Somebody loves you

zaylayJune 12, 20101min580

*”မင်းကို ချစ်တဲ့သူတစ်ယောက်ရှိနေတယ်”*

တခုသော မိုးသည်းညမှာ အသက် ၅ဝ ပတ်ဝန်းကျင်လောက်ရှိပြီဖြစ်တဲ့ မာခ့် ဆိုတဲ့
လူတစ်ယောက်ဟာ သူ့ဘဝသူ အဆုံးစီရင်ဖို့ ဆုံးဖြတ်လိုက်တယ် ။ သူ့မှာ
ဘာတွယ်တာစရာရှိလို့လဲ ။

အခုအချိန်ထိ တစ်ယောက်တည်းဖြစ်ခဲ့တဲ့ သူဟာ မိသားစုဘဝပျော်ရွှင်မှုဆိုတာလဲ
ဘယ်တုံးကမှ မပိုင်ဆိုင်ဖူးခဲ့။ သူ့မိဘတွေဆုံးသွားတာ ရနှစ်လောက်ရှိပြီ။
ညီမတစ်ယောက်ရှိပေမဲ့ အဆက်အသွယ်ပြတ် နေတာကြာလှပြီ ။ ရှိတဲ့ အလုပ်ကလေးတစ်ခုကလဲ
သန့်ရှင်းရေးအလုပ်သမားအဆင့် ။ ဘာမှမက်လောက်စရာမရှိ။ အဲ့ဒီတော့ သူ သေသေရှင်ရှင်
သူ့ကို ဂရုစိုက်မဲ့သူ တစ်ယောက်မှမရှိတာ သေချာတယ်။

အဲ့ဒီညမှာပဲ တခုသော အခန်းငယ်ကလေးမှာ ၆နှစ်သား ကလေးတစ်ယောက်က Star Wars Action
ဇာတ်ကောင်ရုပ်တွေနဲ့ အလုပ်ရှုပ်နေတယ် ။ သူ့ခမျာ အဲ့ဒါတွေဝယ်ဖို့ မုန့်ဖိုးရအောင်
မနက်ခင်း သူ့အဖေ လမ်းလျှောက်ထွက်တိုင်း သူပါလိုက်ရတယ်။ အခုဆို Darth Vader ကို
ဝယ်နိုင်ဖို့ သူ ၅ဝဆင့်ပဲ လိုတော့တယ် ။

အဲ့ဒီအချိန်မှာ အပြင်က တံခါးခေါက်သံကြားလို့ သူချောင်းကြည့်လိုက်တော့ အဝတ်အစား
ညစ်နွမ်းနွမ်းဖရိုဖရဲနဲ့ လူတစ်ယောက် မျက်ရည်တွေနဲ့အတူ တခါးးဝမှာ
သူ့အဖေနဲ့အမေကို တစုံတရာပြောနေသံ ကြားလိုက်တယ်။ သူ့အမေကလဲ
စိတ်မကောင်းတဲ့ပုံစံနဲ့ လူကြီးကို အိမ်ထဲခေါ်လိုက်တယ်။ နောက် သူတို့
ဘာတွေပြောနေမှန်း သူလဲ အကုန်နားမလည်ဘူး။ ဒါပေမဲ့ သူသိတာက မျက်နှာကို လက်ဝါးနဲ့
အုပ်ပြီး ရှိုက်ကြီးတငင် ငိုနေတဲ့ အဲ့ဒီ လူကြီးကိုကြည့်ပြီး သူအရမ်း
စိတ်ထိခိုက်သလိုဖြစ်လာတာပဲ ။

နောက်တော့ သူ့အခန်းထဲကို အပြေးအလွှားသွားပြီး သူ့ပိုက်ဆံဗူးလေးထဲက ဒင်္ဂါး ၅၀
ပြားလေးကို ယူပြီး အောက်ထပ်ပြန်ဆင်းလာခဲ့တယ်။ လူကြီးသုံးယောက် သူ့ကို
အံ့အားသင့်သလို စိုက်ကြည့်နေ ချိန်မှာ သူ့က အဲ့ဒီလူကြီးကို ဖက်ပြီး သူပေးတဲ့
ပိုက်ဆံကို လက်ခံဖို့၊ မငိုတော့ဖို့ ပြောလိုက်တယ် ။ ပြီးတော့ သူလဲ အခန်းထဲ
ကမန်းကတန်းပြန်လာခဲ့တယ် ။ သူ နည်းနည်းတော့ ရှက်သလို ခံစားနေရပေမဲ့
အရမ်းလဲပျော်နေခဲ့တယ် ။

အောက်ထပ်မှာတော့ မာခ့်က ဒင်္ဂါးပြားလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်၊
ငိုနေရင်းနဲ့ ကလေးမိဘတွေကို စကားဆက်ပြောနေတယ်။ အနှစ်၂ဝလောက်
အထီးကျန်ဆန်နေခဲ့တဲ့ သူ့ဘဝမှာ ပထမဆုံး အကြိမ်အဖြစ်
ဂရုတစိုက်ထွေးဖက်ခံရမှုတစ်ခုဟာ သူ့ကို ဘယ်လောက်စိတ်ကြည်နူးစေကြောင်း၊
ဒီခံစားမှုလေး ဘယ်အချိန်ထိရှိနေမှာလဲလို့ သူ သိချင်ကြောင်း၊ သူ့ကို
ဂရုစိုက်မဲ့သူ တစ်ယောက်မှမရှိဘူး လို့ သူထင်ထားခဲ့တဲ့ ဘဝဟာ ထင်သလောက်
မဆိုးခဲ့ကြောင်း ပြောရင်းပြန်သွားတယ်။

အဲ့ဒီညက အဖြစ်အပျက်ဟာ မာခ့်ရဲ့ဘဝကို အပြောင်းလဲကြီး ပြောင်းလဲသွားစေတယ် ။ ဘဝမှာ
ဘယ်လိုဆက်ပြီး အသက်ရှင်နေထိုင်သွားရမလဲဆိုတာကို သူ အလိုလိုသဘောပေါက်သွားခဲ့တယ်
။ မာခ့်ကို ထပ်မတွေ့ရတော့ပေမဲ့ မာခ့်က သူတို့မိသားစုဆီ စာတွေပို့ဆဲ ။
သူအဆင်ပြေကြောင်း၊ ကျန်းမာကြောင်း ရောက်ရာအရပ်ကနေ ယနေ့အချိန်ထိ အသိပေးဆဲပဲ ။

တကယ်တော့ ၆နှစ်သားအရွယ်ကလေးတစ်ယောက်အနေနဲ့ အဲ့ဒိနေ့က ဘာလို့
အဲ့လိုလုပ်ခဲ့တာလဲဆိုတာ ကျွန်တော်လဲ အတိအကျတော့ မပြောတတ်ဘူး ။
ကျွန်တော့်မျက်စိရှေ့မှာ မြင်နေရတဲ့ စိတ်ထိခိုက် ကြေကွဲဖွယ်ရာ
မြင်ကွင်းတစ်ခုကို စိတ်ထဲက တုံ့ပြန်ချင်တဲ့အတိုင်း တုံ့ပြန်လိုက်မိတာ ။ ဒါပေမဲ့
ပေးဆပ်မှုတစ်ခုအတွက် ရခဲ့တဲ့ အဲ့ဒီပီတိလေးကို ပြန်တွေးမိတိုင်း
ကျွန်တော်အခုအချိန်ထိ ကြည်နူးမိဆဲပဲ။

အဲ့ဒီနေ့က သူ့ကိုယ်သူ သတ်သေတော့မယ်လို့ ဆုံးဖြတ်ထားတဲ့ မာခ့်ဟာ
လမ်းလျှောက်ရင်းနဲ့ ကျွန်တော်တို့ အိမ်ရှေ့အရောက် သူမြင်လိုက်ရတဲ့ ကား bumper
မှာ ရေးထားတဲ့ စာတန်းလေးတစ်ခုအတွက် ဒီအိမ်ကလူတွေဟာ ဘယ်လို
စိတ်ဓါတ်ပိုင်ရှင်တွေပါလိမ့်လို့ (သူမသေခင်) သိချင်စိတ်ဖြစ်လာတယ် ။ အဲ့လိုနဲ့
သူ ကျွန်တော်တို့အိမ် ရောက်လာခဲ့တာပဲ ။

ဒင်္ဂါး၅ဝပြားလေးနဲ့ bumper ပေါ်ကစာတန်းလေးတစ်ခုဟာ လူနှစ်ယောက်ရဲ့ အမြင်တွေ၊
ခံယူချက်တွေနဲ့ ဘဝကို လုံးဝပြောင်းလဲပေးခဲ့တယ် ။ ကျွန်တော်တို့ရဲ့ကား bumper
ပေါ်မှာ ရေးထားတဲ့ စာတန်းလေးက *”မင်းကို ချစ်တဲ့သူတစ်ယောက်ရှိနေတယ် (Somebody
loves you)” တဲ့ …