ပါလေရာနှင့် ဂမ္ဘီရ လောက (၃)
ဒီအပိုင်းမှာတော့ ကျုပ်ကြုံဘူးတဲ့ “မထူးဆန်းသောထူးဆန်းမှု့တွေ” ထဲက တခုနှစ်ခုလောက် ပြောပြမှာပါ။
လူတွေဟာများသောအားဖြင့်-
ထူးဆန်းတာတခုကိုကြုံတွေ့ရရင် အံ့ဩသွားတတ်တယ်။
ထူးဆန်းတာ လေးငါးခုလောက်ကြုံတွေ့ရရင်တော့ စိတ်ဝင်စားသွားတတ်တယ်။
ထူးဆန်းတာ ဆယ့်လေးငါးခုမက ကြုံတွေ့ရရင်တော့ တခါတည်း “ပါ” သွားတတ်ကြပါတယ်။
ကျုပ်အဖို့ “ပါ” မသွားဖြစ်တာက ရတနာသုံးပါးနဲ့ ဆရာသမားများကျေးဇူးကြောင့်ပါပဲ…။
ကျုပ်အတွေ့အကြုံတွေထဲက တခုကတော့
အချိန်မတိုင်မီပြန်ရောက်တာပါ။
တစ်ခါက လူကြီးတယောက်ဟာ အဲဒီခေတ်အနေနဲ့ အနဲဆုံး ရှစ်နာရီကြာမယ့် (တကယ်တော့ဒါ့ထက်အများကြီးပိုကြာနိုင်တဲ့) အသွားအပြန်ခရီးတခုကို လေးနာရီလောက်နဲ့ သွားပြီးပြန်လာပါတယ်။ ခရီးဆုံးကိုရောက်ခဲ့တယ်ဆိုတဲ့ အထောက်အထားနဲ့တကွပေါ့။ ဒီမှာပြောချင်တာက အဲဒီခရီးကို တမင်သွားပြတာမဟုတ်ပါဘူး။ သူသွားစရာရှိတာသွားပြီး ပြန်လာတာပါ။ ကျုပ်ကတော့ ဘေးကကြည့်ပြီး သတိပြုမိတာပါ။ အဲဒါမျိုး သုံးလေးကြိမ်မက ကြုံဘူးပါတယ်။ အဲဒီတုန်းကတော့ အံ့ဩစရာတခုအဖြစ် မေ့မေ့ ပျောက်ပျောက်ပါပဲ။ နောက်ပိုင်း အရွယ်ရလာလို့ ပြန်စဉ်းစားကြည့်တော့ ကောက်ချက်တမျိုးပဲ ထွက်ပါတယ်။ အဲဒီလူကြီး အဲဒီခရီးကို အဲဒီအချိန်နဲ့သွားနိုင်တာ ကိုယ်ပိုင်ရဟတ်ယာဉ်ရှိလို့ဖြစ်ချင်ဖြစ်- မဟုတ်ရင်တော့ ရဟတ်ယာဉ်ထက်ပိုကောင်းတဲ့နည်းရှိလို့ ဖြစ်ပါလိမ့်မယ်။
နောက်အတွေ့အကြုံတခုကတော့
ပူရမယ့်ဟာက အေးတာပါ။
ကျုပ်လူငယ်ဘဝမှာ အမရပူရ ဂန္ဓာရုံကျောင်းတိုက်ကို တစ်ခါတစ်ရံ ရောက်ပါတယ်။
အဲဒီမှာ ဆရာတော်ဘုရားကြီးရဲ့ရုပ်တုကို အုတ်ကျောင်းတိုက်တခုတည်ပြီး ပူဇော်ထားရှိပါတယ်။ နံရံမှာ ဆရာတော်ကြီး ရေးသားခဲ့တဲ့ ကျမ်းပေါင်း ၆ဝကျော်(ကျုပ်အထင်) အမည်တွေကို ကျောက်ပြားမှာ ရေးထိုးပြီး ကပ်ထားပါတယ်။ အဲဒီကျောင်းရဲ့ အပြင်ဘက်မှာ ကျောက်ပြားခင်းထားတဲ့ စင်္ကြန်နဲ့ ပတ်ထားပါတယ်။ တခါတော့ နွေနေ့လည် နှစ်နာရီလောက်မှာ မိတ်ဆွေတစုနဲ့ အဲဒီကျောင်း ရောက်ပြီး ဆရာတော်ကြီးရဲ့ ရုပ်တုကို ဖူးမျှော်ပါတယ်။ ပြန်အထွက်ကျတော့ စင်္ကြန်လမ်းက ကျောက်ပြားက အရမ်းပူနေပါတယ်။ တယောက်ထဲသွားတာဆိုရင်တော့ ခုန်ဆွခုန်ဆွလုပ်ပြီး ခြေဖျားထောက် ပြေးထွက်မှာဖြစ်ပေမယ့် မိတ်ဆွေတွေရှေ့မှာ အဲလိုလုပ်ရမှာလဲ ရှက်နေတယ်။ အဲဒီအချိန်မှာ တယောက်ယောက်က တခုခုလုပ်ပြီး လျှောက်ဘို့ကျုပ်ကိုပြောပါတယ်။ ဒါကြောင့် သူပြောသလိုလုပ်ပြီး အရမ်းပူနေတဲ့ ကျောက်ပြားတွေပေါ် ဖြေးဖြေးအေးအေး လျှောက်သွားလိုက်ပါတယ်။ နွေနေ့ခင်း နှစ်နာရီထိုးအထိ တောက်လျှောက်နေပူခံထားရတဲ့ ကျောက်ပြားဟာ နေရိပ်ထဲက ကျောက်ပြားပမာ အေးနေတာတွေ့ရပါတယ်။ (မီးနင်းကုလားတွေကို သတိရသွားပါတယ်။)
နောက်ကြုံတာတခုက မာရှယ်လောထုတ်ထားတဲ့ကာလပါ။
အဲဒီနှစ်က မန္တလေးဆောင်းဟာ တော်တော်အေးပါတယ်။
ညဖက်လမ်းထွက်ရင် အနွေးထည်အထူကြီးအောက်မှာ ခိုက်ခိုက်တုန်နေတာပါ။
ကျုပ်ဟာ အကြောင်းတခုခုကြောင့် မန္တလေးနဲ့ မိုင်တော်တော်ဝေးတဲ့ ပိုပြီးအေးတဲ့ ရွာတွေမြို့တွေမနီးတဲ့နေရာတခုမှာ ကားတစီးရဲ့ ချထားခဲ့ခြင်းကိုခံရပါတယ်။ ညက မှောင်လာပါပြီ။ လမိုက်ညပါ။ အရမ်းလဲ အေးစိမ့်နေပါပြီ။ ဒါ့ထက်ညနက်ရင် အေးလွန်းပြီး သေသွားနိုင်ပါတယ်။ အစကတော့ ဖြတ်သွားတဲ့ ကားတစီးစီးကိုတားပြီး လမ်းကြုံလိုက်မယ်စိတ်ကူးပေမယ့် ဘယ်ကားမှ မလာတော့ပါဘူး။ ဒီတော့မှ မာရှယ်လောကို သတိရသွားပါတယ်။ ဒီအချိန်ဘာကားတစီးမှ လာစရာ လမ်းမမြင်တော့ပါဘူး။ ဒါနဲ့ပဲ ကြံရာမရဖြစ်တာနဲ့ မြေကြီးကိုကိုင်ပြီး အဓိဌာန်တခုကိုပြုလိုက်ပါတယ်။ တစ်နာရီနီးပါးလောက်အကြာမှာ အရှိန်ပြင်းပြင်းမောင်းလာတဲ့ကားမီးတစုံကိုတွေ့တာနဲ့ လှမ်းတားပြီး မန္တလေးကို မာရှယ်လောမီရုံလေးရောက်သွားပါတယ်။ တိုက်ဆိုင်တာပဲဖြစ်ရင်ဖြစ်မှာပါ..။ ဒါပေမယ့် ကားမောင်းလာတဲ့ လူနှစ်ယောက် စကားပြောတာ နားထောင်ကြည့်ပါဦး။
“လမ်းကလဲ မှောင်လိုက်တာကွာ။ မာရှယ်လောကြီးတဖက်နဲ့ ညကြီးမင်းကြီးကို – မင်းအဘိုးကြီးက ဘာကိစ္စအရေးကြီးလို့ မန္တလေးသွားခိုင်းရတာလဲ။”
“ဘာကိစ္စမှမရှိပါဘူးကွာ။ မနက်မှ ပွဲရုံသွားပြီး စာရင်းပေးရမှာ။ မနက်မှသွားဘို့ဟာကို – ထမင်းစားပြီးကာမှ ကောက်ခါငင်ကာနဲ့ အခုချက်ချင်းသွားဆိုပြီး ဇွတ်ပြောနေတာနဲ့….။ တစ်ခါမှလဲ ဒီလိုအတင်းမခိုင်းဖူးပါဘူး….”
အဲလိုပဲ ထူးဆန်းတယ်ထင်တာလေးတွေ နဲနဲတော့ ကြုံဘူးပါတယ်။
ထူးဆန်းတာတွေများလာရင်တော့ မထူးဆန်းတော့သလိုဖြစ်သွားတာပေါ့…။
(သူများဖြန့်ကြည့်တော့ ဘာမှမဖြစ်ပဲ လူတယောက်ဖြန့်ကြည့်လိုက်မှ မီးထတောက်သွားတဲ့ စာရွက်တရွက်အကြောင်းရယ်..။ ညဖက်ဆို တောက်ခေါက်သံတိုးတိုးထွက်တဲ့ ဒါးတလက်အကြောင်းရယ်..။ တခါတလေ အမှတ်တမဲ့ကြည့်ရင်း နောက်ခံတွေပြောင်းသွားတတ်တဲ့ မှန်တချပ်အကြောင်းရယ်။ ရေစိမ်ပြီးသောက်တဲ့အခါ ချဉ်လိုက်/ချိုလိုက်/ခါးလိုက် နဲ့ တကြိမ်နဲ့တကြိမ်အရသာမတူတဲ့ ဓါတ်လုံးတခုအကြောင်းရယ်..။ ပြီးတော့ တက္ကသိုလ်ကျောင်းသားလေးတယောက်နဲ့ တော်တော်ခင်မင်သွားတဲ့ သထုံလမ်းက သရဲမ အကြောင်းရယ်….. တွေကို တော့ လျှောက်ပြောနေရင် ရူးသွားပြီထင်မှာလဲစိုးရသေး…။)
ပြီးပါပြီ..။ နောက်ထပ်လဲ ဒါမျိုးမရေးတော့ပါဘူး…။ ဒီတစ်ခါကိုတော့ ခွင့်လွှတ်ကြပါဗျာတို့ ……..
. . . . . . . . . . . . . . . . . . . . . . . . . .
အဲဒီအထိကတော့ မနေ့ည ၁၅.၄.၂၀၁၂ အထိ ရေးထား ဆုံးဖြတ်ထားတာပါ။
ဒီလိုဟာမျိုးတွေကို ကိုယ်တွေ့ မဟုတ်ပဲ သူများပြောကာမျှနဲ့ မရေးချင်ပါဘူး။ ဘာမျှလဲ အသုံးမကျပါဘူး။
ဒါပေမယ့် ဂန္ဓာရီဂိုဏ်းတွေ သူတို့လောကဆိုင်ရာတွေနဲ့ပတ်သက်ပြီး အလိမ်အညာ ဘိုးတော်တု မယ်တော်ယောင်တွေ၊ အာပလာဘုန်းကြီးတွေ၊ ဂါထာမန္တန်အတုအယောင်တွေ များစွာ များစွာ ရှိနေပါတယ်။ လွန်ခဲ့တဲ့ ၁၂နှစ်လောက်က မြောက်ဒဂုံမှာ ပင်စင်စားအဖိုးကြီးတယောက် တွေ့ဘူးပါတယ်။ သူက ဂမ္ဘီရမဂ္ဂဇင်းစာစောင်တွေမှာ ဂမ္ဘီရအကြောင်းတွေ အဆောင်လက်ဖွဲ့တွေ အင်းအိုင်မန္တယားဂါထာတွေအကြောင်း ရေးနေပြီး အထက်ဂိုဏ်းဆရာကြီးတယောက်ပမာ ပုံဖမ်းထားပါတယ်။ အပြင်မှာတော့ မိသားစုက ငြူငြူစူစူ ရှာကျွေးနေတာခံရတဲ့ အာပလာ ဝေလေလေကြီး တယောက်ဖြစ်နေပါတယ်။
ဆိုတော့ … အတုတွေကပဲ ၉၉ရာနှုံးလောက်ရှိနေမှတော့ အစစ် ၁% ကိုတွေ့လိုတွေ့ငြားလဲ မရှာထိုက်ဘူးလို့ ယုံကြည်ပါတယ်။ တကယ် အဆက်ပါသူ အကျိုးရှိမယ့်သူတွေအဖို့ သူတို့ကလိုက်ရှာစရာမလိုပဲ သူတို့ကိုပဲသက်ဆိုင်ရာက လိုက်ရှာလေ့ရှိတာ ကိုယ်တွေ့ပါ။
အခုတော့ ၂၁ ရာစုကို ရောက်ပါပြီ။
ကျုပ်တို့ရဲ့နောက်မျိုးဆက်တွေအဖို့ ရ စရာ၃မျိုးကိုပဲ အာရုံစိုက်ကြပါစို့..။
၁-ပိုက်ဆံရဘို့ (ကြီးပွားတိုးတက်ဘို့)
၂-ပညာရဘို့ (အသိပညာအတတ်ပညာ ဗဟုသုတတွေ များနိုင်သမျှများအောင်ဆည်းပူးဘို့)
၃-ဒီမိုကရေစီရဘို့
…တွေပါပဲ။
ကျုပ်အနေနဲ့ ကျုပ်သိထားကြားဘူးထားတဲ့ ဂန္ဓာရီ လောကဆိုင်ရာ ကိစ္စလေးနဲနဲကိုတော့ အကယ်၍မသိ မကြားဘူးသူများဖတ်ရရင် ဗဟုသုတဖြစ်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့
အပေါ်ကစကားကိုပြင်ပြီး
နောက်တပိုင်း (နောက်တပိုင်းထဲ)
ဆက်ရေးပါဦးမယ်….. လို့….။
(ဆက်ပါမည်)
6 comments
etone
April 16, 2012 at 11:47 am
ဦးဦးရေ … တစ်ခါ တစ်လေ ကျတော့လည်း ဘဝမှာ သဘာဝလွန်ဖြစ်ရပ်တွေ ကြုံတွေ့ရတဲ့အခါ ယုံကြည်ဖို့ထက် လက်ခံလိုက်ရဖို့ ၊ သူများကိုပြောထွက်ဖို့ …. ကို်ယ်တိုင်ကြုံဖူးတာတောင် ပြောသင့်မပြောသင့် ပြန်စဉ်းစားရပါတယ် ။ တစ်ချို့ဖြစ်ရပ်တွေက ဒီ၂၁ရာကစုထဲ လက်ခံဖို့ခက်ခဲတယ်လေ …. ။ ကျွန်မကိုယ်တိုင်လည်း တစ်ခါ ကြုံခဲ့ဖူးပါတယ် တစ်သက်မှာ တစ်ခါ ဆိုသလောက်ပါပဲ မှတ်မှတ်ရရ ရှိနေခဲ့တဲ့ အဖြစ်ပျက်ပါ ….. ။
တစ်ချို့ကလည်း ဒီလိုဖြစ်အောင် ကျင့်ကြတယ် ။ တစ်ချို့ကလည်း မကျင့်ရပဲ ပါရမီကြောင့် အလိုလို ကြုံရတတ်တယ် … ။
လောကမှာ ထူးဆန်ုးတာတွေ ကြုံရတတ်ပါတယ် ။ နောက်အပိုင်းတွေကိုလည်း စောင့်ဖတ်ပါမယ်နော် ။
ဦးဦးပါလေရာ
April 16, 2012 at 10:53 pm
တမျိုးတွေးရင်တော့
သဘာဝလွန်တွေကို လူများစု သိပ်လက်မခံကြတာလဲ တမျိုးကောင်းပါတယ် etone ရေ..။
အဲဒါတွေအပေါ် မှီပြီး လိမ်ညာစားသူတွေ လုပ်ကွက်ပျောက်သွားတာပေါ့…။
တကယ် ပတ်သက်ရမယ့်လူကတော့ အချိန်တန်ရင် သူ့ဆီရောက်လာတာပါပဲ။ သိပ် လိုက်မရှာရပါဘူး…။
ကြောင်ကြီး
April 17, 2012 at 9:21 am
ထောက်ခံဘာအိ
ဦးပါလေရာအား
ကိုယ်ဖိရင်ဖိ..
ရှေ့ကိုဆက်လက်
ရေးဘာဈေဂျောင်း
ဆုမွန်တောင်းလျက်..
မွန် တရုတ် ဗမာ
ချစ်ကြည်ရေး
ကမာ္ဘတည်သ၍
အဓွန့်ရှည်စေသော်..။
ဆူး
April 16, 2012 at 11:55 am
ပရိတ်သတ် လှုံ့ဆော်မှုကြောင့် နောက်တပိုင်းတည်းကနေပြီးတော့ နောက်တပိုင်း တပိုင်းနဲ့ စားပွဲပေါ်မှာ ထောင်ထားတဲ့ ပုလင်းမှန်သမျှ ကုန်အောင် နေနိုင်စေသော်။
ကြောင်လေး
April 18, 2012 at 10:38 pm
ဒီလိုထူးခြားတဲ့ကိစ္စတွေမှာတော့ အမှန်တကယ်တွေလည်းရှိပါတယ်၊ ဦးဦးပါရဲ့ဆရာတော်ပြောသလို အတုအယောင်တွေက ပိုများပါတယ်၊
အဲဒီအတုအယောင်တွေက အဲလိုထူးခြားမှုမျိုးတွေဖြစ်အောင်ဖန်တီးကြတာပေါ့၊
ဥပမာ၊ ဖီးကြမ်းငှက်ပျောသီးကို အခွံနွှာလိုက်ရင် အထဲမှာ သုံးပိုင်းပြတ်နေအောင်ဖန်တီးပြတာတွေ၊
အိမ်သားတစ်ယောက်ကိုယ်တိုင်ထခတ်ပေးတဲ့ဖန်ခွက်ထဲကရေနဲ့ လူကောင်းကို မျက်စင်းခတ်လိုက်ရင်ဘာမှ မဖြစ်ပဲ ပယောဂ ဝင်ပူးနေသူလို့ ဆိုသူကိုခတ်ရင် မျက်စေ့စပ်တာတွေက အတုအယောင်သမားတွေ လုပ်ယူထားတဲ့လိမ်ဆင်တွေပါ၊ ဒီအတုတွေများလို့လည်းအမှန်တွေ လူတောသိပ်တိုးလို့မရဖြစ်လာပြီး ပညာတွေ တိမ်မြုပ်ပျောက်ကွယ်လုနည်းပါးဖြစ်လာတာပါ၊
အဓိက သတိပေးလိုတာကတော့ ရမ်းပြီးတော့ မယုံဖို့ပါ၊ သဂျီးပြောသလို ၉၉.၉၉၉ % ကိုမယုံပါနဲ့တော့လို့။
ဆူး တစ်နေရာမှာပြောတဲ့ရွှေအစစ်ကိုပဲ အားကိုးကြပါတော့။ ဖန်စီကိုမလိုက်ကြပါနဲ့တော့၊ ဦးဦးပါပြောသလို ရစရာ ၃ မျိုးကိုပဲ အာရုံစိုက်ကြပါတော့လို့……..
pooch
October 28, 2014 at 10:04 am
အခုမှ ၄ ပိုင်းလုံး စုံအောင် ဖတ်မိတယ်
အခု အမျိုးထဲက အကိုတယောက်က အဲ့လိုဂိုဏ်းဝင်တယ် ပြောတယ် ရွှေကိုယ်တော်ကို သူက ကိုးကွယ်တယ် ပြောတယ် အဲ့ကိုယ်တော်က ခပ်ငယ်ငယ်ပဲ ရှိသေးတယ် ဦးပါကြားဖူးလား တုသလား စစ်သလား မသိဘူး
သူ့ကို စိတ်ကုန်လွန်းလို့ စကားကို မပြောရဲလောက်အောင်ပဲ
ပေါက်ကရတွေ ပြောလွန်းလို့ :((