ပြည်သူတွေနဲ့ ကျွန်မ အကြား………. (ဒေါ်အောင်ဆန်းစုကြည်)
စောင့်ကြိုနေတဲ့ ပြည်သူတွေရဲ့ မျက်နှာပေးတစ်မျိုးကတော့ အာရုံစူးစိုက်ပြီး ဘယ်ကားမှာများ ကျွန်မပါလာလိမ့်မလဲလို့ အကြည့်ပါပဲ။ ခရီးရှည်တဲ့အခါ တစ်ချိန်လုံးအမိုးဖွင့်ပြီးနေလို့က မလွယ်ပါဘူး။ ဒီတော့ထိုင်ပြီးပြတင်းပေါက်ကပဲနှုတ်ဆက်ရင် အဆင်ပြေမဲ့ နေရာတွေမှာ ထိုင်နေတော့ ကျွန်မဘယ်ကားမှာ ပါသွားမှန်းမသိလို့ စိုက်ငေးနေရင်း လွတ်သွားသူတွေလဲရှိပါတယ်။
အဲဒီလိုဖြစ်ရင် ကျွန်မစိတ်မကောင်းဖြစ်ရပါတယ်။ ဘယ်တုန်းက စောင့်နေမှန်းလဲမသိ စောင့်ရကျိုးမနပ် ဖြစ်သွားလေရဲ့လို့ အားနားမိတယ်။ အချို့နေရာတွေမှာ သတိပြုမိတာက မျက်လုံးမကောင်းသူတွေ၊ မစွမ်းမသန်သူတွေ တန်းစီတဲ့အခါ လာလမ်းဘက်အကျဆုံးနေရာတွေမှာ နေကြတယ်။ ပိုပြီး လွယ်လွယ်မြင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖြစ်မှာပါ။
ဒါပေမဲ့ ကားက တစ်ခါတစ်လေ ချက်ချင်းအရှိန်မသတ်နိုင်တော့ အဲဒီလိုပုဂိုလ်တွေကို လွန်သွားပြီးမှ ရပ်နိုင်တယ်။ ပြန်ဆုပ်လို့ကလည်း မရ။ အခြားစောင့်နေသူတွေကလည်း ဝိုင်းလာတော့ ကိုယ်အင်္ဂါအားနည်းသူတွေဟာ နှုပ်ဆက်တဲ့အထဲ ဝင်မတိုးနိုင်ဖြစ်ရပါတော့တယ်။
ကျွန်မတို့ သုံးခွအသွား သာကေတအနား ဖြတ်သွားတဲ့အခါက စောင့်နေသူတွေရဲ့ အစွန်မှာ ချိုင်းထောက်နဲ့ အမျိုးသားတစ်ယောက်ကို ကျော်သွားပြီးမှ ကားအရှိန်သတ်သွားတော့ ပြတင်းပေါက်နားရောက်လာတဲ့ လူငယ်တစ်ယောက်ကို ကျွန်မက ပြန်ပြေးခိုင်းပြီး ချိုင်းထောက်နဲ့လူကို ကျွန်မနှုတ်ဆက်လိုက်ကြောင်း ပြောပေးပါဆိုတော့ လူငယ်ကလည်း ပြန်ပြေးသွားပါတယ်။
ကျွန်မတို့လဲ ရှေ့ဆက်ထွက်ရလို့ ပါးလိုက်တဲ့စကား ရောက်သွား မရောက်သွား မသိလိုက်ရပါဘူး။ ခရီးစဉ်တစ်ခုမှာတော့ ချိုင်းထောက်ကိုလက်တစ်ဖက်နဲ့မြှောက်ပြီး ခြေတစ်ဖက်နဲ့ ခုန်လို့ တက်တက်ကြွကြွ နှုတ်ဆက်ကြိုဆိုတဲ့ အမျိုးသားကြောင့် အားတွေပြည့်ခဲ့ရပါတယ်။
ဒီလိုနေရာအတော်များမှာ မသန်းစွမ်းသူတွေနဲ့ မနှုတ်ဆက်ဖြစ်လိုက်တာကို ဝမ်းနည်းစွာနဲ့ ဒီဆောင်းပါးကပဲ တောင်းပန်ပါရစေ။ လူစုလေးတွေ ခပ်ကျဲကျဲစောင့်နေတဲ့ မြို့ပြင်လမ်းတွေမှာ ခရီးချိန်ဇယားနဲ့ကိုက်အောင် တက်နိုင်သလောက် ကြိုးစားရလို့ ကားအရှိန်မသတ်နိုင်ဘဲ ပြတင်းပေါက်ကသာ လက်ပြသွားရပါတယ်။
စောင့်နေတဲ့သူတွေ တွေ့လိုက်တဲ့အခါရှိသလို မတွေ့လိုက်တဲ့အခါလည်း ရှိပါတယ်။
မန္တလေး-စစ်ကိုင်းသွားလမ်းမှာ လူတစ်ရပ်လောက်တောင်မရှိတဲ့ လူသားနေအိမ်လို့တောင် ခေါ်ဖို့ရာခက်တဲ့ အင်မတန်စုတ်ပြတ်နေတဲ့ တဲယဲ့ယဲ့လေးတစ်ခုမှာ တန်းစီပြီး လက်ဝှေ့ယမ်းစောင့်နှုတ်ဆက်နေတဲ့ မိသားစုလေး။ ကျွန်မက အသားကုန်လက်ပြပေမဲ့ မမြင်လိုက်ကြ။ မျက်နှာတွေပေါ်မှာက မျှော်လင့်ချက်အပြုံးလေးတွေနဲ့ ကျန်ခဲ့တယ်။ ဒါတွေကို ဝမ်းနည်းနေမဲ့အစား ဒီလိုမိသားစုလေးတွေ ဆင်းရဲနွမ်းပါးခြင်းမှ လွတ်ကင်းဖို့သာ ကြိုးစားရမှာပဲလို့ ကျွန်မကိုယ် ကျွန်မ ဖြေသိမ့်ရပါတယ်။
ကျွန်မတို့ တတ်နိုင်သမျှ ကြိုးစားပြီး ရပ်နှုတ်ဆက်နေသူများက ဘီးဆင်ကုလားထိုင်များပေါ်က မသန်စွမ်းပုဂိုလ်တွေ၊ ဘေးကဖေးမ ပေးထားရသူတွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။ ယခု ကျွန်မကိုယ်တိုင်က ၆ရနှစ်နီးပြီဆိုတော့ ကျွန်မကို သမီးလို့ခေါ်ပြီး ဆုပေးနိုင်တဲ့သူတွေကလည်း နည်းလာပြီလေ။ ဒါကြောင့် ဒီလိုမိဘအရွယ်တွေနဲ့ တွေရတဲ့အခါ အထူးကြည်နူးမိပါတယ်။
မိဘတွေအကြောင်းပြောရင်း ကြုံလို့ ကျွန်မသုံးနေကျ စကားလေးအကြောင်း ရှင်းပြချင်ပါတယ်။
တစ်ခါက ကျွန်မကို တပ်မတော်အရာရှိတစ်ဦးက မိန့်ခွန်းတွေပြောတဲ့အခါ ဖေဖေလို့ ပြောမဲ့အစား တပ်မတော်သားတွေအကြား ထင်ထင်ရှားရှားဖြစ်သွားအောင် “ဗိုလ်ချုပ်အောင်ဆန်း” လို့သုံးနှုန်းပါတဲ့။ အကြံပေးတဲ့သူရဲ့ စေတနာကိုနားလည်ပေမဲ့ ကျွန်မ မလိုက်လျှောဖြစ်နေရပါတယ်။ “ဖေဖေ” ဆိုတာက ကျွန်မအတွက် မေတ္တာတွေ၊ နွေးထွေးမှုတွေ အပြည့်နဲ့ ငယ်ငယ်လေးကတည်းက ကျွန်မဘဝကနေ ပျောက်ကွယ်သွားခဲ့ပေမဲ့ မကွဲမကွာ အနားမှာရှိနေသေးသကဲ့သို့ ဖန်တီးပေးတဲ့ အသုံးအနှုန်းပါပဲ။ ဒါကြောင့် ကိုယ်တိုင် အဘွားအရွယ်ရောက်နေတာတောင် ” ဖေဖေ ” လို့ပဲသုံးနှုန်းတာကို မျက်လုံးချင်းဆုံရုံနဲ့ စကားဖလှယ်နိုင်တဲ့ ပြည်သူတွေ နားလည်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ( တစ်သက်လုံးမှာ သုံး၊ လေးခါမျှ ” ကျွန်မဖခင် ဗိုလ်ချုပ်အောင်ဆန်း ” လို့ ပြောခဲ့ရတဲ့ အချိန်အခါ တစ်ခုကတော့ ရုပ်မြင်သံကြားမှာ လွှင့်မဲ့ မိန့်ခွန်းဖြစ်ပါတယ်။ )
ပြည်သူတွေနဲ့ ပြောခဲ့တဲ့စကားတွေက ဆက်ရန်ရှိပါသေးတယ်။
အောင်ဆန်းစုကြည်။
(မိတ်ဆွေ အများ ဖတ်နိုင်အာင်လို့ ဒီလှိုင်းဂျာနယ် အတွဲ ၁ ။ အမှတ် ၉ ။ မှာရေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီစကား မှ ကူးယူဖေါ်ပြပါတယ်)
2 comments
Patriot
March 19, 2012 at 9:53 am
အောက်မှာဖော်ပြထားတဲ့ကဗျာလေးကို Zay လို့ အမည်ပေးထားတဲ့ ပုဂ္ဂိုလ်တစ်ဦးက Comment မှာရေးခဲ့တာဖြစ်ပါတယ်။ သိပ်ကြိုက်လွန်းလို့ ဒီမှာ ဖော်ပြခွင့်ပြုပါလို့ Zay ကို ခွင့်တောင်းပါတယ်။
သုံးထောင်မပါ ခုံမပါ
မလာမနေရ အာဏာမပြ။
မုန့်ဟင်းခါးမကျွေး ရေမပေး
ဟိုလမ်းမဖောက် ဒီလမ်းမဆောက်
လူငွေ့ထူထူ နေပူပူ
အရိပ်မရှိ အကာမပါ
အဲ အဲ
အဓိက မေတ္တာ
အမေ့မှာ ပါတယ်
လာ သွားမယ် သူငယ်ချင်းတို့။
ကြောင်ကြီး
March 19, 2012 at 10:19 am
ကြောင်ကြီးမေမေ
အသက်ရှည်
ကျန်းမာစေဂျောင်း
ဆုမွန်ကောင်း
နတ်လူအပေါင်း
စုကာလောင်း
ပြုတာအကြောင်း
ထုပါမောင်း..။