ တစ်စုံတစ်ယောက်မှ ဖန်ဆင်းထားတာ မဟုတ်ပါဘူး။ လောကမှာရှိတဲ့ အရာတွေဟာ အကြောင်းကြောင့် အကျိုးဖြစ်ပေါ်လာတဲ့ အရာတွေကြီးပါပဲ။ ရှေးယခင် အချိန်ကာလများစွာက နေ၊ လတို့ မဖြစ်ပေါ်သေးတာတွေ ရှိခဲ့ပါတယ်။ အဲဒီအခါတုန်းက နေလတို့ မရှိတဲ့အတွက် ကမ္ဘာလောကကြီးဟာ အမှောင်ထုကြီးပဲ တည်ရှိနေခဲ့ရတာပါ။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ နေလတို့ ဖြစ်ပေါ်လာတဲ့အခါကျမှ ကမ္ဘာပေါ်မှာ အလင်းရောင်တွေ ဖြစ်ပေါ်လာခဲ့ ပါတယ်။ အဲဒီလို နေတွေလတွေပေါ်လာလို့ အလင်းရောင်ရရှိခဲ့တဲ့ အခါကျမှသာလျှင် နှစ်၊ လ၊ ရက်၊ ရာသီဥတုတွေကို လူတွေက သတ်မှတ်လာခဲ့ကြတာပါ။
စောဒက။ ။ ဒါဆို နေတို့လတို့က ကမ္ဘာမှာ လူတွေဖြစ်ပြီးမှ ဖြစ်လာတာပေါ့။ အဲ့ဒါတွေက ဘယ်လိုသော နေတို့ လတို့ ဖြစ်စေဘို့ဆိုတဲ့ အကျိုးဆက်ဆိုတာများက ဘယ်လိုအကြောင်းရင်းခံ ရှိခဲ့ပါသလဲ။ ဆက်လက် ဆွေးနွေးပေးနိုင်မလား။
သောဒနာ။ ။ နေတို့ လတို့ဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီး အဂ္ဂညသုတ်မှာ မြတ်စွာဘုရား ရှင် ဟောကြားတော်မူခဲ့တာရှိပါတယ်။ အဲဒါကို ဒကာတော်အနေနဲ့ လေ့လာမယ်ဆိုရင် ဒကာတော်မေးထားတဲ့ မေးခွန်းအတွက်လည်း အဖြေရပြီးသားဖြစ်သွားမယ်လို့ ထင်ပါတယ်။ ဒါကြောင့် အဂ္ဂညသုတ်မှာပါတဲ့ နေတို့လတို့ဖြစ်ပေါ်လာပုံနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးကို ရွေးပြီးဖော်ပြပေး လိုက်ပါတယ်။
ရှည်သောကာလလွန်လတ်သော် တစ်ရံတစ်ခါ၌ ဤလောကသည် ပျက်၏၊ လောကပျက်လတ်သော် သတ္တဝါတို့သည် များသောအားဖြင့် အာဘဿရဘုံ၌ ဖြစ်ကုန်၏၊ ထိုသူတို့သည် ထို(ဘုံ)၌ (ဈာန်)စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သိမ့်ခြင်း ‘ပီတိ’လျှင် အစာရှိကုန်၏၊ မိမိတို့ကိုယ်ရောင်ဖြင့် လင်းလျက်ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊ တင့်တယ်သောနေရာရှိကုန်၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။
ရှည်သောကာလလွန်လတ်သော် တစ်ရံတစ်ခါ၌ ဤလောကသည် တည်၏၊ ထိုအခါသည် ရှိသည်သာတည်း၊ လောကဖြစ်လတ်သော် သတ္တဝါတို့သည် များသောအားဖြင့် အာဘဿရဘုံမှ စုတေ၍ ဤ (လူ့ဘုံ)သို့ ရောက်လာကုန်၏။ ထိုသူတို့သည် ဤလူ့ဘုံ၌ (ဥပစာရဈာန်) စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သိမ့်ခြင်း ‘ပီတိ’လျှင် အစာရှိကုန်၏၊ မိမိတို့ကိုယ်ရောင်ဖြင့် လင်းလျက်ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊ တင့်တယ်သောနေရာရှိကုန်၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။
ထိုအခါ (စကြဝဠာကုဋေတစ်သိန်းလုံးသည်) တစ်ခုတည်းသော ရေပြင်ကြီးသာ ဖြစ်၏၊ မှောင်အတိဖြစ်၏၊ တစ်ခဲနက် မှောင်အတိဖြစ်၏၊ လနေတို့သည် ထင်ရှားမရှိကုန်၊ နက္ခတ်တာရာ့သဏ္ဌာန်တို့သည် ထင်ရှားမရှိကုန်၊ ညဥ့်နေ့တို့သည် ထင်ရှားမရှိကုန်၊ လ, လခွဲတို့သည် ထင်ရှားမရှိကုန်၊ ဥတု, နှစ်တို့သည် ထင်ရှားမရှိကုန်၊ မိန်းမ, ယောက်ျားတို့သည် ထင်ရှားမရှိကုန်၊ သတ္တဝါတို့သည် ‘သတ္တဝါ’ ဟူ၍သာ ခေါ်ဝေါ်ခြင်းသို့ ရောက်ကုန်၏။
ရှည်သော ကာလလွန်လတ်သော် တစ်ရံတစ်ခါ၌ ထိုသတ္တဝါတို့အား အရသာနှင့် ပြည့်စုံသော မြေဆီ သည် ရေ၌ ထက်ဝန်းကျင်အနှံ့ တည်၏၊ ဥပမာ ပူသောနို့သည် အေးသည်ရှိသော် အထက်၌ အမြှေးဖြစ်သကဲ့သို့၊ ဤအတူ မြေဆီသည် ထင်ရှားဖြစ်၏၊ ထို (မြေဆီ)သည် အဆင်းနှင့် ပြည့်စုံ၏၊ အနံ့နှင့် ပြည့်စုံ၏၊ အရသာနှင့် ပြည့်စုံ၏၊ ထောပတ်ဆီဦးသည် (အဆင်းနှင့်) ပြည့်စုံသကဲ့သို့၊ ဤအတူ အဆင်းနှင့် ပြည့်စုံ၏၊ (ပျားချေးစသည့်) အပြစ်ကင်းသော ပျားငယ်ရည်သည် အရသာနှင့် ပြည့်စုံသကဲ့သို့၊ ဤအတူ အရသာနှင့် ပြည့်စုံ၏။
ထိုအခါ လျှပ်ပေါ်သော သဘောရှိသော သတ္တဝါတစ်ယောက်သည် ”အချင်းတို့ ဤအရာသည် အဘယ်သို့ အရသာ ဖြစ်လိမ့်မည်နည်း”ဟု မြေဆီကို လက်ချောင်းဖြင့် (ယူ၍) လျက်၏၊ မြေဆီ ကို လက်ချောင်းဖြင့် (ယူ၍) လျက်သော ထိုသတ္တဝါအား (အရသာသည် ခုနစ်ထောင်သော အကြောတို့ကို) ပျံ့နှံ့၍ တည်၏၊ ထိုသတ္တဝါအား တပ်ခြင်း တဏှာသည်လည်း ဖြစ်၏။ တစ်ပါးသော သတ္တဝါတို့သည်လည်း ထိုသတ္တဝါကို အတုလိုက်၍ မြေဆီကို လက်ချောင်းဖြင့် (ယူ၍) လျက်ကုန်၏၊ မြေဆီကို လက်ချောင်းဖြင့် (ယူ၍) လျက်ကုန်သော ထိုသတ္တဝါတို့အား (အရသာသည် ခုနစ်ထောင်သော အကြောတို့ကို) ပျံ့နှံ့၍ တည်၏၊ ထိုသတ္တဝါတို့အား တပ်ခြင်း တဏှာသည်လည်း ဖြစ်၏။
ထို့နောက် ထိုသတ္တဝါတို့သည် မြေဆီကို လက်တို့ဖြင့် အလုတ်အလွေးပြု၍ စားရန် အားထုတ်ကုန်၏၊ ထိုသတ္တဝါတို့သည် မြေဆီကို လက်တို့ဖြင့် အလုတ်အလွေးပြု၍ စားရန် အားထုတ်ကြသောအခါ ထိုသတ္တဝါတို့အား မိမိတို့ ကိုယ်ရောင်သည် ကွယ်၏၊ မိမိတို့ ကိုယ်ရောင် ကွယ်သည်ရှိသော် လနေတို့ ထင်ရှားဖြစ်ကုန်၏၊ လနေတို့ ထင်ရှားဖြစ်ကုန်သော် နက္ခတ် တာရာတို့ ထင်ရှားဖြစ်ကုန်၏၊ နက္ခတ် တာရာ သဏ္ဌာန်တို့ ထင်ရှားဖြစ်ကုန်သော် ညဥ့်နေ့တို့ ထင်ရှားဖြစ်ကုန်၏၊ ညဥ့်နေ့တို့ ထင်ရှားဖြစ်ကုန်သော် လ, လခွဲတို့ ထင်ရှားဖြစ်ကုန်၏၊ ဥတု, နှစ်တို့ ထင်ရှားဖြစ်ကုန်၏။ ဤမျှသော အပိုင်းအခြားဖြင့် ဤလောကသည် တစ်ဖန် ဖြစ်၏။
ဗုဒ္ဓဘာသာတို့ရဲ့ အယူအဆအတိုင်း အကြောင်းကြောင့် အကျိုးဖြစ်လာတာလား၊ ဖန်ဆင်းရှင်ဝါဒတို့ရဲ့ ဖန်ဆင်းထားလို့ အရာဝတ္ထု လူတွေ ဖြစ်လာတာလားဆိုတာကို ရှင်းလင်းနားလည်အောင် ဥပမာပေးလေးတစ်ခုနဲ့ နှိုင်းယှဉ်ပြောပြပေးပါမယ်။ မောင်နီဆိုတဲ့ လူတစ်ယောက် ဖြစ်လာတာဟာ ဖန်ဆင်းရှင်က ဖန်ဆင်းပေးလို့ ဖြစ်လာတာလား။ သူ့ရဲ့မိဘနှစ်ပါး အတူအိပ်ခဲ့ကြလို့ ဒါမှမဟုတ် သူတို့ရဲ့ သွေးသားတွေ ရောစပ်ပေးလိုက်လို့ ဖြစ်လာ တာလားဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ အဲဒီလိုစဉ်းစားကြည့်မယ်ဆို ရင် ဘယ်ရာမဆို အကြောင်း တရားမရှိဘဲ အကျိုးတရားဖြစ်မလာနိုင်ဘဲနဲ့ အကြောင်းကြောင့် အကျိုးတရားရလာဒ်များ ပေါ်ပေါက်လာတယ်ဆိုတာ သိသာထင်ရှားစွာ သိမြင်လာပါလိမ့်မယ်။ ဒါဆို လောကရှိအရာများဟာ ဘယ်သူမှ ဖန်ဆင်းပေးလို့မဟုတ်ဘဲ အကြောင်းတရားရှိခြင်းကြောင့် အကျိုးတရားတွေ ဖြစ်လာတဲ့အရာတွေဆိုတာ သိလောက်မယ် ထင်ပါတယ်။
ဥပမာလေးက လတ်တစ်လော မှန်သလိုလို ရှိပေမယ့်- ကွန်ပြူတာတစ်ခု ဖြစ်စေဘို့ အပိုင်းအစများကို တစ်ခုချင်းတပ်ဆင်ပေးတဲ့ ကွန်ပြူတာ စက်ဆင်ဆရာကြောင့်သာ ကွန်ပြူတာ ဖြစ်လာရတာပါ။ ကွန်ပြူတာကို တီထွင်သူမရှိခဲ့ဘူးလို့ ဆိုလိုနေသလို ဖြစ်မနေဘူးလား။ ဒီလိုမျိုးဆိုရင် ကွန်ပြူတာတစ်ခုကို တီထွင်ပေးလိုက်ရတဲ့ မူလဘူတ တီထွင်ပညာကို ကျေးဇူးမဲ့ရောက်ရာ ရောက်မနေဘူးလားလို့ ဆက်လက်ဆွေးနွေးလိုပါတယ်။
စာတစ်ခုကို ဖတ်တဲ့အခါမှာ အတွေးလွန်ခြင်းနဲ့အတွေးခေါင်ခြင်းဆိုတဲ့ အစွန်းနှစ်ဘက်ကို ရှောင်ကြဉ်ရပါ တယ်။ အကြောင်းကြောင့် အကျိုးဖြစ်ပေါ်လာတယ်ဆိုတဲ့ နိယာမအနေနဲ့ကြည့်မယ်ဆိုရင် ဒကာမေးထားတဲ့ ကွန်ပျူတာတီထွင်သူမရှိဘူးဆိုတဲ့ မေးခွန်းကထပ်ဆင့်မေးစရာတောင် လိုမည်မထင်ပါ။ ကွန်ပျူတာကို တီထွင်လိုက်တဲ့ပညာရှင်ကြောင့် ကွန်ပျူတာဆိုတဲ့အရာပေါ်ပေါက်လာတယ်။ သူတီထွင်လိုက်တာက အကြောင်း၊ ကွန်ပျူတာဖြစ်ပေါ်လာခြင်းက အကျိုးဆက်ပါ။ ပညာရှင်တစ်ယောက်က တီထွင်မှုဆိုတဲ့အကြောင်းမရှိဘဲ ကွန်ပျူတာဖြစ်ပေါ်လာပါသလား? နောက်ပြီးဘုရားသခင်က ဖန်ဆင်းတယ်ဆိုရင် ပညာရှင်က မလုပ်ဘဲ ဘုရားသခင်ဖန်ဆင်းလို့ သူ့အလိုလို မိုးပေါ်ကကျလာသလိုမျိုး ကွန်ပျူတာဖြစ်ပေါ်လာတာလား? နောက်ပြီး ဘုရားသခင်ဖန်ဆင်းတယ်ဆိုရင် ပညာရှင်တစ်ဦးဦးက ကွန်ပျူတာမတီထွင်ခင်အချိန်က ဘာဖြစ်လို့ ဘုရားသခင်က မဖန်ဆင်းတာလဲ? ဒီလိုပြောဆိုနေတာတွေက ဘုရားသခင်ကိုဖြစ်စေ၊ ဖန်ဆင်းရှင်ဝါဒကိုဖြစ်စေတိုက်ခိုက်ချင်လို့ ပြောဆိုတာမဟုတ်ပါဘူး။ ဒကာတော်ပြောတဲ့ ဥပမာနဲ့ပဲ ဒကာတော်ကိုပြန်ပြီး မေးခွန်းထုတ်တဲ့သဘောပါ။ ဦးဇင်းတို့အနေနဲ့ သိပ္ပံပညာရှင်စတဲ့ပညာရှင်တစ်ယောက်ယောက်က အရာဝတ္ထုပစ္စည်းတစ်ခုကို တီထွင်လိုက်လို့ အရာဝတ္ထုတွေဖြစ်ပေါ်လာတာကို ယုံကြည်လက်ခံပါတယ်။ လက်တွေ့လည်း ကျပါတယ်။ ဘုရားသခင်က ဖန်ဆင်းလို့ဖြစ်ပေါ်လာတာကို လက်မခံတာပါ။ အဲဒါကို ခွဲခြားပြီးနားလည်စေချင်ပါတယ်။
အရာအားလုံးမှာ အတိတ်၊ မျက်မှောက်ဆိုတဲ့ ကြောင်းကျိုး လှုပ်ရှားပြုလုပ်မှုတွေကြောင့် ပျော်ရွှင်မှုတွေ၊ စိတ်ဆင်းရဲမှုတွေ ဖြစ် လာကြတာပါ။ မိမိက ပျော်ရွှင်အောင်လုပ်ခဲ့မယ်ဆိုရင် မိမိထံမှာ ပျော်ရွှင်မှုတွေ ရောက်လာမှ ဖြစ်ပြီး မိမိက သူတစ်ပါးစိတ်ထိ ခိုက်အောင် လုပ်ခဲ့ပေးမယ်ဆိုရင် မိမိဆီကိုလည်း စိတ်ဒုက္ခရောက်စရာတွေ ဖြစ် ပေါ်လာပါလိမ့်မယ်။ ဒါကြောင့် မိမိတို့ရောက်ချင်တဲ့ နိဗ္ဗာန်ကိုလည်း မိမိတို့ဘာသာရောက်အောင် ပြုလုပ်ကြတာဖြစ်သလို မိမိတို့မရောက်ချင်တဲ့ ငရဲပြည်ကိုလည်း မိမိဘာသာပြုလုပ်ကြလို့ သွားကြရခြင်း ဖြစ်ပါတယ်။ မိမိတို့ကိုယ်တိုင် ဖန်တီးသူများဖြစ်ပြီး မိမိတို့ ကံကြမ္မာကို မိမိတို့ဘာသာ ပြုလုပ်ကြတာပါ။
မိမိလုပ်ဆောင်တဲ့ အကျိုးကို မိမိသာ ခံယူရမယ်ဆိုတာ အစ္စလာမ်က လက်ခံပါတယ်။ ဒါပေမယ့် အဲ့ဒီလိုလုပ်ရင် အဲ့ဒီလို အကျိုးဆက်ဖြစ်စေမယ်ဆိုတာက ကြိုတင်ပြဌာန်းချက် မရှိပေဘူးလား။ ဥပမာ- စာကြိုးစားရင် စာမေးပွဲအောင်မယ်၊ စာမကျိုးစားရင် စာမေးပွဲကျမယ် ဆိုပါတော့၊ စာမေးပွဲဆိုတဲ့ အရာ၊ အောင်ခြင်းကျခြင်းဆိုတဲ့ သတ်မှတ်ချက်များက ရှိမနေဘူးလား။ မိမိဟာ မိမိ စာမေးပွဲကို အအောင်ပေး၊ အကျပေးလို့ရပါသလားဆိုတာလေးကို ဆက်လက်ဆွေးနွေးစေချင်လိုပါတယ်။
ဒကာတော်ပြောတဲ့စကားထဲမှာ အဖြေကပါပြီးသားလို ဖြစ်နေပြီလေ။ စာကြိုးစားရင် စာမေးပွဲအောင်တယ် ဆိုတာ သူကြိုးစားလို့အောင်တာလား? ဘုရားသခင်က ဖန်ဆင်းပေးလို့ အောင်တာလား? ကျရှုံးရင်လည်း အတူတူပါဘဲ။ သူစာမကြိုးစားလို့ ကျရှုံးတာလား? ဘုရားသခင်က ကျရှုံးအောင် ဖန်ဆင်းလိုက်တာလား? မိမိကိုယ်တိုင်က ကျရှုံးအောင်လုပ်ချင်တယ်ဆိုရင် မဖြေဘဲနေလို့ရသလို အောင်မှတ်မရအောင် အမှားတွေချည်းဘဲဖြေလို့ကော မရနိုင်ဘူးလား? အောင်ခြင်း ကျခြင်းဆိုတာတွေကတော့ လူတွေခေါ်ဆိုမှတ်သားရအောင်သတ်မှတ်ထားတဲ့ သတ်မှတ်ချက်ပညတ်တစ်မျိုးပါ။ ဥပမာ- ထမင်း၊ ရေ၊ သစ်ပင်စသည်ဖြင့် သတ်မှတ်ခေါ်ဆိုသလိုမျိုးပေါ့။ အဲဒီလိုသတ်မှတ်ချက်ဆိုတာ မရှိရင် ဖြေနိုင် လို့အောင်မြင်သွားရင် (သို့) မဖြေနိုင်လို့ကျရှုံးသွားရင် အောင်တယ်/ကျတယ်လို့ပြောစရာမရှိဘဲ လူတွေသိအောင် ဘယ်လိုပြောမှာပြမှာလဲ? အောင်တယ်/ကျတယ် ဆိုတဲ့နာမည်ပညတ်တွေဟာ ဘုရားသခင်က ဖန်ဆင်းလို့ဖြစ်ပေါ်လာတာမျိုး မဟုတ်ဘဲ လူတွေသတ်မှတ်ခြင်းဆိုတဲ့ အကြောင်းကြောင့် ဖြစ်ပေါ်လာတယ်ဆိုတာ သဘောပေါက်စေချင်ပါတယ်။
ဥပမာ-ကြည့်မှန်တစ်ခုကိုယူပြီး အဲဒီမှန်ကို ကြည့်လိုက်တဲ့အခါမှာ မိမိမျက်နှာက ပြုံးနေရင် မှန်ထဲမှာ ပြုံးနေပုံလေး မြင်ရမှာဖြစ်သလို မိမိက ဒေါသထွက်စိတ်တိုနေပုံနဲ့ မှန်ကိုကြည့်ရင် မှန်ထဲမှာ အဲဒီအတိုင်းပဲ မြင်ရပါလိမ့်မယ်။ အဲဒီပြုံးပျော်ရွှင်ဝမ်းနည်းမှု ဒေါသထွက်မှုတွေကို တခြားတစ်စုံတစ်ယောက်က ဖန်ဆင်းပေးလို့ မှန်ထဲမှာ ပေါ်လာတာမဟုတ်ဘဲ မိမိတို့ကိုယ်တိုင် ဖန်ဆင်းလို့ မိမိ တို့ဖန်ဆင်းသလို မှန်ထဲမှာ ပုံရိပ်ပေါ်လာခြင်း ဖြစ်ပါတယ်။ အဲဒါကြောင့် မိမိတို့က မျက်မှောက်မှာ သူတစ်ပါးကောင်းစားအောင်၊ သူတစ်ပါးအပေါ် စိတ်ထားကောင်းနဲ့ပြုလုပ်ပေးရင် အဲဒီပြုလုပ်ပေးတဲ့ အရာတွေဟာ မိမိပြုလုပ်တဲ့အတိုင်း မှန်တွင်ပေါ်လာသလို ပြန်လည်ပုံဖော် ပေးမှာမို့ မိမိပုံဖော်ခဲ့တဲ့အတိုင်း ပြန်လည်ခံစားရပါလိမ့်မယ်။ မိမိက သူတော်ကောင်း အလုပ်လုပ်ရင် သူတော် ကောင်းအကျိုး ခံစားရမှာဖြစ်ပြီး မိမိက သူယုတ်မာ အလုပ်လုပ်ရင် သူယုတ်မာအကျိုးကို ခံစားရပါမယ်။ မိမိကအများအကျိုးလုပ်ပေးရင် မိမိမှာလည်း အများကပြန်လည်ပေး ဆပ်ကြမဲ့ ကောင်းကျိုးတွေ ပြန်လည်ရရှိမှာပါ။
မိမိက ကြည့်မှန်ထဲမှာ မျက်နှာကြီးရှုံ့မဲပြပြီး မှန်ထဲမှာ ပြုံရွှင်နေတဲ့ပုံစံလေး ပြန်ပေါ်လာချင်လို့တော့ မရသလို ဘယ်သူကမှလည်း လုပ်ပေးလို့မရပါဘူး။ မိမိစိတ်က ပြုလုပ်တဲ့အတိုင်း မိမိစိတ်မှာ ပြန်လည် သက်ရောက်လာ မှာဖြစ်သလို မိမိနှုတ်၊ ကိုယ်တို့နဲ့ပြုလုပ် တဲ့အရာတွေကလည်း မိမိပြုလုပ်ခဲ့သလို ကောင်းတာဆိုရင် ကောင်းတာ ပြန်လာမှာဖြစ်ပြီး မကောင်းတာလုပ်ခဲ့ရင် မကောင်းတာတွေ ပြန်လာမှာပါ။ ဒါကြောင့် လူချင်းတူနေပေမဲ့ လှတာ၊ ချမ်းသာတာ၊ ပညာတတ်တာ၊ စိတ်ထားကောင်းတာ စတဲ့အချက်တွေ ဟာ ကိုယ့်ပြုလုပ်ခဲ့တဲ့ လုပ်ရပ်ပေါ်မှာမူတည်ပြီး အကျိုးပေးနေတာကြောင့် ကွဲပြားနေရတာပါ။ တကယ်လို့ လူအားလုံးကို ဖန်ဆင်းရှင်တစ်ဦးကသာ ဖန်ဆင်းပေးတာဆိုရင် လူလူချင်းမို့ ကျန်တာတွေလည်း တူနေရပါလိမ့်မယ်။
မှန်ကို ကြည့်လိုက်ရင် မှန်က အရိပ်ပြန်ကန်တယ်ဆိုတဲ့ သီအိုရီကို လူတိုင်း လက်ခံပါတယ်။ ဒါက အပေါ်ယံ သဘော သိပ်ဆန်လှပါတယ်။ ဒါပေမယ့် မှန်ဆိုတဲ့အရာမှာ အဲ့လို ပြန်လည်မြင်ရတဲ့ သဘော၊ ဂုဏ်သတ္တိရှိစေဘို့ ဖန်တီး ခံထားရတာ မဟုတ်ပါလား။ မိမိက မီးကို ကိုင်ရင် ပူမယ် ဆိုတာ-မှာ မီးဆိုတဲ့ အရာမှာ ပူတယ်ဆိုတဲ့ ဂုဏ်သတ္တိနဲ့ ဖြစ်တည်စေထားတာ မဟုတ်ပါလား။ မီးကို ကိုင်သူ များဟာ ဘယ်လောက်ပဲ ကိုင်ကိုင် မိမိရဲ့ ကံအလျှောက်သာ ပူမယ် အဲ့ဒီထက် ဆက်မပူဘူးဆိုတာမျိုးလား။ ဖန်ဆင်းရှင်တစ်ပါးက ဖန်ဆင်းရင် လူလူချင်းမို့ အားလုံးက တူနေရမယ်ဆိုတာက ဘယ်အချက်ကို ဆိုလိုပါသလဲ။ ဆင်းရဲချမ်းသာ ကွာဟတာလား၊ အသားမဲဖြူ ကွာဟတာလား–၊ ဒါတွေက အလွန်တရာမှ အပေါ်ယံဆန်လွန်းတဲ့ စေဒကသာ ဖြစ်ပါတယ်။ “လူ” ဆိုတဲ့ အရာမှာ “လူ” ဆိုတဲ့ ဂုဏ်ရည်ဟာ အတူတူပင် ဖြစ်ပါတယ်။ “လူ” ဟာ “နွား” မဟုတ်ပါ။ “လူ” ကျောက်ခဲ မဟုတ်ပါ။ လူရဲ့သဘောက အရည်ပြည့် ကျောက်မျက်လို ဖြစ်ပြီး “အရည်ပြည့်သွားတဲ့ လူ”ဆိုရင် ဘာမှမကွဲပြားတော့ပါ။ အရည်မပြည့်မှီ ကျောက်မျက်တွေဟာ သူ့အရည် အသွေးနဲ့ သူရှိနေတာမို့ လူမှာလည်း အရည်မပြည့်သေးတဲ့ လူဟာ သူ့အရည်နဲ့သူ သူ့ဒဂရီနဲ့ ရှိနေတယ်ဆိုတဲ့ အရည်အသွေးမှာသာ ရပ်တည်နေပါတယ်။ ဒါဟာလည်း အရည်အသွေးအလိုက် ဖြစ်တည်နေစေဘို့ ပြဌာန်းချက် ဒဂရီများသာဖြစ်ပါတယ်။ “လူ”ဆိုတဲ့ဂုဏ်မှာ မတူညီတာများ တွေ့မိပါသလား။ ဆွေးနွေးပေးစေလိုပါတယ်။
ဒကာတော်အနေနဲ့ ကံတရားနဲ့ပတ်သက်တဲ့ မြတ်ဗုဒ္ဓရဲ့ဆိုလိုချက်အမှန်ကို တစ်ကယ်နားမလည်ဘူးဆိုတာ ဒကာတော်ရဲ့စာကိုကြည့်ပြီး ခန့်မှန်းလို့ရပါတယ်။ စောဒကသဘောနဲ့ဆွေးနွေးချင်တယ်ဆိုရင် ဒီထက်ပိုပြီး နားလည်အောင် အားထုတ်စေချင်ပါတယ်။ မြတ်ဗုဒ္ဓက ဖြစ်သမျှအကြောင်း အားလုံးဟာ ကံကြောင့်ချည်းဖြစ်နေတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဥပမာအနေနဲ့ ဆူးပုံကို မြင်တဲ့လူတစ်ယောက်ဟာ ဆူးစူးနိုင်မှန်းသိရဲ့နဲ့ အဲဒီဆူးပုံကို တက်နင်းမယ်ဆိုရင် အဲဒီလူဆူးစူးခံရတာဟာ ကံကြောင့်မဟုတ်ပါဘူး။ အဲဒီလိုဘဲ ဒကာတော်အနေနဲ့ တစ်နေရာကိုဘဲသွားဖို့အတွက် ခြေလှမ်း,လှမ်းတယ်ဆိုရင်လည်း အဲဒီခြေလှမ်းဟာ ဒကာတော်ရဲ့အားထုတ်မှုကြောင့်ဖြစ်ပေါ်လာတာပါ။ ကံတရားကြောင့် မဟုတ်ပါဘူး။ အဲဒီသဘောတရားကို အင်္ဂုတ္တိုရ်ပါဠိတော်၊ တိကနိပါတ်မှာ အတိအလင်းဟောထားတာ ရှိပါတယ်။ ဒီလောက်ဆိုရင် မီးခဲကိုင်လို့ပူတာဟာ ကံရှိသလောက်ပူတာမဟုတ်ဘူးဆိုတာ ရှင်းပြီထင်ပါတယ်။
နောက်တစ်ချက်အနေနဲ့ ဒကာတော်ကပြောတဲ့ လူဆိုတာအရည်အသွေးသာ မတူညီချင်နေမယ် “လူ”ဆိုတဲ့ဂုဏ်ရည်မှာ အားလုံးတူညီတယ်ဆိုတဲ့ စကားမှာ အဲဒီလိုအရည်အသွေးတွေ မတူညီတာက ဘာကြောင့်ပါလဲ? တချို့ဖြူတယ် တချို့မည်းတယ် တချို့ချမ်းသာတယ် တချို့ဆင်းရဲတယ် အဲဒီလို အရည်အသွေးအားဖြင့် ကွဲပြားနေတာက ဘုရားသခင်က ဖန်ဆင်းတာကြောင့်ဘဲလား? လူတွေအပေါ်မှာ မေတ္တာထားပါတယ်ဆိုတဲ့ ဘုရားသခင်က ဘာကြောင့်တန်းတူညီတူ မဖန်ဆင်းတာလဲဆိုတာတော့ လူတိုင်းသိချင်နေကြတဲ့ ကိစ္စပါ။ အပေါ်ယံဆန်တယ်ဆိုတဲ့ စကားနဲ့ရှောင်လွှဲဘို့ မကြိုးစားစေချင်ပါဘူး။ စိတ်ကျေနပ်စေမဲ့ အဖြေမျိုး ပေးနိုင်ဖို့မျှော်လင့်ပါ တယ်။ နောက်ပြီး ဒကာပြောတဲ့ “အရည်အသွေးပြည့်သွားတဲ့ လူ” ဆိုတာ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ တိုင်းတာပါသလဲ? ဦးဇင်းတို့ဘာသာမှာတော့ အရဟတ္တဖိုလ်ရသွားတဲ့ ပုဂ္ဂိုလ်အားလုံးကို “ဝိမုတ္တိရသကို ခံစားတဲ့သူ” အဖြစ်သတ်မှတ်ပါတယ်။
သက်ရှိမှာတောင် မိမိတို့ဖန်ဆင်းပြုလုပ်ထားတဲ့အတိုင်း ပြန်လည်ဖြစ်ပေါ်သေးတာဆိုရင် သက်မဲ့တွေမှာလည်း အကြောင်းကြောင့် အကျိုးတရားတွေ ဖြစ်ပေါ်လာကြတယ်ဆိုတာ ထူးထွေပြောစရာလိုမယ် မထင်ပါ။ ဥပမာ-သက်မဲ့တွေမှာလည်း မိုးရွာရင်၊ မြေဩဇာ ရှိရင် မြက်ပင်ဟာ ပေါက်လာမှာဖြစ်သလို မိုးမရွာရင်ဖြစ်စေ၊ မြေဩဇာ မရှိခဲ့ရင်ဖြစ်စေ မြက်ပင်ဟာ ပေါက်လာမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် သက်ရှိ၊ သက်မဲ့အရာအားလုံးဟာ အ ကြောင်းတရားပေါ်မူတည်ပြီး အကျိုးတရားတွေဖြစ် လာကြတာမို့ မည်သူကမှ ဖန်ဆင်းပေးစရာ မလိုသလို ဖန်ဆင်းပေးလို့လည်း မရပါဘူး။
ကုန်တိုက်တစ်ခုက Auto တံခါးတစ်ချပ်ကို ကြည့်ပါ။ ဒီခလုတ်ကို နှိပ်လိုက်တယ် ဆိုတဲ့ အကြောင်းကြောင့် တံခါးပွင့်သွားတယ်ဆိုတဲ့ အကျိုးဆက်၊ တံခါးပိတ်သွားတယ်ဆိုတဲ့ အကျိုးဆက်များကို တွေ့ရပါမယ်။ ခလုတ်နှိပ်တယ်ဆိုတဲ့ အကြောင်းကြောင့် တံခါးပွင့်တယ်ဆိုတဲ့ အကျိုးဆက် ဆိုတာ ဖြစ်တယ်။ အဲ့ဒီအကြောင်းကြောင့် အဲ့ဒီအကျိုး ဖြစ်စေဘို့ ပညာရှင်တစ်ဦးက ဖန်တီး ထားခြင်း ဖြစ်တယ်။ သူ့အလိုလို ဖြစ်နေတာ မဟုတ်ပါ။ ဒါကြောင့် ဦးဇင်းပြောတဲ့ အကြောင်းကြောင့် အကျိုးဆက် ဖြစ်တယ်ဆိုတဲ့ သီအိုရီကို ဘယ်အရာက ပြဌာန်းထားပါသလဲ။ သို့မဟုတ် ဘာအသိ ဉာဏ်မှမရှိတဲ့ သဘာဝတရားက ဖန်တီးထားပါသလား။
ဒကာတော်အနေနဲ့ ဒီနေရာမှာ ဥတုနိယာမ၊ ဗီဇနိယာမ၊ ကမ္မနိယာမ၊ စိတ္တနိယာမ၊ ဓမ္မနိယာမဆိုတဲ့ နိယာမ(၅)မျိုးကို နားလည်အောင်လေ့လာထားသင့်တယ်လို့ အကြံပြုပါရစေ။ အားလုံးကို ရှင်းပြနေရင် စာရှည်နေမှာစိုးလို့ ဗီဇနိယာမနဲ့ဘဲ ဥပမာပေးပြီး ရှင်းပြပါ့မယ်။ မျိုးစေ့လို့ခေါ်တဲ့ဗီဇဟာ သရက်စေ့ဆိုရင် သရက်ပင်ပေါက်မှာဖြစ်ပြီး မန်ကျည်းစေ့ဆိုရင် မန်ကျည်းပင်ပေါက်ပါလိမ့်မယ်။ အဲဒီနေရာမှာ တစ်စုံယောက်က ဖန်ဆင်းတာမျိုးမဟုတ်ဘဲ မျိုးစေ့ရဲနိယာမသဘောတရားအရ သရက်စေ့က သရက်ပင်ပေါက်တဲ့သဘောပါ။ ဒါကို ဗီဇနိယာမလို့ခေါ်ပါတယ်။ အဲဒီလိုဘဲ ကံတရားက အကျိုးပေးတဲ့အခါမှာ ကောင်းတဲ့ကုသိုလ်ကံက ကောင်းတဲ့အကျိုးတရားကိုဖြစ်စေပြီး မကောင်းတဲ့ကံက မကောင်းတဲ့အကျိုးတရားကို ဖြစ်စေပါတယ်။ အဲဒီလို အကျိုးပေးတဲ့နေရာမှာ တစ်စုံတစ်ယောက်ကနေပြီး စီမံအမိန့်ပေးတာမျိုးမဟုတ်ဘဲ ကမ္မနိယာမသဘောတရားအရ သူ့အလိုလို အကျိုးပေးတာဖြစ်ပါတယ်။ ငရုတ်သီးစားရင် စပ်တယ်ဆိုတယ်ဆိုတာ ငရုတ်သီးမှာစပ်စေတဲ့အစွမ်းက ပါပြီးသားမို့ပါ။ တစ်စုံတစ်ယောက်ကနေပြီး ဒီပုဂ္ဂိုလ်စားရင် စပ်စေ ဟိုပုဂ္ဂိုလ်စားရင် မစပ်ပါစေနဲ့ဆိုပြီး အမိန့်ပေးတာမျိုးကြောင့် မဟုတ်ပါဘူး။ ဒါကြောင့် ဒကာပြောတဲ့ auto တံခါးမှာလည်း တံခါးဖြစ်ပေါ်လာအောင် ပြုလုပ်ထားခြင်းသည် အကြောင်း တံခါးဖြစ်ပေါ်လာခြင်းသည် အကျိုးတရားပါ။ အဲဒီတံခါးကို ဘယ်သူမှမဖွင့်ဘဲဒီအတိုင်းဘဲထားရင် ပွင့်လာစရာအကြောင်းမရှိပါဘူး။ တစ်ယောက်ယောက်က ဖွင့်လိုက်မှသာလျှင် ပွင့်လာမှာပါ။ တစ်စုံတစ်ယောက်ပယောဂကြောင့် ပွင့်လာတယ်ဆိုရင် အဲဒီအားထုတ်မှုပယောဂသည်အကြောင်း ပွင့်လာခြင်းသည် အကျိုးတရားလို့ မှတ်ထားစေချင်ပါတယ်။
၂။ လူသားတွေရဲ့ ခန္ဓာကိုယ်ဓာတ်သဘာဝကြီးက အသားစားမှဖြစ်မယ်၊ အသားစားမှ လိုအပ်တဲ့ခန္ဓာကိုယ် စွမ်း အားတွေရှိပြီး ကျန်းမာအသက်ရှည်မယ်ဆိုရင် အသားကိုစားနိုင်ပါတယ်။ ဒါပေမဲ့ မိမိစားမဲ့အသားဟာ သူ့ဘာ သာသူ ဘယ်လိုပုံစံနဲ့ဖြစ်စေသေပြီး သားသတ္တဝါ ဖြစ်နေရပါမယ်။ မိမိကိုယ်တိုင်လည်း တိရစ္ဆာန်ကို မသတ်ရသလို သူတစ်ပါးကိုလည်း မသတ်ခိုင်းရ၊ မိမိစားမှာ ဆိုပြီးတော့လည်း သူတစ်ပါးက ပြုလုပ်မပေးရ၊ မိမိပယောဂ လုံးဝမပါရပါ။ အဲဒီလိုဆိုရင်တော့ မိမိစားတဲ့အသားရဲ့ သက်ရှိတိရစ္ဆာန် ဟာ မိမိနဲ့မည်သို့မည်မျှမှ ပတ်သတ်မှု မရှိ တဲ့အတွက် အပြစ်မရှိပါပေ။ အဲဒီလိုမဟုတ်ဘဲ မိမိပယောဂတစ်ခုခုပါခဲ့ရင် ဖြစ်စေ၊ မိမိရှေ့မှာသတ်နေတာကို မြင်နေရတဲ့ အသားငါးကိုဖြစ်စေ၊ မိမိကြိုတင်မှာထားလို့ သူတစ်ပါးက သတ်ပေးလိုက်ရင်ဖြစ်စေ အဲဒီလို အသားငါးများကို စားမယ်ဆိုရင်တော့ မိမိမှာလည်း အပြစ်ရှိတာမို့ ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ တချို့သောလူတွေဟာ အသားငါးတော့ မစားကြပါဘူး။ ဒါပေမဲ့ စိတ်ဓာတ်ကျတော့ ညစ်ပစ်ယုတ်မာကြပါတယ်။ အဲဒီလို လူတွေနဲ့စာရင် စိတ်ဓာတ်ကောင်းပြီး အသားငါးစားတဲ့လူတွေကို လူကောင်းလို့ ခေါ်နိုင်ပါတယ်။ ဒါကြောင့် မိမိခန္ဓာကိုယ် ကြီးဟာ အသားငါးစားမှ ကျန်းမာ သက်ရှည်မှာမို့ဖြစ်စေ၊ သစ်သီးသစ်ရွက်နဲ့ အသက် ဆက်ဖို့မဖြစ်နိုင်ရင်ဖြစ်စေ စိတ်ဓာတ်ကောင်းဖို့သည် အဓိကအကျဆုံးဖြစ်တာမို့ မိမိပယောဂမပါတဲ့ အသားငါးဆို စားချင်ပါက စားနိုင်ကြပါတယ်။
ဘုန်းကြီးကျောင်း ဆောက်တာဟာ ဘာကို ရည်ရွယ်ပြီး ဆောက်ပါသလဲ။ ဘုန်းကြီးနေဘို့ မဟုတ်ပါလား။ ဘာ ရည်ရွယ်ချက်မှမရှိဘဲ နေချင်သူနေဆိုပြီး ဆောက်တာများလား၊ သို့မဟုတ် နေချင် သူနေပါစေလို့ ဆောက်ထားတဲ့ အဆောက်အဦးမျိုးမှာ ဘုန်းကြီးတွေက တက်နေတာများလား။ အဲ့လို ဆင်ခြင်မိရင် စားသုံးသူဆိုတာ မရှိဘဲ ဘယ်သူက သတ္တဝါတွေကို သတ်နေမှာလဲ။ ဆွမ်းချက်တဲ့ လူတွေက မြို့တွေမှာ မဟုတ်ဘဲ တောရွာများ အသားငါးဆိုင်များ မရှိရာ အရပ်က ဘုန်ကြီးကျောင်းများကို ဆွမ်းပို့တဲ့ အခါ၊ အလှုလုပ်တဲ့အခါ သတ်ဖြတ်ချက်ပြုတ်ပြီး ပို့တဲ့ အသားများဟာ ဘုန်းကြီးကို စားဦးစားဖျားပေးဘို့ မရည်ရွယ်ထားဘူလား။ ဒီလိုရည်ရွယ်ထားတဲ့ စေတနာများကို ဘုန်းကြီးများက မသိတာလား၊ မသိဟန်ဆောင်နေတာများလားလို့ မေးစာရာတွေ အများကြီး ဖြစ်လာပြန်ပြီ ဦးဇင်း လူတွေဟာ သူတို့ကြည်ညိုတဲ့ ဆရာသမားများကို စားကောင်းသောက်ဖွယ်များကို စေတနာထားပြီး ရည်ရွယ်ချက်နဲ့ကို ကျွေးလေ့ရှိပါတယ်။ ရွာက ဘုန်းကြီးကျောင်းမှာ ဟင်းလေးမျိုးမပါရင် ဘုန်းမပေးပါ။ ဟင်းမကောင်း ရင်လည်း ဒကာဒကာမများကို ကြိမ်းမောင်းတာများလည်း မြောက်မြားစွာပါ။ ဒါတွေကိုရော ဦးဇင်းက ဘယ်လိုသဘောရပါသလဲ။
ဟင်းမကောင်းရင် ဒကာ ဒကာမတွေကို ကြိမ်းမောင်းတယ်ဆိုရင်တော့ အဲဒီလုပ်ရပ်ဟာ လုပ်တဲ့ဘုန်းကြီးနဲ့ပဲသက်ဆိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင်အားလုံးကို ကိုယ်စားမပြုဘူးဆိုတာ ခွဲခြားနားလည်စေချင်ပါတယ်။ မြတ်စွာဘုရားရှင်က အဲဒီလိုကြိမ်းမောင်းရမယ်လို့ ဘယ်တုန်းကမှ မဟောခဲ့ဘူးသလို စားကောင်းတဲ့(အပ်စပ်တဲ့)အသားနဲ့ မစားကောင်းတဲ့ (မအပ်စပ်တဲ့)အသားဆိုတာ ခွဲခြားပြီးသတ်မှတ်ပေးတော်မူခဲ့ပါတယ်။ ဆင်သား၊ ခွေးသား၊ မြွေသားစတဲ့ အသားကြီးဆယ်မျိုးကိုတော့ ရဟန်းတွေအနေနဲ့မစားကောင်းသလို အရိုး အရေတွေကအစ အသုံးမပြုဖို့ သိက္ခာပုဒ်ပညတ်တော်မူခဲ့ပါတယ်။ အသားကြီးဆယ်မျိုးမှလွတ်ကင်းတဲ့ တစ်ခြားအသားတွေကိုတော့ အစွန်း(၃)ပါးလွတ်တယ်ဆိုရင် စားရန်အပ်စပ်ပါတယ်။
အစွန်း(၃)ပါးဆိုတာက …..
(၁) ကိုယ့်အတွက်ရည်မှန်းပြီး သတ်ဖြတ်တာကို ကိုယ်တိုင်မြင်တဲ့အသား
(၂) ကိုယ့်အတွက်သတ်ဖြတ်တယ်လို့ ကိုယ်တိုင်ကြားရတဲ့အသား
(၃) ကိုယ့်အတွက်သတ်ဖြတ်တယ်ဆိုတာ ကိုယ်တိုင်က ယုံမှားသံသယဖြစ်တဲ့အသား
အဲဒီလို အသားမျိုးတွေကို မစားကောင်းပါဘူး။ အဲဒီအစွန်းသုံးပါးလွတ်ကင်းတယ်ဆိုရင်တော့ စားဖို့ရန်အပ်စပ်တယ်ဆိုတာ မြတ်စွာဘုရားရှင်က မိန့်တော်မူပြီးသားပါ။ မလွတ်ဘဲနဲ့စားတယ်ဆိုရင် စားတဲ့သူရဲ့အပြစ်သာဖြစ်ပြီး ဘာသာတရားရဲ့သတ်မှတ်ချက်မဟုတ်ဘူးဆိုတာ ဒကာတော် သဘောပေါက်စေချင်ပါတယ်။ ဥပမာ-ဒကာတို့ရဲ့ဘာသာတရားမှာ လူကိုမသတ်ဖို့ ဘုရားသခင်က တားမြစ်ထားတယ်ဆိုပါတော့။ အဲဒါကို ဒကာတို့ရဲ့ဘာသာဝင်တစ်ဦးဦးက လူသတ်မှုကျူးလွန်တယ်ဆိုုရင် ဘုရားသခင်ရဲ့အပြစ်မဟုတ်သလို ဘာသာဝင်အားလုံးရဲ့အပြစ်မဟုတ်ပါဘူး။ ကျူးလွန်တဲ့သူရဲ့ အပြစ်ပါပဲ။ အခုလည်း အဲဒီသဘောတရားကို ခွဲခြားသိမြင်ပါလို့ တိုက်တွန်းပါရစေ။
၃။ ရေကန်ထဲကို ကျောက်ခဲတစ်လုံး ပစ်လိုက်တဲ့အခါ အဲဒီကျောက်ခဲပစ်ချလိုက်တဲ့ အရှိန်ကြောင့် ရေလေးတွေ ဟာ နဘေးကို လွင့်စင်သွားကြပေမဲ့ အချိန်တန်တဲ့အခါကျတော့ အဲဒီပစ်လိုက်တဲ့ ကျောက်ခဲဆီကိုပဲ ရေလေးတွေ ပြန်လာကြပါတယ်။ ဘောလုံး တစ်လုံးနဲ့ နံရံတစ်ခုကို ကန်လိုက်တဲ့အခါ မိမိကန်လိုက်တဲ့ဘောလုံးလေးဟာ နံရံကိုမှန်ပြီး မိမိဆီကိုပဲ ပြန်လာသလို မိမိလုပ်တဲ့ ကောင်းကံမကောင်းကံဟာ မိမိဆီပဲပြန်လာကြတာမို့ အဲဒါကို မလွဲမသွေ ခံစားကြရပါတယ်။ မိမိက ကောင်းတာလုပ်ရင် ကောင်း ကျိုးတွေပြန်လာမှာဖြစ်သလို မကောင်းတာ လုပ်ရင် မကောင်းကျိုးတွေ မိမိဆီကို ပြန်လာမှာ အမှန်ပါ။ ဒါတွေဟာ သဘာဝတရား တစ်ခုပဲမို့ မည်သူကမှ ဖန် ဆင်းပေးခြင်း မဟုတ်ပါ။
အဲ့လောက်တိကျပြီး ဖေါက်ပြန်ခြင်းမရှိတဲ့ နိယာမကို ဘာအသိဉာဏ်မှမရှိတဲ့ သဘာဝက ပြဌာန်းထားတယ်ဆိုတာ ဖြစ်နိုင်ပါသလားလို့ အပေါ်မှာ ဆွေးနွေးထားပါတယ်။ ဆက်မေးပါရစေ-၊ ဦးဇင်း သုံးနေတဲ့ ကွန်ပြူတာမှာ ဘယ်ခလုတ်ကို နှိပ်ရင်- က ကြီးပေါ်မယ်။ ဘယ်ခလုတ်ကို နှိပ်ရင် ခ ကွေး ပေါ်မယ်-၊ ဆိုတာကို ဦးဇင်းက သိတယ်။ သိလို့လိုရာကို နှိပ်တယ်။ ခလုတ်နှိပ်ခြင်း အကြောင်းကြောင့် အနှိပ်ခံရတဲ့ အကျိုးဆက် စာတွေ ပေါ်လာတယ်။ အဲ့ဒီဖြစ်စဉ်မှာ ဒီခလုတ်ကို နှိပ်ရင် ဒီစာလုံး ပေါ်မယ်ဆိုတဲ့ အရာဟာ- ကွန်ပြူတာတစ်လုံးကို ထုတ်လုပ်လိုက်တာနဲ့ သူ့ဟာသူ သဘာဝအလျှောက် ဖြစ်ပေါ်ပြီးသားလား- သို့မဟုတ် ပညာရှင်တစ်ဦးဦးက အဲ့ဒီ ပရိုဂရမ်ကို ထည့်ပေးထားတာလားဆိုတာလေးကို ဦးဇင်း ပြန်လည်ဆွေးနွေးပေးစေလိုပါတယ်။
ဒကာတော်ရဲ့ ဒီမေးခွန်းကတော့ အပေါ်မှာလည်းပါခဲ့ပြီးဖြစ်တဲ့အတွက် အပေါ်မှာဖြေဆိုထားတဲ့ အဖြေတွေနဲ့လုံလောက်ပြီလို့ ထင်ပါတယ်။ ပရိုဂရမ်ထည့်သွင်းခြင်းသည်လည်း အကြောင်းတရားထဲမှာပါဝင်ပါတယ်။ ကွန်ပျူတာခလုပ်ကိုနှိပ်ခြင်းသည် စာလုံးတစ်ခုပေါ်လာခြင်းရဲ့ နီးသောအကြောင်းဖြစ်တယ်ဆိုရင် ပရိုဂရမ်ထည့်သွင်းထားခြင်း၊ ကွန်ပျူတာတီထွင်ခြင်းစတဲ့ အကြောင်းတရားတွေက ဝေးသောအကြောင်းတရားတွေပါ။
အဲဒီလို မိမိလုပ်တဲ့လုပ်ရပ်တွေ မိမိဆီကို အကျိုးပေးရန်ပြန်လာတဲ့အခါမှာ အောက်ပါအတိုင်း (၄)မျိုးထဲက တစ်မျိုးမျိုးနဲ့တော့ ပြန်လာကြပါတယ်။
၁။ တချို့ ကောင်းကံမကောင်းကံတွေဟာ မျက်မှောက်ဘဝမှာ အကျိုးပေးတယ်။
၂။ တချို့ ကောင်းကံမကောင်းကံတွေဟာ ဒုတိယဘဝမှာ အကျိုးပေးတယ်။
၃။ တချို့ ကောင်းကံမကောင်းကံတွေဟာ တတိယဘဝကနေ ပန်းတိုင်ရောက်တဲ့အထိ အကျိုးပေးတယ်။
၄။ တချို့ ကောင်းကံမကောင်းကံတွေဟာ အကျိုးပေးခွင့်မရလိုက်လို့ ပျောက်ပျက်သွားတတ်ပါတယ်။ ဥပမာ-ကောင်းမှုသေးလေးဟာ ကောင်းမှုကြီးအကျိုးပေးခွင့်ရှိလာတဲ့အခါ ကောင်းမှုကြီးအကျိုးပေးနေလို့ ကောင်းမှု လေးဟာ အကျိုးပေးခွင့်မရဘဲ ပျောက်ပျက်သွားတာမျိုးကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ကိလေသာချုပ်ငြိမ်းပြီးသား ရဟန္တာအရှင်မြတ်တွေဟာ ရှေ့ဆက်ဘဝဖြစ်စရာ မရှိတော့လို့ ကောင်းကျိုး ခံစားရ မှာ မဟုတ်တော့တဲ့အတွက် သူတို့ဘာသာ အေးဆေးနေနိုင်ကြ ပါတယ်။ ဒါပေမဲ့ အဲဒီလိုမနေကြဘဲ သာမန် ရဟန်းများလုပ်တဲ့ ဆွမ်းစားကျောင်းတာဝန်၊ အိမ်သာဆေးတာဝန်တွေကအစ အများ အကျိုးပြု လုပ်ပေးကြတာကို အတုယူတတ်မယ်ဆိုရင် မိမိတို့လို ဘဝအဆုံးမသတ်သေးဘဲ ရှေ့ဆက်လျှောက်ရဦးမဲ့ မိမိတို့ဟာ ပိုမိုပြီးတောင် အများအကျိုး ကောင်းမှုများကို ပြုလုပ်ပေးသင့်ပါတယ်။ ဒါကြောင့် ရဟန္တာအရှင်မြတ်များကို အတုယူပြီး မိမိတို့ ဟာ ကောင်းကျိုးများခံစားရဖို့ ရှိသေးတာကြောင့် အသက်ရှင်စဉ်လေးမှာ ကောင်းမှုများနဲ့ ဘဝကို အဆုံးသတ်နိုင်အောင် ကြိုးစားကြပါလိမ့်မယ်။ ယခု အောက်ဆုံးကံ (၄) မျိုး အကြောင်းကတော့ မြန်မာ ဗုဒ္ဓဘာသာ များအတွက် သီးသန့်ထပ်ဖြည့် စွက်ပေးလိုက်တာပါ။
အဲ့ဒီလို ရှေ့က ကံကြောင့်ချည်း ဖြစ်တယ်ဆိုရင်- ကျားတစ်ကောင်အတွက် တိရိစ္ဆာန်ဘဝ၊ ငရဲဘဝက လွတ်ပါဦးမလား၊ သူဟာ ရှေ့ က ကံမကောင်းခဲ့လို့ တိရိစ္ဆာန်ဖြစ်ရတယ်- ဖြစ်တဲ့ ဘဝမှာလည်း သူ့အသက်ကိုချည်း သတ်သတ်ပြီး စားနေရတယ်။ (မြက်စားလို့ လည်း မဖြစ်)-၊ ဒီတော့ သူ့အသက်ကို နေ့စဉ်သတ်ဖြတ်စားနေတဲ့ အကု သိုလ်က ထပ်ဆင့်ထပ်ဆင့် နေ့စဉ် ဖြစ်နေတယ်။ ပြီးတော့ သူ့သားသမီးတွေကိုလည်း သူတစ်ပါးအသက်ကို သတ်နည်းကို သင်ပေးသေး တယ်။ သူတစ်ပါး အသက်ကို နေ့စဉ်သတ်တဲ့ အကု သိုလ်ကံ။ သူတစ်ပါးအသက်ကို ရက်ရက်စက်စက် သတ်ဘို့ သင်ပေးတဲ့ အသက်သတ်ဘို့ လမ်းပြပေးခြင်း အကုသိုလ်ကံ–၊ တွေ ထပ်နေတော့ သူ့အတွက် သုံးဆယ့်တစ်ဘုံမှာ လူ့ဘုံလောက်ကို ဘယ်လိုများ ရောက်ပါတော့မလဲ။ (ရှေးဘဝကလည်း ကံနည်းခဲ့လို့ တိရိစ္ဆာန်ဖြစ်ရပြီ။ အခုဘဝမှာလည်း ကုသိုလ်ပြုလုပ်ဘို့ အခွင့်အရေးမရှိ- အခုဘဝကြောင့် ဆက်တိုက် ဆိုးရတဲ့ကံက နဂိုက မကောင်းခဲ့တဲ့ ကံပေါ်မှာဆင့်နေတော့- သူဟာ ဘယ်တော့များ မြင့်တဲ့ဘုံတွေဆီကို ရောက်ပါတော့မလဲ။ ယုတ္တိရှိရှိလေး ဆင်ခြင် ဆွေးနွေးပေးစေလိုပါတယ်။
အင်း ကျားတစ်ကောင်ဟာ ပထမဘဝမှာ မကောင်းတာလုပ်ခဲ့လို့ ဒုတိယဘဝမှာ မကောင်းတဲ့ဘဝကိုရောက်ပြီး မကောင်းတာတွေကို ထပ်လုပ်ခဲ့သော်လည်း သူ့ရဲ့ အရင်ဘဝတွေက အကျိုးပေးစရာကံတွေ ရှိပါသေးတယ်။ တတိယဘဝကနေ ပန်းတိုင်ရောက်တဲ့အထိ အကျိုးပေးတဲ့ကံဟာ ဒီဘဝဟာ မကောင်းတာလုပ်ပေးမဲ့ အဲဒီကံက နောက်မှအကျိုးပေးပြီး အရင်အရင်ဘဝက ကောင်းတဲ့အကျိုးပေးရှိနေနိုင်တာကြောင့် နောက်ဘဝမှာ ဘာဖြစ်မယ်ဆိုတာ သေချာပေါက် ပြောလို့မရပါဘူး။ ဥပမာ-အဇာတသတ်မင်းဟာ ဒီဘဝမှာ အဖသတ်တဲ့မကောင်းမှုကြောင့် သူဟာ ငရဲကိုကျခဲ့ရပါတယ်။ ငရဲကျတဲ့အခါမှာလည်း သူ့မှာ ကောင်းကံလုပ်စရာမရှိပါဘူး။ ဒါကြောင့် သူဟာ နောက်ဘဝကျရင်လည်း မကောင်းတဲ့ဘုံကို ရောက်မယ်လို့ ထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ သူ့မှာ တတိယဘဝကနေ ပန်းတိုင်ရောက်တဲ့အထိ အကျိုးပေးမဲ့ ကောင်းမှုကံများရှိနေသေးတာကြောင့် အဲဒီကံကအကျိုးပေးလိုက်ရင် သူဟာ ကောင်းတဲ့ဘုံမှာရောက်ပြီး ကောင်းတဲ့ဘဝကိုပြန်လည်ခံစားရပါလိမ့်မယ်။ မကောင်းတဲ့ဘုံကိုရောက်ပြီးရင် မကောင်းတဲ့ဘုံကိုထပ်ရောက်ဖို့က များတယ်ဆိုတာ မှန်ပါတယ်။ ဒါကြောင့်လည်း မြတ်ဗုဒ္ဓက အပါယ်လေးပါးကျသွားရင် အပေါ်ကိုပြန်တတ်ဖို့ရာ မလွယ်ကူတာကြောင့် အပေါ်ကိုရောက်နေတုန်းမှာ အောက်ကိုပြန်မရောက်အောင် ပြုလုပ်နေထိုင်ကြပါလို့ မိန့်ကြားခဲ့ခြင်း ဖြစ်ပါတယ်။
၄။ တကယ်တော့ ဗုဒ္ဓဆိုတာ ကိလေသာအမှောင်တွေထဲကနေ ရုန်းကန်နိုးထလာသူ၊ ကိလေသာ အမှောင်တွေကို တွန်းလှန်နိုင်သူ၊ လောကရှိအရာအားလုံးကို အမှန်တကယ် သိမြင်သူ၊ မကောင်းမှုအားလုံးကို ပယ်ထုတ်ခဲ့သူ ဖြစ်ပါတယ်။ ရှေ့ယခင်ကလည်း ဒီလိုဗုဒ္ဓတွေအများကြီးဖြစ်ခဲ့သလို အနာဂတ်မှာလည်း ဖြစ်ကြပါလိမ့်ဦးမယ်။ ဗုဒ္ဓဆိုတာ မသိတာမရှိတဲ့ သဗ္ဗညုတဉာဏ် ပိုင်ရှင်ရရှိသူများ ဖြစ်ပါတယ်။ ဒါပြင် ဗုဒ္ဓဟာ သူတစ်ပါးအပေါ် သနားကရုဏာကြီးမားသူဖြစ်ပြီး သမာသမတ်စိတ်ထားကောင်းနဲ့ပြည့်စုံသူ ဖြစ်ပါတယ်။ ဗုဒ္ဓဟာ ရှေးယခင်ကဖြစ်ခဲ့တဲ့အရာတွေကို မှတ်မိခြင်း ပုဗ္ဗေနိဝါသနုဿတိဉာဏ်။ နတ်မျက်စိကဲ့သို့ အဝေးကို ဖောက်ထွင်း သိမြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်။ ကိလေသာနူနာအားလုံးကို ပယ်သတ်နိုင်သော အာသဝက္ခယဉာဏ် (၃)မျိုးကို ရရှိထားပါတယ်။
ဒီလောက် သိနေတယ်ဆိုရင် သူ့အသက်မသတ်ရ ဥပဒေကို ဘာကြောင့် ထုတ်ပြန်ခဲ့တာလဲ။ သာမန် သိပ္ပံပညာရှင်တွေတောင် မျက်နှာသစ်လိုက်ရင် မျက်လုံးထဲက သက်ရှိ (ပိုးမွှားလေး)တွေ သေရတာကို သိနေတာပဲ။ မမြင်လို့မသိလို့သတ်မိရင် ကံမသင့်နိုင်ဆိုတဲ့ ဆင်ခြေကို လက်ခံနိုင်ပေမယ့်-၊ ဗုဒ္ဓဆိုတာ အကုန်သိနေသူဆိုတော့ – လမ်းလျှောက်လို့ နင်းမိရင် သက်ရှိတွေသေမယ်။ မျက်နှာသစ်ရင် မျက်နှာပေါ်က သက်ရှိတွေသေမယ်ဆိုတာ သူသိနေလျှက်နဲ့ သူကိုယ်တိုင်က သက်ရှိတွေ သေစေမယ့် ပြုမူချက်များကို ဘာကြောင့် နေ့စဉ်ဆောင်ရွက် နေတာလဲ။ ကရုဏာရှင် ဖြစ်တယ်ဆိုတဲ့ ဆက်တိုက်ဖေါ်ပြပါ စကားအရ- လူတွေရှေ့မှာ မြင်နိုင်တာကို ကရုဏာထားပြပြီး လူတွေမမြင်နိုင်ဘဲ သူ့လောက်ဉာဏ်ရှိသူမှ မြင်နိုင်တဲ့ သက်ရှိတွေကို သေချင်သေတော့ ငါတော့ မျက်နှာမသစ်ဘဲ မနေနိုင်ဘူးဆိုတဲ့သဘော နေ့စဉ် သတ်နေရတာက- အဲ့ဒီ သက်ရှိလေးတွေကို ကရုဏာမထားနိုင် အားလို့လား- ဆိုတာလေးကို ဆွေးနွေးစေလိုပါတယ်။
ဒကာတော်ကိုဘဲ အရင်ဆုံးမေးခွန်းတစ်ခု ပြန်မေးပါရစေ။ ဒကာတော် နံနက်တိုင်း မျက်နှာသစ်တဲ့အခါမှာ မျက်နှာကအညစ်ကြေးကို စင်ကြယ်လိုတဲ့စိတ်ကြောင့် မျက်နှာသစ်တာလား? ဒါမှမဟုတ် ပိုးမွှားစတဲ့သတ္တဝါတွေ သေစေလိုတဲ့စိတ်နဲ့ မျက်နှာသစ်နေတာလား? မြတ်စွာဘုရားရှင် လက်ထက်တော်အခါက စက္ခုပါလမထေရ်ဟာ လမ်းလျှောက်တဲ့အခါမှာ ပိုးမွှားစတဲ့သတ္တဝါတွေကို မတော်တဆတက်နင်းမိပြီး ပိုးမွှားတွေသေကုန်လို့ တစ်ခြားရဟန်းတွေက စက္ခုပါလမထေရ်ကို ပါဏာတိပါတကံဖြင့် စွပ်စွဲကြပါတယ်။ မြတ်စွာဘုရားရှင်ကို လျှောက်ထားတော့ ဘုရားရှင်က စက္ခုပါလမထေရ်မှာ ပိုးမွှားတွေကို သေစေလိုတဲ့စိတ်မရှိတာကြောင့် ပါဏာတိပါတကံမထိုက်ကြောင်း မိန့်ကြားတော်မူခဲ့ပါတယ်။ မြတ်စွာဘုရားရှင်မှာလည်း သတ္တဝါတွေရဲ့အသက်ကို သတ်လိုစိတ်မရှိဘူးဆိုတာတော့ အထူးပြောစရာတောင်လိုမယ်မထင်ပါဘူး။ ဒကာတော်ပြောသလိုဆိုရင် သတ္တဝါတွေရဲ့အသက်ကို မသတ်ဖို့တားမြစ်ထားတာသည်ပင် အပြစ်တစ်ခုလိုဖြစ်နေတယ်။ သူတစ်ပါးအသက်ကို သတ်တာနဲ့မသတ်တာ ဘယ်ဟာကိုပိုပြီး အပြစ်ကင်းတယ်ဆိုတာ ဒကာတော်လည်း စဉ်းစားတတ်မှာပါ။ မမြင်ရတဲ့သက်ရှိလေးတွေကို ကရုဏာမထားနဲ့လို့ တစ်ခါမှ ဘုရားရှင်ကမဟောခဲ့ပါ။ ဒကာတော်ပြောသလို မျက်နှာသစ်ခြင်းကြောင့်ဖြစ်စေ၊ တစ်ခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ ကိုယ်ကသတ်လိုစိတ်မရှိပါဘဲ မတော်တဆ ပိုးမွှားစသော သတ္တဝါတွေသေနိုင်တာကို သိတော်မူလို့လည်း သတ်လိုစိတ်မရှိရင် ပါဏာတိပါတကံမမြောက်ကြောင်း၊ ဘယ်လိုအင်္ဂါတွေနဲ့ ပြည့်စုံမှသာ ကံမြောက်ကြောင်း ဟောကြားတော်မူခဲ့တာပါ။ သတ်လိုစိတ်နဲ့ဆိုရင် သေးငယ်သောပိုးမွှား ခြပုန်းကအစ မသတ်ဖို့ အတိအလင်းဟောကြားတော်မူခဲ့တာရှိပါတယ်။ ဒီလို မြတ်ဗုဒ္ဓက ဟောကြားခဲ့တာကလည်း သူက ဖန်တီးပြုလုပ်ပေးတာ မဟုတ်ဘဲ သူ့သဘာဝနဲ့သူ အပြစ်မရှိတာကိုမြင်လို့ ပြောပြခဲ့တာပါ။ ဒီလောက်ဆိုရင် မြတ်စွာဘုရားရှင်ရဲ့ ကရုဏာတော်နဲ့ပတ်သက်ပြီး သံသယရှိစရာလိုမယ်မထင်ပါဘူး။
မြတ်ဗုဒ္ဓဟာ သူရရှိတဲ့ အဘိဉာဏ်တန်ခိုးတွေကို လူတွေယဉ်ကျေးလာအောင်၊ လူတွေကို ထိန်းချုပ်နိုင်အောင် အတွက် အသုံးမပြုခဲ့ဘဲ တရားဟောတဲ့အခါ၊ နာယူသူအား ဘယ်လိုတရားမျိုးဟောရင် ပိုအကျိုးများမလဲ၊ ဘယ်လိုတရားနဲ့ ထိုက်တန်သလဲ၊ ဘယ်သူဟာ ဘယ်ချိန်မှာ တရားထူးရတဲ့သူဖြစ်မလဲဆိုတဲ့ အများတရားရရှိဖို့ အတွက်တော့ တစ်ခါတရံမှာ သူရရှိထားတဲ့ အဘိဉာဏ် တန်ခိုးများကို အသုံးပြုပြီး ဟောကြား လမ်းညွှန်ပေးလေ့ ရှိပါတယ်။ ဒါပြင် ဗုဒ္ဓဟာ တစ်ကမ္ဘာလုံးဆိုင်ရာ အမှန်တရားများဖြစ်တဲ့ ဆင်းရဲခြင်းအမှန်၊ ဆင်းရဲခြင်းဖြစ် ကြောင်း အမှန်တရား၊ ဆင်းရဲချုပ်ငြိမ်းခြင်းအမှန်တရား။ ဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်ကြောင်း လမ်းမှန်တရားတို့ကို သူကိုယ်တိုင်လည်းသိမြင်ပြီး အများကိုလည်း လမ်းညွှန်ဟောပြပေးခဲ့ပါတယ်။
သစ္စာလေးပါး- ဆိုပါတော့၊ သစ္စာလေးပါးဟာ ဒီနေ့ ဒီအချိန်မှာ သစ္စာသုံးပါး ဖြစ်လိုက်၊ နောက်နေ့မှာ သုံးပါးနဲ့ တစ်ဝက်ဖြစ်လိုက်၊ နောက်နေ့မှာ လေးပါးကျော်ကျော်လေး ဖြစ်လိုက်၊ နောက်နေ့မှာ ငါးပါး ဖြစ်လိုက် သဘော ဖေါက်ပြန် နေပါသလား။ မဖေါက်ပြန်တဲ့ သဘောဆိုရင် တိကျတဲ့ သီအိုရီ၊ တိကျတဲ့ နိယာမ ဖြစ်နေပါတယ်။ တိကျတဲ့ သေချာတဲ့ နိယာမကို အသိဉာဏ် မရှိတဲ့ လောကကပြဌာန်းပေးထားတာလား၊ အသိဉာဏ်ရှိတဲ့ အရာတစ်ခုက ပြဌာန်းထားတာလား- ဘယ်အရာက ဖြစ်နိုင်ပါသလဲ- ဆင်ခြင်ဆွေးနွေးပေးပါ။
သစ္စာလေးပါးကို ဆွေးနွေးချင်တယ်ဆိုရင် ဒကာတော်အနေနဲ့ သစ္စာလေးပါးအကြောင်းကို ဘယ်လောက်အထိ သိနားလည်သလဲဆိုတာ အရင်ဆုံး ဝေဖန်ဆန်းစစ်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သစ္စာလေးပါးအကြောင်းကို အသေးစိတ် သိနားလည်တယ်ဆိုရင် ဒကာတော်မေးတဲ့ မေးခွန်းက ဖြေစရာတောင်မလိုဘဲ သူ့အလိုလိုရှင်းသွားမှာပါ။ ဒကာတော်ရဲ့မေးခွန်းကို ဖတ်ကြည့်သောအားဖြင့် သစ္စာလေးပါးအကြောင်းကို တီးမိ ခေါက်မိရုံလောက်တောင် မသိဘူးဆိုတာထင်ရှားပါတယ်။ သစ္စာလေးပါးအကြောင်းကို တီးမိခေါက်သိတယ်ဆိုရင် ဒီနေ့မှာသုံးပါးဖြစ်လိုက် နောက်နေ့မှာငါးပါးဖြစ်လိုက်ဆိုတဲ့ မေးခွန်းမျိုးမမေးပါဘူး။ သစ္စာလေးပါး ဆိုတာ ဖောက်ပြန်မှုမရှိတဲ့ တိကျတဲ့နိယာမတစ်ခုပါ။ မည်သည့်အရာကမှ ပြဋ္ဌာန်းပေးထားတာမျိုး မဟုတ်ဘဲ လောကမှာ ထင်ရှားရှိနေတဲ့တရားပါ။ မြတ်စွာဘုရားရှင်က အဲဒီသစ္စာတရားကို ဖော်ထုတ်ပြသသူသာ ဖြစ်ပါတယ်။ ဒီသစ္စာလေးပါးတရားကို မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်တီထွင်ခဲ့တာမဟုတ်သလို တခြားသူတစ်ယောက်ယောက်က တီထွင်ခဲတာလည်း မဟုတ်ပါဘူး။ သဘာဝအတိုင်းတည်ရှိနေတာတွေကို မြတ်ဗုဒ္ဓကသိမြင်ခဲ့လို့ သိမြင်ခဲ့အတိုင်း ပြန်လည်ပြောပြပေးခဲ့တာပါ။ ဒကာလည်း သစ္စာလေးပါးအကြောင်းကိုလည်း နားလည်အောင် လေ့လာပါလို့ စေတနာနဲ့တိုက်တွန်းလိုပါတယ်။
ဗုဒ္ဓရဲ့တရားများဟာ သာမာန်အခြေခံတရားများရော၊ အနက်အဓိပ္ပါယ်လေးနက်တဲ့ တရားများရော ပါဝင်ပါတယ်။ ဒါပြင် စိတ်ကိုဖြူစင်အောင်ထားပြီး ကောင်းသောအလုပ်များ ဆောင်ရွက်တတ်အောင်၊ မကောင်းမှု အားလုံးတို့ အဆုံးသတ်နိုင်အောင်လည်း သူ့ရဲ့ဉာဏ်ထဲမှာ အမှန်အတိုင်း သိမြင်သမျှအားလုံးတို့ကို ဟောကြားပေးခဲ့ပါတယ်။
သူတရားဟောခဲ့တာကို မငြင်းဆိုပါ။ အလားတူ မြောက်များစွာသော ဘာသာရေးခေါင်းဆောင်များလည်း သူ့တရားနဲ့သူ ဟောပြောခဲ့တယ်ဆိုတာကိုလည်း အမှန်ကို အမှန်အတိုင်း ဝန်ခံသင့်ပါတယ်။
အင်း ဦးဇင်း တခြားဘာသာရေးခေါင်းဆောင်တွေ မဟောခဲ့ဘူးလို့ မပြောခဲ့ပါဘူး ဒကာ။
ဒါကြောင့် ဗုဒ္ဓဟာ ငါတို့ရဲ့ ကျေးဇူးရှင်ဖြစ်သလို ကောင်းတာမကောင်းတာကို သိအောင်၊ ပြုလုပ်တတ်အောင် လမ်းညွှန်ပေးတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ငါတို့ဟာ မြတ်ဗုဒ္ဓရဲ့ ငါတို့အပေါ်ရှိတဲ့ ကျေးဇူးတရား၊ ငါတို့မှာမရှိတဲ့ ပညာစွမ်းအား၊ ကရုဏာစွမ်းအားစတာတွေကို အမြဲတမ်းအာရုံပြုပြီး ရိုသေကန်တော့နေခြင်း ဖြစ် ပါတယ်။ မိမိအပေါ်မှာ ကျေးဇူးရှိခဲ့ တဲ့ကျေးဇူးရှင် ကို ဘယ်သူမဆိုသိတတ်ပြီး ကျေးဇူးဆပ်ရမှာပါ။ ဒါဟာ လောကရဲ့သဘာဝပါ။
ဆရာသမားကို ရိုသေးလေးစားခြင်းဆိုတာနဲ့ ဆည်းကပ်ပူဇော် ဆုတောင်ပတ္တနာပြုခြင်း မတူညီပါ။ အခုအခါမှာ ဗုဒ္ဓဘာသာများက ဗုဒ္ဓဆိုတဲ့ အရှင်ဂေါတမဆီမှာ ဆုတောင်းပတ္တနာပြုနေကြပါတယ်။ (အများစုကြီးပါ။) လူလူချင်းလည်း အဝတ်အစားလေး လဲလိုက်ယုံနဲ့ ဘုရားသားတော်ဆိုတဲ့ ခေါင်းစီးအောက်မှာ ရှိခိုးပူဇော် ခံယူနေကြပါတယ်။ သားသမီးတစ်ဦး ရှင်ပြရဟန်းခံပြီးရင်- မိဘကိုယ်တိုင်က ထိုင်ပြီးကန်တော့ပါတယ်။ သားသမီးဟာ မိဘရဲ့ ဆရာဖြစ်လေ ရော့သလား။ သို့မဟုတ် မနေ့ကမှ ရဟန်းဖြစ်တဲ့ အဲ့ဒီသားသမီးက မိဘကို ဘယ်လိုများ နိဗ္ဗာန်ရောက်ကြောင်း တရားတွေကို စနစ်တကျပြသပေးပါသလဲ။ သူကိုယ်တိုင်က ချက်ချင်း ဆရာဖြစ်သွားပါသလား၊ ယုတ္တိရှိရှိလေး ဆွေးနွေးပေးစေလိုပါတယ်။
မှတ်ချက်။ ။ ဘာသာရေးအပြန်အလှန် ပုတ်ခတ်မှု့တခုလို့ ယခုပိုတ်စ့်အား ထင်မြင်ခြင်းမပြုပါရန်နှင့် ဘာသာ(၂)ခုအကြား အပြန်အလှန် နှီးနှော ဖလှယ်နေသည်ဟု ထင်မြင်ခံစားပေးပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
ဒကာပြောတဲ့အရာတွေက ကျေးဇူးရှင်တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ရှိခိုးရိုသေတဲ့အခါမှာ မိမိမလုပ်နိုင်တာကိုလုပ်နိုင်လို့ ကိုယ့်ထက်သာလို့ အဲဒီလူဟာ မိမိထက် အဆင့်အတန်းမြင့်လို့ ရှိခိုးရိုသေရတာတွေလည်း ရှိပါတယ် ဒကာ။ အပေါ်က မြတ်ဗုဒ္ဓရှိခိုးတယ်ဆိုတာတွေထဲမှာလည်း အဲဒါတွေ ပါပါတယ်။ ဒါပေမဲ့ ဦးဇင်းက လိုရင်းအဓိကကျတာကိုပဲ ဖြေပေးခဲ့တာမို့ပါ။ မိဘတွေက ယနေ့မှ ကိုရင်ဝတ်တဲ့ သားကို ဘာဖြစ်လို့ ရှိခိုးရတာလဲဆိုတော့ မိဘတွေက စောင့်ထိန်းတဲ့သီလတရားထက် ကိုရင်ဖြစ်သူက သာသွားလို့ပါ။ နောက်တစ်ခုက ကိုရင်ဝတ်ရုံထားတဲ့သင်္ကန်းဟာ မိဘတွေဝတ်ထားတဲ့ အကျႋ ပုဆိုးထက် မြင့်မြတ်လို့ပါ။ မြင့်မြတ်တယ်ဆိုတာက သာသနာဘောင်မှာနေတဲ့ ကိုရင်၊ ရဟန်းတွေရဲ့ အဝတ်တန်ဆာဟာ ကိလေသာကုန်အောင် အားထုတ်ခဲ့ကြတဲ့ ရဟန္တာအရှင်မြတ်များရဲ့ အဝတ်တန်ဆာဖြစ်နေလို့ ခုဝတ်နေတဲ့ကိုရင်ရဟန်းဟာ ရဟန္တာမဟုတ်ပေမဲ့လည်း ထိုနည်းတူမြင့်မြတ်မဲ့ပုဂ္ဂိုလ်ဖြစ်မှာမို့ ရည်းမှန်းရိုသေရှိခိုးခြင်း ဖြစ်ပါတယ်။
ဥပမာ-ဘုရင်ကိုယ်တိုင်မလာသော်လည်း ဘုရင်ရဲ့အမိန့်စာပါတာနဲ့ အဲဒီအမိန့်စာရှေ့မှာ ဒူးထောက်ရိုသေပေးရသလို ကိုရင်လေးဟာ ဒီနေ့ဘာမှမဖြစ်သေးပဲ သူဝတ်ရုံထားတဲ့ အရဟတ္တဓဇ-ဘုရားရဟန္တာတို့ရဲ့ အဝတ်အစားဖြစ်ခြင်းကြောင့် ရိုသေကန်တော့ရခြင်း ဖြစ်ပါတယ်။
ဒီလောက်ဆို ဒကာသိချင်တာများ လုံလောက်ပြီလို့ ထင်ပါတယ်။ နောက် ဦးဇင်းအားတဲ့အခါကျမှ ဒကာသိချင်တာလည်း မေး၊ ဦးဇင်းသိချင်တာလည်း မေးမြန်း ဆွေးနွေးကြတာပေါ့။
အရှင်ကောမလ(ခ)ဆန်နီနေမင်း
ဒီမှာဖတ်မရတာ မရှင်းရင် ဦးဇင်းဆိုဒ် http:// www.sanninaymin.com ကို ဝင်ဖတ်ကြည့်ကြပါလေ။
2 comments
နတ်ဆိုးလေး
March 19, 2012 at 12:34 pm
အရှင်ဘုရား ကိုကြောင်လေးရဲ့ ပိုစ့်မှာလဲ သွားရောက်ဖြေရှင်းပေးပါအုန်းဘုရား
ဆန်နီနေမင်း
March 19, 2012 at 2:24 pm
အင်း ရေးပေးလိုက်ပါပြီ