သေချာဖတ်ကြည့်နော်

zaylayJune 11, 20101min520

အချစ်နဲ့ ပတ်သက်လာရင်

ဒီ့ထက်ပိုကောင်းတဲ့အချစ် ရှိနိုင်သေးတယ်လို့ မထင်လိုက်ပါနဲ့။
အခုလက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ကအကောင်းဆုံးပါ။

အသက်ငယ်သေးတယ် နောက်ကျမှအိမ်ထောင်ပြုလည်းရတယ်လို့ မထင်လိုက်ပါနဲ့။
အချစ်က အသက်အရွယ်ကို စောင့်လိမ့်မှာမဟုတ်ဘူး။

အကွာအဝေးကြောင့် အချစ်ကို လက်လွတ်ဖို့ မကြိုးစားပါနဲ့။
အချစ်က ကိုယ်နဲ့အတူ ရထား၊ လေယာဉ်စီးလို့ရပါတယ်။

ငွေကြေးမချမ်းသာတဲ့ ချစ်သူကို မစွန့်လွတ်လိုက်ပါနဲ့။
အသုံးမကျတဲ့လူကလွဲလို့ လုံ့လဝီရိယရှိသူဆိုရင်
သင့်ကိုချမ်းသာအောင်ထားနိုင်ပါတယ်။

အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်။
တစ်သက်မှာ တစ်ယောက်တည်းချစ်တာက အကောင်းဆုံးဖြစ်တယ်။
ချစ်တာများပြီး ခံစားချက် အတွေ့အကြုံများရင် ထုံကျင်သွားတတ်တယ်။
လမ်းခွဲကြိမ်များရင် ကျင့်သားရသွားတတ်တယ်။
ချစ်တာများရင် နှိုင်းယှဉ်မှုတွေများသွားတတ်တယ်။
နောက်ဆုံးမှာ အချစ်ကို အယုံအကြည်မဲ့သွားတတ်တယ်။

အချစ်က ဝမ်းနည်းစရာကောင်းတဲ့ ဒဏ္ဍာရီပုံပြင်တစ်ပုဒ် ဖြစ်ကောင်းဖြစ်မယ်။
ကိုယ့်ကိုချစ်တဲ့ လူတစ်ယောက်ကို စွန့်ရတာ သိပ်မနာကျင်ပေမယ့်
ကိုယ်ချစ်တဲ့လူတစ်ယောက်ကို စွန့်ရတာလောက် နာကျင်တာမရှိပါဘူး။
ကံအကြောင်းပါခဲ့ရင် အချိန်၊ နေရာဆိုတာ အကွာအဝေးမဟုတ်ပါဘူး။
ကံအကြောင်းမပါခဲ့ရင် အတူဆုံမိလည်း တစ်ယောက်ကိုတစ်ယောက် မနှစ်လိုတတ်ကြဘူး။

အချစ်ကို ကျေကျေနပ်နပ်ခံစားရင် ထိခိုက်နာကျင်ခဲ့လည်း နောင်တမရတတ်ဘူး။
အချစ်ကို အတွေ့အကြုံတစ်မျိုးလို့ မှတ်ယူခဲ့ရင် အသဲကွဲချိန်
ချိုမြိန်တာကို ခံစားမိမယ်။
အချစ်ကို ဖြတ်သန်းမှုတစ်ခုလို့ မှတ်ယူခဲ့ရင် လဲပြိုချိန် လှပတယ်လို့ ခံစားမိမယ်။
အထီးကျန် စိတ်လေလို့ လူတစ်ယောက်ကို မှားချစ်မိတာမျိုး မဖြစ်စေပါနဲ့။
လူတစ်ယောက်ကို မှားချစ်မိလို့လည်း တစ်သက်လုံး အထီးမကျန်ပါစေနဲ့။
အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်။

ဘဝဖော်ဆိုတာ

ဘဝဖော်ဆိုတာ ကိုယ်ကလွဲရင် ဘယ်သူကိုမှမယူဘူးဆိုတဲ့လူ မဟုတ်ပါဘူး။
ဘဝဖော်ဆိုတာ ကိုယ့်အားနည်းချက်အားလုံးကို သိသည့်တိုင်
ကိုယ့်ကိုရွေးချယ်သူဖြစ်တယ်။

ဘဝဖော်ဆိုတာ ကိုယ်ကိတ်မုန့်ကြိုက်လို့ သူကိတ်မုန့်လိုက်ကြိုက်တဲ့လူ မဟုတ်ဘူး။
ဘဝဖော်ဆိုတာ ကိုယ်ကြက်ဥအကာစားပြီး သူကြက်ဥအနှစ်စားသူဖြစ်တယ်။

ဘဝဖော်ဆိုတာ မိုးချုပ်တာနဲ့ ကိုယ့်လက်ကိုဆွဲပြီး စားသောက်ဆိုင်ထဲဝင်တဲ့လူ
မဟုတ်ဘူး။
ဘဝဖော်ဆိုတာ ကိုယ်အပြန်ကိုမျှော်ပြီး ထမင်းအတူစားဖို့ စောင့်နေသူဖြစ်တယ်။

ဘဝဖော်ဆိုတာ အချစ်အကြောင်းပဲဖွဲ့နွဲ့ပြီး “ချစ်တယ်”ဆိုတဲ့စကားကို
ပါးစပ်ဖျားကမချသူ မဟုတ်ဘူး။
ဘဝဖော်ဆိုတာ ဆန်၊ ဆီ၊ ဆား၊ အိုးခွက်ပန်းကန်အကြောင်း မြည်တွန်တောက်တီး
ပြောတတ်တဲ့သူဖြစ်တယ်။

ပျော်ရွှင်တဲ့အိမ်ထောင်ရေးမှာ ဘဝဖော်ဆိုတာ ကိုယ်အတွက် အတိအလင်း
သတ်မှတ်ထားသူဖြစ်ရုံမက ကိုယ်နဲ့အတူ အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ
အတိုင်အဖော်ညီမှု၊ ကြင်နာမှု၊ သာမန်ရိုးရှင်းမှု၊ နားလည်မှု၊ ခွင့်လွတ်မှုတွေ
မျှဝေပေးသူဖြစ်တယ်။

ဂတိနဲ့ပတ်သက်ရင်

ရှေးဂရိရာဇဝင်ပုံပြင်မှာ ချစ်သူတွေက ကိုယ်ချစ်တဲ့သူရဲ့လက်ခလယ်မှာ
အချင်းချင်း လက်စွပ်တွေဝတ်ဆင်ပေးကြတယ်။ အကြောင်းက လက်ခလယ်မှာရှိတဲ့
သွေးကြောတစ်ချောင်းက နှလုံးနဲ့တိုက်ရိုက် ဆက်သွယ်ထားလို့ဖြစ်တယ်။
ဒါကြောင့် လက်စွပ်ရဲ့အဓိပ္ပါယ်က နှလုံးသားရဲ့ အာမခံချက်ဖြစ်တယ်။ ဒါပေမယ့်
လူ့လောကမှာ ဆံဖြူသွားကျိုးတဲ့အချစ်က နည်းခဲ့ပါတယ်။ ရိုးမြေကျဆိုတဲ့
ချစ်သူတွေ ရှားခဲ့ပါတယ်။ ကိုယ်နဲ့တစ်သက်အတူနေဖို့ ရွေးခဲ့သူက
ကိုယ့်အချစ်ဆုံး ဟုတ်ချင်မှလည်းဟုတ်မယ်။ ကိုယ့်အချစ်ဆုံးက
ကိုယ်နဲ့တစ်သက်အတူ နေရချင်မှလည်း နေရမယ်။ တချို့ချစ်သူတွေကတော့
ဒီတစ်သက်အတူမနေရရင် နောင်ဘဝမှာနေရဖို့ တောင်းဆုပြုတတ်ကြတယ်။
အရမ်းချစ်ကြတဲ့ချစ်သူတွေ လက်ထပ်ခြင်းဆိုတဲ့တံခါးဝကို ဖြတ်ကျော်ပြီးနောက်
အချင်းချင်း တန်ဖိုးမထားကြသူတွေလည်း ရှိကြတယ်။

ဂတိသစ္စာတွေ အကြိမ်ကြိမ်ပေးစရာ မလိုပါဘူး။
ချစ်နေချိန် အတူနေချိန်မှာ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားတတ်ကြမယ်၊
တစ်နေ့တာကို နောက်ဆုံးချစ်ရမယ့်ရက်လို့ သတ်မှတ်ပြီး ချစ်ကြမယ်၊
ချစ်သူလက်ကို တင်းတင်းဆုပ်ထားမယ်၊ ရုပ်ရည်အိုမင်းသွားလည်း၊
ပါးရေတွေတွန့်သွားလည်း ကိုယ့်မှတ်ဉာဏ်ထဲမှာ ချစ်သူကိုအလှဆုံး
သိမ်းထားနိုင်ခဲ့ရင် ဂတိတည်ရာရောက်ပါတယ်။

လူ့ဘဝနဲ့ ပတ်သက်ရင်

ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ နှစ်လရာသီတွေက အညှာတာကင်းမဲ့တယ်။
အတိတ်ကိုပြန် မှန်းမျှော်ကြည့်တော့ လူတွေအသက်ရှင်တာက
စိတ်ခံစားမှုတစ်မျိုးလို့ ဆိုနိုင်တယ်။ ဆင်းရဲတာပဲဖြစ်ဖြစ်၊
ချမ်းသာတာပဲဖြစ်ဖြစ်၊ ရယူတာပဲဖြစ်ဖြစ်၊ ဆုံးရှုံးတာပဲဖြစ်ဖြစ် အရာအားလုံးက
လျှပ်တစ်ပြက်အတွင်းမှာဖြစ်ပြီး လျှပ်တစ်ပြက်အတွင်းမှာ
ပျောက်သွားနိုင်တယ်။

မနေ့က၊ ဒီနေ့၊ မနက်ဖြန် ဘာနေ့ပဲဖြစ်ဖြစ် စိတ်ရွှင်လန်းတဲ့နေ့က
အလှဆုံးနေ့ဖြစ်တယ်။ မိသားစုအချစ်၊ သူငယ်ချင်းအချစ်၊ ချစ်သူအချစ်
ဘာအချစ်ပဲဖြစ်ဖြစ် တန်ဖိုးထားမြတ်နိုးနိုင်ရင် ခံစားချက်ကောင်းတွေပေးတယ်။

စကားတစ်ခွန်းက ဒီလိုဆိုပါတယ်။

“ပိုင်ဆိုင်ခဲ့ဖူးတာကို မမေ့နဲ့၊ လက်ရှိပိုင်ဆိုင်တာကို ပိုတန်ဖိုးထားပါ။
ကိုယ့်အတွက် သတ်မှတ်ထားတဲ့အရာကို လက်မလွတ်နဲ့၊ ဆုံးရှုံးခဲ့ဖူးတာကို
အမှတ်တရထားပါ။ လိုချင်တာကို ရအောင်ကြိုးစားပါ။ မောပန်းလာရင် စိတ်ကို
ကမ်းကပ်ဖို့ မမေ့ပါနဲ့။ ရွေးချယ်ပြီးနောက် နောင်တမရနဲ့၊ အပင်ပန်းခံမှ
ပြည့်ဝတာကို နားလည်မယ်၊ အနာခံမှ ဘဝကိုနားလည်မယ်။ စိတ်ထိခိုက်အားငယ်မိမှ
ကြံ့ခိုင်တာကိုနားလည်မယ်။

လေတိုက်တဲ့မနက်ဆိုတာသလို လှပတဲ့ညနေဆည်းဆာလည်း ရှိမယ်။ ကြယ်ကြွေညတွေလည်း
ရှိနိုင်မယ်။ ဘဝဆိုတာ အပြန်မရှိတဲ့ လက်မှတ်တစ်စောင်နဲ့တူတယ်။ ဘဝဆိုတာ
အစမ်းလေ့ကျင့်မှုတွေမရှိတဲ့ တိုက်ရိုက်သရုပ်ဆောင်မှုတွေဖြစ်တယ်။
သရုပ်ဆောင်မှုတိုင်းကို ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တာက လူ့ဘဝကို
အကောင်းဆုံး တန်ဖိုးထားနည်းပဲဖြစ်တယ်”

သူငယ်ချင်းနဲ့ပတ်သက်ရင်

တစ်နေ့မှာ သူငယ်ချင်းနဲ့ ချစ်သူထိပ်တိုက်တွေ့တော့ ချစ်သူကပြောတယ်။

“လောကကြီးမှာ ငါရှိနေပြီပဲ။ မင်းရှိဖို့ မလိုတော့ဘူး!”

ချစ်သူရဲ့အပြောကို သူငယ်ချင်းက ရယ်ပြီးပြန်ဖြေတယ်။

“ချစ်သူက လူကိုမျက်ရည်ကျစေတယ်။ သူငယ်ချင်းက အဲဒီကျလာတဲ့မျက်ရည်ကို
သုတ်ပေးသူဖြစ်တယ်”

သူငယ်ချင်းဆိုတာ တစ်ခါတရံမှာ သင့်ကို စိုးရိမ်ပူပန်တတ်သူ၊ သင့်ကို
ဂရုစိုက်စောင့်ရှောက်သူ၊ သင့်သောကကို မျှသူ၊ သင့်ကို ပျော်ရွှင်စေချင်သူ၊
သင့်ကိုရယ်အောင် စနောက်တတ်သူဖြစ်တယ်။

သူငယ်ချင်းကြားမှာ အချင်းချင်းဂရုစိုက်မှုဆိုတာ အဖိုးတန်ရှားပါးတဲ့အရာဖြစ်တယ်။
စိတ်ထိခိုက်ချိန် ကိုယ့်ကိုရင်ဖွင့်ပါ၊
နာကျင်ဝမ်းနည်းချိန် ကိုယ့်ကို မေ့မထားနဲ့။
ဖျားနာချိန် ကိုယ့်ကိုအကြောင်းကြားဖို့ သတိရပါ။
အခက်အခဲကြုံချိန် ကိုယ်နဲ့တိုင်ပင်ဖို့ မမေ့နဲ့။
မျှော်လင့်ချက်မဲ့ချိန် အနားမှာကိုယ်ရှိသေးတယ်ဆိုတာကို သတိရပါ။
ပျော်ရွှင်ချိန် ကိုယ့်ကိုမေ့မထားနဲ့…
သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်က “ငါတို့ကသူငယ်ချင်း” ဆိုတာနဲ့တင် လုံလောက်ခဲ့ပါတယ်။

ရယ်(ပြုံး)တာနဲ့ပတ်သက်ရင်

နားလည်မှုလွဲတာနဲ့ ကြုံတဲ့အခါ ခပ်ဟဟရယ်နိုင်တာက ရည်မွန်ခြင်းတစ်မျိုးဖြစ်တယ်။
မှားယွင်းမှုနဲ့ကြုံတဲ့အခါ ခပ်ပွင့်ပွင့်ရယ်နိုင်တာက
သဘောထားကြီးခြင်းတစ်မျိုးဖြစ်တယ်။
အကျိုးမဲ့စေတာနဲ့ကြုံတဲ့အခါ ခပ်ပျော်ပျော်ရယ်နိုင်တာက
ရက်ရောခြင်းတစ်မျိုးဖြစ်တယ်။
ရှေ့မတိုးနောက်မဆုတ်သာတဲ့ကိစ္စနဲ့ ကြုံတဲ့အခါ ကိုယ့်ကိုယ်ကို
ပြက်ချော်ချော်ရယ်နိုင်တာက အသိဉာဏ်တစ်မျိုးဖြစ်တယ်။

အပျက်အဆီး၊ ဒုက္ခနဲ့ကြုံတဲ့အခါ စိတ်အနှောင့်အရှက်ကင်းကင်း ရယ်နိုင်တာက
သဘောထားကြီးခြင်း တစ်မျိုးဖြစ်တယ်။

မထေမဲ့မြင်ပြုခံရတဲ့အခါ တည်တည်ငြိမ်ငြိမ် ရယ်နိုင်တာက
ကိုယ့်ကိုယုံကြည်မှုတစ်မျိုးဖြစ်တယ်။
အသဲကွဲတဲ့အခါ သိမ်သိမ်မွေ့မွေ့ ရယ်နိုင်တာက
ချုပ်ချယ်မှုကင်းနည်းတစ်မျိုးဖြစ်တယ်။
ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်… ဘယ်လိုအကြောင်းမျိုးမှာဖြစ်ဖြစ်
နေ့တိုင်းပြုံးရယ်နိုင်ဖို့ လိုအပ်ပါတယ်။

ပျော်ရွှင်ခြင်းနဲ့ ပတ်သက်ရင်

ပျော်ရွှင်ခြင်းဆိုတာ လှပတဲ့ဖန်ဂေါ်လီနဲ့တူတယ်။ ကမာ္ဘ့နေရာအနှံ့မှာ
ပြန့်ကျဲနေတယ်။ အဲဒီဖန်ဂေါ်လီကို လူတချို့က များများကောက်တွေ့တယ်။ တချို့က
နည်းနည်းကောက်တွေ့တယ်။ တချို့ကလုံးဝကောက်မတွေ့ဘူး။ လက်ရှိအခြေအနေကို
တန်ဖိုးထားမြတ်နိုးပါ။ စိတ်နဲ့ခံစားမျှဝေတတ်ရင် ပျော်ရွှင်ခြင်းက
ကိုယ်နဲ့တစ်သက်လုံးရှိနေပါတယ်။

လူတွေက ကိုယ်ပိုင်ဆိုင်ချိန် တန်ဖိုးထားကောင်းမှန်းမသိဘဲ ဆုံးရှုံးသွားမှ
နှမြောသတဖြစ်တတ်ကြတယ်။ ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်း
ဆုံးရှုံးသွားရတော့မယ်လို့ သိချိန်ရောက်မှ လက်ကမလွတ်စတမ်း
ဆုပ်ကိုင်ထားချင်ကြတယ်။ အဲဒီလိုပဲ ဘဝမှာ တဇွတ်ထိုးခေါင်းမာမှုတချို့က
သေဆုံးချိန်မှ လက်လွတ်ကြရတယ်။

A good book is the best of friends, the same today and forever