နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် မမှန်မကန် စွပ်စွဲ ပြောကြားချက်များနှင့် စပ်လျဉ်းပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်

guestktyJune 12, 20101min450

ယခုရက်ပိုင်းအတွင်း နိုင်ငံတကာ သတင်းမီဒီယာများတွင် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယား လက်နက် ပိုင်ဆိုင်ရန် ရည်ရွယ်ချက်ဖြင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်း၍ နျူကလီးယား အစီအစဉ်တစ်ရပ် ဖော်ဆောင်ရန် ကြိုးပမ်း လုပ်ဆောင်နေကြောင်း စွပ်စွဲချက်များကို ထုတ်လွှင့် ဖော်ပြခဲ့ကြပါသည်။ အမေရိကန်နှင့် မြန်မာဆက်ဆံရေး ပြန်လည် စတင်နေချိန်တွင် မြန်မာအစိုးရအား ဆန့်ကျင်သူများက သတင်းမီဒီယာများနှင့် ပူးပေါင်း၍ ရည်ရွယ်ချက် ရှိရှိဖြင့် မြန်မာနိုင်ငံအပေါ် နျူကလီးယားနှင့် ပတ်သက်သည့် စွပ်စွဲချက်များကို အချိန်ကိုက် လုပ်ကြံဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။ ထို့ပြင် မြန်မာ အစိုးရအနေဖြင့် ယခုနှစ်အတွင်း အထွေထွေ ရွေးကောက်ပွဲကျင်းပ၍ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်နေချိန်တွင် နိုင်ငံရေး လုပ်ငန်းစဉ်အပေါ် အဟန့်အတား ဖြစ်စေရန်နှင့် နိုင်ငံရေးအရ သိက္ခာကျစေရန် ထိုးနှက် လုပ်ဆောင်ခြင်းလည်း ဖြစ်ပါသည်။ ယင်းသို့သော စွပ်စွဲချက်များ ထွက်ပေါ် လာခြင်းကြောင့် မြန်မာနိုင်ငံသို့ ဇွန်လဆန်းပိုင်းတွင် လာရောက်ရန် စီစဉ်ထားခဲ့သော အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျက်ဝက်ဘ်သည် ၎င်း၏ ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ပါသည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်နှင့် အညီ ကုလသမဂ္ဂမှ ပြဋ္ဌာန်းချက်များ၊ ဆုံးဖြတ်ချက်များကို အစဉ်လေးစား လိုက်နာနေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ထို့အပြင် ဂျီနီဗာမြို့ရှိ လက်နက် ဖျက်သိမ်းရေး ကွန်ဖရင့်၏ မူလအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် တက်ကြွစွာ ပါဝင်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ နိုင်ငံတိုင်းသည် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် ငြိမ်းချမ်းစွာ အသုံးပြုနိုင်သည့် အခွင့်အရေး ရှိသည့်အချက်ကို မြန်မာနိုင်ငံမှ အစဉ်တစိုက် ထောက်ခံခဲ့ပါသည်။ နျူကလီးယား လက်နက် မပြန့်ပွားရေးကို ထောက်ခံသည့် တစ်ချိန်တည်းမှာပင် နျူကလီးယားလက်နက် မပြန့်ပွားရေး စာချုပ်အား နိုင်ငံအရေးအရ အသုံးမပြုရေးနှင့် ယင်းစာချုပ်အား အကောင်အထည်ဖော်ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် ခွဲခြားဆက်ဆံမှု မပြုရေးမူများကို ထောက်ခံသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ နျူကလီးယား လက်နက် ထုတ်လုပ်ရန် မြန်မာနိုင်ငံအနေဖြင့် အခြေခံ အဆောက်အအုံနှင့် နည်းပညာအရလည်းကောင်း၊ ငွေကြေး အရင်းအမြစ်အရ လည်းကောင်း လုံလောက်မှု မရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုသာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ အနေဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်သည့် အခြေအနေ မရှိဟု ကျွမ်းကျင်သူ အချို့က သုံးသပ်ကြပါသည်။ ယင်းအကြောင်းအရင်းများကြောင့် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယား လက်နက် ပိုင်ဆိုင်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်မှုများ ရှိကြောင်း စွပ်စွဲချက်များသည် မှန်ကန်မှု မရှိကြောင်းနှင့် နျူကလီးယား လက်နက် ပိုင်ဆိုင်ရေးအတွက် ကြိုးပမ်းမှုများ အလျှင်းမရှိကြောင်း ထပ်လောင်း ဖော်ပြအပ်ပါသည်။ မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးကိုသာ လိုက်ပြီး နျူကလီးယား လက်နက် ပိုင်ဆိုင်သည့် စစ်အင်အား နိုင်ငံ ဖြစ်လာရန် ရည်ရွယ်ချက် မရှိပါကြောင်း ၂၀၁ဝ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ ဟုတ်ပါ့မလား နအဖရာဖောတာများသွားပြီ . . . .။