အလောင်းမင်းတရားကြီး ဦးအောင်ဇေယျအကြောင်းရုပ်ပုံလွှာ (အပိုင်းနှစ်)

San Hla GyiMarch 28, 20121min27012

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျအကြောင်းရုပ်ပုံလွှာ (အပိုင်းနှစ်)

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျအကြောင်းပြောရင် ချန်ထားလို့ မရတဲ့ အရေးကြီးတဲ့ ဇာတ်ကောင်တစ်ဦးကတော့ ခင်ဦးစား ဦးချစ်ညိုပါပဲ။ သူ့အစွမ်းအစကလည်း စာဖွဲ့စရာပါပဲ။ ပြီးတော့သူဟာ အလောင်းမင်းတရားကြီးနှင့် အနီးဆုံး ပြိုင်ဘက်တစ်ယောက်ပါ။ သူကိုယ်တိုင်လည်း မင်းအဖြစ်ကို မျှော်မှန်းခဲ့ပြီး လက်ရုံးရည်မှာလည်း သူ့ခေတ်ကသူ့ကို ယှဉ်နိုင်သူ မရှိသလောက်ပါ။

ခင်ဦးစား ဦးချစ်ညိုကို အဖဦးလုံး၊ အမိဒေါ်ဇံကလားတို့က ခင်ဦးမှာ မွေးဖွားခဲ့ပါတယ်။ အသက်အရွယ် ဦးအောင်ဇေယျနှင့် မတိမ်းမယိမ်းဖြစ်ပြီး မိဘမျိုးရိုး အဆင့်အတန်းချင်းလည်း မတိမ်းမယိမ်းဖြစ်ပါတယ်။ သူ့အမျိုးအဆွေတွေကလည်း ဦးအောင်ဇေယျတို့လိုပဲ ခင်ဦးမှာ ဩဇာတိက္ကမကြီးသူတွေ ဖြစ်ပါတယ်။

ခင်ဦးစားဦးချစ်ညို ကိုယ်တိုင်ကလည်း လူစွမ်း၊ ဓားစွမ်း ထက်လှပါတယ်။ ကုန်းဘောင်ခေတ် မြန်မာ့လူသန်ကြီးပေါ့ဗျာ။ အလောင်းမင်းတရားကြီးဟာ မျက်မြင်တွေ့ရှိသူ နိုင်ငံခြား သံအမတ်များ အဆိုအရ အရပ် ၅ ပေ ၁၁ လက်မခန့် ရှိပါတယ်။ ခင်ဦးစား ဦးချစ်ညိုကတော့ အရပ်အမောင်း ၆ ပေကျော်ခန့်ရှိပြီး ငယ်စဉ်ကတည်းက ခွန်အားဗလနှင့် ပတ်သက်လို့ အထူးကျော်ကြားပါတယ်။

မောင်ချစ်ညို ငယ်စဉ်က (လူပျိုပေါက် အရွယ်ခန့်လို့ ဆိုပါတယ်) ဖခင်နှင့်အတူ ယာထဲသွားပြီး အပြန်မှာ ကိုင်လာတဲ့ လှံနဲ့ ထန်းပင်ပေါက် တစ်ပင်ကို ပစ်ထိုးရာမှာ ထန်းပင်ဟာ တစ်ချက်တည်းနှင့် ထက်ပိုင်းပြတ်ကျတယ်လို့ ဆိုပါတယ်။ အရွယ်ရောက်တဲ့အခါ သူကိုင်တဲ့ လှံဟာ ၉ ပိဿာခွဲ၊ ၁ဝ ပိဿာခန့် လေးတယ်လို့ ဆိုပါတယ်။

သူအရွယ်ရောက်တဲ့အခါမှာ သူ့မိဖများက သူတို့ပိုင်တဲ့ လူ ရယောက်လောက် ရိတ်မှပြီးမယ့် လယ်ကိုရိတ်ဖို့ မောင်ချစ်ညိုကို လွှတ်လိုက်ပါတယ်။ အလုပ်သမား ရယောက်စာ ထမင်းဟင်းတွေလည်း ပေးလိုက်ပါတယ်။ မောင်ချစ်ညိုဟာ အလုပ်သမားတွေကို အဲဒီနေ့က ခေါ်လို့မရလို့ ပါလာသမျှ ထမင်းဟင်းတွေကို လယ်ကန်သင်းရိုးမှာပုံပြီး တစ်ယောက်တည်း လယ်ထဲဆင်းပြီး စပါးရိတ်လိုက်၊ ဗိုက်ဆာလာရင် လယ်ကန်သင်းရိုးပေါ်တက်ပြီး ထမင်းတွေစားလိုက်နှင့် ညနေလည်း စောင်းရော ပါလာသမျှ ရယောက်စာ ထမင်းဟင်းတွေလည်းကုန်၊ လယ်ကွင်းကြီးတစ်ခုလုံးလည်း ရိတ်ပြီးသားပါပဲ။။ အဲဒီလယ်ကြီးကို ခင်ဦးမှာ “ချစ်ညိုရိတ် လယ်ကြီး” လို့ ခေါ်ကြပါတယ်။ အခုထိရှိ/ မရှိ မသေချာပါ။

ဦးအောင်ဇေယျ အသက် ၂၂နှစ်လောက် အရောက်မှာ တဖြည်းဖြည်းနဲ့ မင်းလောင်းအဖြစ် ကျော်ကြားလို့ အင်းဝနန်းတော်ကို ခေါ်ပြီး စစ်ဆေးပါတယ်။ ဦးအောင်ဇေယျက စစ်ဆေးသူ အမတ်ကြီးကို ဒီစကားဟာ ကောလဟာလသတင်းဖြစ်ပြီး မလိုမုန်းထားသူတို့၏ လုပ်ကြံပြောဆိုမှုသာ ဖြစ်ပါတယ်လို့ ပြောပါတယ်။ ဦးအောင်ဇေယျနှင့်အတူ ဦးချစ်ညိုကိုပါ စစ်ဆေးပါတယ်။ ဒါပေမဲ့ နှစ်ယောက်စလုံးကို အတူတူ ပြန်လွှတ်လိုက်ပါတယ်။

စစ်မေးသူ တောင်ငူရာဇာ အမတ်ကြီးရဲ့ ဦးအောင်ဇေယျအပေါ် မှတ်ချက်တွေက အကောင်းချည်းပါပဲ။ ဥပဓိရုပ်ကောင်းတယ်။ စကားအပြောအဆို ပြေပြစ်တယ်။ ဒါပေမဲ့ ရွှေနန်းတော်ကို အန္တရာယ်ပြုမည့်အကြံ မရှိဘူးဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။ ဦးချစ်ညိုကိုတော့ လက်ရုံးရည်အားဖြင့်တော့ ပြောစရာကို မရှိဘူး ဒါပေမဲ့ လူကောင်ကြီးကြမ်း၊ ကျောမွဲကြီးနှင့် ရှင်ဘုရင်စော်မနံပါဘူး ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။။ ပါးစပ်ရာဇဝင်အရ ဦးချစ်ညိုက ဦးအောင်ဇေယျထက် လက်ရုံးရည်မှာ ပိုသာပြီး ဦးအောင်ဇေယျက ဘုန်းတန်းခိုး အကြံအစည်၊ ဉာဏ်ပညာသာတယ်လို့ ဆိုပါတယ်။

ဦးအောင်ဇေယျဟာ ဦးချစ်ညိုရဲ့ လက်ရုံးရည်ကို သိသူပီပီ သူ့ဘက်ကိုပါအောင် စည်းရုံးပါပတယ်။ ဦးချစ်ညိုရဲ့ ညီအစ်ကိုတွေကလည်း အကုန်လုံး လူစွမ်း၊ ဓားစွမ်းထက်ပါတယ်။ ဦးအောင်ဇေယျကိုယ်တိုင် ခင်ဦးစားဦးချစ်ညိုနဲ့ ရင်ဆိုင်တဲ့အခါမှာ နောက်ဆုတ်ခဲ့ရဖူးပါတယ်။ ဒါကြောင့် သူရဲကောင်းတွေကို သေသေချာချာ ရွေးပြီး တိုက်စစ်ဆင်တဲ့ အခါမှ အနိုင်ရပါတယ်။ ဦးအောင်ဇေယျက သူ့သူရဲကောင်းတွေကို ခင်ဦးစား ညီအစ်ကိုတွေနဲ့ တိုက်တဲ့အခါမှာ မပေါ့ဆဖို့နဲ့ အရှင်ရအောင်ဖမ်းပါလို့ သေသေချာချာ မှာပါတယ်

ခင်ဦးစားဦးချစ်ညိုဟာ အလောင်းမင်းတရားနဲ့ တိုက်တဲ့အခါမှာ ရှုံးလို့ ဟံသာဝတီ တပ်တွေဘက်ကို ထွက်ပြေးပါတယ်။ အဲဒီအခါမှာ ဦးအောင်ဇေယျက စာပို့ပြီး သူ့ဘက်ကို လာဖို့ ခေါ်ပါတယ်။ မင်းဟာ ကျော်ကြားတဲ့ မြန်မာသူရဲကောင်း ဖြစ်ပါတယ်။ ငါ့ဘက်ကို လာပါလို့ ဆိုပါတယ်။ ဒါပေမဲ့ ဦးချစ်ညိုက မြန်မာအချင်းချင်း မရှိခိုးနိုင်ဘူး။ ဟံသာဝတီ ဘုရင်ကိုပဲ ရှိခိုးမယ်ဆိုပြီး ထွက်သွားပါတယ်။ ဒါပေမဲ့ သူကံမကောင်းပါဘူး။ မွန်စစ်သူကြီး တလပန်းက ဦးချစ်ညိုဟာ အလွန်ကျော်ကြားတဲ့ မြန်မာလူစွမ်းကောင်းဖြစ်တယ်။ သူ့ကိုလည်း ယှဉ်တိုက်နိုင်သူ မရှိဘူး။ စိတ်ပြောင်းပြီး မြန်မာတွေ ဘက်ကို ပြန်သွားရင် မြန်မာတွေအတွက် တကယ့်ကို အင်အားကြီးဖြစ်သွားလိမ့်မယ်ဆိုပြီး ဦးချစ်ညိုကို ဖမ်းသတ်လိုက်ပါတယ်။

ဦးအောင်ဇေယျဟာ သစ္စာရေတိုက်ဖို့လာတဲ့ ဟံသာဝတီတပ်တွေကို ဖြတ်တိုက်ပြီး နောက်မှာ ဟံသာဝတီဘက်က ထပ်ပြီး လူ ၃ထောင်ပါတဲ့ တပ်တစ်တပ်ကို ထပ်ပြီး လက်နက်အပြည့်အစုံနှင့် မုဆိုးဖိုရွာကို စေလွှတ်ရာမှာလည်း အလောင်းမင်းတရားက အနိုင်ရလိုက်ပါတယ်။ အလောင်းမင်းတရားဟာ ပထမတိုက်ပွဲပြီးမှ ဟံသာဝတီတပ်တွေက ကျကျန်ရစ်ခဲ့တဲ့ အမြောက် သေနတ်တွေကို ရလိုက်ပါတယ်။ အဲဒီတိုက်ပွဲမတိုင်ခင် အလောင်းမင်းတရားမှာ ပစ်စရာ သေနတ်၊ အမြောက် မရှိသေးပါ။ ဒီလိုနဲ့ တဖြည်းဖြည်း တိုက်ရင်းခိုက်ရင်း အင်အားကြီးလာပါတယ်။

ဒီတော့ မွန်စစ်သူကြီး တလပန်းက ပိုပြီး အင်အားကြီးတဲ့ တပ်ကြီးကို စေလွှတ်လိုက်ပါတယ်။ စစ်ရေးချိန်ခွင်လျှာက အရေးကြီးတဲ့ အပိုင်းကို ရောက်လာပါပြီ။ ဦးအောင်ဇေယျက စစ်ကိုင်းမှ ၄ တပ်ခွဲပြီး ရောက်လာတဲ့ ဟံသာဝတီတပ်ကြီးကို မုဆိုးဖို (နောင် ရွှေဘို) ထန်းလုံးတပ်ရင်းမှာ ဝန်းရံနေစေပါတယ်။ ချက်ချင်းထွက်မတိုက်ပါဘူး။ သူ့တပ်သားတွေကိုလည်း ကြံ့ကြံ့ခံနေဖို့ ပြောပြီး ရန်သူတပ်တွေ စစ်ပန်းမှ သူကိုယ်တိုင်ထွက်တိုက်မယ်လို့ ပြောပါတယ်။

ဟံသာဝတီ တပ်တွေဟာ ၅ရက် ၅ညတိုင်တိုင် မုဆိုးဖို ထန်းလုံးတပ်ကို ဝိုင်းတိုက်ပါတယ်။ အကြိမ်တိုင်း အကျနာစွာနှင့် တပ်လန်ရတာပါပဲ။ ဒီတော့မှ အလောင်းဘုရား ကိုယ်တိုင် ဦးစီးပြီိးမုဆိုးဖို မြို့ပြင်ကို ထွက်တိုက်ပါတယ်။ စစ်ပန်းပြီး စိတ်ဓာတ်ကျနေတဲ့ ဟံသာဝတီသားတွေဟာ သေနတ် အမြောက်စသည့် လက်နက်တွေကို ပစ်ပြီး ဆုတ်ခွာ ထွက်ပြေးကြပါတယ်။ ဧရာဝတီမြစ်ကို ရောက်တဲ့အခါမှာ တပ်ပျက်ပြီး ပြေားလာရလို့ လှေ၊ သမ္ဗာန်မရတဲ့ လူတွေဟာ ပျဉ်ပြား၊ ဘူးသီးခြောက်၊ သစ်တုံးတွေကို ဖက်ပြီး မြစ်ထဲသို့ ခုန်ချကြပါတယ်။ ရေမကူးတတ်တဲ့ ဟံသာဝတီသားတွေဟာ ကြောက်လန့်တကြားဖြင့် မြစ်ထဲကို ခုန်ချလို့ ရေနစ်ပြီး တော်တော်များများ သေဆုံးကြပါတယ်။ မုဆိုးဖိုသားတွေဟာ ရန်သူကို စိတ်ဓာတ်ရေးရာ အရပါ နိုင်ကြီး နိုင်လိုက်ပါတယ်။

၁၇၅၂ ခုနှစ် အကုန်မှာ ဦးအောင်ဇေယျဟာ တိုက်ပွဲပေါင်း ၁၄ပွဲကို အောင်နိုင်ပြီး ဧရာဝတီ ချင်းတွင်း မြစ်နှစ်သွယ်ကြားဒေသကို ထိန်းချုပ်လိုက်ပါတယ်။ ဦးအောင်ဇေယျဟာ မွန်တွေ ဒုတိယအကြိမ် လာတိုက်တဲ့အခါမှာ သူ့လူတွေထဲက သူစိတ်တိုင်း အကျဆုံး လက်ရွေးစင်တွေကို ရွေးပြီး မြင်းရည်တတ် ၆၈ယောက် ဖွဲ့ခဲ့ပါတယ်။ သူ့ရဲ့ အရင်းအချာ ဆွေတော်၊ မျိုးတော်တွေ ပါသလို သာမန်ရွာသားတွေလည်း ပါပါတယ်။ ဒီကိစ္စဟာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အလောင်းဘုရားဖွဲ့စည်းခဲ့တဲ့ မြင်းရည်တတ် ၆၈ယောက်ထဲက အများစုဟာ နောင်ကုန်းဘောင် မင်းဆက် ၃ ဆက်အထိ အကျော်ကြားဆုံးသော တပ်မှူးကြီးများ၊ စစ်သူကြီးများ ဖြစ်လာပါတယ်။ တရုတ်တွေနဲ့ တိုက်တဲ့စစ်ပွဲ တွေမှာလည်း အစွမ်းပြခဲ့တာ ဒီလူတွေပဲ ဖြစ်ပါတယ်။

 

အဲဒီအထဲကမှ အလောင်းမင်းတရား အားအကိုးဆုံးနဲ့ ဝါအရင့်ဆုံး လူတွေကို အနီးစပ်ဆုံးပြရရင် မင်းကျော်ပျံချီ ဦးကောင်း (နောင် သေနတ်ဝန်နဲ့ အလောင်းဘုရား၏ အဂ္ဂမဟ သေနာပတိ) မင်းခေါင်နော်ရထာ ဦးတွန် (ဗိုလ်တွန် တလဖမ်း အမည်နဲ့ ကျော်ကြားပြီး ယိုးဒယား စစ်ဆင်ရေးကို ဦးဆောင်ရသူ) မဟာသီဟ သူရဦးသာ (တရုတ်နဲ့ ဖြစ်ပွားတဲ့ စစ်ပွဲ ၄ ကြိမ်မှာ မြန်မာဘက်က အကြီးဆုံး စစ်သူကြီး) ဖြစ်ပါတယ်။

 

နောက်ဆုံးတစ်ပိုင်း (အပိုင်းသုံး) မှာ ကျန်ရှိတဲ့ အလောင်းမင်းတရားကြီး အကြောင်းကို ဆက်ရေးပါဦးမယ်။

12 comments

  • paw tar

    March 29, 2012 at 7:48 am

    ကောင်းတယ်ဗျာ ဖတ်ရတာ ဒါမျိုး တန်ဖိုးရှိတဲ့ ပိုစ့်လေးတွေ ဖတ်ချင်တာဗျာ အခုတစ်လော ပိုစ့်တော်တော်များများက တက်တာ တက်လာတာ ဖတ်ကြည့်တော့လည်း ဘာမှလည်းသိပ်မဟုတ် သလိုပဲ၊ ဆက်လက် တင်ပေးနိုင်ပါစေဗျာ

    • San Hla Gyi

      March 29, 2012 at 8:53 pm

      ကိုဘုန်းကျော်နှင့်ကို paw tar ရေ…
      ခုလို အမြဲတမ်း အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော့်အနေနဲ့ ဦးအောင်ဇေယျ အကြောင်းကိုဘုန်းတော်ဘွဲ့ရေးသလိုဖြစ်နေလို့ပါ။ ဒါပေမဲ့ကိုယ့်ဘုရင်လည်းဖြစ်၊ဘိုးဘွားတွေဖြစ်တဲ့သူနှင့် သူရဲ့မြင်းရည်တတ် ၆၈ယောက်အကြောင်းကိုဘုန်းတော်ဖွဲ့ချင်တာတော့အမှန်ပါ။ ဒါပေမဲ့ အဖြစ်မှန်တွေနဲ့မကင်းကွာအောင်သတိထားပါတယ်။ အချို့နေရာမှာ ကိုယ့်တိုင်းရင်းသားအချင်းချင်းဖြစ်တဲ့ အကြောင်းတွေကို မရေးဖို့စဉ်းစားပါတယ်။ ဒါပေမဲ့ဒါတွေကိုဖယ်လိုက်ရင်ဇာတ်လမ်းက အဓိပ္ပါယ်မရှိတော့သလိုအချို့နေရာမှာ ဘယ်လိုမှရှောင်လို့မရလို့ပါ။
      ခုလို ကွန်မန့်တွေနဲ့လာအားပေးတဲ့အတွက် ဝမ်းသာကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • ဦးဦးပါလေရာ

    March 29, 2012 at 11:40 pm

    ဖတ်ရတာတန်ဘိုးရှိပါတယ်။
    နောက်ဆုံးတစ်ပိုင်း (အပိုင်းသုံး) လို့ပြောထားတော့ နောက်အပိုင်းမှာ ဘယ်အထိပါမယ်ဆိုတာတော့မသိသေးပါ။ စောင့်ဖတ်ပါမယ်။
    ဒါပေမယ့် ဒီလောက်တောင် ဖတ်မှတ်ထားတာဆိုတော့ အလောင်းဘုရားရဲ့ ညီတွေ အစဉ်အဆက်အုပ်စိုးခဲ့တဲ့ ကုန်းဘောင်မင်းဆက်တခုလုံးကိုပါ ခြုံပြီး ဆက်စပ်ပြပေးရင် ဖတ်သူတွေ အလွန်အကျိုးများမှာပါ။
    တိုက်တွန်းပါရစေ။

    • San Hla Gyi

      March 30, 2012 at 9:44 pm

      ဦးဦးပါလေရာ၊ Ma Ma နှင့် ဆူး တို့ခင်ဗျား။

      အခုလို လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ဆုံးအပိုင်းမှာ ဦးအောင်ဇေယျ နတ်ရွာစံတဲ့အထိနဲ့ ယိုးဒယား ရာဇဝင်တွေထဲမှာ ထင်ထင်ရှားရှား ပုံဖျက်ပြီး ရေးထားတာလေးတွေ ပြောချင်ပါတယ်။ အလောင်းဘုရားရဲ့သားတွေ မြေးတွေ အစဉ်အဆက် အုပ်စိုးခဲ့တဲ့ ကုန်းဘောင်မင်းဆက်တစ်ခုလုံးကို ဆက်တိုက်မပြောဘဲနှင့် ဆိုင်ရာဆိုင်ရာ နေရာတွေမှာ အပိုင်းလေးတွေ ခွဲပြီးပြောဖို့ စဉ်းစားထားပါတယ်။ တခြား သမိုင်းတွေလည်း အလျှဉ်းသင့်သလို ရေးပါမယ်။ (လောလောဆယ် မြန်မာဖောင့် Typing ကျင့်နေရပါတယ်။ ပို့စ်တွေ မြန်မြန်တက်နိုင်တာက ကျွန်တော်ရေးထားတာကို သူငယ်ချင်းက ကူရိုက်ပေးလို့ပါ။ တစ်ဆက်တည်း ပြောရရင် အဲဒီ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါသည်။)
      ဒီဆိုဒ်ရဲ့ စည်းကမ်းချက်က လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုဖြစ်စေသော စာများ မတင်ရလို့ ဆိုပါတယ်။ ဒါကြောင့် သမိုင်းအကြောင်း ရေးတဲ့အခါ အတော်သတိထားရပါသည်။
      ဒါပေမဲ့သမိုင်းအကြောင်းရေးတဲ့အခါမှာမျှတစေချင်လို့ပါ။တချို့နေရာတွေမှာမြန်မာ(ဝါ)ဗမာတိုင်းရင်းသား
      တွေကိုုပြင်းပြင်းထန်ထန်ပုတ်ခတ်တာတွေတွေ့ရဖူးလို့ပါ။မြန်မာ(ဝါ)ဗမာလူမျိုးများအတွက်မ မျှတဖူးထင်လို့ပါ။ တကယ်တော့လက်ခုပ်ဆိုတာ၂ဖက်တီးမှမြည်တာပါ။ တချို့နေရာတွေမှာမြန်မာ(ဝါ)ဗမာတွေကစကျူးကျော်တာမဟုတ်ပဲ သူများလာတိုက်တာကိုခုခံရင်းနဲ့အချိန်တန်တော့မြန်မာ(ဝါ) ဗမာတွေကအောင်နိုင်သွားပါတယ် ။သမိုင်းကိုပြောရာမှာ၂ဖက်စလုံးကိုမျှတစေချင်လို့ပါ

      • kai

        March 31, 2012 at 5:42 am

        သမိုင်းအကြောင်းရေးရာမှာ.. မချွင်းမချန်.. ရထားတဲ့အထောက်အထားတွေနဲ့အညီ.. တင်ပေးစေလိုပါတယ်.။ ကိုယ့် ကိုယ်ပိုင်…အတွေး..အယူအဆ မထည့်နဲ့ပေါ့နော.။
        မှားခဲ့တဲ့..အမှားတွေသိမှ.. နောင်မဖြစ်အောင်.. လုပ်ဖို့ကာကွယ်နိုင်သိနိုင်မှာမို့ပါ..

        ဗမာက.. တိုင်းရင်းသားတွေအပေါ်.. ဆိုးခဲ့..အနိုင်ကျင့်ခဲ့တာ..သေချာပါတယ်..။
        ဒါကသမိုင်းပါ…
        ထပ်မဆိုးကြဖို့နဲ့.. လုပ်ခဲ့ပြီးတဲ့.. အမှားတွေကို.. တိုင်းရင်းသားများက.. ခွင့်လွှတ်ဖို့ကို.. တောင်းပန်ဖို့.. နိုင်ငံတော်က ကြီးကြပ်လုပ်ပေးရမှာဖြစ်ပါကြောင်း..။

        • San Hla Gyi

          March 31, 2012 at 3:10 pm

          သူကြီးနှင့် ရွာသားအပေါင်းတို့ရေ…

          သမိုင်းအကြောင်း ရေးရာမှာ တတ်နိုင်သမျှ တဘက်သတ် မဖြစ်သွားအောင် ကြိုးစားပြီး ရေးပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်ရေးဆောင်းပါးဆိုတော့ ကိုယ့်အယူအဆတွေလည်း အမှတ်မထင် ပါသွားနိုင်ပါတယ်။ ဒါကြောင့် အမှားအယွင်းပါလာခဲ့ရင်လည်း သက်သေအထောက်အထားနှင့်တကွ ပြင်ပေးပါလို့ တောင်းဆိုခဲ့တာပါ။

          ဗမာတွေက တိုင်းရင်းသားတွေအပေါ် မဆိုးခဲ့၊ အနိုင်မကျင့်ခဲ့ပါဘူးလို့ မငြင်းပါဘူး။ ဒါကြောင့် လေသံကိုလည်း တတ်နိုင်သမျှ လျှော့ပါတယ်။

          ဥပမာ – မွန်တပ်များအစား၊ ဟံသာဝတီတပ်များလို့ ပြောင်းသုံးတာမျိုးပေါ့။ ဒါပေမဲ့ တကယ်ကြည့်မယ်ဆိုလျှင် ဗမာတွေက စစ်ပွဲတိုင်းကို အောင်နိုင်သွားလို့သာ ဒီအသံတွေ ထွက်တာပါ။ တိုင်းရင်းသားတွေဘက်က နိုင်သွားရင်လည်း ဗမာတွေထက်ကို ဆိုးမှာပါ။ သက်သေတွေလည်း အသင့်အတင့် ရှိပါတယ်။ ဒါကြောင့် တချို့ကိစ္စတွေဟာ သူ့အသက် ကိုယ့်အသက်လုကြတာပါ။

          တခါတခါ စဉ်းစားဖူးပါတယ်။ တကယ်တော့ ဗမာတွေက တိုင်းရင်းသားတွေကို ခွဲခြားတာထက်၊ တိုင်းရင်းသားတွေက ဗမာတွေကို ခွဲခြားတာက ပိုများပါတယ်။

          ကျွန်တော်က အမှန်တော့ အားလုံးကို ပြည်ထောင်စုစိတ်ဓာတ်နဲ့ နေစေချင်တာပါ။ ဒါပေမဲ့ ပြောတဲ့အခါ အားလုံးကို မျှတစေချင်ပါတယ်။ ဥပမာ – ဟံသာဝတီတပ်တွေက အလောင်းဘုရားဦးအောင်ဇေယျရဲ့ သူရဲကောင်း အာကာရွှေတောင်ကို မိတဲ့အခါ အရှင်လတ်လတ် မြေမြှုပ်သတ်ခဲ့တာမျိုးပါ။

          အခုဖြစ်တာမျိုးက တိုင်းရင်းသားတွေဘက်က တခါတခါ ဗမာတွေကို ပုတ်ခတ်ပြောတာတွေဟာ အတော်ပြင်းထန်ပါတယ်။ ဒါပေမဲ့ ဗမာတွေ နည်းနည်းလောက် ဖြေရှင်းတဲ့စာမျိုး ရေးမိရင်တော့ ခွဲခြားဆက်ဆံပါတယ် ဆိုပြီး အပြောခံရပါတယ်။

          ဥပမာ – မြန်မာပြည်က တိုင်းရင်းသား မျိုးနွယ်စုတစ်စုဟာ ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကား၊ ဗမာတွေနဲ့ အတော်တူပါတယ်။ တကယ်တော့ မျိုးနွယ်ကလည်း ဗမာတွေနဲ့ တမျိုးတည်းပါပဲ။ ဒါပေမဲ့ သူတို့ကတော့ သူတို့ကိုယ်သူတို့ သီးသန့်လူမျိုးတစ်ခုလို့ ယူဆပါတယ်။ ပြီးတော့ သူတို့ဟာ မြန်မာပြည်က ထင်ရှားတဲ့ ရုပ်ပွားတော်ကြီး တစ်ဆူအတွက် ဗမာတွေကို တချို့က အတော်လေး မုန်းပါတယ်။ တခါတခါ “ဗမာသူခိုးတွေ” လို့တောင် ရင့်ရင့်သီးသီး ပြောကြ ရေးကြပါတယ်။ အမှန်ကတော့လည်း ခိုးတာမဟုတ်ပါဘူး။ ဒါနဲ့ ကျွန်တော်လည်း စိတ်ဝင်စားလို့ ဖတ်ကြည့်လိုက်တော့… လား… လား… ဒီကိစ္စကြီးဟာ သူတို့ဘက်က စလုပ်ခဲ့တယ် ဆိုတာ သွားတွေ့ပါတယ်။

          ဒါပေမဲ့ သူတို့ကတော့ ဗမာတွေ ဆိုးခဲ့တာကိုပဲ ပြောပြီး သူတို့လုပ်ခဲ့တာတွေတော့ ဖျောက်ထားပါတယ်။ ကျွန်တော်လည်း နောက်ပိုင်း ရေးဖြစ်တဲ့အခါကျရင် ပြည်တွင်းသမိုင်းထက် ပြည်ပနဲ့ ဆက်ဆံရေးကို ပိုရေးပါမယ်။ ပြည်ပဆိုတော့ ပြောရတာလည်း အားမနာရတော့ဘူးပေါ့။

          နောက်ပြီး သူကြီး မကြိုက်ဘူးဆိုလို့ တိုင်းရင်းသားတွေနဲ့ ပတ်သက်လာရင် ပိုပြီး ဆင်ခြင်ရေးပါမယ်။ တိုင်းရင်းသားအပေါင်းတို့ရေ… လွန်တာရှိ ဝန္ဒာမိပါ ခင်ဗျား။ အမိုက်အမဲမို့ ဗွေမယူပါနဲ့ ဟဲဟဲ။

  • MaMa

    March 30, 2012 at 7:34 am

    စိတ်ဝင်စားစရာပါပဲ။
    သဂျီးပြောသလို သမိုင်းမှတ်တမ်းတင် ကျန်ခဲ့မှာမို့ အားပေးပါတယ်။
    အခုလို သမိုင်းကို ရေးနိုင်သူတစ်ယောက်တိုးလာတာ ဂေဇက်အတွက် ဂုဏ်ယူစရာပါပဲ။ 🙂

  • ဆူး

    March 30, 2012 at 9:53 am

    အလွန်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။
    နောက်ထပ် အပိုင်း ၃ ကိုလည်း သေချာပေါက် စောင့်ဖတ်ဖို့ စိတ်ကူး ရှိပါတယ်။

    စကားမစပ် အလောင်းမင်းတရားပြီးရင်လည်း တခြား သမိုင်းတွေ ထပ်ရေးဖို့ တောင်းဆိုပါတယ်။

  • htoosan

    March 31, 2012 at 8:21 am

    သေချာတဲ့ သမိုင်းတစ်ခု ကတော့ ဒီဂေဇက်ကြောင့် မြန်မာ လို တိုက်ပ် ရိုက်တတ်တဲ့ သူတွေ တိုးပွားလာတာဘဲ .
    ကျွန်တော်လည်း အရင်တုန်းက မြန်မာလို မရိုက်တတ်ပါဘူး . ဒီမှာ ရေးချင်မန့်ချင်လာ ရာက မြန်မာလို ရိုက်တတ်လာတာပါဘဲ။

  • ဆူး

    April 5, 2012 at 12:10 pm

    ဒါနဲ့ စကားမစပ် အလောင်းမင်းတရား ငယ်ငယ်ကလား.. အိပ်နေရင်းနဲ့ညာလက်ရုံး မီးထတောက်တဲ့ အကြောင်း မတွေ့မိလို့.. ကြားဖူးတာလေး ရှိလို့ မေးကြည့်တာ..

    • San Hla Gyi

      April 5, 2012 at 11:45 pm

      ဟုတ်ကဲ့။ ဦးအောင်ဇေယျအရွယ်ခပ်ငယ်ငယ်မှာလက်ရုံးကဘုန်းမီးတောက်တယ်ဆိုတဲ့အကြောင်းရာဇဝင်မှာရှိပါတယ်။ဒါပေမယ့်ကျနော်ဘာလို့ချန်ခဲ့သလဲဆိုတော့စာလေးသွားမှာစိုးတာရယ်၊ဒီဘက်ခေတ်
      မျက်စိနဲ့ကြည့်ရင်တမျိုးဖြစ်နေလို့ပါ။နောက်ပြီးဟံသာဝတီတပ်တွေပျက်ပြီးပြေးတော့မြင်းဖြူကြီး
      လေးစီးကအဝစစ်ကိုင်းရောက်အောင်လိုက်ပြီးခြောက်တယ်ဆိုတာကိုလဲချန်ခဲ့ပါတယ်။

Leave a Reply