မွေးကင်းစဆောင်

yannaingechJune 10, 20101min740

မွေးကင်းစဆောင်ဆိုတာ ရန်ကုန်ကလေးဆေးရုံကြီးက အဆောင်တစ်ဆောင်ရဲ့ အမည်ပါ။ ကျွန်တော့်အတွက်တော့ ဝမ်းနည်းမှုနဲ့ ဝမ်းသာမှု၊ စိတ်ပျက်မှုနဲ့ နှစ်သက်မှု၊ အပြစ်တင်လိုမှုနဲ့ ကျေးဇူးတင်မှု …ဆန့်ကျင်ဘက်ခံစားချက်တွေကို ပေးခဲ့တဲ့နေရာပါ။ ဇာတ်လမ်းက ကျွန်တော့်ရဲ့ သားငယ်လေး  နှစ်ရက်သားအရွယ်မှာ စပါတယ်။

ကျွန်တော်နဲ့ ကျွန်တော့်ဇနီးတို့ဟာ ကျွန်တော်တို့ရဲ့ သားဦးလေးကို မွေးဖွားဖို့ ပုဂ္ဂလိကဆေးရုံတစ်ခုကို ရွေးချယ်ခဲ့ကြပါတယ်။ ရိုးသားစွာဝန်ခံရရင် ပုဂ္ဂလိကဆေးရုံ တစ်ခုကိုရွေးခဲ့တာဟာ ပြည်သူ့ဆေးရုံတွေကို စိတ်မချလို့ပါ။ ကျွန်တော်တို့ရွေးခဲ့တဲ့ ပုဂ္ဂလိကဆေးရုံကလည်း ဝန်ဆောင်မှုကောင်းပါတယ်။ ဝန်ထမ်းတွေက ဆက်ဆံရေးကောင်းကြသလို သန့်ရှင်းသပ်ရပ်မှုလည်းရှိပါတယ်။ သားလေးကို ခွဲမွေးပြီး မိခင်ရောကလေးပါ ကျန်းကျန်းမာမာရှိကြပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ ဂရုတစိုက်စောင့်ကြည့်နေတဲ့ကြားက မွေးပြီးနှစ်ရက်အကြာသားလေးမှာ ကလေးအသားဝါရောဂါရှိလာပါတယ်။ ကလေးအသားဝါရောဂါဟာ လူကြီးတွေမှာဖြစ်တဲ့ ဘီပိုး၊ စီပိုးတွေကြောင့်ဖြစ်တာမဟုတ်ပါဘူး။ ကလေးငယ်ရဲ့ နုနယ်တဲ့ အသည်းက ကောင်းစွာ အလုပ်မလုပ်လို့ဖြစ်တာပါ။ သားလေးရဲ့ အသားဝါနှုန်းဟာ အရမ်းများနေတဲ့အတွက် ကျွန်တော်တို့ရဲ့ ပုဂ္ဂလိကဆေးရုံက နိုင်နင်းစွာကုသနိုင်မှာမဟုတ်လို့ ကလေးဆေးရုံကြီးဆီကို သားလေးကို လွှဲပြောင်းပေးခဲ့ကြပါတယ်။

ဆေးရုံကိုရောက်တယ်ဆိုရင်ပဲ ပြင်ပလူနာဌာနမှာ စစ်ဆေးကြပြီး သားလေးကို မွေးကင်းစဆောင်ကိုပို့ဖို့ စေလွှတ်ပါတယ် ။ မွေးကင်းစဆောင်ဟာ ငါးထပ်ဆေးရုံရဲ့ အပေါ်ဆုံးထပ်မှာ ရှိပါတယ်။ ဇနီးက ချုပ်ရိုးမကျက်သေးတဲ့အတွက် သားလေးကိုကျွန်တော်နဲ့ သူ့အဒေါ်က ခေါ်လာပါတယ်။ သောကတွေနဲ့ပူလောင်နေတဲ့ ကျွန်တော်ဟာ မွေးကင်းစဆောင်ဆိုတဲ့ဆိုင်းဘုတ်ရှေ့အရောက်မှာ “အမျိုးသားများလုံးဝမဝင်ရ” ဆိုတဲ့ အနီရောင်စာလုံးကြီးတွေကြောင့် ရင်ဘတ်ကို ဆောင့်အကန်ခံလိုက်ရသလိုပါပဲ။

သားလေးကို သူ့အဒေါ်နဲ့ထည့်လိုက်ပြီး ကျွန်တော်က အပြင်မှာထိုင်စောင့်ရပါတယ်။ နာရီပေါင်းများစွာ ထိုင်စောင့်သည့်တိုင် အကျိုးအကြောင်းဘာမှမသိရပါဘူး။ သူ့အဒေါ်ကိုခေါ်မေးတော့လည်း ကလေးလူနာများကို သီးသန့်ခန်းထဲမှာထည့်ပြီး မိခင်ဖြစ်စေ၊ လူနာစောင့်ဖြစ်စေ ဘယ်သူနဲ့မှ ပေးမတွေ့ပါဘူး။ လိုအပ်တဲ့ဆေးပစ္စည်းအချို့ဝယ်ပေးအပြီးမှာ သားလေးကိုသွေးလဲကုထုံးနဲ့ကုရမယ်လို့ပြောပါတယ်။ သွေးလဲကုထုံးဆိုတာ သားလေးကိုယ်ခန္ဓာထဲကသွေးကို အမျိုးအစားတူတဲ့သွေးနဲ့ လဲလှယ်တဲ့ကုထုံးဖြစ်ပါတယ်။

သွေးလဲကုထုံးဆိုတဲ့အသံကြားတော့ သားလေးရဲ့အဖွားဟာ မူးမေ့လဲမတတ်ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော့်ယောက်ဖ၊ သားလေးရဲ့ဦးလေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော်လောက်က ကလေးအသားဝါရောဂါကို သွေးလဲကုထုံးနဲ့ ကုသခဲ့ရပြီး တစ်သက်လုံးမှာ ဉာဏ်ရည်မမှီသူတစ်ဦးအဖြစ်နဲ့ နေထိုင်နေရသူပါ။ ကျွန်တော်တို့ရဲ့သားလေးသာ အဲဒီလိုဖြစ်လာခဲ့ရင်ဆိုတဲ့အတွေးက….

ဒီလိုနဲ့ သားလေးကိုသွေးလဲပြီး နှစ်ဆယ့်လေးနာရီစောင့်ကြည့်ကာလကို ရောက်လာပါတယ်။ သားလေးရဲ့အမေဟာ မျက်ရည်လည်ရွဲနဲ့ သားလေးသတင်းကို တစ်ချိန်လုံးမေးမြန်းလို့သာ နေပါတယ်။ သားလေးကိုသွေးလဲပြီး (၁၂) နာရီမှာပဲ သတင်းကောင်းရောက်လာပါတယ်။ သားလေးရဲ့အခြေအနေဟာ အများကြီးတိုးတက်ကောင်းမွန်လာတဲ့အတွက် သားလေးကို မိခင်နို့တိုက်မယ်ဆိုရင် တိုက်လို့ရပါပြီတဲ့။ သားလေးရဲ့အမေဟာ သူ့ဗိုက်ကချုပ်ရိုးကိုမေ့ပြီး သားလေးရှိရာဆေးရုံကို သူတက်နေတဲ့ဆေးရုံကနေ အပြေးလိုက်လာပါတယ်။ သားလေးရဲ့အမေက သားလေးနဲ့အတူ မွေးကင်းစဆောင်ထဲ ရှိနေချိန်မှာ ကျွန်တော်ကတော့ မငြိမ်းသေးတဲ့သောကမီးတွေနဲ့ အဆောင်အပြင်ကထိုင်စောင့်နေရပါတယ်။

သားလေးကို နာရီဝက်လောက်နို့တိုက်ပြီးချိန်မှာ သားလေးရဲ့အမေက ကျွန်တော်ရှိရာကိုလာလို့ အခြေအနေတွေကို ပြောပြပါတယ်။ သူနေခဲ့ရတဲ့ ပုဂ္ဂလိကဆေးရုံ နဲ့ ဒီမွေးကင်းစဆောင်ရဲ့ ကွာခြားချက်တွေပါ။ မွေးကင်းစဆောင်မှာ သူတို့ရဲ့ဝန်ဆောင်မှုအတွက် ကျွန်တော်တို့က ပိုက်ဆံပေးရတာမရှိပါဘူး။ အဲဒီလိုပဲ သူတို့ကလည်း ပိုက်ဆံအတွက် ကျွန်တော်တို့မျက်နှာကိုပြန်ကြည့်နေဖို့မလိုတော့ပါဘူး။ ကလေးတွေရဲ့ကျန်းမာရေးအတွက် မိဘတွေရဲ့သောကကို သူတို့မျက်ကွယ်ပြုထားရပါတယ်။ မွေးကင်းစကလေးတွေဟာ အလွန်နုနယ်တဲ့အတွက် ရောဂါပိုးမွှားတွေမဝင်ရောက်လာအောင် အရမ်းဂရုစိုက်ရပါတယ်။ အဆောင်ထဲမှာရှိတဲ့ ကလေးသီးသန့်ခန်းထဲကို ဝန်ထမ်းတွေတောင်မှ ပိုးသတ်ထားတဲ့ဝတ်ရုံအပြည့်အစုံဝတ်မထားရင် ဝင်ခွင့်မရှိပါဘူး။ နို့တိုက်ချိန်ကိုလည်း တိတိကျကျသတ်မှတ်ထားပြီး မိခင်များဟာ သတ်မှတ်ထားတဲ့နေရာမှာပဲကလေးကိုစနစ်တကျ နို့တိုက်ရပါတယ်။

အလွန်တရာစိုးရိမ်ရတဲ့ သားလေးရဲ့ အခြေအနေဟာ တစ်ရက်ပြီးတစ်ရက် တိုးတက်ကောင်းမွန်လာခဲ့ပြီး ငါးရက်အကြာမှာ ဆေးရုံက ဆင်းခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့ဇနီးမောင်နှံဟာ ကြည်နူးစိတ်အပြည့်နဲ့ သားလေးကိုထွေးပွေ့လို့ အိမ်ပြန်ခဲ့ကြပါတယ်။ သားလေးရဲ့ ဆေးကုသမှုမှတ်တမ်းကို ပြန်ကြည့်တဲ့ အချိန်မှာ နာရီနဲ့အမျှ သားလေးရဲ့အခြေအနေတွေကို တိုင်းတာစစ်ဆေးထားတဲ့ မှတ်တမ်းစာရွက်စာတမ်းများကိုကြည့်ရင်း ကျွန်တော်မျက်ရည်ဝဲမိပါတယ်။ မွေးကင်းစဆောင်အပေါ်ထားမိတဲ့ ကျွန်တော့်ရဲ့စိတ်ပျက်မှုနဲ့ မကျေနပ်မှုတွေအတွက် ကိုယ့်ကိုယ်ကိုပဲ ပြန်အပြစ်တင်မိပါတော့တယ်။