နေရာတစ်နေရာ ( ဗဒင်ရဲ့နေရာတော့မဟုတ်ဘူး)
တို့များဒီမနက်ရုံးအလာ မထသ ဘတ်စ်ကားပေါ်က အတွေ့အကြုံက ဒီစာရေးရခြင်းအကြောင်းရင်းပေပဲ။
တို့က ပြည်သူထဲက ပြည်သူမို့ ပြည်သူစီးရတဲ့ ဘတ်စ်ကားနဲ့ အမြဲတန်း တိုးဝှေ့ ကြပ်
ညပ်ပြီး စီးနေကျ။ နေရာရရန် အလို့ငှာတော့ ရုံးဆင်းချိန်မှာ ဘတ်စ်ကားကို တစ်မှတ်
တိုင် ကြိုပြီးစီးတဲ့ စနစ်လေ။ ကား ပတ်စီးတယ်လို့ခေါ်တာပေါ့။( ရွာသားတွေထဲမှာ
ဘတ်စ်ကားမစီးဘူးတဲ့သူပါရင်နားလည်အောင်နော်။) ၅ဝ ကျပ်ပိုပေးပြိး နေရာယူတဲ့စနစ်ပေါ့။
ခုံမှာ စတိုင်လေးနဲ့ထိုင် စာအုပ်ဖတ်ချင်ရင်ဖတ်၊ ပြတင်းပေါက်ဖက် နေရာရတဲ့အခါ
အပြင်ဖက်ငေးချင်ငေး ။ဒါမှမဟုတ် အလယ်လမ်းဘေးဖက်လုံဆိုရင်တော့ကားပေါ်မှာ
စီးလာတဲ့ ခရီးသည်တေါရဲ့မျက်နှကြို ဥပတိရုပ်ဖတ်တဲ့ပညာနဲ့ ဥပတိရုပ်ဖတ်ပေါ့။
ဟော ဟိုကောင်မလေး ဝတ်စားထားတဲ့ပုံစံက ဘယ်လိ ု…။ ဟိုလူကတော့ကြည့်ရတာဘယ်ပုံ…။ ဒါကလည်း ဘတ်စ်ကားစီးရင်းပညာယူနည်းလေ။
(တွံ သင်တို့သည် ဂဏှာဟိ မှတ်လေတော့။) တို့များက ရုံးတက်း ရုံးဆင်း ကုသိုလ်တွေတလှေကြီးပေးတဲ့ ဘတ်စ်ကားနဲ့ နေသားကျလာတာ ၁ဝ နှစ်ကျော်
ခဲ့ပေါ့။ ဘတ်စ်ကားပေါ်ကဇာတ်လမ်းများဆိုပြီးရိုက်ချင်တဲ့ ဒါရိုက်တာများရှိရင် မီးပွါး
ဖြစ်ဖြစ် မီးတုတ်ဖြစ်ဖြစ် မိုက်တီးဖြစ်ဖြစ် မြတ်ခိုင် ဖြစ်ဖြစ် တွေ့ကြုံခဲ့သမျှ ဇာတ်လမ်း
တွေ အလကားပဲတင်းနဲ့ပေးချင်ရဲ့။
ကြည့်သောသူမြင်၏ ဆိုသလို ကိုယ့်လိုစပ်စုလေ့လာတတ်တဲ့သူအဖို့တော့ တွေ့သမျှ
မြင်သမျှ ဟာ အဓိပ်ပါယ် အမျိုးမျိုးနဲ့ ဆေးရောင်ခြယ်ထားတဲ့ ကားချပ်တွေပေပဲ။
ဒီနေ့မနက်တော့ တမျိုးကြုံခဲ့ပြန်တယ်။ ကိုယ့်ရှေ့မှာ ထိပ်တိုက်မဟုတ်ခဲ့ပေမယ့်
မျက်စိရှေ့ အမြင်မတော်တာတွေ့ပြန်တော့ ဝင်ပြောဖို့တာဝန်က အလိုလိုတုန့်ပြန်မိရဲ့လျှက်သား။
ကားကြပ်ကြပ်ထဲမှာ တို့များရပ်နေတဲ့ နေရာကနေ တစ်ခုံကျော်မှာ လူတစ်ယောက်
ထ သွားလို့ နေရာ တစ်နေရာလွတ်သွားတယ်။ အဲဒါ ထို်င်ခုံမှာ ကျန်ခဲ့တဲ့ မိန်းကလးက သူ့ဘေးမှာ ရပ်နေတဲ့ မိန်းကလေးကို ကျော်ပြီး နောက်မှာ ရပ်နေတဲ့ သူ့ကောင်လေးကို
လက်တို့ခေါ်တယ်။ အဲဒီတော့ ဒီလောက်လူကြပ်နေတဲ့ ဘတ်စ်ကား အလယ်မှာ လူ
နှစ်ယောက် နေရာပြောင်းရတာ ဘယ်လောက် ဒုက္ခရောက်မလဲ တွေးသာကြည့်ကြ
တော့။ တကယ်ဆိုဘေးနားမှာကပ်ရပ်နေတဲ့ မိန်းကလေးကိုထိုင်ခိုင်းလိုက်ရင် အဆင်
လည်းပြေတယ်။ သူ့နားက လူထ သွားလို့ သူနေရာရတယ်ဆိုတာဖြစ်သင့်တဲ့ကိစ္စပဲလေ။
ခုတော့ လုပ်ပုံက။
ဒီတော့ မနေနိုင်တဲ့တို့များကပဲ ဝင်ပြောမိတယ်။
ဘေးကလူကိုနေရာပေးရမှာဘာလို့ဒီလိုလုပ်သလဲ။ အဲဒီနေရာမင်းတို့အပိုင်ဝယ်ထားလို့လား။ လူ့ကျင့်ဝတ်မသိလိုက်ပုံကကြည့်စမ်းဘယ် လောက်အရုပ်ဆိုးသလဲဆိုတာ။ လူ့ဆိုတာကိုယ့်ကိုယ်ကိုယ်အလှပြင်သလို ကိုယ့်စိတ်လေးလဲလှအောင်ထားမှပေါ့။ ဒီနေရာတနေရာဘယ်လောက်တန်ဖိုးရှိလို့လဲ။ ဘယ်လောက်အကြာကြီးထိုင်ရမှာမို့လဲ။ ဘေးကမိန်းကလေးလဲ ဒါမျိုးဆိုတာ အားနာစရာမဟုတ်ဘူး။ တို့ ဆို ဖယ်မပေးပါဘူး။ ဘယ့်နှယ် ဘေးမှာရပ်နေတဲ့ သူက ဖယ်ပေးရပြီး ဝေးတဲ့နေရာကလူက နေရာယူတာ ကြည့်စမ်း ရုပ်ရည်လေးသနားကမားနဲ့ လုပ်တဲ့အလုပ်က အရုပ်ဆိုးလိုက်တာ။
လူ့ကျင့်ဝတ်သိတဲ့သူတွေဆို သက်ကြီးရွယ်အိုတွေ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် တောင် နေရာပေးရသေးတာ။ မိဘ မဆုံးမဘူးလို့အပြောခံရမှာမရှက်ကြဘူးလား။ တို့ငယ်ငယ်က မိမဆုံးမ ဖမဆုံးမ အပြောခံရမှာ သိပ်ကြောက်တာပေါ့။ ခုကာလ လူငယ်တချို့ဟာ လူ့ကျင့်ဝတ်နားမလည်ဘူး။ တို့များရှေ့မှာ ထို်င်နေတဲ့ မိန်းကလေးက သမီးလဲ အဲဒါမျိုးကြုံဖူးတယ်တဲ့။ အဲလိုကြုံလာရင် သည်းခံစရာ အားနာစရာမလိုဘူး။
ကိုယ်က နေရာလုထိုင်တာမှမဟုတ်တာ။ အခုကာလမှာ မဟုတ်တာလုပ်တဲ့သူက မရှက်ပဲ အလုပ်ခံရတဲ့သူက ရှက်လို့ တိတ်တိတ်လေးခံနေတယ်ဆိုတာ မဖြစ်သင့်ဘူး။
ဒါမျိုးတွေ့ရင် ပြောကြပါ။ ပြောမှသိကြမှာ။ ဒီလို မဟုတ်တာလုပ်တာလေးကစ နောင်ကျဉ်အောင်ပြောထားမှ။
ဟို နှစ်ယောက်လည်းမှတ်ထားကြလို့ တို့က နောက်ကနေပြောနေတော့ အနီးနားမှာ ရပ်နေတဲ့သူတွေ အရှေ့ခုံမှာထိုင်နေတဲ့သူတွေက သူတို့ကိုကြည့်ကြတယ်။ ဒီလိုအကြည့်တွေကြောင့် ဘာမှပြန်ပြောပေမယ့်
သူတို့စိတ်ထဲမှာ ရှက်တဲ့ခံစားမှုတော့ရှိနေမှာပဲ။ အရွယ်လေးတွေက ၂၅ ပတ်ဝန်းကျင်လောက်ရှိမှာပေါ။့
သူတို့အပေါ် မုန်းလို့ အမြင်ကတ်လု့ိပြောတာမျိုးမဟုတ်ပါ။ ဒီလိုလုပ်တဲ့အကျင့်တွေပျောက်အောင် ရှက်တတ်
အောင် နောင်ကိုမလုပ်ရဲအောင် လူတွေကြားအောင်ပြောခြင်းပါ။
ဒါနဲ့ ဆက်ပြောလိုက်တယ်။ ဒီလိုအသေးဖွဲက စ တန်ဖိုးထားရမှာ။ လူ့တန်ဖိုးကိုဘာနဲ့သတ်မှတ်ကြသလဲ ။ဘွဲ့တွေ ဒီဂရီတွေနဲ့လား။ ငွေကုန်ကြေးကျ အများကြီးပေးရတဲ့ ဈေးကြီးတဲ့ အဝတ်အစား အသုံးအဆောင်တွေနဲ့လား။
ဘွဲ့ရပြီး ပညာတတ်ပြီး လူ့ကျင့်ဝတ်ပျက်သူတွေ ကိုယ်ချင်းစာတရားမဲ့သူတွေ တပုံကြီး။ တို့ကတော့လူတယောက်
ရဲ့ တန်ဖိုးကို သူ့လုပ်ရပ် သူ့အမူအကျင့်နဲ့ပဲ ဆုံးဖြတ်တယ်။ ကိုယ့်လုပ်ရပ်ဟာ ကိုယ့် အဆင့်အတန်းကိုဖေါ်ပြတာ သတ်မှတ်တာပဲ။ ဒီလို အပြုအမူမျိုး ကြောင့် ဒီလို ဘတ်စ်ကားပေါ်မှာ လူကြားအောင်အပြောခံရတာရှက်စရာကောင်းမှန်းသိစေချင်တယ်။
ဒီလို နေရာလေးတနေရာကိုတောင် လု ပြီး ထိုင်ချင် နေရင် မသိနို်င်တဲ့အရာများစွာကို ကိုယ်မရသင့်ပဲ ယူနေကြ
သလားဆိုတဲ့ မေးခွန်းဖြစ်လာပါတယ်။
ဒီတော့ ရွာသားများလည်း ဒီလိုအဖြစ်မျိုးမြင်ဖူးတွေ့ဖူးကြမှာပါပဲ။ကိုယ့်ရွာ ပတ်ဝန်းကျင်မှာ ဒါမျိုးလုပ်ရပ်တွေမရှိအောင် ပပျောက်အောင် လုပ်ဖို့က ရပ်ရွာ အသိုက်အဝန်းမှာ တာဝန်ရှိတယ်။
ပြီးတော့ လူ့တန်ဖိုးကိုဘာနဲ့သတ်မှတ်ကြမလဲဆိုတာလေးလဲ ဝိုင်းဝန်းဆွေးနွေးစေချင်တယ်။
လောကကိုသာယာစေချင်တဲ့စိတ်လေးနဲ့ အလှဆင်နိုင်တဲ့သူတွေများလာပါစေ။
သူကြီးတို့ရွာမှာလည်း ရပ်ရွာ အကျိုးသယ်ပို့ချင်သူတွေ ရပ်ရွာကိုအလှဆင်ပေးသူတွေတိုးပွါးစေကြောင်းဆုမွန်ကောင်းကောင်းလိုက်ရပါကြောင်းရှင့်။
မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင်။
8 comments
mocho
March 22, 2012 at 5:32 am
လူတွေမှာ မိမိကိုယ်ကို၊ မိမိချစ်တဲ့သူတွေကို ကောင်းစားစေချင်တဲ့အတ္တစိတ်က ဦးဆောင်တတ်ပါတယ်။ အဲဒိလိုပဲ မိမိပတ်ဝန်းကျင် မှာရှိတဲ့သူတွေ ၊ တခြားသူတွေ အပေါ်မှာ ကိုယ်ချင်းစာစိတ်ထားပြီး ပရ ဘက်ကို မျှနိူင်အောင် ကြိုးစားရမှာပါ။
Kyi Lwin
March 22, 2012 at 3:58 pm
ဒီလောက်လေးရေးပေးတာပဲကျေးဇူးတင်မိတယ်။
ဒီလိုအကြောင်းအရာမျိုးကိုပြန်ဆွေးနွေးမယ့်သူမရှိတာတော့ အပေါ်က မှတ်ချက်လိုအတ္တစိတ်တွေများတဲ့သူတွေများလို့ ပရ အတွက်မှတ်ချက်တောင်ပေးမယ့်သူမရှိတော့ပါလားလို့…….
kai
March 22, 2012 at 4:19 pm
ဒါကပြောရတော်တော်ခက်တယ်….။
ကိုယ့်မှာ..အဲလောက်နဲ့.. အဲလိုပြောဖို့ ..Rights မရှိဘူးထင်မိတယ်..။
တကယ်လို့.. ကိုယ်က.. ဘေးနား..နေရာလုခံရသူဆိုရင်တော့.. တမျိုးပေါ့..။
ဘတ်စကားမောင်းသူ..စပယ်ယာ.. ကျောင်းဆရာမ.. ဆိုရှယ်ဝန်ထမ်း..ရဲ..အန်ဒါကာဗာ စတာတွေဆိုရင်တော့..တမျိုးပေါ့..။
အခုတော့.. ဘာမဆိုင်ညာမဆိုင် ပုံစံပေါက်နေလို့ပါ…။
ကိုယ့်စေတနာ အထင်လွဲနိုင်တယ်လေ…
ယူအက်စ်မှာဆိုရင်တော့.. ပြန်အဆဲခံရမယ်ထင်တယ်..။
အနည်းဆုံးတော့..Mind your business!! အပြောခံရလိမ့်မယ်..။
(ကဲ.. မှတ်ချက်ပေးလို်က်ပြီ..
မပေးခိုင်းရအကောင်းသားလို့.. တွေးနေပြီထင်တယ်..။ )
Kyi Lwin
March 22, 2012 at 4:51 pm
မောင်ရင်ရေ တို့များက မြန်မာပြည်က အကြောင်းမို့ ကိုယ့်ယဉ်ကျေးမှုနဲ့ယှဉ်ပြီးပြောတာပါ။
ကိုယ်မရသင့်တဲ့အခွင့်အရေးကိုလုပြိးလိုချင်တဲ့စိတ်ဟာကြောက်စရာကောင်းတယ်နော်။
လူ့လောကထဲမှာနေတဲ့အခါ ကို်ယ့်အခွင့်အရေးဟာ သူများကိုမထိပါးတဲ့ သူ့အခွင့်အရေး သူ့ရပိုင်ခွင့်ကို မထိခိုက်ဖို့တော့လိုတယ်။ တို့များကတော့ မောင်ရင်ပြောသလို ယူအက်စ် မှာလည်းမနေဖူးတော့မသိဘူးကွဲ့။
ကိုယ်နဲ့မဆိုင်လို့ နေနိုင်တယ်လို့ထင်ကြရင် လောကမှာ ကိုယ့်အကျိုးစီးပွါးမဟုတ်ရင် ဝင်မပြောရဘူးလို့ လောကနီတိမှာ မဖတ်ဖူးပါဘူး။
အမှန်တရားကိုလိုက်နာကျင့်သုံးမှ အမှန်တရားဆိုတာပေါ်လွင်ပါတယ်။ မှားနေမှန်းသိရဲ့နဲ့ ကိုယ်နဲ့မှ
မဆိုင်ပဲလို့ မျက်နှာလွဲ ၊ ရေငုံနှုတ်ပိတ် နေရင် အဲဒီအမှားတွေ ကို အားပေးအားမြှောက်ပြုတာနဲ့
အတူတူပဲတဲ့။
မှတ်ချက်ရေးပေးတာတော့ကျေးဇူးတင်သကွယ်။ မောင်ရင်ရေးထားသလို မပေးရင်အကောင်းသားလို့ မတွေးပါဘူးကွယ်။ ကိုယ့်အခွင့်အရေးနဲကိုယ် လွတ်လပ်စွာတွေးခေါ်ခွင့်ရှိပါတယ်။ဒါပေမယ့် အဲဒီကိုယ့်လွတ်လပ်ခွင့် ကိုယ့်အခွင့်အရေးဆိုတာ
တခြားသူကိုမထိခိုက်ဖို့တော့သတိထားသင့်တယ်။ တို့ လူမှုရေးမှာ ရပ်ရွာက ဝိုင်းပြီး ဆုံးမပဲ့ပြင်ပေးတဲ့ ယဉ်ကျေးမှုဓလေ့တွေကွယ်ပျောက်စေတဲ့အကြောင်းတခုက ကိုယ်နဲ့မှမဆိုင်ပဲလို့တွေးတတ်လာကြလို့ပဲ။ မှတ်ချက်အတွက်ကျေးဖူးတင်ပါတယ်။
Khin Latt
March 22, 2012 at 5:12 pm
အင်း သူကြီး တော့ ဦးသွားပြီ။ 😉
ကြည်လွင် ရေ
စိတ်တော့ မရှိစေလိုပါဘူး။
အရင် Post တွေ မှာ တစ်ခြား က ကော်ပီ လုပ်ထားတာတွေ များ နေတော့ ဒီဟာ မှာလဲ အဲလို ဘဲ ထင်မိခဲ့ လို့ ဝင်ဖတ် ပြီး ဝေဖန် သူ နဲ နေတာ လို့ ထင်ပါတယ်။
ဒီလို Post မျိုး လေး ဆိုရင်တော့ ဝေဖန်ဖို့ အကြောင်းအရာ ရှိကြမှာပါ။
အရီး လဲ မြန်မာပြည်ထဲ မှာ နေတုန်း က ဘတ်စကား နဲ့ မလွတ်ပါဘူး။
ဒီတော့ ဒီလို နေရာလု ပွဲ တွေ က တစ်နေ့တစ်မျိုးမရိုး နိုင်အောင်ကို မြင်ရပါတယ်။
တကယ်တော့ သူများ ကို စာနာစိတ်၊ ကူညီ လိုစိတ် ဆိုတာက လူတိုင်း မှာ ပင်ကိုယ်စိတ် အနေနဲ့ ပါနိုင်ပါတယ်။
စိတ်အားထက်သန်သူ နဲ့ မသန်သူ တော့ ကွာမှာပါ။
ဒါပေမဲ့ တစ်ခြား အကြောင်းအကျိုး တွေကလဲ စာနာစိတ်၊ ကူညီလိုစိတ်တွေ ကို ဖြစ်စေ၊ ပျောက်စေ ပါတယ်။
တစ်ချို့ အလုပ်မှာ၊ အိမ်မှာ အဆင်မပြေဖြစ်ချင် ဖြစ်လာမယ်။
သူ့စိတ်မှာ မကြည်လင် နိုင်တော့ဘူး။
ဒီအချိန် တော်ရုံ စိတ်အားမထက်သန် သူဆိုရင် သူများ ကို စာနာစိတ် ဝင်နိုင်မှာ မဟုတ်ပါဘူး။
ဒီတော့ ကိုယ်က ကူညီနိုင်တာကို တစ်ခြားသူ ကလဲ ကိုယ့်လို လိုက်လုပ် နိုင်မယ်လို့ ပုံသေတွေးထားလို့ မရပြန်ဘူး မဟုတ်လား။
လူအများကြား မှာ နေရင်တော့ လူအများ ဆိုတာ လူပုံပန်းသဏ္ဍာန် ရော၊ စိတ်နေစိတ်ထား တွေပါ ကွဲလွဲကြမှာ အသေအချာပါဘဲ။
ဒီတော့ ကိုယ်လုပ်နိုင်တာ လုပ်ပေးပြီး ကိုယ်မလုပ်ပေးနိုင်တဲ့ အခြေအနေမှာ ကျန်သူကို စိတ်မတူရင်လဲ ဝင် နားလည် ပေးနိုင် တဲ့ အခြေအနေ မှာ ရှိသင့်ပါတယ်။
သူများ ကို မတရားမတရုတ်လုပ်နေတာ၊ ခါးပိုက်နှိုက်နေတာ၊ နေရာလိုလို့ လူကို အတင်း တွန်းထိုး နေတာ မဟုတ်ရင်ပေါ့။
အရီး တော့ ကိုယ့်ဘေးမှာ နေရာလွတ် ရက် နဲ့ အတင်း ဝင်လု မထိုင် တဲ့ မိန်းကလေး ကို တကဲ့ကို ချီးကျူး လိုက်ပါတယ်။
ဒီလို လူကျင့်ဝတ် ကို သိဖို့ ဖော်ထုတ်ရဲ တဲ့ ကြည်လွင်ကို လဲ အားကျ မိပါတယ်။
ဘာဘဲ ဖြစ်ဖြစ် ဒီ Post လေးကို ဖတ်ပြီး ဆင်ခြင်နိုင်တဲ့ အသိတရား တွေ ရနိုင်ကြ တာမို့ ကျေးဇူး လဲ တင်ပါတယ်ကွယ်။ 🙂
Kyi Lwin
March 23, 2012 at 2:24 pm
အလို ဟိုအပေါ်ကမှတ်ချက်က လူကြီးမင်း သူကြီးလားရှင့်။
ဒါဆို လောကနီတိတွေဘာတွေထပ်ရှင်းစရာမှမလိုတော့ပဲနော။
သူကြီမင်းပါဆိုမှတော့ နယကဂုဏ်တို့ လောကဝတ်တို့ ဘာတို့ညာတို့အကုန်အာဂုံဆောင်လောက်
တယ်။ တို့များ နွားရှေ့ ထွန်ကျူးမိသလိုဖြစ်သွားခဲ့ရင် လွန်တာရှိ ဝန္တာမိပါရစေတော့။
ဒီက ကိုရင်ခင်လတ်ရေ တို့များက စိတ်မရှိပါဘူး။ ခုလို လာရေးပေးတာကို ကျေးဇူးတင်ကြောင်းပါ။
ဒါပေမယ့် ပြောရေးရှိကပြောသရှင် ဆိုရေးရှိကဆိုရမယ်လို့ခံယူတာမို့။
တခါတလေတွေးမိတယ် ။ မြန်မာစကားမှာ အားနာတယ်။သည်းခံတယ်။ဒါတွေကိုလူတိုင်းပြောကြ
တယ်။ နေရာတိုင်းမှာ အားနာ သည်းခံလို့မဖြစ်တဲ့ အနေအထားတွေ ကိစ္စတွေရှိပါတယ်။ အားမနာသင့်တာကိုမနာဖို့ထောက်ပြချင်တာပါ။ ရေးခဲ့ပါတယ်။ သူတို့ကို မုန်းလို့ အမြင်ကတ်လို့မဟုတ်ပါ။ နောက်နောင် ဆင်ခြင်အောင် ဒါမျိုးမလုပ်ဖြစ်အောင် ဟန့်တားတဲ့သဘောပါ။ ဒီလိုမလုပ်သင့်မှန်းသိအောင်လူကြားအောင်ပြောလိုက်တာပါ။ တို့များမှာ ဒါမျိုးမလုပ်ရဘူးလို့ ဥပဒေနဲ့ အမိန့်နဲ့ ရာဇသတ်ကြီးပုဒ်မတွေဘာတွေထုတ်ပြီးတားမြစ်ထားတာမဟုတ်ပေမယ့် လူ့ကျင့်ဝတ်မရ မလုပ်သင့်တာ မလုပ်ရအောင်ဆုံးမတာပါ။ ဆွေမျိုးတော်မှ ကိုယ့်ကိုလုပ်မှ ဆုံးမရပြောရမယ်ဆိုရင် ….။
ဒီနေရာမှာ တခုလောက်ကိုးကားပြောချင်ပါတယ်။
ဆရာအောင်သင်းပြောဖူးတဲ့စကားပါ။ လူတွေဟာ မှားတတ်လို့လည်း ခဲတံတွေမှာ ခဲဖျက်တပ်ထားတာပေါ့တဲ့။ ဒီသဘောတရားအတိုင်းပြောရင်တောင် အမှားကို အမှားအတိုင်းမထားနိုင်လို့
အမှန်ဖြစ်အောင်ပြင်ဖို့ထည့်ထားတာလေ။ ဘယ်အရာမဆို အမှားကြာရင်အမှန်လို့ထင်တတ်ကြတယ်။ အမှားမှန်းသိမှ ရှောင်ကျဉ်ကြပါလိမ့်မယ်။ ဒါကြောင့်အမှားကိုအမှားလို့မြင်အောင်ပြရမယ့်လုပ်ရပ်ကိုကိုယ့်ခံယူချက်နဲ့ကိုယ်လုပ်ဆောင်ပါတယ်။ ခုလိုပြန်ဆွေးနွေးခွင့်ရတာကိုကျေးဇူးတင်ပါတယ်။
နေဝန်းနီ
March 22, 2012 at 7:57 pm
ဒါက ဘေးလူက ဝင်ပြောဖို့မလိုအပ်တဲ့ တစ်ကိုယ်ရည်အသိလေ…။ ပတ်ဝန်းကျင် အဆင့်အတန်းနဲ့ လူနေမှု စရိုက်ပေါ်မှာကွဲပြားသွားတာပါ…။ ဒါမျိုးတွေများနေတဲ့ လူအဖွဲ့အစည်းဟာ…….. ရေစိုဝတ်တွေနဲ့လမ်း လျှောက် နေရတဲ့လူလိုပဲ….။ နွေးထွေးမှုမရှိ ခရီးမတွင်………
Kyi Lwin
March 23, 2012 at 1:37 pm
ကိုရင်ရေ
တခုလောက်ရှင်းပြစေချင်တယ်။
(ပတ်ဝန်းကျင် အဆင့်အတန်းနဲ့ လူနေမှု စရိုက်ပေါ်မှာကွဲပြားသွားတာပါ…။)
အဲဒါလေး ဘယ်လိုခွဲခြားလို့ရလဲဆိုတာကိုပါ။ တို့များရေးထားတယ်။ အသက်လေးတွေက ၂၅ ပတ်ဝန်းကျင် အဝတ်အစားကလည်း သပ်သပ်ရပ်ရပ်နဲ့မို့ သနားကမားလေး လု့ိလေ။
ပြန်ပြီးတိုက်ခိုက်တာမဟုတ်ဖူးနော်။ လူ့ရဲ့အကျင့်ပါပဲ။ အမူအကျင့်ကသာ အဆင့်အတန်းကိုဖေါ်ပြတယ်လို့ တို့များက သတ်မှတ်ပါတယ်။