နဲနဲလေးလို့ထင်ပေမဲ့လည်း
ဂျာကြီးလည်းဟုတ် ၊ စာရင်းကိုင်လည်းဟုတ်၊တောက်တိုမယ်ရလည်းဟုတ်သည့် ကိုခင်အောင် ကောင်တာမှာထိုင်ရင်း ဒီမနက်ရောင်းရငွေကို ခန်းမှန်းကြည့်လိုက်သည်။ အတိအကျ ဘယ်လောက်ရလည်း ရေတွက်ကြည့်ချင်သော်လည်း မ ရေ ရဲ ။ရေလိုက်ရင် ထပ်မဝင်တော့ ဟု ပြောသံကြားဘူးသည်။ အင်း အလွန်ဆုံးရှိမှ ခြောက်သောင်းလောက်သာ ရှိဦးမည်။ ဒါဆို ဒီနေ့လည်းရောင်း မကောင်းသည့် နေ့တစ်နေ့ဖြစ်လာ ဦးမည်ဟုတွေးလိုက်မိသည်။ ဒီလို မနက်ခင်းမှာ အနည်းဆုံး တစ်သိန်းဘိုးလောက်ရောင်းထားမှ နေ့လည်ပိုင်းနှင့်ညပိုင်း ရောင်းအားထပ်ပေါင်း နှစ်သိန်းလောက်ဖြစ်မှ ပိုင်ရှင် ဦးမျိုးကြီးကို မျက်နှာလုပ်၍ ရမည်ဖြစ်သည်။ ဒီပုံအတိုင်းဆုံးမလွယ်။ ကိုခင်အောင် တို့ဆိုင်လေးမှာ တာမွေ သမိန်ဗရမ်းလမ်းမကြီးနှင့် လမ်းသွယ်လေးထောင့် တွင် ဖွင့်ထားသော လ္ဘက်ရည်ဆိုင်ဖြစ်သည်။ ရပ်ကွက်မှာ လူဦးရေ သိမ်မထူထပ်။ လမ်းထဲမှာ ဆောက်နေသော ကန်ထရိုက်တိုက်မှာလည်း ပြီးသွားပြီဖြစ်၍ သူ့ဆိုင်လာသောက်နေကျ အလုပ်သမား အုပ်စုမှာလည်း အခြားရွှေ့သွားကြလေပြီ။
ကန်ထရိုက်တိုက် သုံးလွှာမှ အခန်းတစ်ခန်းကတော့ အိမ်တက် ဒီနေ့ မနက်လုပ်မည်ဟုလည်းဆိုင်က စာပွဲထိုးလေးတွေပြောသံကြားမိသည်။ ထို့ကြောင့်ရပ်ကွက်ထဲက လူတွေ အလကားရတဲ့ အိမ်မှာ သွားမြိုဆို့နေကြပြီး သူ့ဆိုင်လူမကျတာဖြစ်မည်ဟု တွေးလိုက်မိသည်။
ဟူး.. ကိုခင်အောင် စိတ်အိုက်အိုက်နှင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး လူဝင်အောင် ဘယ်လိုလုပ်ရင်ကောင်းမလဲတွေးနေမိသည်။ သူများတွေလိုလည်း လာတ်လာဘရွှင်အောင် ရွတ်သောဂါထာကလည်း ဘာ ဂါထာမှ မရ။ အချိူ့ဘုန်းကြီတွေ ပြောသော လာတ်လာဘရွှင်စေသည်ဆိုသည့် ဘုရားစာ ဆိုတာလည်း သူမရ။ ပိုင်ရှင် ဦးမျိုးကြီးကလည်း လာတ်လာဘ ရွှင်အောင် အင်းလေး ဘာလေး မလုပ်ပေး။ အချို့ဆိုင်များတွင် ဘုန်းကြီးပေးသော ခေါင်းလောင်းလေး ဆိုကာ လူမလာလျှင် ရောင်းမကောင်းလျှင် ခေါင်းလောင်းလေးလှုပ်ပြီး လူလာအောင်ခေါ်တတ်ကြသည်။ ဒါမျိုးလည်းဘာမှ မရှိ။
ရောင်းမကောင်းလျှင် ဘာလို့ရောင်းမကောင်းတာလည်း ၊သူများဆိုင်တွေကော ရောင်းကောင်းလားစုံစမ်း။ သူများဆိုင်တွေမှာ ရှိပြီး ဒို့ဆိုင်မှာ မရှိတာဘာရှိလည်း။ မင်းတို့ စားသုံးသူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံရဲ့လား။ မင်းတို့ပုဂံတွေ ညစ်ပါတ်နေလို့လား၊ ရေနွေးတွေပူရဲ့လား …လားပေါင်းများစွာနှင့် သူတို့ကိုသာ လာလာအပြစ်ဖို့နေတတ်သည်။စိတ်ညစ်ညစ်နှင့် မျက်လုံးစုံမှိတ်ပြီး ဘာလုပ်ရင်ကောင်းမလဲစဉ်းစားနေမိသည်။
ဂျာကြီး .. ဂျာကြီး
စာပွဲထိုးလေးသူရိန် ခေါ်သံကြားမှ သူလန့်သွားသည်။
ဘာလည်းကွ ..မင်းက အလန့်တကြား ..
ဒီမှာ အိမ်တက်တဲ့ အိမ်ကတဲ့ အကိုကြီးက နန်းကြီးသုတ် ၁ဝ ပွဲ နဲ့ ပဲပလာတာ အချပ်၂ဝ အမြန်လုပ်ပေးပါတဲ့။ အိမ်တက်မှာ ကျွေးတဲ့ မုန့်ဟင်းခါး ပြတ်သွားလို့တဲ့ ။ ပြီး ဆေးလိပ်နှစ်တောင့် ပါ ယူမယ်တဲ့။ ဧည့်သည်တွေ တိုက်ဖို့ တဲ့။
ကိုခင်အောင်မော့ကြည့်လိုက်သည်။ ဆံပင်တိုတို အသားညိုညို၊ လည်ကတုံး အကျီဖြူလက်ရှည် နှင့်လူသန့်တစ်ဦး ။
ဟုတ်ကဲ့ အကိုကြီး။ အိမ်မှာ မုန့်ဟင်းခါးပြတ်သွားလို့ အမြန်လုပ်ပြီး လာပို့ပေးပါနော်။ ဆေးလိပ်နှစ်တောင့် နဲ့ နန်းကြီးသုတ် အမြန်သုတ်ပြီး အရင်လာပေးနော်။ ပဲပလာတာက ပြီးမှ လာပို့လ်ို့ ရတယ် ။ အားလုံး ဘယ်လောက်ကျလဲဆိုတာလည်း ရေးပေးလိုက်နော် ..
ကိုခင်အောင် မျက်လုံးကျယ်သွားသည်။ ဒါဆိုမဆိုး ။
ဟုတ်ကဲ့ ဟုတ်ကဲ့ခင်ဗျ ။ ပို့လိုက်ပါ့မယ်။ သုံးလွှာနော်။
ဟုတ်တယ် အကိုကြီး၊ သုံးလွှာကိုပါ။ အမြန်ပို့လိုက်နော်။ နန်းကြီးသုတ် က ဟင်းချို ထည့်မပေးလိုက်နဲ့။ ကျန်တဲ့ မုန့်ဟင်းခါးရည်လေးဘဲချပေးလိုက်မယ်။
ပဲပလာတာက ဆိမ့်ဆိမ့်လေးလုပ်ပေးနော်။ အကိုကြီးတို့ဆိုင်က ပဲပလာတာက ကောင်းပြီးသား၊ဆီလည်း ပဲဆီဘဲသုံးတယ် လို့တော့ သိပါတယ်ဗျာ။ ဧည့်သည်ကျွေးမှာ မို့လို့သာပြောရတာပါ.ကောင်းကောင်းလေးလုပ်ပေးနော်.
စိ်တ်ချ။စိတ်ချ ကျွန်တော်တို့က ကျန်းမာရေးကောင်းအောင် လ္ဘက်ရည်ဆိုင်ပေမဲ့ စားအုန်းဆီ မသုံးဘူး။ပဲဆီဘဲသုံးတာ ။နောင်လည်း အားပေးနော်။
ဟုတ်ကဲ့ ဟုတ်ကဲ့ နောင်လည်းအားပေးမှာပါ။ အမြန်လွှတ်လိုက်နော် ။ သွားလိုက်ဦးမယ်။
ကိုခင်အောင် အာရွှင်စွာဖြင့် နောင်အတွက်ပါ စည်းရုံးလိုက်သည်။ အင်း ဒီလူကလည်း အပြောကောင်းတယ်။ ငါတို့ဆိုင် အကြောင်းလည်းသိနေပါလား၊ မိတ်တစ်ယောက်တော့ တိုးဦးမယ် ဟု တွေးရင်းကျေနပ် နေမိသည်။
ရှမ်းမရေ နန်းကြီးသုတ် ကောင်းကောင်းလေး ၁ဝ ပွဲ အမြန်သုတ်။ အချဉ် ရှောက်သီးတွေဘာတွေလည်းမကျန်စေနဲ့ ။ ဟင်းရည်သောက်မယူဘူး။
ရော်နယ်ဒို ကောင်လေး မင်း ပဲ ပလာတာ အစွမ်းပြစမ်းကွာ ။ အချပ်၂ဝ ။ ပဲလောက်တယ် မဟုတ်လား။
သူရိန်။ ရှမ်းမဆီက နန်းကြီးသုတ်ရတာနဲ့ သေသေချာချာ သွားပို့ ။ ငါ ဘောက်ချာပေးလိုက်မယ်။ သွားပို့ရင် လက်မအားလို့ခြေထောက်အားတယ်ဆိုပြီး ဟိုကန်ဒီကန်နဲ့ မဆော့နဲ့။ သေသေချာချာ ကိုင်သွားနော်။
ကိုခင်အောင် တသီကြီးမှာပြီး ပီတိဝေသွားသည် ။ ဒါဆို ဆေးလိပ်ဖိုးနဲ့ပါဆို အနည်းဆုံး ၂၅၀၀ဝ ကျပ်လောက်တော့ ရောင်းအားတက်သွားပြီ။ ဒီလောက်ဆို သူလည်းဒီနေ့ရောင်းအားထဲမှ တစ်ထောင်နှစ်ထောင်လောက် ကစ်ထားလိုက်လည်း ဦးမျိုးကြီး သိ်ပ်ရိ်ပ်မိမည် မဟုတ်ဟုတွက်လိုက်သည်။
ဂျာကြီး ဘောက်ချာပေး။ နန်းကြီးသုတ်ရပြီ ။ သွားပေးလိုက်တော့မယ်။
အေးအေး ။သူရိန် ဒီမှာ ဆေးလိပ်နှစ်တောင့် ။ ဘောက်ချာ က ဒီ ဆေးလိပ်နှစ်တောင့် အိပ်ထဲမှာ။ သုံးလွှာမှာနော် ။ ပေးလိုက်တဲ့ပိုက်ဆံလည်း မပျောက်အောင် သေသေချာချာ ပြန်ကိုင်လာ။ ပျောက်လို့ ကတော့ မင်း လခထဲက ဖြတ်ခံရမယ်မှတ်။
သူရိန်က အသက် ခုမှ ၁၂ နှစ်။ သွက်သွက်လက်လက်ရှိသော်လည်း အဆော့က မက်ဆဲမို့ အမြဲသတိပေးနေရသည်။စာသင်ခန်းထဲရှိရမည့် အရွယ်လေးတွေဖြစ်သော်လည်း အရက်သမားအဖေ နှင့် ကြုံရာ လုပ်စားသော အမေ တို့အတွက် သူ့လခ တစ်လ တစ်သောင်းခွဲမှာ တစ်အားဖြစ်နေသည်။ အိမ်မှာနေရင် ထမင်းလည်းနပ်မှန်အောင်မစားရဘူး။ အဖေက မူးလာရင်လည်းရိုက်သေးတယ်။ ဒီမှာက အလုပ်လုပ်ရပေမဲ့ ထမင်းနပ်မှန်အောင်စားရတယ်ဟု သနားစဖွယ်ပြောပြသည်။ ကြီမ်းသာ ကြိမ်းရသော်လည်း တကယ်တော့ သူတို့လစာထဲမှ မဖြတ်ရက်။ ဖြတ်စရာ လစာကလည်း တစ်ကယ်တော့ ဘယ်တော့မှ မရှိ။ သူ့အမေ အမြဲတန်း ကြိုထုတ်သွားသည်နှင့် ကုန်သည်သာဖြစ်သည်။ ဦးမျိုးကြီး ကပေးသော မုန့်ဖိုးသာ သူ့တွင်ရှိသည်။
ဟေ့ကောင် သူရီန် ပြန်လာတာ မြန်လှချည်လား။ အပေါ်ရောက်အောင်သွားပေးရဲ့လား ။ ပိုက်ဆံကော ။
မပါသေးဘူး ဂျာကြီး ။ မလာသေးလို့ စိတ်ပူလို့ဆိုပြီး ခုနလူကြီး ဆိုင်လာမလို့ဆိုပြီး လှေခါးရင်းမှာတွေ့တာနဲ့ သူယူသွားတယ်။ ပဲပလာတာ မြန်မြန်သွားယူလာခဲ့ တဲ့ လ္ဘက်ရည် ရှယ် ချိုပေါ့ ပါဆယ် သုံးခွက်ပါ ထပ် ယူလာပါတဲ့ ။ အဲ့ဒါမြန်မြန်လာပေးပါတဲ့။
ဟေ ။ အေး ။ ငပုရေ စွန်ရဲ ရှယ် ပါဆယ် သုံးခွက် ။ ရော်နယ်ဒို မင်း ပဲပလာတာ ရပြီလားဟေ့ .. အမြန်လေး ။
ရော့ရော့ သူရိန်။ ဒီမှာ ပါဆယ် သုံးခွက်အတွက် ဘောက်ချာ ထပ်ယူသွား ။ ပိုက်ဆံ သေသေချာချာ ရီ ယူလာနော်။
သူရိန်က်ိုပေးလိုက်ပြီး ကိုခင်အောင်ဆက်တွေးနေမိ သည်။ ဒီတစ်ခါ အတွေးက သူဦးမျိုးကြီးထံမှ ငါးရာ တစ်ထောင်ဖြင့် ကစ်ထားသော ပိုက်ဆံစုစုပေါင်းဘယ်လောက်ရှိပြီလည်း တွေးနေခြင်းဖြစ်သည်။ ဒီလ အတွက်တော့ အနည်းဆုံး နှစ်သောင်းလောက်ရနေပြီ ။ ဦးမျိုးကြီး ကတော့ သူ့ကိုယုံပြီး လ္ဘက်ရည်ဆိုင်ဖွင့်ထားသော်လည်း သူကတစ်နေ့နည်းနည်း နှင့် ကစ်နေသည်။ သူပေးထားသော လစာနှင့် သူလုပ်ရသော အလုပ် ဒီလိုကစ်မှ ထိုက်တန်သည်ဟု သူယူဆထားသည်။ နေ့စဉ် မနက် ငါးနာရီလောက်မှ စလိုက်သော သူ့အလုပ်သည် မပင်ပန်းသော်လည်း ည ၁၁နာရီ ဆိုင်ပိတ်ချိန် အထိဆိုတော့ ဘောက်ဆူးအနေနှင့် သူယူတာ ဆိုကာ ကိုခင်အောင်ကိုယ့်ကိုကိုယ်ဖြေသိမ့်ထားသည် ။ တစ်ခါတစ်ရံ ဒီပိုက်ဆံထဲမှ စားပွဲထိုးလေးများကွဲသော ပန်းကန် စိုက်၍ ဝယ်ပေးရသေးသည်။ ပြီး ဒီနှစ်ကုန် ရှမ်းမ ကို ခိုးပြေးပါ့မယ်ဟုလည်း ကတိကပေးထားသောကြောင့် ပိုက်ဆံစုနေရသေးသည်။
ဂျာကြီး ဂျာကြီး ။ မဟုတ်ဘူးတဲ့ ။ သူတို့မမှာဘူးတဲ့။
သူရိန်တစ်ယောက် ပလာတာအထုပ်များ. လ္ဘက်ရည်ထုပ်နှင့် ပြန်ရောက်လာပြီး အမောတကော ကိုခင်အောင်ကိုပြောလိုက်သည်။
ဘာ . ဘာ မဟုတ်တာလည်း ။ ဘာမမှာတာလည်း ။
ဟို .ဟို သုံးလွှာက အိမ်တက်က သူတို့မှာတာ မဟုတ်ဘူးတဲ့။ ဘာမှ မမှာဘူးတဲ့။
ဘာကွ.. ဟို လည်ကတုံး နဲ့ လူကကော ..
မသိဘူးတဲ့။ သူတို့အိမ်မှာ ယောကျာင်္းဆိုလို့ ဘဘကြီး တစ်ယောက်ဘဲရှိတယ်တဲ့။ဘဘကြီး ကအဲ့ဒီမှာထိုင်နေတယ်။ ကျွန်တော်ပြန်ဆင်းလာတော့ အဲ့ဒီ့နားက ဆိုက်ကားသမားတစ်ယောက် ခုနကျွန်တော်ပေးလိုက်တဲ့ နန်းကြီးသုတ် စားနေတာတွေ့လိုက်လို့ မေးလိုက်တော့ လည်ကတုံးနဲ့ အကိုက အိမ်တက်ကပေးတာဆိုပြီးပေးလို့စားနေတာလို့ပြောတယ်။ အဲ့ဒီ အကို ဟိုဘက်ထွက်သွားတယ်လို့ပြောတယ်။
ဟေ … သွားပြီ .. သွားပြီ .. ဆေးလိပ်နှစ်တောင့် လာလိမ်သွားပြီ ..
ကိုခင်အောင် ရှုံ့တွနေမည့် ဦးမျိုးကြီး မျက်နှာ ပြေးမြင်လိုက်သည်။
တစ်ဆက်ထဲ သူ့ကစ်ထားသော ပိုက်ဆံ အချို့ပြန်ခုန်ပေါက်ထွက်သွားမှာ မြင်ယောင်မိလိုက်သည်။
(အဖြစ်မှန်အား အခြေခံရေးသားပါသည်)
17 comments
စိန်ပေါက်ပေါက်
March 20, 2012 at 4:35 pm
တောက်
ဒီနှစ်ကုန်ရင် ကရင်မကို ခိုးပြေးဖို ့ ပိုက်ဆံစုနေပါတယ်ဆိုမှ
အံချာတုံးဆိုတဲ့ ကလိန်ကကျစ်ကောင်ကြောင့် ဆေးလိပ်နှစ်တောင့်နဲ ့ နန်းကြီးသုပ်ဆယ်ပွဲ အိတ်စိုက်ရဦးမယ်
ဝိတ်တာခေါင်းဆောင် ဖျဲသီး၆သုံးမကျလို ့ ကျကွဲတာတွေ ဘတ်ပြေးတာတွေစိုက်ရဦးမယ်..
ဒီစပိနဲ ့သွားနေရင် ကရင်မမပြောနဲ ့ ကလားမတောင် ခိုးပြေးလို ့ရမှာမဟုတ်ဘူး…
အလုပ်သစ် လုပ်ဦးမှဖြစ်မှာပါနော်…
Thel Nu Aye
March 20, 2012 at 4:38 pm
မိစိန်ပေါက်ရှင်ပြန်လာပြီလား။
စိန်ပေါက်ပေါက်
March 20, 2012 at 4:43 pm
ဟင့်အင်း
လမ်းလျှောက်လာတာ
Thel Nu Aye
March 20, 2012 at 4:51 pm
ရတယ်။ ဘယ်လိုလာလာ။ လိုရင်းကတော့ရောက်ဖို့ပဲလေ။ လေးဘက်များကောထောက် လာသေးလား။ ( ဒေါ်ထူးဆန်းရေ ခွင့်လွှတ်ပါ။ ပိုစ့်နဲ့မဆိုင်ပဲ မိစိန်ပေါက်ကိုစနေမိလို့) ပြီးမှမန့်တော့မယ်။
စိန်ပေါက်ပေါက်
March 20, 2012 at 4:58 pm
ယောက်ျားလေးဆိုတော့ ငါးဘက် ထောက်လာခြင်း ဖြစ်ပါတယ်တော့
Thel Nu Aye
March 21, 2012 at 9:01 am
အေး အထောက်မှားရင်တော့ ဝီစီစာပဲနော်။ ကြည့်လုပ်။
Thel Nu Aye
March 21, 2012 at 9:02 am
အထောက်မှားရင်တော့ ဝီစီစာပဲနော်။ ကြည့်လုပ်။
water-melon
March 20, 2012 at 5:48 pm
ဟဲ့တောင်မရဲ့
နာနဲ့မဆုိုင်ဘူး
ကြီးမိုက်နဲ့ အံဇာကြောင့်
ကလားမခိုးချင်ရင်ပြောလေ
ကူညီပါရစေ 😀
Mon Kit
March 20, 2012 at 4:56 pm
ဟုတ်တယ်….. ဖြစ်နိုင်တဲ့ ဇာတ်လမ်းလေးပါ…..
htoosan
March 20, 2012 at 5:06 pm
စိန်ပေါက်ပြန်လာတော့ ဂေဇက် ပို အသက်ဝင်လာသလိုပါဘဲ။။ အီးထပ်မပန်းပါစေနဲ့ ဆုတောင်းပေးရမှာပါ့.။။။
windtalker
March 20, 2012 at 8:15 pm
ပေါက်ဖော် ရွာထဲက ပျောက်သွားတဲ့ အကြောင်းကိုများ နာမည်ပြောင်းထားတာရားဟင် ။ ဟီဟိ
Thel Nu Aye
March 20, 2012 at 8:43 pm
အင်း အရေးထဲ ဆိုက်ကားသမားကို သူခိုးသေဖေါ်ညှိသွားသေးတယ်နော်။ ဆိုက်ကားသမားကမှ ခိုးထုပ်ခိုးထည်နဲ့မိတာ။ ဒီလိုလူတွေလောကမှာများများလာပြီ။ နောင်ဆိုအရာရာသတိရှိရတော့မယ်။
နတ်ဆိုးလေး
March 20, 2012 at 10:26 pm
ကိုစိန်ပေါက် ပျောက်သွားတာ အနော်သိတယ်ဗျ။ သူ သင်္ကြန်မှာ ကဲ ဖို့ အရက်ဖာ တွေ နယ်တွေ့မှာ လိုက်သိမ်းနေတာ တွေ့တာ။
Khin Latt
March 21, 2012 at 4:30 am
လောဘ ကြောင့် အဆင်အခြင် မဲ့သလား။
အယုံလွယ်သွားသလား။
သတိပြု စရာ လေးပါဘဲ ကထူးဆန်းရေ။
အဲဒီလူအတွက် စိတ်တော့ မကောင်းပါဘူး။
ဖားသက်ပြင်း
March 21, 2012 at 7:59 am
ပိတ်သတ်ကြီး..
ကောင်းသေးရဲ့လား ..ကောင်းကြသေးရဲ့လား
ကောင်းသေးရဲ့လား ..ကောင်းကြသေးရဲ့လား ….
😀
ကြောင်ကြီး
March 21, 2012 at 10:08 am
အဲဒေါ့လည်း နောင်အခေါက်တွေ ကစ်တဲ့အခါ ပါစင်းန်းတေ့ချ်ပိုတင် ကစ်ပေါ့ဗျာ…။ ဆယ်ကျော်သက်ဘဝ အိမ်ကပိုက်ဆံခိုးတာ သတိရတယ်။ သားရည်ပင်စည်းထားတဲ့ ရာတန်အုပ်ထဲက နည်းနည်းချင်းခိုးရင်း (အခြားအုပ်တွေက စက္ကူနဲ့ပတ်ထား၊ အတန်သေးတွေဖြစ်လို့) ကြာလာတော့ တဖြည်းဖြည်းပါလာလိုက်တာ ရာစည်းအုပ် မပေါ်တော့လို့ အားနာနာနဲ့ တအုပ်လုံးဖြောင်ပစ်လိုက်ရတယ်…။
chel gyi
March 21, 2012 at 12:58 pm
တော်တော် ကြိုပြီးစီမံထားတာထင်တယ်….