“မွန်-ဗမာ ရွာကလေးရဲ့ ဘုန်းကြီးကျောင်းကွဲ ပုံပြင်”

yama nyaApril 19, 20121min1512

ကျွန်တော် ဒီလင့်   http://phophtaw.org/burmese/index.php/feature/1464-2012-04-19-04-51-51.html လေးမှာ ဖတ်ရတဲ့ ဆောင်းပါးတစ်ပုဒ်ကို

ရှုထောင့်တစ်ခုကနေကြည့်ပြီး သဘောကျလို ့ MG ပရိတ်သတ်တွေ အတွက် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ် ။

 

အိမ်ခြေ ၁၀ဝ တောင် မပြည့်တတ်တဲ့ ရွာကလေးက နှစ်ခြမ်းကွဲ နေလေပြီ။ ဘုန်းကြီးကျောင်းက နှစ်ကျောင်း ကွဲသွားပြီ။ ရွာရဲ့ အစည်ကားဆုံးချိန်လို့ ပြောရမယ့် ကထိန်ခင်းပွဲကျတော့လည်း ကျောင်းနှစ်ခု ကွဲသွားတော့ အရင်လို မစည်ကားတော့။

နှစ်စဉ် သဇင်ပန်း ပွင့်ချိန် ရွာလယ် ညောင်ပင်ကြီး အောက်မှာ ရွာနတ်ကို ပူဇော်ပသတဲ့ နတ်ပွဲ ကျတော့လည်း သီးသန့်စီ ခွဲလုပ်နေကြတယ်။ သာရေးနာရေး ကိစ္စတွေမှာလည်း သူ့အုပ်စုနဲ့ သူပဲ ဖိတ်ကြတော့တယ်။

မတည့်ကြတဲ့ အုပ်စုနှစ်စုက  လူတွေက တယောက်မျက်နှာ တယောက် မကြည့်ချင်ပေမယ့် ရွာက ကျဉ်းတော့ လမ်းသွားရင်းလည်း ဘယ်လိုမှ ရှောင်မလွတ်ဘူး။  မနာလိုမုန်းထားစိတ်တွေက နေရာတကာမှာ စိမ့်ဝင်နေသလား အောက်မေ့ရတယ်။

တခါတလေ တဖက်အုပ်စုက လူတယောက်က လမ်းသွားရင်း သူ့ဘာသာ တံတွေးထွေးသွားရင်တောင် နောက်တဖွဲ့က တမင်သက်သက် မထီမဲ့မြင်တဲ့ သဘောမျိုး လုပ်တယ်လို့  ထင်ပြီး တဖက်က “ထွီ” ဆိုရင် “ထွမ်း” လို့ ပြန်လုပ်တယ်။

အိမ်တအိမ်က သီချင်းသံ ကျယ်ကျယ်ဖွင့်ရင်တောင် တဖက်က တမျုးိထင်တတ်တယ်၊ အုပ်စု နှစ်စု ဆိုပေမယ့် ဟိုအပိုင်းနဲ့ ဒီအပိုင်း ကွဲတာမျိုးလည်း မဟုတ်ပြန်။ ဥပမာ ရွာအပေါ်ပိုင်းမှာပဲ အိမ်ချင်းကပ်နေတဲ့ နှစ်အိမ်က တအုပ်စုဆီမှာ ကွဲနေတာမျိုးဆိုတော့ အိမ်တအိမ်က ရယ်သံကိုတောင် ဘေးအိမ်က လူတွေက ဘာသဘောလဲ ဆိုတဲ့ မျက်လုံးနဲ့ ကြည့်တယ်။

ရွာကလေးက ဟိုုတုန်းကလို ညီညီညွတ်ညွတ်နဲ့ ပျော်စရာ မကောင်းတော့၊ မယုံသင်္ကာတွေ မခံချင်စိတ်တွေနဲ့ တယောက်အမှားကို တယောက် ချောင်းမြောင်းရင်း တိတ်ဆိတ်ခြောက်ကပ်နေတယ်။
****

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ရွာဦးကျောင်း ဆရာတော် အသက် ၈ဝ ကျော် အရွယ်မှာ နာမကျန်းဖြစ်လာတဲ့ အချိန်ကစလို့ ရွာက အက်ကြောင်းပေါ်ပါတယ်။ ဒါပေမယ့် ဆရာတော်ကို ကြောက်ရလို့ ပေါ်ပေါ် ထင်ထင်တော့ မဟုတ်သေးဘူး။ ဆရာတော်ပျံလွန်တော်မူတော့ ဟက်တက် ကွဲသွားကြတယ်လေ။

ဆရာတော်က ရွာက ဒုတိယမျိုးဆက် အမျိုးသား၊ အမျိုးသမီး အားလုံးကို စာတတ်မြောက်အောင် သင်ပေးခဲ့တဲ့ ဆရာတော်။ တတိယမျိုးဆက်ကျပြန်တော့လည်း ငယ်ငယ်ကတည်းက ဘုန်ကြီး ကျောင်းသားဘဝနဲ့ ဆရာတော့်ကျောင်းမှာ နေဖူးသူတွေချည်း။ ကိုရင်အရွယ်မှာ ကိုရင်ဝတ်၊ ရဟန်းခံတဲ့ အချိန်မှာ ရဟန်းခံ ဆိုတော့ ဆရာတော့်ဩဇာအောက်က တယောက်မှ မလွတ်ပါဘူး၊   ဆရာတော်က ငယ်ဖြူဆရာတော်၊ သက်ကြီးဝါကြီး ပုဂိ္ဂုလ်လည်းဖြစ်ပြန် ဆိုတော့ ပတ်ဝန်းကျင်ရွာတွေလည်း အပေါ်မှာ ဩဇာကြီးတယ်။

တောဆေး ဆရာတပိုင်း ဆိုတော့လည်း ဒီနယ်တဝိုက်မှာ ဆရာတော် ကယ်ထားတဲ့အသက်တွေက မနည်း။ ဒါကြောင့် ဘယ်ရွာက အလှူပွဲသွားသွား၊ သာရေးနာရေးသွားသွား၊ ဆရာတော့်ရွာကလို့ ပြောလိုက်ရင် မျက်နှာရှိတယ်။ ရွာသားတွေကလည်း ဆရာ့တော်ရွာက ဖြစ်ရတာကို အလွန်ဂုဏ်ယူကြတယ်။
****

ဆရာတော်ကြီးမှာ အာသီသတခုရှိနေတယ်။ သူ့ ပျံလွန်တော်မမူခင်မှာ သူငယ်ငယ်ကတည်းက သီတင်းသုံးခဲ့တဲ့ သစ်သားကျောင်းအိုကြီးကိုဖျက်ပြီး တိုက်ကျောင်းပြန်ဆောက်ချင်တယ်။ ပြီးတော့ ကျောင်းကို အုတ်တံတိုင်း ခတ်ချင်တယ်။ သူ့ကျောင်းဝင်းထဲမှာလည်း ဘုရားတဆူတည်ထား ကိုးကွယ်ချင်တယ်။

ဒါပေမယ့် ရွာသားတွေကို လုပ်လုပ် စားစားဆိုတော့ အကုန်အကျများမယ့် ကိစ္စကို ဆရာတော်က အတင်းမပူဆာဘဲ နေတယ်။ အသက်အရွယ်ထောက်လာ၊ ကျန်းမာရေး ချူချာလာတဲ့ အခါမှာ ဆရာတော်ရဲ့ အဲဒီဆန္ဒက ပိုလို့ ဖိစီးနှိပ်စက်လာပုံပါပဲ။ ဒကာအရင်း ရွာမိရွာဖတွေနဲ့ တွေ့တဲ့အခါမှာတော့ မကြာခဏ မိန့်ကြားတတ်တယ်။

ရွာသားတွေကလည်း သူတို့ ကြည်ညိုတဲ့ ဆရာတော့်ဆန္ဒကို ဖြည့်ဆည်းပေးချင်ကြတာပေါ့။ တဖက်မှာလည်း ငွေကြေး ချမ်းသာသူတွေလည်း မဟုတ်ကြတော့ အားလုံးကိုတော့ တပြိုင်နက်တည်း မလုပ်နိုင်ဘူးပေါ့လေ။

ကျောင်းတဆောင်တော့ တင့်တင့်တယ်တယ်ဖြစ်အောင် အရင်ဆောက်ကြမယ်၊ ပြီးရင်တော့ ကျောင်းတံတိုင်းခတ်တာနဲ့ ဘုရားတည်တာကို လုပ်ကြတာပေါ့လို့ အားလုံး သဘောတူပြီး ကျောင်းဆောက်ဖို့ အားတက်သရော ပြင်ကြပါတယ်။ ကျောင်းရဲ့ အုတ်တံတိုင်းနဲ့ ဘုရားတည်ဖို့ မထည့်ငွေအတွက်လည်း ဘယ်သူက ဘယ်လောက်ဆိုပြီး သတ်မှတ် လိုက်ကြပါတယ်။
****

ဒီနေရာမှာ ဆရာတော့် ရွာကလေးရဲ့ ထူးခြားချက်နဲ့ ဒီနယ်အကြောင်း မိတ်ဆက်ပေးမှ ဇာတ်ရည်လည်မယ် ထင်ပါတယ်။ ရွာကလေး နှစ်ခြမ်းကွဲသွားတာနဲ့လည်း ပတ်သက်နေလို့ပါ။ ဆရာတော့်ရွာကလေးက မွန်ပြည်နယ်ထဲက ဗမာလူမျိုး (ဗမာစကားပြောတဲ့ လူတွေ) အများစု နေခဲ့ကြတဲ့ရွာပါ။ အနီးအနားမှာတော့ မွန်ရွာတွေနဲ့ ဝိုင်းနေပါတယ်။

နယ်မြေမအေးချမ်းတဲ့ကာလမှာ အစိုးရစစ်ကြောင်းတွေ နယ်လှည့်လာရင် ဗမာရွာကလေးမှာပဲ ညအိပ်ညနေ တည်းခိုလေ့ရှိပါတယ်၊ အနီးအနားက ရွာတွေမှာတော့ မွန်သူပုန်နဲ့ ဆက်သွယ်လို့ ဆိုပြီး အစိုးရတပ်က ဘယ်ရွာက ရွာသားကို၊ ဘယ်ရွာက ရွာသူကြီးကို ရိုက်နှက်နှိပ်စက်တယ်၊ ဘယ်စစ်ဗိုလ်ကတော့ ဘယ်ရွာမှာ ဘယ်လို ကြမ်းတယ်ဟေ့လို့ နာမည်ကြီးပေမယ့် ဒီရွာရောက်ရင်တော့ စစ်သားတွေက အိမ်တကာမှာ အမေ၊ အဖေနဲ့ ဟင်းတွေလဲစားကြ၊ အိမ်အလုပ်တွေ ကူတန်ကူဆိုတော့ ရွာခံတွေကလည်း မိသားစုနဲ့ မခြား နွေးနွေးထွေးထွေး ရှိကြပါတယ်။

ဒီအခြေအနေနောက်ခံမှာ ဗမာရွာလေးဆီကို နှိပ်စက်ခံရတဲ့ အနီးအနားမွန်ရွာတွေက ရွာသားတွေ တဖြည်းဖြည်းနဲ့ ပြောင်းရွှေ့လာကြပါတယ်။ တရွာနဲ့ တရွာ ကူးလူးဆက်ဆံမှုလည်း ရှိနေတော့ အိမ်ထောင်ရပ်သား ကြတာတွေလည်း ရှိပါတယ်။ တဖက်မှာလည်း ဒီရွာက ပထမမျိုးဆက်၊ ဒုတိယမျိုးဆက် တချို့ကလည်း မအေးချမ်းတဲ့ ရွာကလေးကို စွန့်ပြီး မြို့နဲ့ နီးရာကို ပြောင်းရွှေ့ကုန်ကြပါတယ်။ ဒီလိုနဲ့ ရွာကလေးမှာ ဗမာလူမျိုးတွေထက်၊ မွန်လူမျိုးတွေက လူဦးရေ ပိုများလာပါတယ်။
****

အစပိုင်းတော့ ရွာခံ ဗမာတွေအပေါ် ပြောင်းရွှေ့အခြေချလာတဲ့ မွန်လူမျိုးတွေက အောက်ကျို့ဆက်ဆံကြပါတယ်။ သူတို့က မြေပိုင်ယာပိုင်လည်း မရှိကြပါဘူး။ အတန်းပညာလည်း မတတ်သလောက်ပါပဲ၊ ဒါကြောင့် အများအားဖြင့် ၁၉၉ဝ နောက်ပိုင်းမှာ ယိုးဒယား၊ မလေးရှား၊ စင်ကာပူတို့မှာ အလုပ်ထွက်လုပ်ကြပါတယ်။ ခပ်တိုတိုဆိုရင် အဲဒီနိုင်ငံတွေမှာ အလုပ်လုပ်ရင်း ရတဲ့ငွေကြောင့် ကြီးပွားလာကြပါတယ်။

ရွာကို ပြန်လာကြပြီး လွန်ခဲ့တဲ့နှစ်တွေက ရွာကနေ မြို့ဘက်ကို ပြောင်းရွှေသွားတဲ့ လူတွေရဲ့ လယ်မြေလွတ်တွေကို ဈေးပေါပေါနဲ့ ဝယ်ယူရင်း မြေပိုင်လာကြပါတယ်။ နိုင်ငံခြားက ပြန်ပို့တဲ့ငွေတွေနဲ့ အိမ်ကြီးရခိုင်တွေ ပိုင်ဆိုင်လာကြပါတယ်။ ရွာခံ ဗမာလူမျိုးအများစုကလည်း လယ်မြေတွေကို မစွန့်ခွာနိုင်၊ နိုင်ငံခြားမှာလည်း မစွန့်စားချင်သေးတဲ့ အခြေအနေမှာ ပြောင်းရွှေ့လာတဲ့ မွန်လူမျိုးတွေက ကြီးပွားချမ်းသာလာကြပါတယ်။

အဲဒီကာလမှာပဲ အပစ်အခတ်ရပ်စဲရေးကြောင့် ပတ်ပတ်လည်က မွန်ရွာတွေကလည်း တစုံတရာ ငြိမ်းချမ်းလာပါတယ်။ မွန်သူပုန်တွေကလည်း အရင်လို ပုန်းပုန်းလျှိုးလျှိုးမဟုတ်တော့ဘဲ နယ်ပိုင်တွေ၊ စစ်ဘုရင်တွေဆန်ဆန် ဖြစ်လာပါတယ်။

အဆိုးထဲက အကောင်းကတော့ မြေပိုင်ယာပိုင်မရှိလို့၊ ရွာတွေမှာ မငြိမ်သက်လို့ အိမ်နီးချင်းနိုင်ငံတွေကို စွန့်စားပြီး ထွက်သွားကြတဲ့ သူတွေက ထင်ထားတာထက် ပိုအဆင်ပြေကြပါတယ်။ ခေတ်မကောင်းလို့ တိုင်းတပါးမှာ အလုပ်လုပ်ရင်း ပြန်ပို့တဲ့ ငွေတွေနဲ့ ချမ်းသာလာကြ၊ သူတို့ အိမ်တွေ၊ သူတို့ရွာတွေက ဘုန်းကြီးကျောင်းတွေလည်း နန်းတော်ကြီးတွေလို ဖြစ်လာကြပါတယ်။
****

ဒီလောက်ဆိုရင် ဆရာတော့် ရွာကလေးအကြောင်းကို ဆက်လို့ရပြီထင်ပါတယ်။ ခုနက ပြောခဲ့တဲ့အတိုင်းပဲ အရင်က ဗမာရွာကို ရောက်ခါစ အောက်ကျို့နေကြတဲ့ လူတွေက လူ့သဘာဝအတိုင်း ငွေကြေးရှိလာတဲ့ခါမှာ ဆက်ဆံရေးပုံစံတွေ စပြီး ပြောင်းလဲလာပါတယ်။ ရွာခံတွေနဲ့ ပုခုံးချင်းယှဉ်လာပါတယ်၊

စောစောက ဆရာတော်က သူ့ ပျံလွန်တော်မမူခင်မှာ ကျောင်းကို အသစ်ဆောက်ချင်၊ အုတ်တံတိုင်းခတ်ချင်၊ စေတီတော်တဆူ တည်ထားကိုးကွယ်ချင်တဲ့ အကြောင်းပြောခဲ့ပါတယ်။ ကျောင်းကို စဆောက်တဲ့ အချိန်မှာ ငွေများများ လှူနိုင်တဲ့လူတွေက ဆရာတော်ကျောင်းမှာ အရာရောက်လာပါတယ်။

အဲဒီကာလမှာပဲ ဆရာတော်ရဲ့ သဘောတူညီချက်နဲ့ စောစောက လူတွေက မွန်ရဟန်းပျိုတပါးကို ပင့်လာပါတယ်။ ရဟန်းပျိုက မြို့က ဓမ္မကထိက တပါးဖြစ်ပြီး လုပ်ရည်ကို်င်လည်း ရှိပါတယ်၊ အဲဒီအချိန်အထိ ဆရာတော့် ကျောင်းမှာ အတည်တကျ ရဟန်းတပါးမှ မရှိပါဘူး။ အသစ်ရောက်လာတဲ့ ရဟန်းပျိုက ဆောက်လုပ်စကျောင်းကို ပြီးအောင်၊ ဆရာတော် ဖြစ်ချင်တဲ့ အုတ်တံတိုင်း၊ ကျောင်းဝင်းထဲမှာ ဘုရားကိုလည်း တည်ဖြစ်အောင် အလှူငွေတွေကို အချိန်တိုအတွင်းမှာ ရှာဖွေပါတယ်။

တဖြည်းဖြည်းနဲ့ ဆရာတော့်ကျန်းမာရေးက ဆိုးလာပြီး အကြားအာရုံနဲ့  အမြင်အာရုံလည်း ပျက်သလောက် ဖြစ်နေပါပြီ၊ အိပ်ယာထဲမှာ လဲနေတဲ့အချိန်များပြီး ရွာက ဒကာတွေ အလှည့်ကျ စောင့်အိပ်နေရပါတယ်။ ကျောင်းကိစ္စအဝဝဟာ အသစ်ရောက်လာတဲ့ ရဟန်းပျိုလက်ထဲရောက် သွားပါတယ်။ ကျောင်းကိစ္စ၊ အုတ်တံတိုင်းကိစ္စ၊ ဘုရားကိစ္စမှာလည်း သူ့လက်သူ့ခြေ ဖြစ်လာပါတယ်။

ဆရာတော်ကျောင်းမှာ အစဉ်အလာ ဩဇာလွှမ်းမိုးတဲ့ ရွာခံ ဒကာတွေနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ပြီး သူ့ကို ပင့်လာတဲ့ ဒကာတွေကိုပဲ ကျောင်းမှာ တဖြည်းဖြည်းပေးလာတယ်ဆိုပြီး  ရွာခံတွေနဲ့ အဆင်မပြေဖြစ်လာပါတယ်။
****

ရွာခံတွေဟာ ရဟန်းပျိုလေးက သူ့လက်သူ့ခြေလုပ်သမျှှ ကိစ္စအဝဝမှာ ရှောင်ဖယ်ရှောင်ဖယ် လုပ်လာပါတယ်၊ အစပိုင်းက သူတို့ကိုယ်တိုင် သဘောတူပြီး ရည်စူးထားတဲ့ အလှူအတန်းကိစ္စတွေမှာ (ကျောင်းဆောက် ဘုရားတည်ကိစ္စမျိုးလို) စတိသဘောလောက်ပဲ ထည့်ဝင်ကြတော့တယ်။ ဒီလိုနဲ့ တဖြည်းဖြည်းနဲ့ ရွာခံတွေဟာ ဘုရားတည်ဖို့ ကိစ္စနဲ့ မဆိုင်သလို ဖြစ်လာပါတယ်။

ရဟန်းပျိုကလည်း ရွာဦးကျောင်းကနေ ညနေတိုင်း အသံချဲ့စက်နဲ့ ဘယ်ဒကာက ဘယ်လောက်လှူတဲ့အကြောင်း ဘုရားအတွက် အလှူငွေ ဘယ်လောက်ရတဲ့အကြောင်း ဘယ်ဒကာတွေက ငွေမလှူတဲ့အကြောင်း ကြေညာပါတယ်၊ လှူတဲ့လူတွေက ရွာကိုနောက်မှ ပြောင်းလာတဲ့လူတွေဖြစ်ပြီး မလှူတဲ့လူတွေက ရွာခံတွေ ဖြစ်နေတတ်ပါတယ်။

ရဟန်းပျိုက ဓမ္မကထိကလည်း ဖြစ်ပြန်တော့ ဘုရားကိစ္စမှာ လှူတာ ဘယ်လောက် အကျိုးများတဲ့ အကြောင်း၊ မလှူတဲ့အတွက် ဘယ်လို ဆိုးတဲ့အကြောင်းတွေကို တရွာလုံးကြားအောင် ဥပမာနဲ့ မိန့်ကြားတော့ မလှူတဲ့ ရွာခံတွေက သူတို့ကို သက်သက်စောင်းပြောတာ၊ အရှက်ခွဲတာဆိုပြီး မကျေမနပ် ဖြစ်ကြပြန်ပါတယ်။

ရွာဦးကျောင်းဆရာတော်ကြီးကတော့ အဲဒီအချိန်မှာ အမြင်အာရုံနဲ့ အကြားအာရုံတွေ အတော်ချို့ယွင်းနေလို့ အသေးစိတ်တွေ ဘာမှမသိတော့ပါဘူး။ ရွာက စိတ်ဝမ်းကွဲမှုကတော့ ဆိုးရွားပြီးရင်း ဆိုးရွားသွားပါပြီ၊
****

ဒီဇာတ်လမ်းမှာ နောက်ထပ် ဇာတ်ကောင်တယောက်ရှိပါတယ်။ ဒီရွာကနေ မြို့ကို ပြောင်းသွားပြီး ကြီးပွားချမ်းသာ နေတဲ့ သူဌေးတဦးပါ။ သူဌေးက ငယ်ငယ်ကတည်းက ဆရာတော့်ကျောင်းမှာ ကြီးပြင်းခဲ့တဲ့လူလည်းဖြစ်၊ ရွာခံတွေနဲ့လည်း ဆွေမကင်းမျိုး မကင်းဖြစ်ပြန်၊ ဆရာတော့်ကျောင်းက ကထိန်၊ ရွာရဲ့ သာရေးနာရေး ကိစ္စတွေမှာ အရင်ကတည်းက တက်တက်ကြွကြွလုပ်တတ်သူ၊ ဆရာတော်ကလည်း အားကိုးသလို၊ ရွာမှာလည်း ဩဇာကြီးတဲ့သူပါ။

ရွာခံတွေနဲ့ နောက်မှ ပြောင်းလာတဲ့လူတွေရဲ့ အုပ်စုနှစ်စုလို့သာ ဆိုပေမယ့် တကယ့်တကယ်မှာတော့ တချို့ရွာခံတွေထဲမှာလည်း အကြောင်းအမျိုးမျိုးနဲ့ နှစ်ဘက်အုပ်စုတွေမှာ ပါနေတာလည်းရှိပါတယ်။ ဒီလိုပဲ နောက်မှ ပြောင်းလာတဲ့လူတွေထဲက ရွာခံတွေဘက်က ပါနေတဲ့ တချို့လည်းရှိပြန်ပါတယ်။

တိုတိုတိုဆိုရရင် ဒီလိုနဲ့ ဘုရားထီးတင်တဲ့နေ့ကို ရောက်လာပါတယ်။ ရွာကို နောက်မှ ပြောင်းလာတဲ့ အုပ်စုရဲ့ ပွဲပေါ့လေ။ အဲဒီအုပ်စုက မြိုကက သူဌေးကို ရွာဘုရားမှာ လာပြိး ထီးတင်ပေးဖို့ အခေါ်လွှတ်ကြပါတယ်။ ဆရာတော်က အခေါ်ခိုင်းလိုက်တဲ့ အကြောင်းသွားပြောကြပါတယ်၊ ဆရာတော်ကလည်း တကယ်ကို အခေါ်ခိုင်းလိုက်တာပါပဲ။

ဘုရားတည်တဲ့ မွန်ရဟန်းပျိုကို မကျေနပ်တာကတကြောင်း၊ ရွာကို နောက်မှ ရောက်လာတဲ့ သူတွေက သူတို့ရွာက ဘုရားတည်တဲ့ကိစ္စမှာ ခြယ်လှယ်နေတာကို မကျေနပ်တဲ့ ရွာခံတွေ ဘက်ကလည်း  ဒီဘုရားထီးတင်ပွဲကို မလာဖို့ သူတို့ အဖွဲ့ထဲက သူဌေးနဲ့ ရင်းနှီးတဲ့ လူတွေကို လွှတ်ပြီး ရှင်းပြခိုင်းပါတယ်။ နှစ်ဘက်လုံးက မျက်နှာနာစရာလူတွေလည်းပါနေ၊ ရွာက ဘုရားထီးတင်နေတဲ့ ကိစ္စလည်း ဖြစ်နေတော့ သူဌေးက နှစ်ဘက်စလုံးကို အလိုက်သင့်ပဲ ပြောပြီး ပြန်လွှတ်လိုက်ပါတယ်၊ ဘုရားထီးတင်တဲ့နေ့အထိ မြို့က သူဌေး လာမယ်၊ မလာဘူး မသေချာပါဘူး။

ဘုရားထီးတင်မယ့် နာရီပိုင်းလောက်ကျမှ သူဌေးနဲ့ မိသားစု မြို့ကနေ ကားနဲ့ ရောက်လာပါတယ်၊ အနီးအနား ရွာတွေကလည်း ဒီရွာကလေးမှာ ရွာသားတွေ အချင်းချင်း မပြေလည်တာတွေကို မေ့ထားလိုက်ပြီး ဘုရားထီးတင်ပွဲကို လာကြလို့ ဘုရားထီးတင်ပွဲက အတော်လေး စည်စည်ကားကား ရှိပါတယ်။ ဘုရားထီးတင်ပွဲကို သွားချင်ရက်နဲ့ မသွားရတဲ့ ရွာခံ အမျိုးသမီးကြီးတွေက ဘုရားထီးတင်ပွဲက ဆိုင်းသံဗုံသံတွေကို ကြားတဲ့အခါတိုင်း အိမ်ထဲမှာ ကျိတ်ငိုကြရှာပါတယ်။

ရွာခံယောက်ျားကြီးတွေကလည်း မျက်နှာ မသာမယာနဲ့ အလုပ်များ သလိုလို၊ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ ထရံမှာ ချိတ်ထားတဲ့ ခမောက်ဆောင်းပြီး လယ်ကွင်း ဘက်က ထွက်သွားကြပါတယ်။
****

ရွာခံတွေက ဆရာတော်ပျံလွန်တော်မူတဲ့အခါမှာ ရွာကျောင်းကို ဗမာဆရာတော်တပါးကို ကျောင်းထိုင် စေချင်ပါတယ်။ ဒါပေမယ့် ရွာကို နောက်မှ ပြောင်းလာတဲ့ လူတွေက သူတို့နဲ့ ဘာသာစကားတူတဲ့ မွန်ရဟန်းပျိုတပါးကို ခပ်စောစောကတည်းက ဆရာတော့် သဘောတူညီချက်နဲ့ ပင့်ထားခဲ့ပါတယ်။

ရွာခံတွေက ဒါသက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာလို့ နားလည်ကြပေမယ့် ဆရာတော်ကို ကြောက်ရလို့ ဘာမှ မပြောရဲကြပါဘူး။ အောက်ခြေမှာတော့ ဘက်နှစ်ဘက် ချောင်းမြောင်းစောင်းမြောင်းနေတဲ့ အခြေအနေ၊ တခါတလေ လူမျိုးရေးပဋိက္ခ အသွင်တောင်ဆောင်လာပါတယ်။

တခါတလေ ရွာဦးကျောင်းကနေ ရဟန်းပျိုလေးက မွန်ဘာသာနဲ့ တရားအခွေတွေကို တရွာလုံးကြားအောင် အသံချဲ့စက်နဲ့ ဖွင့်တဲ့အခါ၊ မွန်သီချင်းတွေကို ဖွင့်တဲ့အခါ ရွာခံ ဗမာတွေက အသည်းနာကြပါတယ်။ တရားပွဲတွေမှာလည်း မွန်ဘာသာနဲ့ ဟောတတ်လို့ ရွာခံဗမာတွေက ရက်ကြီးအခါကြီးတွေလည်း ဥပုသ်စောင့်ဖို့၊ သီလယူဖို့ ကျောင်းကို မသွားကြတော့ပါဘူး။ ရွာခံတွေကဘက်ကလုပ်တဲ့ သာရေးနာရေးတွေကိုလည်း မွန်ရဟန်းပျိုကလေးက မကြွတော့ပါဘူး။

နောက်ဆုံး ရဟန်းပျိုကလေးနဲ့ မတည့်တဲ့ဘက်က နာရေးကိစ္စပေါ်လို့ သရဏံဂုံ တင်ဖို့ ရဟန်ပျိုလေးက မကြွလို့ တခြားရွာက ဘုန်းကြီးကို သွားပင့်ရတဲ့ အထိ ဖြစ်ကြပါတယ်။
****

အဲဒီအချိန်မှာ အစိုးရနဲ့ မွန်သူပုန်တပ်တွေနဲ့ အပစ်ရပ်ထားပြီးတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အစိုးရတပ်တွေ အဲဒီနယ်ကို မလာသလောက်ဖြစ်သွားပြီး၊ မွန်သူပုန်တပ်တွေကပဲ အဲဒီနယ်မှာ စိုးမိုးနေတဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့် တချို့က နယ်ထိန်း မွန်ပြည်သစ်တပ်က အရာရှိတွေ အားကိုးနဲ့ အာဏာပါဝါပြတဲ့ အခါမျိုးလည်း ရှိပါတယ်။ အရင်က အစိုးရ စစ်တပ်ကို မွန်ရွာတွေက ကြောက်ခဲ့ရသလိုပဲ၊ အခုတော့ မွန်စစ်တပ်ကို ဗမာရွာကလေးက ကြောက်ရတဲ့ အခြေအနေမျိုး ပြောင်းသွားပါတယ်။

ရွာက ဥက္ကဌ ရွေးတဲ့အခါမှာလည်း ကို်ယ့်အုပ်စုက လူဖြစ်ရေးကို နှစ်ဘက်စလုံးက အသည်းအသန် ကြိုးပမ်းကြပါတယ်။ နောက်ဆုံးတော့ ထုံးစံအတိုင်း မြို့နယ်အရာရှိကို ငွေပေးနိုင်တဲ့ ပြောင်းရွှေလာ သူတွေဘက်က တင်တဲ့လူက ဥက္ကဌဖြစ်ပြီး၊ ရွာခံတွေကဘက်က သဘောထားပျော့ပြောင်း သူက အတွင်းရေးမှူး ရာထူးလိုမျိုးရကြပါတယ်။
****

ရွာခံတွေကြားမှာ ဘယ်တော့မှ အခဲမကျေနိုင်တဲ့ ကိစ္စတခုလည်း ဖြစ်ခဲ့ပါတယ်၊ တခါက ရွာပြင်က ရာဘာခြံတခြံမှာ ရာဘာပင်ပျိုတွေ အညွန့်ကနေ ပြတ်နေတဲ့ကိစ္စကို တယောက်ယောက်က ဓားနဲ့ ဝင်ခုတ်တာဆိုပြီး ခြံပိုင်ရှင်က ရွာဥက္ကဌဆီမှာ အမှုဖွင့်ပါတယ်။

စွပ်စွဲခံရတဲ့ အဘိုးကြီးက တချိန်က ရပ်မိရပ်ဖတယောက်၊ သူ့ဇနီးကွယ်လွန်သွားတဲ့ နောက်မှာ စိတ်တွေ ဂယောက်ဂယက်ဖြစ်နေပြီး၊ ဆောင်ဓားတလက်နဲ့ သူ့ဇနီးကို မြှုပ်ထားတဲ့ ရွာပြင်သချုင်္ိင်းကုန်းကို မကြာခဏသွားတတ်ပါတယ်။ အမှုရင်ဆိုင်ကြတော့ ရာဘာပင်ပေါက်တွေကို သူခုတ်ခဲ့သလား၊ မခုတ်ခဲ့ဘူးလား ဘာမှ မပြောနိုင်ပါဘူး၊ ရွာဥက္ကဌက တရားလိုဘက်က ကျေနပ်အောင် အဘိုးကြီးကို ဒဏ်ငွေရိုက်လိုက်ပါတယ်။

ဒီကိစ္စမှာ တရားလိုက ရွာကို နောက်မှ ပြောင်းလာတဲ့ အုပ်စုဘက်ကဖြစ်နေ၊ စွပ်စွဲတာက ရွာခံဘက်က ရပ်မိရပ်ဖဖြစ်နေ၊ အဆုံးအဖြတ်ပေးတာကလည်း နောက်မှ ပြောင်းလာတဲ့ အုပ်စုဘက်က ဖြစ်နေတော့ ဒီအမှုက ရိုးရိုးသာမန်အမှုတခုအဖြစ် မမြင်ကြတော့ပါဘူး။

နောက်ပိုင်းမှာ ရာဘာပင်ပျိုတွေ မကြာခဏပြတ်နေတာကို တွေ့ရတော့မှ၊ တောထဲက ဂျီတွေ၊ ဒရယ်တွေ ကိုက်ဖြတ်တာလို့ ရွာခံတွေကြားထဲမှာ ပြောလာကြပြန်ပါတယ်၊ ဒါပေမယ့် စောစောက ရွာခံ အဘိုးကြီးကတော့ ဒဏ်ရိုက်ခံရိုက်ပြီး မကြာခင်မှာပဲ မစားမသောက်ဘဲနေရင်း ကွယ်လွန်သွားခဲ့ပါတယ်။
****

ဆရာတော် အသည်းအသန် ဖြစ်နေတဲ့အချိန်မှာတော့ ကျောင်းကို တရားဝင်လွှဲပြောင်းဖို့ ဖြစ်ပါတယ်။ ရွာကို နောက်မှ ရောက်လာတဲ့ လူတွေက သူ့တို့ပင့်ထားတဲ့ မွန်ရဟန်းပျိုကို ကျောင်းအပ်ဖို့ ဆရာတော်ကို လက်မှတ်ထိုးခိုင်းပါတယ်။ အဲဒီအချိန်မှာ ရွာခံတွေက ဗမာရဟန်းပျိုတပါးကို ပင့်ထားပါတယ်။ ရွာခံတွေက ကျောင်းဒကာ မြို့က သူဌေးကို ခေါ်လာပြီး ဗမာရဟန်းပျိုကို လွှဲပေးဖို့ ဆရာတော့်ကို တိုက်တွန်းခိုင်းပြန်ပါတယ်။

ဒီတခါတော့မြို့က သူဌေးက ငယ်ပေါင်းကြီးဖော် ရွာခံတွေဘက်က လိုက်ညပီး ဆောင်ရွက်ပေးပါတယ်။ ဆရာတော်ခမျာမှာ မျက်စိကမွဲ၊ နားက ကောင်းကောင်း မကြားပေမယ့်လည်း သူ့ဒကာတွေ သွေးကွဲနေတာကိုတော့ သူမပျံ လွန်ခင်လေးမှာ သိသွားရှာပါတယ်။
စကားမပြောနိုင်တော့လို့ ဘာမှ မပြောခဲ့ပေမယ့် ရွာခံဒကာတွေဘက်က ဗမာဆရာတော်ကို ကျောင်းအပ်ဖို့ လက်မှတ်ထိုးပေးသွားခဲ့ပါတယ်။ ဒါကြောင့် ရွာခံတွေဘက်က ဗမာဆရာတော်တပါး ကျောင်းထိုင်ဖြစ်လာပြီး မွန်လူမျိုး ရဟန်းပျိုကလေးကိုု ကျောင်းပေါ်ကနေ အတင်းနှင်ချလိုက်ပါတယ်။
****

ဒါကို မကျေနပ်တဲ့အုပ်စုက သူတို့ ပင့်ထားတဲ့ မွန်ဆရာတော်အတွက် ရွာပြင်မှာ ကျောင်းတဆောင် ဆောက်ပါတယ်။ အဲဒီအနားမှာပဲ နောက်ထပ် ဘုရားတဆူကို တည်ပါတယ်၊ ဆရာတော်ကြီးရဲ့ ဈာပနအခမ်းအနားကိုလည်း သပိတ်မှောက်ကြပါတယ်။ နဂိုရွာခံတွေကပဲ မြို့က သူဌေးတွေနဲ့ ဆရာတော့်ရဲ့ နောက်ဆုံးခရီးကို စည်စည်ကားကား ဖြစ်အောင် ကျင်းပပေးလိုက်ကြပါတယ်။

အုပ်စုနှစ်စုလို့ ဆိုပေမယ့် တချိုကလည်း ငယ်ငယ်ကတည်းက ဆရာတော်ကျောင်းမှာ အတူတူကစားဖက်၊ စာသင်ဖက်တွေ ဖြစ်တဲ့အကြောင်းပြောခဲ့ပါတယ်။ တချိုကဆိုရင် ဒီရွာကလေးမှာ ခေတ်ဆိုးကို အတူတူဖြတ်သန်းခဲ့တဲ့၊ ရွာကလေးကို သူခိုးဒမြတွေ ရန်ကနေ ကာကွယ်ခဲ့ကြတဲ့ ရွာကို တကယ်အမှန်တကယ် ချစ်တဲ့ ရွာသားကြီးတွေပါ။

ဒါပေမယ့် ခေတ်ပြောင်းလာတဲ့ အချိန်ကျတော့မှ သဘောထားမတိုက်ဆိုင်တာတွေ ဖြစ်ပြီး တအုပ်စုဆီ ဖြစ်သွားကြပါတယ်။ နောက်တခုကလည်း လူမျိုးရေးပဋိပက္ခက ဒီရွာတရွာတည်းမှာ ကွက်ညပီး ဖြစ်နေတာပါ၊ ရွာခံတွေနဲ့ နောက်မှ ပြောင်းလာတဲ့ မွန်လူမျိုးတွေကြား အဆင်မပြေဖြစ်ကြပေမယ့် ရွာခံဗမာလူမျိုးတွေက အနီးအနားက မွန်ရွာတွေနဲ့ကျပြန်တော့လည်း ဟိုတုန်းကအတိုင်းပဲ ဆက်ဆံရေးမပျက် ချစ်ချစ်ခင်ခင်ပါပဲ။
****

ဒီလိုနဲ့ ဆရာတော် ပျံလွန်တော်မူတဲ့အခါ ဆရာတော်ဈာပနကို သပိတ်မှောက်သူတွေက ဘုရားထီးတင်ခဲ့ကြတဲ့ မွန်ရဟန်းပျိုလေးတို့ အဖွဲ့ဖြစ်သွားပြန်ပါတယ်။  အဲဒီအဖွဲ့မှာ ပါနေပေမယ့် ငယ်ငယ်က ဆရာတော့်ကျောင်းမှာ စာအံခဲ့တဲ့ ရွာခံ အမျိုးသမီးကြီးတွေဟာ ငယ်ငယ်ကတည်းက သူတို့ ကြောက်ချစ်ရိုသေခဲ့ရတဲ့ ဆရာတော်ကြီးကို နောက်ဆုံးအချိန်အဖြစ် ဖူးချင်ကြပါတယ်၊ ရှိခိုးဦးခိုက်ချင်ကြပါတယ်။

ဒါပေမယ့် မခံချင်စိတ်နဲ့ အဖွဲ့လိုက် သပိတ်မှောက် ထားကြတော့ သွားချင်ရက်နဲ့ မသွားရရှာပါဘူး၊  တဖက်အုပ်စုက အရှက်ခွဲပြီး မောင်းလွှတ်မှာလည်း စိုးရိမ်ကြပါတယ်၊ ဒါကြောင့် ငယ်စဉ်တောင်ကျေးကလေးဘဝကတည်းက ဆရာတော်ကျောင်းမှာ အတူတူပြေးပြေးလွှားလွှား ကစားခဲ့တာတွေကို တစိမ့်စိမ့်တွေးရင်း ဆရာတော့်ဈာပနရဲ့ ငိုချင်းသီချင်းနဲ့ အိမ်ထဲမှာပဲ ကြိတ်ငိုကြပါတယ်။

ဒါနဲ့ မကျေနပ်တဲ့အခါ “ဟယ် -ဘာပဲဖြစ်ဖြစ် ငါတို့ ဆရာတော်ကြီးရဲ့ နောက်ဆုံးအချိန်မှာ ဘယ်သူတွေ ဘာပြောပြော သွားကန်တော့မှပဲ” လို့ စိတ်ပိုင်းဖြတ်ပြီး ဆရာတော့်ကျောင်းဘက်ကိ်ု သွားမယ်လို့ ဆုံးဖြတ်ပြီးမှ “မဖြစ်ပါဘူးလေ” ဆိုပြီး နောက်ပြန်လှည့် ရွာရိုးကိုးပေါက်လျှောက်ရင်း ဟိုအိမ်ဝင်ရကောင်းနိုး၊ ဒီအိမ်ဝင်ရကောင်းနိုး၊ ဘယ်အိမ်မှ မဝင်ဘဲ ရွာလည်လမ်းမတလျှောက် နေမထိထိုင်မသာ ခေါက်တုံခေါက်ပြန် လျှောက်ရင်း ငိုကြယိုကြပြန်ပါတယ်။

ငယ်သံယောဇာဉ် မကုန်တဲ့ တချို့အမျိုးသမီးကြီးတွေက “သနားပါတယ်ဟယ်၊ ဒီကောင်မတွေ နဂိုကတည်းက ငါတို့ဘက်က နေလိုက်ရင် ဒီလိုမငိုရပါဘူး” လို့ ကွယ်ရာမှာ တိုးတိုးဆိုကြပါတယ်။ ဒါပေမယ့် တချို့က “အို — ရွာဘုရားပွဲတုန်းကလည်း  ငါတို့ ဒီလိုပဲ ငိုခဲ့ရတာပဲ၊ ဒီတခါတော့ ဒင်းတို့ အလှည့်” ဆိုပြီး လျစ်လျူရှု ထားလိုက်ကြ ပါတယ်။

အိမ်ခြေ ၁၀ဝ လောက်ရှိတဲ့ရွာရဲ့ ဘုန်းကြီးကျောင်းအကွဲအပြဲက စလိုက်တဲ့ ပြဿနာဟာ ဘယ်လိုမှ စေ့စပ်မရ အောင်ပါပဲ။ သာရေးနာရေး လူမှုရေး အသေးအဖွဲတွေကနေ  လူမျိုးရေးအထိ အကျယ်ချဲ့ကြတယ်။ လူကြီးတွေက အလှူအတန်းနဲ့ စီးပွားမှာလည်း အကြွားပြိုင်ကြတော့ ရွာလူငယ်တွေမှာပါ တစောင်စောင် တကျက်ကျက်ပါပဲ။

ဒီရွာရဲ့ မပြီးမစီးနိုင် တနေ့တမျိုးမရိုးတဲ့ ဇာတ်လမ်းတွေကို အနီးနားက ရွာတွေကတော့ သန်းတုတ်ရင်း ပြောကြ၊ လက်ဘက်ရည်ခြမ်းဝိုင်း ထိုင်ရင်း မြည်းကြလေရဲ့။

2 comments

  • Khaing Khaing

    April 19, 2012 at 3:32 pm

    ဟယ် သန်းတုတ်ရင်းပြောကြတယ်ဆိုတော့ သများမှာ သန်းမရှိတော့ ဘောက်တုတ်ရင်းပြောကြမယ် …… ကိုရာမညရေ အားပေးသွားပါတယ်နော် …….. အခိုင်လည်းမွန်ပါ ……. ဘီလူးကျွန်းကပါချင့် …….. ဒါပေမယ့် ရန်ကုန်မှာမွေးတာပါချင့် ……….

  • yama nya

    April 19, 2012 at 4:07 pm

    ဟုတ်ကဲ့ပါ .. အခုလို ဆွေမျိုးတွေနဲ ့ ဆုံတွေ ့ရလို ့ဝမ်းသာပါတယ် ။

Leave a Reply