ကျနော့်အဘွား
အဘွားကိုမွေးတဲ့နေရာက အလံတစ်ရာဘုရားနားက ကျိူက်ကော်လို ့ပဲ သိတယ်။ ရွာကတော့ ပဲခူးစုလို ့ခေါ်တဲ့ ပအိုဝ့်ရွာလေးပါ။ အဘွားနဲ ့ဗိုလ်ချူပ်မှုးကြီးသန်းရွှေရဲ ့မိန်းမ ဒေါ်ကြိုင်ကြိုင်နဲ ့က တရွာတည်းသားတွေ။ ငယ်သူငယ်ချင်းတွေလည်း ဖြစ်တယ်။ သိအောင်လို ့ပါ။ သူတို ့ဆီကနေ ကျနော်တို ့အပ်တို တစ်ချောင်းတောင် မရခဲ့ပါဘူး။
အခုတော့ ကျနော်အရမ်းချစ်ရတဲ့အဘွားပြီးခဲ့တဲ့ရက်က ဆုံးသွားတော့ သူ ့အကြောင်းကို တစ်ခုသော မိသားစု နားလည်အောင်လို ့ဒီစာကိုရေးပါတယ်။
အဘွားရဲ ့မွေးရပ် အတိအကျတော့ မမှတ်ဘူး။ သူ ့ကို သထုံပအိုဝ်လို ့ခေါ်တယ်။ ပအိုဝ်စကားနဲ ့စာလည်း အတော်ကျွမ်းတယ်ထင်တယ်။ ဗမာစကားပြောရင် ပအိုဝ်သံနဲ ့ပြောတယ်။ ကျနော်တို ့နဲ ့ပြောရင်တော့ ဗမာလိုကို ပအိုဝ်သံဝဲဝဲနဲ ့ပြောလေ့ရှိတယ်။ အဘွားမှာ မွေးချင်းသုံးလေးယောက်လောက်တော့ရှိမယ်။ မှတ်မိသလောက်ဆိုရင် အဘွားက သူ ့မိသားစုမှာ အကြီးဆုံး မိန်းခလေး။ အငယ်ဆုံးက ခြေထောက်မသန်တဲ့ သူ ့ညီမ။
သူတို ့မိသားစုရဲ ့လုပ်ငန်းလက်ရင်းက အလံတစ်ရာဘုရားနားက တောင်တန်းတွေပေါ်မှာ ဒူးရင်းသီးနဲ ့မင်းဂွတ်သီးခြံတွေလုပ်တယ်။
ကျနော့်အမေကို အဘွားက သူ ့ညီမဆီကနေ တောင်းပြီး ငယ်ငယ်လေးတည်းကမွေးစားထားတာ။ ရန်ကုန်မှာ သူ ့ယောကျာ်းက ဝင်ငွေကောင်းတာရယ်၊ သူ ့ဆီမှာ သမီးတစ်ယောက်ပဲရှိတာကြောင့် အဘွားက အမေ့ကို ခေါ်ထားတယ်။ သူ ့တူမဖြစ်ပေမဲ့ သူ ့သမီးထက်ပိုချစ်တယ်။
အမှန်တကယ်ဆိုရင် အဘွားက ကျနော့်အမေရဲ ့အကြီးလို ့ခေါ်လို ့ရတယ်။ ဒါပေမဲ့ ငယ်ငယ်လေးကတည်းက မွေးစားတာဆိုတော့ အမေကလည်းအဘွားကို အမေလို ့ပဲခေါ်တယ်။ သူ ့အမေရင်းကိုလည်း အမေလို ့ပဲခေါ်တယ်။ ဆိုတော့ ကျနော့်မှာ အဘွားသုံးယောက်ရှိတယ်လို ့ပြောလို ့ရတယ်။ အဖေ့ဘက်ကအဘွားရယ်၊ အမေ့ဘက်က အဘွားနှစ်ယောက်ရယ်ပေါင်းရင် သုံးယောက်ပေါ့။
တနေ ့မှာ အဘွားက သူ ့ယောက်ျားနဲ ့စိတ်သဘောထားချင်း မတိုက်ဆိုင်လို ့ ကွဲ ခဲ့တယ်။ သူ ့ရဲ ့တဦးတည်းသော သမီးအရင်းကို သူ ့ယောက်ျားကခေါ်သွားတယ်။ ကျနော့်အမေကိုတော့ အဘွားက ခေါ်သွားတယ်။ တစ်ယောက် တစ်နယ်စီကွဲသွားကြတယ်။
ရန်ကုန်မှာ အဘွားက အစိုးရ စက်ရုံတစ်ခုမှာအလုပ်လုပ်ပြီး အမေ့ကို ပြုစုပြိုးထောင်ပေးတယ်။ အမေအရွယ်ရောက်တော့ အင်းစိန်မှာ အိမ်ထောင်ကျတယ်။ဒါနဲ ့ပက်သက်ပြီး ကျနော်အမေကို အဘွားက အရမ်းစိတ်နာတယ်။ ဘာ့ကြောင့်လဲဆိုတော့ စစ်သားကို ယူလို ့။ သူ ့စကားကို နားမထောင်ရမှန်း ကောင်းလားဆိုပြီး အမေ့ကို အဘွားက အမွေပြတ်စွန် ့လွှတ်လိုက်တယ်။ နောက်ပိုင်း အမေက အမကြီးဆုံးကိုမွေးတော့ အဘွားလည်း မနေနိုင်ဘူး။ ဒါနဲ ့ကျနော်တို ့အိမ်ကို လာပြီး လိုအပ်သမျှကူညီပေးတယ်။ ငွေကြေးကအစ၊ ထမင်းချက်တာအဆုံး အဘွားပဲလုပ်တယ်။ အဲဒိအချိန်ကစပြီး အဘွားဟာ ကျနော်တို ့အိမ်မှာပဲ နေတော့တယ်။ သေတဲ့အချိန်အထိ ကျနော့်အမရဲ ့လက်ပေါ်မှာပဲ သေသွားခဲ့တယ်။
ဘာ့ကြောင့် သူ ့သမီးအရင်းကို အမေ့လောက်မချစ်လဲဆိုတာကို ပြောပြချင်တယ်။ သမီးအရင်းက သူ ့ယောက်ျားနဲ ့ပါသွားတယ်။ သူတို ့က ပညာတတ်တယ်။ ချမ်းသာတယ်။ အဘွားက တောသူတောင်သား။ အရမ်းရိုးတယ်။ ပွင့်လင်းတယ်။ ငယ်ငယ်တုန်းက အဘွားက ချောတော့ သူဌေးက ယူတယ်။ နောက်ပိုင်း သူဌေးက ပစ်သွားတာလား ဘာလားတော့မသိဘူး။
သူ ့ယောက်ျားနဲ ့ပါသွားတဲ့ သူ ့သမီးအရင်းကို အဘွားလည်း အရမ်းချစ်ပါတယ်။ ဒါပေမဲ့ အဲဒိအသိုင်းအဝန်းမှာ အဘွားမပျော်တော့ ကျနော့်အမေနဲ ့နေတော့တယ်။ အဲဒိအသိုင်းအဝန်းက ချမ်းသာပြီး ပညာတတ်တော့ အဘွားကို သူတို ့အဘွားလို ့မသတ်မှတ်ချင်ဘူး။ ရှက်တယ်ထင်တယ်။ ဒါ့ကြောင့် အဘွားကို အရမ်းချုပ်ချယ်တယ်လို ့အဘွားက ပြောတယ်။
ကျနော်တို ့အိမ်မှာတော့ အဘွားက ကြိုက်သလိုနေပဲ။ တောသူတောင်သားပီပီ ငပိနဲ ့ငရုတ်သီးမှုန် ့စားပြီး မျှစ်တို ့တာကို အဘွားက အရမ်းကြိုက်တယ်။ ဒါ့ကြောင့် ကျနော်တို ့ဆီမှာ သူအရမ်းပျော်ရှာပါတယ်။ ကျနော်တို ့မောင်နှမတွေကလည်း အဘွားကို စလိုက်နောက်လိုက်နဲ ့ဆိုတော့။ သူက ဆဲ လိုက်နဲ ့။ ဒီလိုနေကြတာ။ သူ ့သမီးအရင်းလို ဘာဟိတ်ဟန်မှမရှိတော့ အဘွားအတွက် နေရတာ စိတ်မပင်ပန်းဘူးထင်တယ်။
ကျနော်တို ့မိသားစုကလည်း တပ်ထဲမှာ အရမ်းဆင်းပါတယ်။ အဖေ့ဝင်ငွေနဲ ့က မလောက်ဘူး။ နောက်ပြီး ကျနော်တို ့မိသားစုကလည်း များတော့ ပိုဆိုးတာပေါ့။ ဒါနဲ ့အဘွားက ကျနော်တို ့ကို ဈေးရောင်းကျွေးတယ်။ သူက ဈေးရောင်းတာ ဝါသနာအရမ်းပါတယ်။ လွန်ခဲ့တဲ့ ၁၀-နှစ်လောက်အထိ အဘွားက ဘုရားဇောင်းတန်းမှာ ကွမ်းယာနဲ ့ဈေးလိပ်ရောင်းပြီး တစ်ယောက်တည်းနေတယ်။
သူ ့ဘေးမှာ ခွေးတွေ၊ ကြောင်တွေကို မွေးထားတယ်။ နေ ့စဉ် ခွေးတွေကြောင်တွေကို ထမင်းကျွေးရတဲ့အလုပ်က သူ ့ရဲ ့အဓိကအလုပ်ပဲ။
ကျနော်တို ့လည်းအသက်တွေကြီးလာပြီး တကွဲတပြားစီဖြစ်ကုန်တယ်။ အဘွားလည်း တနေရာ။ အမေနဲ ့အဖေကလည်း တနေရာ။ အမနဲ ့သူ ့ယောက်ျားကလည်း တစ်နေရာ။ နောက်ဆုံး မာနအရမ်းကြီးတဲ့ အဘွားကို ဘုရားဇောင်းတန်းကနေ အတင်းသွားခေါ်ပြီး အမအိမ်မှာပဲ ခေါ်ထားရတော့တယ်။ တော်ကြာနေ တစ်ယောက်တည်း တခုခုဖြစ်နေမှာဆိုးလို ့ပါ။ ကျနော်တို ့လည်း အဘွားအတွက် နိုင်ငံခြားကနေ ပုံမှန်ငွေပို ့ပေးပြီး သူစိတ်ချမ်းသာအောင်ထားပါတယ်။
ကျနော်တို ့အရမ်းဆင်းရဲနေတဲ့အချိန်တုန်းဆိုရင် သူ ့သမီးအရင်းဖြစ်တဲ့ ကျနော့်အဒေါ်က ချမ်းသာတယ်လို ့ပြောလို ့ရတယ်။ သင်္ကန်းကျွန်းမှာတိုက်နဲ ့တာနဲ ့နေနိုင်တဲ့အထိပဲ။ သူ ့မြေးအရင်းတွေကလည်း ခေသူတွေမဟုတ်ပါဘူး။ ဒေါက်တာသက်တင်၊ ဗိုလ်မှုးဝေဖြိုး၊ ခရေ၊ သဲသဲ ဆိုတဲ့ သူတွေဖြစ်နေကြပြီ။ အဘွားရဲ ့သားမတ်တစ်ယောက်လည်း ဗိုလ်မှုးကြီးသန်းတင်လို ့ခေါ်ပါတယ်။ အခုတော့ အငြိမ်းစား။ သံအမတ်ဆိုလား ဘာလားမသိဘူး။ နောက်တစ်ယောက်က စင်္ကာပူမှာ အင်ဂျီနီယာလုပ်ခဲ့ဘူးတဲ့ ဦးခင်အောင်လို ့ခေါ်တယ်။ ဒီလောက်ပဲ ကျနော်သိတယ်။ အဒေါ်က အိမ်ထောင်နှစ်ဆက်လေ။
သူတို ့နဲ ့ကျနော်လုံးဝမရင်းနှီးပါဘူး။ သူတို ့အိမ်ကိုတော့ အလည်သွားဘူးတယ်။ ကျနော်တို ့အိမ်ကိုလည်း သူတို ့အလည်လာတယ်။ ကျနော့်တစ်သက်မှာ တစ်ခါပဲ မြင်ဘူးပါတယ်။ ကျနော်တို ့က ပညာမရှိတဲ့အပြင် အရမ်းဆင်းရဲတယ်ဆိုတော့ သူတို ့က သိတ်ပြီး အဖတ်မလုပ်ချင်ဘူး။ ဒါနဲ ့ပက်သက်ပြီး အဘွားက အမေ့ကို အသံပြတ်ပြတ်နဲ ့ဒီလိုပြောတယ်။
အဲဒိအိမ်ကို ဘယ်တော့မှ မသွားနဲ ့။ ငါလည်း အဆက်အသွယ်မလုပ်ဘူး။ နင်တို ့လည်း အဆက်အသွယ်မလုပ်နဲ ့။ ငါသေရင်နင်တို ့နဲ ့ပဲ သေမယ်လို ့အဘွားက ခဏခဏပြောတယ်။
ကျနော်ငယ်ငယ်တုန်းကဆိုရင် အမေနဲ ့အဖေက ခဏခဏ စကားများပြီး လင်မယားတွေကွဲကြတယ်။ အဖေကလည်းအရက်သမား။ ငွေကလည်းမရှိ။ ဒီကြားထဲရန်ကလည်းဖြစ်သေးတယ်။ နောက်ဆုံးရလာဒ်က ကြားထဲက ကျနော်တို ့ပဲ ဟိုပြေးရမလို ဒီပြေးရမလိုပဲ။ ဒီလိုဖြစ်နေတာကို အဓိကကယ်တင်တဲ့လူက ကျနော့်အဘွား။ ယောကျာ်းလည်း သူမယူဘူး။ ကျနော်တို ့ကို ဈေးရောင်းကျွေးတယ်။
အိမ်မှာထမင်းချက်ကျွေးတယ်။ အဝတ်လျှော်ပေးတယ်။ ကျောင်းစရိတ်ရှာပေးတယ်။ သူရောင်းလို ့ရတဲ့အမြတ်ထဲကနေ မုန် ့ဖိုးပေးတယ်။ ပါးစပ်ကလည်း ပွစိပွစိနဲ ့။ တစ်အိမ်လုံးကို သူပဲ ဒိုင်ခံလုပ်ပေးတယ်။ ဒီလိုနဲ ့ပဲ ကျနော်တို ့တွေ အရွယ်ရောက်လာကြတယ်။ အဓိက သူ ့ကျေးဇူးကြောင့်ပဲ။
ကျနော်မဲ့ဆောက်ကိုထွက်လာတဲ့ နေ ့ကဆိုရင် အမြဲတန်းပွစိပွစိလုပ်တဲ့အဘွား တံခါးပေါက်မှာ ကျနော်ကို ဘာမှမပြောပဲ ထိုင်ပြီးကြည့်နေခဲ့တာကို ယနေ ့အထိမှတ်မိနေတုန်းပါ။ အခုဆိုရင် အဘွားနဲ ့ကွဲသွားတာ ၁၄-နှစ်ရှိသွားပြီ။
ပြီးခဲ့တဲ့လက အမဆီကိုဖုန်းဆက်တော့ အဘွားကပြောတယ်။
သား…အဘွားကို သတိရသေးလားတဲ့။ နင်တို ့ဘယ်တော့ပြန်လာမှာလဲလို ့မေးတယ်။
ကျနော်တို ့မြန်မာသံရုံးမှာ ဗီဇာတင်ထားတဲ့အကြောင်း၊ သင်္ကြန်လောက်မှာ ပြန်နိုင်မယ်လို ့ထင်တဲ့အကြောင်း အဘွားကို ဝမ်းသာအားရပြောဖြစ်တယ်။
ဒါနဲ ့ကျနော်က…အဘွားမသေနဲ ့အုံး။ ကျနော်တို ့ပြန်လာရင် အဘွားနဲ ့တွေ ့ချင်သေးတယ်။ ဘုရားတွေလိုက်ပို ့ချင်တယ်လို ့ပြောတော့…..
ငါ့မြေးတွေနဲ ့တွေ ့ပြီးမှ အဘွားသေမယ်လို ့ပြောတယ်။
အခုတော့ ကျနော်တို ့ကို အရမ်းချစ်တဲ့ ကျေးဇူးရှင်အဘွား တစ်ယောက် ကျနော်တို ့ပြန်အလာကို မစောင့်ပဲ ဘဝတစ်ပါးကို ပြောင်းသွားပါပြီ။
တနေ ့က အဘွားဆုံးတော့ အမနဲ ့အဖေက ဒေါ်ဥမ္မာရီဆီကို လှမ်းပြီးအကြောင်းတယ်။ အဘွားရဲ ့သမီးအရင်းဖြစ်တဲ့ဒေါ်ဥမ္မာရီက ဘာပြောလဲဆိုတော့….
ကျနော့်အမကို…ငါ့အိမ်ကို လာခဲ့။ ပိုက်ဆံလာယူတဲ့ဗျာ။
အမက ဒေါသထွက်ပြီး-
ကျမ မအားဘူး….လို ့ပြောလိုက်တယ်။
ဪ…လောကမှာ ဒီလိုသားသမီးတွေရှိပါလားလို ့တွေးနေမိပါတော့တယ်။
ဘာပဲဖြစ်ဖြစ် ကျနော်တို ့အဘွားအတွက်တာဝန်ကျေခဲ့ပါပြီ။ အဘွားတစ်ယောက် ဘဝကူးကောင်းမှာပါ။
အဘိုးအဘွား၊ မိဘတွေကို မသေခင် လုပ်ကျွေးပါ။ သေမှ ငိုမနေပါနဲ ့။
13 comments
kyeemite
March 23, 2012 at 9:18 am
တော်တော်စိတ်ဝင်စားစရာဘဝလေးပါ
အဖွားမသေခင်တတ်နိုင်သလောက်ထောက်ပံ့
လုပ်ကျွေးခဲ့လို့ ကိုဘုန်းကျော်အတွက်သာဓုခေါ်ပါတယ်ဗျာ..
ကျွန်တော့မှာတော့ အဖွားတွေ အဖိုးတွေ မရှိကြတော့ပါဘူး
ရှိတုံးကလည်း ကိုယ်တိုင်ကငယ်သေးတော့ လုပ်မကျွေးလိုက်ရပါဘူး..
ရှိနေသေးတဲ့ အဖေနဲ့အမေကိုဘဲ တတ်စွမ်းသရွေ့ထောက်ပံ့
ကျေးဇူးဆပ်နေပါတယ်..
ကိုရင်မောင်
March 23, 2012 at 10:24 am
ဒီလိုတော့လဲကိုဘုန်းကျော်ကဘယ်ဆိုးလို့လဲ
အဖိုးအဖွားအမိအဘကိုသိတတ်သားဘဲ
ကျနော်ကတလောကလုံးကို ပေစောင်းစောင်းဘဲကြည့်တတ်တယ်နေတာ
ခုလိုစာကောင်းပေကောင်းဖတ်ရတာကျေးဇူးတင်ပါတယ်……
snow white
March 23, 2012 at 11:43 am
အဲလိုမျိုးစိုးတဲ့သားသ္မီးတွေ လူ့လောကမှာရှိနေသေးတာမှ အများကြီးပါဘဲ တော်တော်စိုးတဲ့သားသ္မီးတွေလည်းလူလောကမှာရှိနေပါသေးတယ်
lusoegyikoko
March 23, 2012 at 11:56 am
ကောင်းတော့ကောင်းတယ်။ သူဟာသူကျေးဇူးမသိတတ်တာ ဒီလိုတည့်တည့်ကြီးရေးလိုက်တော့ ကိုဖုန်းကျော်ကို ကမာ္ဘမကျေဖြစ်နေမှာပေ့ါ။
kaung kin pyar
March 23, 2012 at 12:12 pm
ဒီလို အဆင်မပြေတဲ့ဘဝထဲက ရုန်းထွက်နိုင်ခဲ့လို့ ကိုဘုန်းကျော်ကို တကယ်ချီးကျူးပါတယ်။ မြေးတွေကို မတွေ့ဘဲ ဆုံးသွားရတဲ့ အဘွားကိုလဲ စိတ်မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် ကိုဘုန်းကျော်ဘက်က တာဝန်ကျေအောင် နေခဲ့တာပဲလေ..။
Khin Latt
March 23, 2012 at 9:11 pm
တစ်ချို့ က အပြောဆိုးပေမဲ့ စိတ်ရင်းဖြူတယ်။
ကိုဘုန်းကျော် ကြည့်ရတာ (ဒီဇာတ်လမ်း က အမှန် ကို ရေးတာ ဆိုရင် 😉 ) အဲဒီလို လူမျိုး။
ပါးစပ်က ဆူပူဆဲဆိုပြီး ကိုယ်က စေတနာ နဲ့အငတ်ခံ ကျွေး မဲ့ သူမျိုး။
ဒါကြောင့်လဲ အဲဒီ စိတ်စေတနာ ကအကျိုးပေးပြီး အော်ဇီ မှာ အလုပ်အကိုင်နဲ့ တင့်တင့် တယ်တယ် နေနေနိုင် တာလို့ ထင်ပါတယ်။
အဲလိုမျိုး မှန်ခဲ့ရင် အဲဒီစိတ်စေတနာလေးကို ဆက်ထိန်းသွားပါ ကိုဘုန်းကျော် ရေ။
လေးစားပါတယ်။
အဘွား မဆုံးခင် မတွေ့လိုက်နိုင်တာကတော့ ကိုဘုန်းကျော် တစ်ယောက်ထဲ မဟုတ်လောက်ပါဘူး။
နိုင်ငံ အပြင်ရောက် နေသူတိုင်း အဲလို ဝမ်းနည်းစရာ အဖြစ်တွေ ရှိကြပါတယ်။ 🙁
အဘွားကို မသေခင် လုပ်ကျွေးတာ၊ တယ်လီဖုန်း စကားပြောခွင့် ရတာတွေ နဲ့ စိတ်ကိုဖြေပါ။
အတွေ့အကြုံလေးတွေ ဆက်မျှပါဦး။
aye.kk
March 24, 2012 at 1:14 am
ကိုဘုန်းကျော်..
ပြောတာနဲ ့ငါးကြီးအင်းဆရာတော်ဘုရားကိုပြန်လည်သတိရသွားခဲ့တယ်..
မြန်မာနိုင်ငံအောက်ပိုင်းမှာအရိုးကျိုးတာကို
ကုသတဲ့နေရာမှာအင်မတန်မှအလွန်တော်တဲ့နာမည်ကြီးတဲ့ဆရာတော်ပါ..
ကိုဘုန်းကျော်ပြောတဲ့အဲဒီပအိုဝ့်ရွာတရွာလုံးကဆရာတော်ကိုအင်မတန်ကြည်ညိုကြပါတယ်..
ညီမလေးအရင်းလက်ကျိုးဘူးတော့ဆရာတော်ဆီမှာဆေးကုရင်း..
အဲဒီပအို ့ဝ်ရွာကလူတွေနဲ ့အရမ်းကိုခင်မင်ရင်းနှီးကြခါအပြန်အလှန်မိတ်ဆွေတွေဖြစ်သွားကြဘူးပါတယ်..
ဘယ်လောက်အထိခင်လဲလို ့မေးရင်နွေရာသီ
ကျောင်းပိတ်ရက်ကာလတခုမှာဒဲဒီရွာမှာကိုတစ်လနီးပါးမျှသွားနေခဲ့ဘူးတာပါ..
ဒူးရင်းသီးကမစားချင်မှအဆုံး၊မြန်မာတစ်နိုင်ငံလုံးမှာအကောင်းဆုံးဒေသထွက်သီးနှံပါဘဲ။
ရွာကကြီးပေမဲ့အိမ်ချေသိပ်မများလှပါဘူး(ရွာတန်းရှည်လေးပါ)
ရွာလေးကဆရာတော်ကြောင့်လူသိထင်ရှားများပါတယ်။
ကျမပြောတာတွေကဒီpostနဲ ့ကဘာမှတော့မဆိုင်ပေမယ့်၊ပအို့ဝ်တစ်ရွာလုံးကကျေးဇူးရှိခဲ့ဘူးလို့ပါနော့..။
phone_kyaw
March 24, 2012 at 6:00 am
ကျနော့်ရေးတာ အမှန်ပါပဲ။ ဒါတွေကို ကျနော်ခံစားလာခဲ့တာ အတော်ကြာပြီ။ ဒါပေမဲ့ ဒီဘဝကိုလည်း တစ်ခါတစ်လေ လွမ်းစိမ့်စိမ့်ဖြစ်တယ်။ အခုလို ဖေးဖေးမမ ကွန်းမန် ့ပေးတော့လည်း ကြည်နှုးမိပြန်တယ်။ လောကမှာ အရေးကြီးဆုံးက ပျော်ရွှင်မှု ့၊ နွေးထွေးမှုနဲ ့ဖြူစင်တဲ့သံယောဇဉ်တွေပဲ။ ငွေတွေ၊ ရာထူးတွေဆိုတာ ကိုယ်သေသွားရင် သချင်္ိုင်းထဲကိုတောင် ယူသွားလို ့မရတဲ့အတွက် တချို ့သောလူတွေကို သတိရစေချင်လို ့ပါ။ မြန်မာပြည်က လူတစ်ချိူ ့ချမ်းသာတာ၊ ပညာတက်တာ၊ ရာထူးကြီးတာကို ဩစတျေးလျနိုင်ငံက လူတွေက ထိုင်ပြီး ရီနေပါတယ်။
Khin Latt
March 24, 2012 at 10:43 pm
မောင်ကလေး ကိုဘုန်းကျော်
ဒီလို အတွေးရှိတယ် ဆိုရင် တုံတုံတို့၊ ဆူးတို့၊ မမတို့ ရဲ့ ကိုယ်ကျိုးမပါဘဲ ကိုယ့်ပါတ်ဝန်းကျင်က အားနည်းသူ တွေ အတွက် ပျော်ရွှင်မှု ့၊ နွေးထွေးမှုနဲ ့ဖြူစင်တဲ့သံယောဇဉ် တွေ ပေးဖို့ အတွက် သူတို့ နဲ့ အတူ အစ်မတို့ အားလုံး ပါဝင်နိုင်ဖို့ ကြိုးစား ပေးနေတာကို မြင်နိုင်ကောင်း ပြီ ထင်ပါရဲ့။ 🙂
Mလုလင်
March 25, 2012 at 1:16 am
ဩစတျေးလျနိုင်ငံက လူတွေက တချိန်လုံး ရီ နေ တော့ ဘာလုပ်စား ကြတုန်း …. သူတို့ က လူတချို ့ချမ်းသာတာ၊ ပညာတတ်တာ၊ ရာထူးကြီးတာကို ဘာလို့ ထိုင်ရီ ကြတာလဲလို့ စဉ်းစားကြည့်တော့ ……. မနာလို တာလဲဖြစ်နိုင်ပါတယ်။ “ပုံမှန် မဟုတ်တဲ့ action မျိုးကို ပြုတာဟာ … စိတ်ထဲမှာ ကြိက်ပြီး ကြောက်နေ၊ မနာလိုနေ၊ မလုံခြုံ နေ” လို့ ….. ပဲ .. ထင်ပါတယ်လေ။
အသက်နဲ့ လိုက်တဲ့ အလေးချိန် ရှိကြပါစေဗျာ …။
sealion
March 24, 2012 at 4:48 pm
ကျွန်တော် ကတော ့ ကိုဘုန်းကျော် ဝက်ဆိုက် ကိုလဲ သွားဖတ်ဖြစ်ပါတယ် အရသာစုံ ပေါ့ အချို ့ပို ့လေးတွေ က ကောင်းပါတယ် အချို ့ပို ့လေးတွေ ကျော်ဖတ်ပါတယ် ဒုတ်နဲ ့ရိုက်ချင်လို ့ တချို ့အပြုသဘောဆောင်တဲ ့ပို ့လေးတွေ ကို ကြိုဆိုပါတယ်ဗျာ ကွန် ့မန့်တေ့တင်ရဲဘူးဗျာ ကိုယ်ပါ ဆဲခံနေရမှာဆိုးလို ့ စာမျိုးစုံ အဆဲနည်းနည်း ရေးခြင်းဖြင့် ပျော်ရွှင်ပါစေဗျာ
MaMa
March 24, 2012 at 9:54 pm
အားပေးပါတယ် ကိုဘုန်းကျော်ရေ။
လူသားမှန်တဲ့ စိတ်ဓာတ် ချစ်ခင်မှုတွေနဲ့ ပြည့်နှက်နေတဲ့
မိသားစုစိတ်ဓာတ်နဲ့ ခံစားချက်လေးတွေကို နှစ်သက်မိပါတယ်။
padonmar
March 25, 2012 at 2:52 am
ကိုဘုန်းကျော်ရေ
အဘွားကို စိတ်ချမ်းသာအောင်ထားပေးခဲ့တဲ့ ကိုဘုန်းကျော်ကို သာဓုခေါ်ပါတယ်။
လောကကြီးက မှန်လိုပါပဲ၊ကိုယ်က ပြုံးပြရင် သူ့ အပြုံးကိုလည်းရမှာပါ။