ရယ်စေ

zaylayJune 12, 20101min740

*အကယ်ဒမီ ယတြာ
ရန်ကုန်သားတာတေ*

ဦးရုက္ခစိုး တယောက် အကယ်ဒမီပွဲ တက်ဖို့ နေပြည်တော် ရောက်နေသည်။ ယခုခရီးစဉ်သည်
သူ၏ ပထမဆုံး အကြိမ် နေပြည်တော် ခရီးစဉ်ဖြစ်သည်။ သူ့လက်ထဲမှာ ကင်မရာ၊ ကက်ဆက်၊
မှတ်စုစာအုပ်၊ ဘောပင်တို့နှင့် ရှုပ်နေရသည့်အထဲ ဖိုးရှုပ်က မိုးဟေကို လက်မှတ်
အရယူခဲ့ဖို့ဆိုပြီး အော်တိုတအုပ် အတင်းထည့် ပေးလိုက်သေးသည်။
ဆုပေးပွဲပြုလုပ်မည့် မြို့တော်ခန်းမ အဝင်အဝမှ အပေါက်စောင့်က
သူ့ကိုအသေအချာရှာသည်။

အပေါက်စောင့်။ ။ ခင်ဗျားက အချွန်အတက်တွေနဲ့ ဘာလဲဗျ။

ဦးရုက္ခစိုး။ ။ ကျုပ်က ချင်းမိုင်ရုက္ခစိုးလေ။ အကယ်ဒမီပေးပွဲ
သတင်းယူဖို့လာတာ။

အပေါက်စောင့်။ ။ ဒါဆိုဂျာနယ်လစ်လား။

ဦးရုက္ခစိုး။ ။ အဲလိုပြောလည်းရပါတယ်။ ကဲ ဝင်မယ်နော်။

အပေါက်စောင့်။ ။ မရဘူး .. ဂျာနယ်လစ်ဆိုရင် ကင်မရာထားခဲ့ပါ။

အပေါက်စောင့်စကားကြောင့် ဦးရုက္ခစိုး ကြောင်သွားသည်။ နိုင်ငံတကာ ပွဲတွေ
ရောက်ဖူးပေါင်း များပြီ။ ဂျာနယ်လစ် ကင်မရာ မကိုင်ရတာ ဒီတခါပဲကြားဖူးသေးသည်။

ဦးရုက္ခစိုး။ ။ ဂျာနယ်လစ် ကင်မရာမကိုင်ရတော့ ကင်မရာဘယ်သူတွေ ကိုင်ရလဲ။
အကယ်ဒမီဓာတ်ပုံ ဘယ်သူရိုက်မှာလဲ။

အပေါက်စောင့်။ ။ ကင်မရာက ကင်မရာမင်းကိုင်မှာပေါ့ဗျ။ ကဲ ကြာတယ်။ ခင်ဗျား
ကင်မရာ ထားခဲ့မလား။ ဒီပွဲကို မတက်ဘဲနေမလား။

ကင်မရာက ကင်မရာမင်းကိုင်မှာဆိုသည့်စကားကို အသစ်အဆန်းတခုအဖြစ် မှတ်ထားလိုက်သည်။
လှစ်ခနဲမြင်လိုက်ရသည့် အိန္ဒြာကျော်ဇင့်နောက်က အမြန်လိုက်ချင်သဖြင့် ရုက္ခစိုး
အပေါက်စောင့်ဆီမှာ ကင်မရာကို အေးဆေးစွာပဲ ထားခဲ့လိုက်သည်။

အထဲရောက်တော့ ဦးရုက္ခစိုးက မင်းသမီး စွာတေးလန်နှင့် ပြာလောင်ခတ်တို့ ကြားတွင်
ထိုုင်ရသည်။ မင်းသမီး နှစ်ယောက်ကြားတွင် ဆိုတော့ သူ နည်းနည်း အူမြူးသွား၏။
ပြီးတော့ စွာတေးလန်ဘက်ကို လှည့်ကာ ရန်ကုန် အခြေစိုက် အင်တာဗျူးသမလေးတွေ
စတိုင်အတိုင်း မေးလိုက်သည်။

ဦးရုက္ခစိုး။ ။ စွာစွာ ရင်ခုန်နေလားဟင်။

စွာတေးလန်။ ။ ခုန်တာပေါ့ဦးရယ်။ ဘယ်လိုခုန်မှန်းကို မသိဘူး
တဒိန်းဒိန်းနဲ့ကိုခုန်တာ။ စွာတို့ကားကလေ အဓိဌာန်ပွဲပေးထားတာဆိုတော့
သေချာပေါက်ရကို ရမှာ။ အဲဒါကြောင့်လေ ခုလို သေချာပေါက်ရမယ့်သူတွေ ဝတ်တဲ့
ဝတ်စုံမျိုး ဝတ်လာတာ။ ဟင်းဟင်း။

ထိုအချိန်တွင် အခမ်းအနား စတင်သဖြင့် ဦးရုက္ခစိုး ဆက်မမေးသာတော့။ ပြန်ကြားရေး
ဝန်ကြီး ဗိုလ်ချုပ် ဆော်ကြမ်း စင်မြင့်ပေါ်တက်ကာ စကားပြောတော့သည်။

ဝန်ကြီး။ ။ အနုပညာသည် ပြည်သူ့အတွက်၊ အနုပညာသည် အနုပညာအတွက်
အမျိုးမျိုး ပြောကြတယ်။ တကယ်က မဟုတ်ပါဘူး။ အနုပညာဟာ စစ်တပ်အတွက် ဖြစ်ပါတယ်။
ဒီတော့ အနုပညာသည်များ အနေနဲ့ လာမယ့် ၂၀၁ဝ ရွေးကောက်ပွဲမှာ စစ်တပ်က ခိုင်းတာ
လုပ်ပေးရပါမယ်။ မလုပ်တဲ့သူ အကယ်ဒမီမရဘူးမှတ်။

ဝန်ကြီး၏ လေက ရှည်လိုက်သည့် ဖြစ်ချင်း။ ပရိသတ်များ အားလုံး နားထောင်ချင်ယောင်
ဆောင်ပြီး အိပ်ပျော် ကုန်ကြသည်။ ရန်ကုန်ကနေ လာထားကြတာ ဆိုတော့ ခရီးကလည်း
ပမ်းလာသည် မဟုတ်လား။ ဦးရုက္ခစိုး တောင် အိပ်ငိုက်ချင်လာသည်။

ဝန်ကြီး။ ။ မြန်မာ့ရုပ်ရှင် ကမ္ဘာ့အဆင့်မီဖို့ ကိုရီးယားကားတွေ၊
တရုတ်ကားတွေကို ရုပ်မြင်သံကြားကနေ မှန်မှန်ပြပေးနေပါတယ်။ ခုဆို မင်းသမီးတွေလည်း
ကိုရီးယား မင်းသမီးတွေလို ဝတ်တတ်နေပြီ။ ဒါရိုက်တာ တွေ လည်း ကုလားကားကို
ခိုးချလိုက်၊ ကိုရီးယားကားကို ခိုးချလိုက် ရိုက်တတ်နေပါပြီ။ စတူဒီယိုတွေ၊
စက်တွေ လို အပ်ရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်ပါ။ နိုင်ငံတကာကိုမီရင်ပြီးရော
ကိုယ့်အိတ်ထဲက ပိုက်ဆံ ကိုယ့်ဘာသာ ကြိုက် သလို လွတ်လပ်စွာ သုံးနိုင်ပါတယ်။

နိုင်ငံတကာအကြောင်းပြောပြီဆိုလျှင် ဝန်ကြီးမိန့်ခွန်းပြီးတော့မှာဖြစ်ကြောင်း
အားလုံးသိသည်။ ဘာလို့လဲဆိုတော့ နှစ်တိုင်း ပြောနေကျမိန့်ခွန်းကို ကော်ပီကူးကာ
ပြန်ပြန်ပြောသောကြောင့် ဖြစ်သည်။ အိပ်ငိုက်နေသူများ ခေါင်း ထောင်လာပြီး
လုံးဝအိပ်ပျော်နေသူများကိုနှိုးကာ လက်ခုပ်တီးဖို့ အဆင်သင့်ပြင်ဆင်ကြသည်။

ဝန်ကြီး။ ။ ဒါကြောင့် မြန်မာ့ရုပ်ရှင် နိုင်ငံတကာ
ရင်ဘောင်တန်းဖို့အတွက် နိုင်ငံတော်က အကူအညီကို မစောင့်ဘဲ
ကိုယ့်ဘာသာကြိုးစားဖို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

လက်ခုပ်သံများ တခန်းလုံးပြည့်လျှံသွားသည်။ အားလုံးပြုံးရွှင်ကုန်သည်။ ဆု
စပေးသည်။ ဆုပေးတာကျတော့ ခဏလေး။ မိန့်ခွန်းလောက်တောင် မကြာ။ မင်းသမီးတွေ ဆု
တဆုမှ မရ။ ယောက်ျားတွေကိုချည်း ဆု ၆ ဆု ပေးပြီး ရပ်လိုက်တော့ တခန်းလုံး “ဟာ”
ခနဲဖြစ်သွားသည်။

ပြာလောင်ခတ်။ ။ ဟယ် မစွာရေ ဒီနှစ် ယတြာ ကလည်း ကြမ်းလိုက်တာနော်။ တို့
အဓိဌာန်တောင် မအောင်ဘူး။

စွာတေးလန်။ ။ မပေးနေပေါ့။ ဒီအရုပ်များ ကိုယ့်ဘာသာ လုပ်လို့ရသားပဲ ဟွန်း။

ထိုစဉ်အစီအစဉ်ကြေညာသူထံမှ အသံတသံထွက်လာသည်။

ကြေညာသူ။ ။ ဆုတဆု ကပ်ပြီးကျန်နေတာ မေ့သွားလို့ပါရှင့်။ ဒီဆုကိုတော့
ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဆော်ကြမ်းကိုယ်တိုင် ကြေညာပါလိမ့်မယ်။

လူတွေအားလုံးစိတ်ဝင်စားသွားသည်။ ကင်မရာမင်းများ ဘယ်ဆီကိုပြေးရမှန်းမသိ
ကြောင်နေသည်။ ထိုအချိန်တွင် ဝန်ကြီး၏အသံက ညောင်နာနာနှင့်ပေါ်ထွက်လာ၏။

ဝန်ကြီး။ ။ ဒီနှစ်ကို ဘယ်နှစ်နဲ့မှမတူအောင်လုပ်ဖို့
စဉ်းစားထားတဲ့အတိုင်းပဲ ဘယ်တုန်းကမှ မပေးခဲ့ဘူးတဲ့ ဆုတဆု
ချီးမြှင့်မှာဖြစ်ပါတယ်။ အဲဒါကတော့ ရုပ်ရှင်မှာ အရမ်းကိုအရေးကြီးတဲ့
ဖြတ်လျှောက်ထူးချွန်ဆု ဖြစ်ပါတယ်။ ဒီဆုကို ဆွတ်ခူးရရှိသွားသူကတော့ မစ္စတာ
ဂန်ဖလားပဲ ဖြစ်ပါတယ်ခင်ဗျား .. ဖြောင်း ဖြောင်း ဖြောင်း။

ဝန်ကြီးက သူ့ဟာသူကြေညာပြီး သူ့ဟာသူ လက်ခုပ်တီးလိုက်ခြင်းဖြစ်သည်။
ဘယ်သူမှလိုက်မတီးကြ။

စွာတေးလန်။ ။ ဟယ် ဒီလောက်မည်းသည်းနေတာ ကြီးကိုများ .. အကယ်ဒမီပေးတယ်တဲ့
အံ့ဩပါရဲ့ဟယ်။

ဦးရုက္ခစိုး။ ။ ဒါကတော့ စွာစွာရယ် .. သူက ဖြတ်လျှောက်အဆင့်မှာ
တဖက်ကမ်းခတ် တကယ့် ထူးချွန်သူပဲ ကိုး။ ပေးသင့်ပါတယ်။

ပြာလောင်ခတ်။ ။ အို .. ပြာတို့ကတော့ လုံးဝမကျေနပ်ဘူး။
အမျိုးသမီးရေးရာကို တိုင်မယ်။ ဒါ အမျိုးသမီး တွေကို သက်သက်နှိမ်တာ။
အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရတာ။ လေဒီဖတ်စ်မပြောနဲ့ ခုဟာက လေဒီ
စင်အောက်ဖြစ်နေပြီ ဘရုက္ခစိုးရဲ့ .. အမျိုးသမီးရေးရာတင်မကဘူး ကျိုက်ထီးရိုး
ဘိုးဘိုးကြီးကိုပါတိုင်မယ် ဟွန်း။

သူတို့ပြောသမျှ ကမန်းကတန်းအသံဖမ်းရင်း ဦးရုက္ခစိုး ပြန်ကြားရေးဝန်ကြီး
ဗိုလ်ချုပ် ဆော်ကြမ်းနားသို့ အတင်းပြေး ကပ်သွားလိုက်သည်။ အင်တာဗျူးလုပ်မှ
ဖြစ်မည်။

ဝန်ကြီး။ ။ ခင်ဗျားက ဘယ်သူလဲ။ ကိုယ်ရောင်ကိုယ်ဝါက တောက်ပလှချည်လား။ ဒီက
ဂျာနယ်လစ်တော့ မဖြစ်နိုင်ဘူး။

ဦးရုက္ခစိုး။ ။ ကျုပ်က ချင်းမိုင်ရုက္ခစိုးပါ။ ချင်းမိုင်အခြေစိုက်
ဒေဝါလီမဂ္ဂဇင်းက အယ်ချုပ် ကိုဂေါ်ကြီးက လွှတ်လိုက်လို့လေ။ သူတို့က
လာလို့မရဘူးဆိုတော့ ကျုပ်ပဲလာလိုက်တာ။

ဝန်ကြီး။ ။ သိပြီ။ အတော်ပဲ ကျုပ်ကလည်း ဒါမျိုးတွေ့ချင်နေတာ။

ဦးရုက္ခစိုး။ ။ မီဒီယာကို မီဒီယာနဲ့တိုက်မယ် ဆိုတာလားခင်ဗျ။

ဝန်ကြီး။ ။ အစကတော့ ဟုတ်တယ်။ ခုတော့ မီဒီယာကို မီဒီယာနဲ့
အတိုက်တော့ဘူး။ အသစ် .. မော်ဒန်နည်း သုံးမယ်။ မီဒီယာကို ယတြာနဲ့ တိုက်မလို့။
ခုဆို ဓာတ်ရိုက်ဓာတ်ဆင်တွေ အားလုံးလုပ်ပြီးပြီ။

ဦးရုက္ခစိုး။ ။ ဘယ်လိုလုပ်တာလဲ သိခွင့်လေးများရှိမလား ခင်ဗျ။

ဝန်ကြီး။ ။ ဟဲဟဲ ခင်ဗျားတို့ ပြည်ပမီဒီယာတွေထက် ကိုးဆ၊ ဆယ်ဆ
သာအောင်လို့ ဒီနှစ် “ကိုးဆယ်ဆ သာလိမ့်မယ်” ဇာတ်ကားကို ဆုတွေ
အများကြီးပေးလိုက်တယ်လေ။

ဦးရုက္ခစိုး။ ။ ဒါဆို ဘာလို့ ဒီနှစ် မင်းသမီးတွေကို အကယ်ဒမီ
မပေးတာလဲခင်ဗျာ။

ဝန်ကြီး။ ။ ဒါကတော့ မိန်းမဖြစ်နေလို့ မပေးတာဗျ။

ဦးရုက္ခစိုး။ ။ ရှင်းအောင် ပြောပြပေးပါလားခင်ဗျာ။

ဝန်ကြီး။ ။ ဒီလိုပါ။ တလွဲမထင်ပါနဲ့ မင်းသမီးတွေကို ဆု လုံးဝမပေးတာ
မဟုတ်ပါဘူး။ ပေးမှာပါ။ စင်မြင့်ပေါ်သာ ပေးမတက်တာ။ ဒါလည်း ဗိုလ်ချုပ်မှူးကြီးရဲ့
အစီအမံပါပဲ။ ယတြာပေါ့လေ။

ဦးရုက္ခစိုး။ ။ ဟင် ဒါဆို …။

ဝန်ကြီးက တုံးလိုက်လေဆိုသည့် စတိုင်နှင့် ဦးရုက္ခစိုးကို ကြည့်သည်။

ဝန်ကြီး။ ။ မင်းသမီးတွေကိုပေးချင်ရင် အခန်းထဲ ခေါ်ပေးမှာပေါ့ဗျ။
လုံလုံခြုံခြုံရှိတယ်လေ ငှဲငှဲ။

ဦးရုက္ခစိုး။ ။ မှတ်သားလောက်ပါပေ့ဗျာ။ ဒါဆို နောက်နှစ်တွေကော
ဘယ်လိုလုပ်မလဲ။

ဝန်ကြီး။ ။ နောက်နှစ်တွေလည်း တူတူပါပဲ။ ထူးချွန်တဲ့ မိန်းမမှန်ရင်
စင်ပေါ်တက်လို့ မရတော့ပါဘူး။

ဦးရုက္ခစိုး။ ။ ဖြစ်ပါ့မလားဗျ။ မင်းသမီးဆိုတာမျိုးက အကယ်ဒမီလိုချင်တယ်
ဆိုတာ စင်ပေါ်မှာ လှလှ လေးဝတ် ဓာတ်ပုံအရိုက်ခံချင်လို့လေ။ တော်ကြာ
စင်ပေါ်မတက်ရလို့ မင်းသမီးတွေ စိတ်ကောက်ပြီး ရုပ်ရှင် မရိုက်ကြတော့ရင်
ဘယ်လိုလုပ်မလဲဗျ။

ဝန်ကြီး။ ။ လွယ်ပါတယ်။ ယောက်ျားတွေချည်းပဲ ရိုက်လို့ရတဲ့
ကားမျိုးရိုက်ကြပေါ့။ အဲဒါမျိုး ကမ္ဘာမှာ ဘယ်သူမှမလုပ်သေးဘူး။ မြန်မာပြည်က
စလုပ်လိုက်ရင် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းရုံမကဘူး ကျော်ပါ တက်သွားဦးမှာ။

ဦးရုက္ခစိုး။ ။ ခင်ဗျားတို့ကို အမျိုးသမီးအခွင့်အရေးဆိုပြီး
အော်ရင်ကောဗျာ။

ဝန်ကြီး။ ။ ဟာဗျာ ဘယ်အော်ပါ့မလဲ။ တိုးတိုးတိတ်တိတ် အခန်းထဲ
ခေါ်ပေးမှာပါဆို။

ဦးရုက္ခစိုး။ ။ ဒါနဲ့ .. ဆု က ငါးဆုတောင်ကျန်သေးတာနော်။ မင်းသမီး ဆုနဲ့
အမျိုးသမီးဇာတ်ပို့ ပေးလိုက်ရင် ၃ ဆုကျန်သေးတယ်။

ဝန်ကြီး။ ။ ခင်ဗျား အတော်လေရှည်တဲ့ ငနဲပဲ။ ကျုပ်ရှည်သလား အောင့်မေ့တယ်။
ကျုပ်ထက်တောင် ရှည်သေးတယ်။ ကျန်တဲ့ ၃ ဆုက ကျုပ်တို့ဗိုလ်ချုပ်မှူးကြီးအတွက်ဗျ။
ပြီးခဲ့တဲ့အခေါက် ဂန်ဖလား လာတုန်းက ဗိုလ်ချုပ်မှူးကြီးရဲ့ ဇာတ်ညွန်းနဲ့
သရုပ်ဆောင်ကွက်ကလေး ဘယ်လောက်လှလဲ တွေ့တယ်မဟုတ်လား။ ကျော်ရဲအောင်တောင်
ထိုင်ငိုသွားမယ်။ အဲဒီအတွက် သူ့ကို ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆောင်ဆု ၃
ဆုပေးဖို့ချန်ထားတာဗျား။

ထိုစဉ် သူတို့အနားမှ မင်းသမီးမိုးဟေကို ဖြတ်လျှောက်လာကာ မျက်လုံးတချက်
စွေကြည့်၍ ပြုံးပြသွားသဖြင့် အင်တာဗျူးခြင်း အစီအစဉ် ဆံ့ငင် ဆံ့ငင်နှင့်
ပြီးဆုံးသွားရသည်။

မှတ်ချက်။ ။ အပေါက်စောင့်ထံတွင် ကင်မရာအပ်ထားခဲ့ရသဖြင့်
မှတ်တမ်းဓာတ်ပုံများ ဝေဝေဆာဆာ မဖော်ပြနိုင်ခြင်းကို ခွင့်လွှတ်စေချင်ပါသ