Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု) (အပိုင်း -၇) (အပိုင်း -၈)- ခင်မမမျိုး
အခန်း (၇)
အမေရိကန်ပြည်ထောင်စုတလွှားကို သွားရောက်ရင်း UFOs နဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေ ပြုလုပ်နေတဲ့ ဒေါက်တာ Jessup ဆီကို အလွှာပေါင်းစုံက လူတွေရဲ့ စာတွေ ရောက်ရှိခဲ့ပါတယ်။ တချို့လူတွေက သူ့လို သိပ္ပံပညာရှင်တွေ ဖြစ်ပြီး၊ ကျန်သူတွေကတော့ ဒီဘာသာရပ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူတွေ ဖြစ်ပါတယ်။ တချို့လူတွေကတော့ နံရံလေးဘက် ကာရံထားတဲ့ အကျဉ်းစခန်းတွေဆီက ရေးသားထားပုံပေါ်ပါတယ်။
ဒီလိုနဲ့ တနေ့မှာတော့ အရောင်မျိုးစုံနဲ့ ရေးထားတဲ့ စာတစောင်ကို ဒေါက်တာ Jessup လက်ခံရရှိခဲ့ပါတယ်။ စာရေးသူဟာ ဘောပင်ကို ကိုင်ဖို့ တစုံတရာ အခက်အခဲ ရှိနေခဲ့ဟန် တူပါတယ်။
ဒီစာကြောင့် ဒေါက်တာ Jessup ဟာ (၁၉၄၃) ခုနှစ်တုန်းက အရှေ့ဘက်ကမ်းရိုးတန်းမှာ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပထမဦးဆုံး အာရုံစိုက်ခဲ့မိဟန် တူပါတယ်။
လက်နှိပ်စက်နဲ့ ပြန်ရိုက်ထားတဲ့ စာရဲ့ မိတ္တူကို အဖိုးရဲ့ ဖိုင်တွေထဲမှာ ကျွန်မဖတ်လိုက်ရပါတယ်။
လက်နှိပ်စက်နဲ့ စာကို ဖတ်ရတာ မင်ရောင်စုံနဲ့ ရေးထားတဲ့ စာကို ဖတ်ရတာလောက်တော့ အနှစ်သာရ ရှိလိမ့်မယ် မထင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Carlos Allende ရဲ့ စာကို ဖတ်ရရုံနဲ့တင် ဒေါက်တာ Jessup ဘယ်လို စဉ်းစားပြုမူနေခဲ့မယ်ဆိုတာကို ကျွန်မ မြင်ယောင်ကြည့်နေမိပါတယ်။ စာကို အထူးဂရုစိုက်ပြီး ကျွန်မ ဖတ်ခဲ့ပါတယ်။
ဇန်နဝါရီလ (၁၃) ရက်၊ (၁၉၅၆) ခုနှစ်။
ဒေါက်တာ Jessup ခင်ဗျား။
ဒေါက်တာရဲ့ စာအုပ်ကို ကျွန်တော်ဖတ်ပြီးပါပြီ။ ဒေါက်တာဟောပြောပွဲတွေ လုပ်နေတယ်လို့လဲ ကျွန်တော်ကြားသိရပါတယ်။ ဒေါက်တာက အမေရိကန်ပြည်ထောင်စုဟာ ကြယ်တာရာတွေဆီကို ရော့ကက်ခရီးတွေသွားပြီး ပိုက်ဆံတွေ ဖြုန်းနေမယ့်အစား အိုင်းစတိုင်းရဲ့ Unified Field Theory ကို လေ့လာပြီး၊ anti-gravity စက်ကိရိယာတွေကို တီထွင်သင့်တယ်လို့ ဆိုခဲ့ကြောင်း ပြန်ပြီးကြားရပါတယ်။ အင်မတန်လေးလံတဲ့ အရာဝတ္ထုတွေကို လေထဲကို မတင်နိုင်တဲ့ အားတွေ ရှိတယ်ဆိုတာနဲ့ Incas တွေဟာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ဒီလိုအားတွေကို အသုံးပြုခဲ့တယ်လို့ ဒေါက်တာယုံကြည်ထားကြောင်းကိုလဲ သိရပါတယ်။
ကျွန်တော်ပြောပါမယ် ဒေါက်တာ။
ဒေါက်တာရဲ့ တွေးခေါ်ယူဆချက်တွေအားလုံးမှန်ပါတယ်။ ဒါတွေကို ကျွန်တော့် မျက်လုံးတွေနဲ့ သေချာတွေ့မြင်ခဲ့ဖူးပါတယ်။
ကျွန်တော်တို့ သိထားခဲ့တာက အိုင်းစတိုင်းဟာ သူ့ရဲ့ သီအိုရီကို ပြီးအောင် မဖော်ထုတ်နိုင်ခဲ့ဖူး ဆိုပြီးတော့ပါ။ ဒါက မမှန်ပါဘူး။ သူပြီးအောင် ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတွေ့ရှိလိုက်ရတာတွေက လူသားတွေအတွက် အင်မတန် ထိတ်လန့်ဖို့ ကောင်းတဲ့ အကြောင်းအရာတွေပါ။ ဒါကြောင့် သူက ဒီသီအိုရီနဲ့ ပတ်သက်ပြီး ဘာစာမှ ဆက်မရေးခဲ့တာပါ။ ရေတပ်ကလဲ ဒီသီအိုရီကို လက်တွေ့အသုံးချလာကြမှာကို စိုးရိမ်ကြောက်လန့်နေပါတယ်။ ဘာကြောင့်လဲ။ အဖြေကတော့ သူတို့တွေ စမ်းသပ်ခဲ့ဖူးလို့ပါပဲ။ ထွက်ပေါ်လာတဲ့ ရလဒ်တွေက ဘေးအန္တရာယ် အလွန်ကြီးလွန်းလှတာကြောင့်ပါ။
အဲဒီရလဒ်က ဘာလဲဆိုတော့ စစ်သင်္ဘောကြီးတစင်းနဲ့ ရေတပ်သားတွေ ပျောက်ကွယ်သွားမှုပါပဲ။
ဒီစမ်းသပ်ချက်ကို (၁၉၄၃) ခုနှစ်၊ အောက်တိုဘာလမှာ ပြုလုပ်ခဲ့ပါတယ်။ မီတာတရာ ပတ်လည်ရှိတဲ့ force field နဲ့ စစ်သင်္ဘောကြီးကို ခြံရံထားခဲ့ပါတယ်။ force field ထဲရောက်နေသူတွေဟာ သင်္ဘောပေါ်က လူတွေကို မြင်ရပေမယ့် သင်္ဘောကြီးကိုတော့ မမြင်ရပါတယ်။ လူတွေဟာ ဘာမှမရှိတဲ့ လေဟာနယ်ထဲမှာ လမ်းလျှောက်နေကြပါတယ်။ force field ရဲ့ ပြင်ပ အနီးတဝိုက်က လူတွေကကျတော့ ရေထဲမှာ ပေါ်နေတဲ့ သင်္ဘောအရိပ်ကိုပဲ တွေ့မြင်ရပါတယ်။ အဝေးမှာ ရှိနေသူတွေကတော့ ဘာမှ မမြင်ရပါဘူး။ သင်္ဘောကို ကိုယ်ယောင်ပျောက်နေပါတယ်။
ဆိုးဝါးလှတဲ့ ဖြစ်ရပ်ကတော့ force field ထဲမှာ ရောက်နေတဲ့ ရေတပ်သားတဝက်ကျော်ဟာ စိတ်ဖောက်ပြန်ရူးသွပ်သွားပါတယ်။ တချို့ကတော့ ကောင်းသလိုလို ဖြစ်နေပေမယ့် သိပ်မကြာခင်မှာပဲ ထူးဆန်းတာတွေ ဖြစ်ပွားလာပါတော့တယ်။ သူတို့တွေ အေးခဲသွားကြပါတယ်။ ပြီးတော့ ပျောက်ကွယ်သွားကြပါတယ်။
ဒီလိုဖြစ်သွားခဲ့ရင် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူပျောက်သွားတဲ့နေရာကို မှတ်ထားပြီး၊ အရေပြားတခုခု (ဥပမာ- လက်၊ မျက်နှာ) စတာတွေကို မှန်းပြီးကိုင်ကြည့်ရပါတယ်။ ဒီတော့မှပဲ ဒီလူတွေက ကမ္ဘာမြေပေါ်ကို ပြန်ရောက်လာသလို ဖြစ်ပါတယ်။ အချိန်မှီ မရောက်ရင်တော့ မီးခိုးလုံးတွေလို ပေါက်ကွဲလွင့်စင်သွားပြီး ထာဝရ ပျောက်ကွယ်သွားပါတယ်။
(၁၃) နှစ်တာ ကာလဖြစ်တဲ့ ခုချိန်မှာတော့ ဒါတွေကို ကြုံခဲ့ရတဲ့ ရေတပ်သားအချို့ပဲ ကျန်ခဲ့ပါတယ်။ အများစုကတော့ ရူးသွပ်နေကြပါတယ်။ တယောက်က သူ့ရဲ့ မိန်းမ၊ ကလေးနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှေ့မှာပဲ နံရံတွေထဲကို ဖောက်ဝင်ပြီး လမ်းလျှောက်သွားတယ်လို့ ဆိုပါတယ်။ နောက်တော့ သူ့ကို မတွေ့ရတော့ပါဘူး။
တကယ်တော့ Philadelphia စမ်းသပ်ချက်ဟာ အောင်မြင်ခဲ့ပါတယ်။ လူတွေကိုပဲ ဆုံးရှုံးခဲ့ရတာပါ။
Philadelphia မှာထုတ်တဲ့ သတင်းစာထဲက ဒါနဲ့ ပတ်သက်တဲ့ သတင်းတွေကို ပြန်ပြီး ဆန်းစစ်ကြည့်စေလိုပါတယ်။ ဘားမှာ အရက်သောက်ရင်း ပျောက်ကွယ်သွားတဲ့ ရေတပ်သားတွေအကြောင်းကိုလဲ သတင်းထောက်တွေက မှတ်တမ်းတင်ထားခဲ့ကြပါတယ်။ ဘားဆိုင်က စားပွဲထိုး အလုပ်သမတွေဟာ သူတို့ မြင်တွေ့လိုက်ရတာနဲ့ ပတ်သက်ပြီး စကားစမဖော်နိုင်လောက်အောင်ကို ထိတ်လန့်ကြောက်ရွံ့သွား ခဲ့ကြပါတော့တယ်။
စောင့်ကြည့်လေ့လာရေးသင်္ဘောဖြစ်တဲ့ SS Andrew Furnseth သဘောင်္ပေါ်က ရေတပ်သားတွေနဲ့လဲ ပြန်လည်စုံစမ်းလေ့လာကြည့်ပါ။ chief mate က Mowsley ဆိုသူ ဖြစ်ပါတယ်။ ရေတပ်သားတယောက်အမည်ကတော့ Richard Price ဖြစ်ပါတယ်။
(လက်မှတ်ရေးထိုးထား)
Carl M Allen (Z416175)
PS:
(၁) ဒီစမ်းသပ်ချက်ပြီးဆုံးသွားချိန်မှာ ရေတပ်သားတွေ လုံးဝပျောက်ကွယ်သွားလိမ့်မယ်လို့ ရေတပ်က ကြိုတင် မသိခဲ့ပါဘူး။
(၂) force field ကို အသုံးပြုလိုက်ရင် လူတွေ သေဆုံးသွားနိုင်တယ်ဆိုတာကို ရေတပ်က ကြိုတင် မသိခဲ့ပါဘူး။
(၃) ဘာတွေ ဘယ်လိုဖြစ်ကုန်တယ်ဆိုတာ ယနေ့ချိန်ထိ ရေတပ်က မသိသေးပါဘူး။
(၄) ရေတပ်သားတွေဟာ နံရံတွေကိုတောင် ဖောက်ထွက်ကျော်ဖြတ်သွားပြီး၊ ပျောက်ကွယ်သွားနိုင်တယ်ဆိုတာကို ရေတပ်က မသိခဲ့ပါဘူး။
အကြောင်းအရာတခုကိုလဲ ကျွန်တော်ဖော်ပြရဦးမယ်။ Philadelphia dock ကနေ ပျောက်ကွယ်သွားတဲ့ စစ်သင်္ဘောကြီးဟာ စက္ကန့်အနည်းငယ်အတွင်းမှာ Norfolk dock မှာ ပြန်ပြီး ပေါ်လာခဲ့ပါတယ်။ ဒီလိုပေါ်ခဲ့တယ်ဆိုတာကို သေချာအတည်ပြုနိုင်ခဲ့ကြပါတယ်။ ပြီးတော့ ပျောက်ကွယ်သွားပြီး၊ Philadelphia dock မှာ ပြန်ပေါ်လာခဲ့ပြန်ပါတယ်။ ဒါကိုလဲ သတင်းစာတွေမှာ ပါခဲ့ပေမယ့် ဘယ်သတင်းစာတွေဆိုတာကိုတော့ ကျွန်တော် မမှတ်မိတော့ပါဘူး။
Carlos Allende ရဲ့ စာကို ဖတ်ရတာ အူကြောင်ကြောင်နိုင်လှပါတယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်လေလေ၊ ဒီထဲမှာ အမှန်တရားအချို့ ပေါင်းစပ်ပါဝင်နေမယ် ဆိုတာကို ခံစားမိလာလေလေ ဖြစ်လာပါတယ်။
စာရေးသူက Philadelphia စမ်းသပ်ချက်ဟာ anti-gravity နဲ့ ပတ်သက်တဲ့ စမ်းသပ်ချက်အကြောင်း ပြောခဲ့ပါတယ်။ ဒါက အဖိုးပြောပြတဲ့ အကြောင်းအရာတွေနဲ့ တိုက်ဆိုင်နေပါတယ်။ ပြီးတော့ invisibility project အကြောင်းလဲ ဖြစ်နေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တွက်ချက်မှုတွေကို အဖိုးက တွက်ချက်ပေးခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့် သူပြောပြထားတဲ့ ရေတပ်သားတွေနဲ့ ပတ်သက်ပြီး ဖြစ်ပွားခဲ့တာတွေကတော့ ကျွန်မအတွက် အသစ်အဆန်းတွေ ဖြစ်နေပါတယ်။
ဒေါက်တာ Jessup ဆီကို ရောက်ရှိခဲ့တဲ့ ဒီစာကိုသာ ကျွန်မယုံကြည်မယ်ဆိုရင်တော့ ဖြစ်ပွားခဲ့တဲ့ ဘေးထွက်ဆိုးကျိုးတွေက အလွန်ပဲ ကြောက်ဖို့ကောင်းတယ်လို့ ဆိုရမလို ဖြစ်နေပါတယ်။ ဒါကလဲ စစ်ကြီးပြီးသွားတဲ့နောက်ပိုင်းမှာ Townsend Brown ရဲ့ တီထွင်မှုတွေက ရေတပ်က လိုက်လံတားဆီးခဲ့တဲ့ အကြောင်းအရာ ဖြစ်နိုင်ပါတယ်။
လူတွေ သေသွားခဲ့တယ်။ လူတွေ ရူးသွပ်သွားခဲ့တယ်။ လူတွေ နံရံတွေဖြတ်ပြီး လမ်းလျှောက်ခဲ့တယ်။ လူတွေ ပျောက်ဆုံးသွားတယ်။ အဆိုးဆုံးကတော့ လူတွေ ရေခဲတွေဖြစ်သွားတယ်။ ရေခဲဖြစ်သွားသူတွေက အမြင်အာရုံကနေ ပျောက်ကွယ်သွားပေမယ့် အဲဒီနေရာမှာတင် ရှိနေကြတယ်။ သူတို့တွေကို ပြန်မြင်ရဖို့က သူတို့ ရေခဲပြီးပျောက်နေတဲ့နေရာကိုသွားပြီး အရေပြားကို ထိတွေ့နိုင်ဖို့ ကြိုးစားရမယ်။ ဒီလိုမဟုတ်ရင် မီးခိုးတွေနဲ့ ပေါက်ကွဲလွင့်စင်သွားပြီး၊ ထာဝရ ပျောက်ဆုံးသွားတယ်။
နောက်ဆုံးမှာတော့ အဖိုးရဲ့ ညစာက အဆင်သင့်ဖြစ်နေပြီမို့ ဖိုင်ကို ကျွန်မ ပိတ်လိုက်ပါတယ်။ အဖိုးက စားပွဲမှာ ကျွန်မနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး၊ ခက်ရင်းကို ကောက်ကိုင်ပါတယ်။ ကျွန်မလဲ ဒီအတိုင်းလိုက်လုပ်မိပါတယ်။ ဒါပေမယ့် ဘာလို့လဲ မသိဘူး။ ကျွန်မ စားချင်သောက်ချင်စိတ် မရှိဘူးဖြစ်နေတယ်။
အဖိုးရဲ့ မျက်လုံးတွေက မျက်မှန်ရဲ့ အထက်ကိုကျော်ပြီး ကျွန်မဆီရောက်လာပါတယ်။
” အဖိုးဘာကို ဆိုလိုလဲဆိုတာ သိပြီမဟုတ်လား အဲလစ်။ Philadelphia စမ်းသပ်ချက်ကို စုံစမ်းရုံနဲ့တောင် အန္တရာယ် ရှိနိုင်တယ် ဆိုတာကိုလေ”
ကျွန်မ ခေါင်းညိတ်လိုက်မိပါတယ်။ ကျွန်မရဲ့ နံဖူးပေါ်မှာ အချိန်အတန်ကြာအထိ လက်ဝါးတွေကို ကပ်ထားလိုက်မိပါတယ်။ အဖြစ်အပျက်တွေကို ပြန်စဉ်းစားလိုက်မိတယ်။ အဖိုးကို ပြန်ကြည့်မိချိန်မှာတော့ ကျွန်မရဲ့ မျက်နှာက လေးလေးနက်နက် ဖြစ်နေပါလိမ့်မယ်။
” ဒါပေမယ့် ကျွန်မ ဆက်ပြီး ကြိုးစားချင်သေးတယ်။ ဒီနေရာမှာတင် ကျွန်မ ရပ်မထားလိုက်ချင်ဘူး။ အဖိုးလဲ ဒါတွေအကြောင်းကို သိချင်နေတယ်ဆိုတာ သေချာပါတယ်။ အဖိုးရဲ့ တွက်ချက်ပေးလိုက်မှုတွေဟာ နောက်ဆုံးမှာ ဘာတွေဖြစ်သွားခဲ့တယ်ဆိုတာ အဖိုးကိုယ်တိုင်တောင် မသိလိုက်ရတာပဲ”
အဖိုးက ခဏငြိမ်ပြီး တွေးတောနေဟန်တူပါတယ်။ ပြီးတော့မှ
” မင်းဆက်လုပ်မယ်ဆိုရင် specialist information တွေ အတိုင်းအတာတခုအထိ လိုအပ်တယ်လေ။ ဒါတွေကို ဘယ်လို ရအောင် လုပ်မလဲ”
အဖိုးစကားဆုံးတော့ ကျွန်မလဲ အတွေးကမ္ဘာထဲ နစ်မျောသွားပြန်ပါတယ်။
” ကျွန်မရဲ့ ကွန်ပျူတာတွေကို ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတွေနဲ့ ချိတ်ဆက်တဲ့ နည်းလမ်းရှိတယ်။ ဒါကို ကွန်ယက်ချိတ်ဆက်မှု (Network) လို့ ခေါ်တယ်။ တယ်လီဖုန်းလိုင်းတွေကနေ တဆင့် အလုပ်လုပ်တာ”
ကျွန်မပြောနေတာကို ရပ်တန့်လိုက်ပါတယ်။ ပြီးတော့မှ အသံကို နှိမ့်ပြီး
” ကျွန်မကြားတာကတော့ အစိုးရဖိုင်တွေကိုတော့ အဲဒီကနေတဆင့် ဖြတ်ပြီးဖောက်ယူလို့ ရတယ်တဲ့”
အဖိုးက သက်ပြင်းချလိုက်ပါတယ်။
” ဒါပေမယ့် ဘယ်လိုလုပ်ရမယ်ဆိုတာ မင်းမသိဘူး မဟုတ်လား။ ပြီးတော့ ဒါက ကောင်းတဲ့ အိုင်ဒီယာလို့တော့ အဖိုး မထင်ဘူး။ ဘယ်လို အဆုံးသတ်သွားနိုင်တယ်ဆိုတာ မင်းမသိပါဘူး”
အဖိုးရဲ့ စိတ်တွေက သိချင်စိတ်နဲ့ hornet’s nest ကို မွှေသလို ဖြစ်သွားမှာ စိုးရိမ်စိတ်တို့အကြားမှာ ရောက်နေတယ်လို့ ကျွန်မ ခံစားလိုက်ရပါတယ်။
“ကျွန်မလေ့လာမှာပေါ့။ ကျွန်မတို့ လုပ်နိုင်ပါတယ် အဖိုးရဲ့။ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ကျွန်မတို့ ရှာဖွေကြမယ်လေ”
“မဟုတ်ရင်လဲထောင်နံရံတွေထဲမှာ အဆုံးသွားမယ်”
အဖိုးက ဆက်ပြောပါတယ်။
” မဟုတ်ရင်လဲ အစိုးရအေးဂျင့်တွေက တနေ့နေ့မှာ ရောက်လာလိမ့်မယ်”
” ဘာဂရုစိုက်စရာလဲ။ ဒီ risk ကို ကျွန်မယူမယ်လေ”
အဖိုးက ပန်းကန်ထဲက အစားအစာတွေကို ရွှေ့တွန်းနေပါတယ်။
“သူတို့တွေက နေ့ဘက်မှာ လာကြတာမဟုတ်ဘူး။ နံနက်လေးနာရီလောက်မှာမှ လာတတ်ကြတာ။ ဒီအချိန်က လူတယောက်အတွက် အားအနည်းဆုံးဖြစ်နေချိန်လေ”
ဒီအချိန်မှာတော့ အဖိုးက ဒီစုံစမ်းလေ့လာမှုတွေထဲမှာ မပါချင်တော့ဘူးဆိုတာကို ကျွန်မ ရိပ်မိသွားပါတယ်။ ကျွန်မကတော့ အဖိုးကို အတွင်းကျကျ ပါစေချင်ပါတယ်။ ဒါပေမယ့် သူက ဘာဒုက္ခမှ မရောက်ချင်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောနေပါတယ်။ ဒါကို ကျွန်မလေးစားရပါတယ်။
ဒါပေမယ့် ကျွန်မစဉ်းစားတာကတော့ အဖိုးနဲ့ မတူပါဘူး။ လူငယ်တယောက်ရဲ့ arrogance ဖြစ်မှုလဲ ဖြစ်ပါလိမ့်မယ်။ ကျွန်မဆုံးဖြတ်ပြီးရင် ဘာအရာကမှ ကျွန်မကို တားဆီးနိုင်စွမ်း မရှိပါဘူး။ ပြီးတော့ ကျွန်မက အသက် ဆယ့်ခြောက်နှစ်ရှိပြီလေ။ ဘဝမှာ ကျွန်မ ဘာကို လိုချင်လဲဆိုတာ ကျွန်မ သိတာပေါ့။ Brown, Jessup, Ladenburg, Einstein တို့ လိုချင်ခဲ့တဲ့အရာတွေနဲ့ အတူတူပါပဲ။ အဲဒါက ဘာလဲဆိုတော့
Knowledge
(ဆက်လက်ဖော်ပြပါမည်)
ရေးသားသူ- Terry Deary
စာအုပ်အမည်- The Philadelphia Experiment
စာအုပ်ထုတ်ဝေသည့်နှစ်- (၁၉၉၆) ခုနှစ်
စာအုပ်အမျိုးအစား- လူငယ်စာပေ
ဘာသာပြန်သူ – ခင်မမမျိုး (၀၈၊ ဝ၄၊ ၂၀၁၂)
=
Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု) (အပိုင်း – ၈)
အခန်း (၈)
နောက်ပိုင်းမှာတော့ Philadelphia စမ်းသပ်ချက်ရဲ့ အမှန်တရားတွေကို ရှာဖွေဖော်ထုတ်ဖို့ ကျွန်မရဲ့ အာရုံတွေကို နှစ်မြှုပ်ထားလိုက်ပါတယ်။ ဒါကို နည်းလမ်းစုံနဲ့ သုတေသနပြုလေ့လာဖို့အတွက် နှစ်အနည်းငယ်ကြာ အချိန်ပေးခဲ့ရပါတယ်။
ကနဦးအစတုန်းကတော့ အထက်တန်းကျောင်းက ပရောဂျက်သင်ခန်းစာအနေနဲ့ စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အိုင်းစတိုင်းရဲ့ Unified Field Theory ဟာ ဖြစ်နိုင်ချေရှိတယ်ဆိုတာ သက်သေပြဖို့ ကျွန်မ ဆက်ကြိုးစားခဲ့ပါတယ်။
အသက် (၁၆) နှစ်မှာပဲ ကောလိပ်တခုကို ကျွန်မ တက်ခွင့်ရခဲ့ပါတယ်။ အဲဒီကောလိပ်မှာ ကျွန်မက အသက် အငယ်ဆုံးပါပဲ။ အထက်တန်းမပြီးသေးပဲ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ကျွန်မသွားဖြေခဲ့တာကြောင့်ပါ။ တခြားအထက်တန်းပြီးသူတွေက ဝင်ခွင့်စာမေးပွဲမှာ ခြောက်ဆယ်ရာခိုင်နှုန်းရဖို့ အသည်းအသန် ကြိုးစားနေကြရချိန်မှာ ကျွန်မကတော့ ၁၀ဝ ရာခိုင်နှုန်းနဲ့ အောင်မြင်ခဲ့ပါတယ်။
ဒါပေမယ့် ကောလိပ်မှာ သင်တဲ့ သင်ခန်းစာတွေကလဲ ကျွန်မသိပြီးသားတွေချည်း ဖြစ်နေပြန်ပါတယ်။ ကောလိပ်ကျောင်းမှာ ကျွန်မကို သင်စရာ သင်ရိုးဘာမှ မကျန်တော့ပါဘူး။ ဒါကြောင့် ကျွန်မရဲ့ သုတေသနကို အာရုံစိုက်ဖို့အတွက် ကောလိပ်ကျောင်းကိုလဲ ကျွန်မ ဆက်မတက်တော့ပါဘူး။
သချင်္ာပညာရပ်ဆိုင်ရာ တွက်ချက်မှုတွေနဲ့ ပတ်သက်ရင်တော့ အဖိုးက အကူအညီပေးပါတယ်။ ဒါပေမယ့် တခြား လုပ်ငန်းဆောင်တာတွေမှာတော့ သူပါဝင်ပတ်သက်ခြင်း မရှိပါဘူး။ ရေတပ်ရဲ့ သုတေသနဖိုင်တွေကို hacking လုပ်ပြီး ကျွန်မ ဝင်မွှေကြည့်ပါတယ်။
anti-gravity နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် ယနေ့ချိန်ထိ သတ်မှတ်ထားဆဲဆိုတာ ထင်ရှားပါတယ်။ သတင်းအချက်အလက်တွေကို ‘Classified’ codes တွေနဲ့ ထိန်းသိမ်းထားပါတယ်။
ဒါပေမယ့် ဒီကုတ်တွေက ကျွန်မအတွက်တော့ ကစားစရာဖြစ်နေပါတယ်။ hacking နဲ့ ပတ်သက်ပြီး ကျွမ်းကျင်လာလေလေ၊ ကျွန်မ မဖောက်နိုင်တဲ့ ကုတ်ဆိုတာက ရှားလာလေလေပါပဲ။
ဒီလိုနဲ့ တနေ့မှာတော့ ရေတပ်ရဲ့ နောက်ဆုံးပေါ် သုတေသနတွေကို ကျွန်မ hack လုပ်ကြည့်ပါတယ်။
သိပ်ပြီး အံ့ဩဖွယ်ကောင်းတာက တစုံတယောက်ဟာလဲ ကျွန်မလုပ်တဲ့ သုတေသနနဲ့ အလားသဏ္ဍာန်တူ သုတေသနကို လုပ်နေတယ် ဆိုတာပါပဲ။ တစုံတယောက်ဟာ Philadelphia Experiment ကို လေ့လာနေပါတယ်။
ဒီလေ့လာမှုအတွက် နောက်ကွယ်မှာ သန်းနဲ့ချီတဲ့ အစိုးရအသုံးစရိတ်တွေက ပံ့ပိုးပေးထားပါတယ်။ ဒီလို စမ်းသပ်ချက်မျိုးနောက်တခု ထပ်မံလုပ်ဖို့အတွက် ဘတ်ဂျက်တွေကလဲ အဆင်သင့်ရှိနေပါတယ်။
ကျွန်မရဲ့ စိတ်ထဲမှာ သုတေသန ပြိုင်ဘက်တယောက် ပေါ်လာသလို ခံစားရတာကြောင့် ဖိုင်တွေကို ကျွန်မ လောဘတကြီးနဲ့ လိုက်ဖတ်မိပါတယ်။ အဲဒီမှာတင် ကျွန်မတွေ့လိုက်ရတာက လေ့လာမှု တချို့မှာ အမှားတွေ ရှိနေတယ် ဆိုတာပါပဲ။
ကျွန်မရဲ့ သချင်္ာဦးနှောက်က ဘာတွေမှားနေတယ်၊ ဒီလိုတွက်ချက်မှုတွေကနေ ဘယ်လို dead-end street ကို ရောက်သွားနိုင်တယ်ဆိုတာတွေကို သိနေပါတယ်။ ဒီလောက် ပံ့ပိုးမှုတွေ၊ အရင်းအမြစ်တွေ အများကြီး သုံးပြီးမှ အမှားတွေနဲ့ အဆုံးသတ်မှာကို ကြိုသိနေရတာက ကျွန်မအတွက် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။
ဒါကြောင့် သူတို့ရဲ့ ဖိုင်တွေကို ကျွန်မ hack လုပ်ပြီး ဝင်သွားလိုက်ပါတယ်။ ဘာတွေ မှားနေလဲဆိုတာ ဝင်ပြောလိုက်ပါတယ်။ ကျွန်မက စိတ်ခံစားမှုနဲ့ အလောတကြီး လုပ်လိုက်မိတာဖြစ်ပါတယ်။ တကယ်တမ်း ကျတော့ ကျွန်မ ဒီလို risk မျိုးကို မယူသင့်ပါဘူး။ ပြီးတော့ Philadelphia စမ်းသပ်ချက်နဲ့ ပတ်သက်တဲ့ ပြဿနာတွေရဲ့ အဖြေကို ဖြေရှင်းနိုင်သူက ကျွန်မကိုယ်တိုင်ပဲ ဖြစ်ချင်တာပါ။
ဒါပေမယ့် နောက်ကျသွားပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ရေတပ်ရဲ့ သုတေသန ကွန်ယက်ထဲမှာ တစုံတယောက် ဝင်ရောက်နေပြီဆိုတာ သူတို့ကို alert လုပ်လိုက်သလို ဖြစ်သွားပါတယ်။ အနှေးနဲ့ အမြန် ဆိုသလိုပဲ တစုံတရာက ဖြစ်ပွားလာတော့မယ်ဆိုတာ ကျွန်မကြိုသိနေခဲ့ပါပြီ။
အဖိုးရဲ့ အဆိုးဝါးဆုံး အိပ်မက်တွေ မှန်ကန်လာပါတော့တယ်။
သူတို့တွေ ကျွန်မဆီ ရောက်လာခဲ့ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ရေးသားသူ- Terry Deary
စာအုပ်အမည်- The Philadelphia Experiment
စာအုပ်ထုတ်ဝေသည့်နှစ်- (၁၉၉၆) ခုနှစ်
စာအုပ်အမျိုးအစား- လူငယ်စာပေ
ဘာသာပြန်သူ – ခင်မမမျိုး (၀၉၊ ဝ၄၊ ၂၀၁၂)
6 comments
Khin Latt
April 9, 2012 at 4:00 am
အသက် ဆယ့်ခြောက်နှစ် နဲ့ တစ်ခြား ကွန်ပျူတာ တွေ ကို hack လုပ်နိုင်တဲ့ အရည်အချင်း ရှိတဲ့ မိန်းကလေး ဟာ တကဲ့ကို genius ပါဘဲ။
သတ္တိကလဲ ရဲရဲ တောက်ဘဲ ဆိုတော့ကာ ဇာတ်ရှိန်ကတော့ မြင့်လာပြီ။
အပိုင်း ၈ ကို မြန်မြန်လေးဗျို့။ 🙂
ကိုရင်မောင်
April 9, 2012 at 5:39 am
သဂျီးရေအမှတ်စဉ်(၇)လဲအားပေးပြီးသွားပြီဗျို့
အမှတ်စဉ်(၈)ကိုစောင့်မျှော်နေပါတယ်…..
ဖားသက်ပြင်း
April 9, 2012 at 6:34 am
သူများသားသမီးများ ၁၆နှစ်နဲ့ ဂလောက် တတ်နေဘီ….
တော်ထှာ…
မောင်ဂီ့များ ..၂၆နှစ် ဖြစ်နေတာတောင် ထားရာနေစေရာသွား …
လေပါတယ်အေ….
😀
mg mg
April 9, 2012 at 8:53 am
သူကြီး ဒီဇာတ်လမ်း ဓာတ်ရှင်ရိုက်ထားတာမရှိဘူးလားဗျ၊
ရှိလျင် အတော်ကြည့်လို့ကောင်းမယ်။
ကိုရင်မောင်
April 10, 2012 at 3:27 am
သဂျီးရေ..အပိုင်း(၈)လဲအားပေးသွားပါပြီ
များများတင်သဂျီးရေ…ဖတ်ရတာအားမရဘူး…..
FattyCat
April 11, 2012 at 1:00 am
သဂျီးကတော့ စုံထောက်အောင်တိုက်ဇာတ်လမ်းကို တစ်ပိုင်းကျော်သွားပြီ အမီလိုက်မှ….