ဆရာမောင်ဝံသအား…… ( မိုးမခ မှကူးယူဖော်ပြသည် )

tunlinaungApril 20, 20121min1136

Maung Wuntha – တိုက်ခိုက်စာတချို့နဲ့ စပ်လျဉ်းလို့ ရှင်းပြချက်

တိုက်ခိုက်စာတချို့နဲ့ စပ်လျဉ်းလို့ ရှင်းပြချက်

မောင်ဝံသ၊ ဖေ့စ်ဘွတ်၊ ဧပြီ ၁၉၊ ၂၀၁၂

မိတ်ဆွေများခင်ဗျာ

ခုတလော၊ ခုတလောမကပါဘူး၊ အတော်တောင်ကြာခဲ့ပါပြီ။ Facebook မှာ Mizu yota ဆိုတဲ့ နာမည်နဲ့ အကောင့်ဖွင့်ထားသူတစ်ယောက်က ကျွန်တော့်ကို ပုဂ္ဂိုလ်ရေးတွေ တိုက်ခိုက်ပါတယ်။ လွန်လွန်းလာတော့ ကျွန်တော် သူ့ကို block လုပ်လိုက်ရပါတယ်။

အဲဒီတော့ ဘာလုပ်သလဲဆိုတော့ Burma Media Wash အမည်နဲ့ ဖွင့်ပြီး ကျွန်တော့်ကို စွပ်စွဲတိုက်ခိုက်တဲ့စာတွေ ကျွန်တော့်ရဲ့ ပြည်သူ့ခေတ်ဂျာနယ်အပါအဝင် email လိပ်စာအများကြီးဆီပို့ပြီး သဲသဲမဲမဲ ဆက်လုပ်ပါတယ်။

သူဘယ်သူဆိုတာ ကျွန်တော် ခန့်မှန်းလို့ရပါတယ်။

ဘာကြောင့် ခုလို ကျွန်တော့်ကို သဲသဲမဲမဲ တိုက်ခိုက်နေတယ်ဆိုတာလဲကျွန်တော်ခန့်မှန်းလို့ရပါတယ်။

သူ့ကို လူပုဂ္ဂိုလ်တစ်ယောက်ယောက် သို့မဟုတ် အုပ်စုတစ်စုစုက ကျွန်တော့်ကို တိုက်ခိုက်ခိုင်းလို့သူ့ခမျာ သူ့ဆန်စား ရေးမှ ဆိုသလို လုပ်နေရတာပဲလို့ ကျွန်တော်နားလည်လိုက်ပါတယ်။

ကျွန်တော့်ကိုသာမက ဆရာ ဦးဝင်းတင်ကိုပါ တိုက်ခိုက်လာတဲ့အခါ သူဟာ ဘယ်လို ဂိုဏ်းဂဏ ဝါဒအစွဲရှိသူလဲဆိုတာကို ဖတ်မိသူများလဲ ခန့်မှန်းလို့ရမှာပါ။

ကျွန်တော့်ကို စေတနာထားသူများက ခင်ဗျားကို ဒီလောက် တိုက်ခိုက်နေတာ ပြန်ဖြေရှင်းပါလားလို့ ပြောကြပါတယ်။ ကျွန်တော်ကတော့ သူ့ တိုက်ခိုက်စာတွေကို သေချာဖတ်ရှုစိစစ်တတ်သူတိုင်း ကိုယ်ပိုင်ဉာဏ်နဲ့ ချင့်ချိန်နိုင်မှာပါ၊ ဖြေရှင်းစရာ မလိုပါဘူးလို့ပြန်ပြောခဲ့ပါတယ်။

သို့ပေမယ့် ရှင်းလင်းပြောပြဖို့ လိုတဲ့ အချက်တချို့ကိုတော့ အချိန်တန်ရင် ရှင်းပြဖို့ ကျွန်တော် စိတ်ကူးထားပြီး ဖြစ်ပါတယ်။

ပထမအချက်က အဲဒီလူရဲ့ စွပ်စွဲချက်ထဲမှာ ထပ်တလဲလဲ ဖော်ပြတဲ့ ကျွန်တော်ဟာ ထောင်ထဲက လက်မှတ်ထိုးပြီး ထွက်လာတယ်ဆိုတဲ့ စွပ်စွဲချက်ပါ။ အဲဒါကတော့ ကျွန်တော့်ရဲ့ နိုင်ငံရေးဘဝနဲ့ သက်ဆိုင်နေတာဖြစ်လို့ ရှင်းပြဖို့ လိုမယ်ထင်ပါတယ်။

ကျွန်တော်ဟာ ၁၉၈၉ ဇူလိုင်လ ၂ဝ ည ၈နာရီခွဲလောက်မှာ ထိုစဉ်က NLD ဌာနချုပ်ရုံး ( အမှတ် ၄၄ တက္ကသိုလ် ရိပ်သာလမ်း)ကနေ ဦးမိုးသူ၊ ဦးဝင်းထိန်တို့နဲ့အတူ ဖမ်းဆီးသွားခြင်းခံခဲ့ရတယ်။ အင်းစိန်ထောင်မှာ ၁ဝ (က)နဲ့ ထိန်းသိမ်းခံခဲ့ရပြီး ၁၉၉ဝ ဧပြီလ ၂၄ မှာ ပြန်လွတ်တယ်။

NLD က ရွေးကောက်ပွဲ ဝင်ဖို့ အမတ်လောင်း ပုံစံ ထောင်ထဲ ပို့လိုက်တာကို သဘောတူကြောင်း NLD ပုံစံမှာ လက်မှတ်ထိုးပေးခဲ့တာပဲ ရှိပါတယ်။ တစ်ခြား ခံဝန်လက်မှတ် တစ်စုံတစ်ရာမှ မထိုးခဲ့ရပါ။

အဲဒီနောက် ဝေါမြို့နယ်ကနေ ရွေးကောက်ခံရပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့ပါတယ်။ ဂန္ဒီခန်းမ ညီလာခံပြီးတော့ နိုင်ငံရေး တင်းမာမှုတွေ ဖြစ်ခဲ့ပြီး ၁၉၉ဝ အောက်တိုဘာ ၂၃ ညမှာ ပြန်အဖမ်းခံရပါတယ်။ အပြင်မှာ ၆လပဲ နေခဲ့ရပါတယ်။

အဲဒီနောက် စစ်ခုံရုံးက ထောင် ရ နှစ်ချတယ်။ ၁၉၉၂ ဧပြီလ၂၄ မှာ ဗိုလ်ချုပ်စောမောင်ကိုအနားပေးပြီး ဗိုလ်ချုပ်သန်းရွှေတက်လာချိန်မှာ နိုင်ငံရေးအကျဉ်းသားအတော်များများကို လွှတ်ပေးတော့ ၁၉၉၂ ဧပြီ ၂၉ မှာ ကျွန်တော် လွတ်ခဲ့ပါတယ်။ လက်မှတ်တစ်စုံတစ်ရာ မထိုးခဲ့ရပါ။ နဝတ ခေါင်းဆောင် အပြောင်းအလဲမှာ သူ့သဘောသူဆောင်ပြီး လွှတ်ပေးတာပဲ ဖြစ်ပါတယ်။

၁၉၉၆ မေ ၂၁ မှာ ကျွန်တော် တတိယအကြိမ် ပြန်အဖမ်းခံရပါတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာ သိတဲ့လူတွေကို မေးကြည့်ပါ။ ကျွန်တော် ဒုတိယအကြိမ် ထောင်ထဲရှိနေစဉ် ၁၉၉၁ မှာ မျိုးချစ်ရဲဘော်ဟောင်း ခေါင်းဆောင်စုက NLD ကနေ ကျွန်တော့်ကို ထုတ်ပယ်ထားပေမယ့် ၁၉၉၅ ဒေါ်စုလွတ်လာတော့ မနေနိုင်မထိုင်နိုင် ဒေါ်စုဆီကို ကျွန်တော် ပြန်သွားပြီး ဝိုင်းရံနေခဲ့လို့ သောက်မြင်ကပ်ပုဒ်မနဲ့ ဖမ်းထည့်တာ ခံခဲ့ရတာပါ။

အဲဒီတုန်းက တစ်ပြည်လုံးသိမ်းကျုံးဖမ်းခဲ့တဲ့ တစ်ခြားအမတ်တွေအားလုံးလိုလို ပြန်လွှတ်ပေမယ့် ကျွန်တော်ရယ် ဗိသုကာဦးကျော်မင်းရယ် ဦးမိုးသူရယ်၊ ဦးအေးဝင်းရယ် ဦးသိန်းတင်ရယ်ကို အင်းစိန်ထောင်ပို့ပြီး ၁ဝ (က)နဲ့ ပိ်တ်ထားခဲ့တယ်။ ဦးသိန်းတင် ဦးကျော်မင်း ရောဂါသည်းလို့ ပြန်လွှတ်ပေးတယ်၊ မကြာခင်သေကုန်ကြတယ်။ ဦးမိုးသူ ဇနီး ၁၉၉၉ ဒီဇင်ဘာမှာ ဆုံးလို့ သူ့ကို ပြန်လွှတ်ပေးလိုက်တယ်။

ကျွန်တော်နဲ့ ဦးအေးဝင်းပဲ ထောင်ထဲကျန်တယ်။ ကျွန်တော်ဆေးရုံ ၂ကြိမ်တက်ရတယ်။ ဦးအေးဝင်းဆေးရုံ ၂ကြိမ်တက်ရတယ်။ မသေလို့ ကျန်ကြတာပါ။ နောက်ဆုံး ၂၀၀၁ မေလ၂၁ မှာ ကျွန်တော်တို့ ၅နှစ်ပြည့်တယ်။ ပုဒ်မ ၁ဝ (က) အရ ၅နှစ်ထက်ပိုထားလို့မရဘူး။

အဲဒါကြောင့် ကျွန်တော့် ဇနီးက ရှေ့နေနဲ့တိုင်ပင်ပြီး အစိုးရဆီကို စာတင်တယ်။ ဥပဒေအရဆိုရင် ကျွန်မယောကျင်္ားကို ၂၀၀၁ မေလ ၂၁ မှာ လွှတ်ပေးရမယ်၊ ဘာကြောင့်မလွှတ်ပေးတာလဲလို့ အရေးဆိုခဲ့တာပါ။ ကျွန်တော့်ဇနီးရဲ့ ရဲရဲဝံ့ဝံ့ အရေးဆိုမှုကြောင့် ကျွန်တော့်ကို ၅နှစ်နဲ့ ၂၃ ရက်အကြာ၊ ၂၀၀၁ ဇွန်လ ၁၃ ရက်မှာ ပြန်လွှတ်ပေးလိုက်တာပါ။

ခံဝန်လက်မှတ်ထိုးလို့ လွှတ်ပေးတာမဟုတ်ပါ။ လက်မှတ်ထိုးဖို့ နေနေသာ ကျွန်တော်ကတောင် ဥပဒေပါ တရားဝင်ခွင့်ပြုတဲ့ ချုပ်နှောင်ရက်ထက် ၂၃ ရက် ပိုနေခဲ့ရတာပါ။ ဦးအေးဝင်းကိုလဲ ကျွန်တော်နဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ လွှတ်ပေးလိုက်ပါတယ်။

ကျွန်တော့်ကို တိုက်ခိုက်တဲ့စာတွေထဲမှာ တစ်ခြားအချက်အလက်တွေက ဖတ်မိသူတိုင်း ချင့်ချိန်နိုင်မှာဖြစ်လို့ ကျွန်တော် ဖြေရှင်းစရာ တစ်ခုမှ မပါပါ။

ကျွန်တော်ကြောက်ချီးပါပြီး ထောင်ထဲက လက်မှတ်ထိုး ဒူးထောက်ပြီး ထွက်လာတယ်ဆိုတာကိုကျတော့ တချို့လူငယ်တွေက အဖြစ်မှန်သိချင်ကြတယ်။

အဲဒါကြောင့် အဲဒီကိစ္စတစ်ခုတည်းကို ယခု ရှင်းပြလိုက်တာပါ။ ကျွန်တော့်ကို တိုက်ခိုက်တဲ့လူတွေကို ပြန်ဖြေရှင်းတာ မဟုတ်၊ ကျွန်တော့်အပေါ် ခင်မင်လေးစားတဲ့ လူငယ်တွေကို လေးစားသမှုနဲ့ ပြောပြတာပဲ ဖြစ်ပါတယ်။

လူငယ်မိတ်ဆွေတွေကို ထပ်မံပြောပြချင်တာက ကျွန်တော့်အကြောင်းကို သေချာဂန သိချင်ရင် ၁၉၆၂ကစပြီး ကျွန်တော့်ကို သိခဲ့သူ ကျောင်းနေဖက်များနဲ့ နောက်ပိုင်းမှာ သတင်းစာလောကမှာ ကျွန်တော်နဲ့အတူတူ အလုပ်တွဲလုပ်ဖူးတဲ့ အယ်ဒီတာတွေ သတင်းထောက်တွေ၊ စာစီသမားတွေ ဖိုမင်တွေကို မေးကြည့်ပါ။

ကျွန်တော်ဟာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ချစ်ချစ်ခင်ခင်နေတတ်ပြီး ဘယ်သူ့ကိုမှ ချောက်မချခဲ့သူ၊ အလုပ်သမားတွေရှေ့က ရပ်ခဲ့သူဆိုတာ ပြောပြပါလိမ့်မယ်။ ကျွန်တော်ဟာ ဆရာဒဂုန်တာရာဩဝါဒဖြစ်တဲ့ ရန်သူမရှိ မိတ်ဆွေသာရှိဆိုတဲ့ မူကို တကယ်ကျင့်သုံးနိုင်ခဲ့တယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်မိပါတယ်။

သို့ပေမယ့် ခုတော့ ကျွန်တော့်ကိုလဲ ချမ်းသာမပေးဘဲ တိုက်ခိုက်တာတွေ ကိုယ်တွေ့ကြုံရပါပြီ။ စိတ်မကောင်းဖြစ်မိတာအမှန်ပါ။ နောက်ထပ် ကျွန်တော် ဘာမှ ထပ်မံ ဖြေရှင်းစရာမရှိပါ။ ကျွန်တော့်ကို တိုက်ခိုက်တဲ့စာတွေကို ဉာဏ်နဲ့ယှဉ်ပြီးသာ ကြည့်ကြပါတော့လို့ ပြောပါရစေ။

(မိုးမခဖြည့်စာ – အထက်ပါဆောင်းပါးကို သူ၏ ဖေ့စ်ဘွတ်မှ ပြန်လည်ဖော်ပြပါတယ်။ စာရေးဆရာ အယ်ဒီတာ မောင်ဝံသဟာ လက်ရှိ ပြည်သူ့ခေတ်ဂျာနယ် ထူထောင်ထုတ်ဝေသူ၊ အယ်ဒီတာတဦးဖြစ်ပါတယ်။ အတွေးအမြင်လစဉ်မဂ္ဂဇင်း ထုတ်ဝေသူတဦးလည်း ဖြစ်ပါတယ်။ ၎င်းကိုယ်တိုင် ထူးထူးခြားခြား တုန့်ပြန်ရေးသားတဲ့ စာကို မိုးမခက ထပ်ဆင့်ဖြန့်ချိပေးလိုက်ပါတယ်။ စာရေးဆရာ မောင်ဝံသနဲ့ သူရဲ့ အတွေးအမြင်မဂ္ဂဇင်းကို မိုးမခမိတ်ဆွေများ(ချစ်သူများ) အဖြစ် ၂၀၀၉ ခုနှစ်က ဂုဏ်ပြုချီးမြှင့်ခဲ့ဖူးပါတယ်။)
http://www.rogers-cybernetics.com/fmaxwell/PHProxy/index.php?q=aHR0cDovL21vZW1ha2EuY29tLzIwMTIvMDQvbWF1bmctd3VudGhhLSVlMSU4MCU5MCVlMSU4MCVhZCVlMSU4MCVhZiVlMSU4MCU4MCVlMSU4MCViOSVlMSU4MCU4MSVlMSU4MCVhZCVlMSU4MCVhZiVlMSU4MCU4MCVlMSU4MCViOSVlMSU4MCU4NSVlMSU4MCVhYyVlMSU4MCU5MCVlMSU4MCU4MSVlMSU4MCViYSVlMSU4MCVhZCVlMSU4MCViMyVlMSU4MiU5NSVlMSU4MCU5NCVlMSU4MCViMi8%3D

6 comments

  • အာကြီး

    April 20, 2012 at 7:50 pm

    ဝဋ် ရှိ လို့ ခံရတယ် လို့ သဘောထားလိုက်ပါ
    ဥပေက္ခါ တရားကို ကျင့်သုံးရင်လဲ မြင့်မြတ်ပါတယ်
    ဒါနဲ့
    ဘယ်သူက ဘယ်သူ့ကို ဘယ်နေရာမှာတိုက်ခိုက်သလဲ လင့်ပေးမှ သိတော့မပေါ့
    ခုတော့
    ဘာမှန်းမသိ အသားလွတ်ဖြစ်နေတယ်။

  • ဝက်ပေါက်

    April 20, 2012 at 9:31 pm

    ဒီမှာပါခင်ဗျာ လင့် http://www.facebook.com/profile.php?id=100002898954997
    အမှန်က သူပြောသွားတဲ့ Mizu Yota ဆိုပြီး ရိုက်ရှာလိုက်ရင် တွေ့ပါတယ် သတိမထားမိလို့နေမှာပါ 🙂

  • kai

    April 20, 2012 at 11:44 pm

    ရွာသူားတွေအသိအမြင်ကျယ်အောင်.. မေးလ်ဂရုထဲက.. ရထားတဲ့စာပြန်တင်ပေးလိုက်ပါတယ်..။ မူရင်းရေးသူ၏အာဘော်သာဖြစ်ပါကြောင်း…

    ==============
    9. ‘ဒီလှိုင်း’ ပုတ်၍ ပြုတ်ကျသူ = ?
    ဗိုလ်ဖိုက်တာ (Burma Media Wash ဝေဖန်သည် အဝေဖန်ခံသည်)
    တလောကဟံသာဝတီဦးဝင်းတင်မွေးနေ့အခမ်းအနားကျင်းပခဲ့သည်။ ထိုသို့သောပွဲမျိုးကိုကျနော်ဗိုလ်ဖိုက်တာကရှောင်သည်။ ပွဲရှင်က,မျက်နှာကြီး..လေလေ၊ ကျနော်ဗိုလ်ဖိုက်တာက..ရှောင်လေလေ..။
    အိမ်း..ဦးဝင်းတင်၏မျက်နှာအကြီးကြီးသည်၊ အကယ်၍များ,အသေးလေးဖြစ်သွားခဲ့သော်၊ (ဟယ်..ဖွ..လွဲစေ၊ ပယ်စေ..)၊ အဲဒီ.. မျက်နှာသေး,မျက်နှာငယ်ဆီကျနော်ဗိုလ်ဖိုက်တာက၊ ထိပ်ဆုံးကသွားပါမည်။
    ဤသို့ဆိုလိုက်သဖြင့်..ဟဲ..ဟဲ. .ဦးဝင်းတင်၏အနားမှာပြာလောင်ခတ်ခဲ့ကြကုန်သော ,ပြာလောင်ခတ်နေကြကုန်သော‘အနားပြာ’ များကဒေါထပြီးဗိုလ်ဖိုက်တာကိုချချင်ကြပေလိမ့်မည်။
    BurmaMediaWash..အဖွဲ့ဝင်,သက်ကြီးရွယ်ကြီး..ဦးမင်းနိုင်မင်းကမူ..၊ ဗိုလ်ဖိုက်တာကိုမချမီ၊ ချက်ချင်းလက်ငင်းချရမည့်သူကိုညွှန်ပြနေလေပြီ။
    “တလောကကိုဝင်းတင်ရဲ့မွေးနေ့ပွဲကိုသွားခဲ့ရတယ်ကွာ..။ မော်တော်ကားလွှတ်ပြီးခေါ်လို့မလွှဲသာ,မရှောင်သာသွားခဲ့ရတာ..။ ..ဟင်း..ပြောတောင်,မပြောချင်ပါဘူး..”
    “ဟာ..ဦးမင်းနိုင်မင်းကလုပ်ချလိုက်ပြီ။ မပြောချင်ပါဘူးဆိုလေ..၊ နားထောင်ချင်လေ..။ ..ဟဲ..ဟဲ…၊ ..ကဲ..ပြောပါဗျာ..ပြောပါ..”
    သည်တော့မှ..ပြောတောင်,မပြောချင်ပါဘူးဟုဆိုခဲ့သည့်ဦးမင်းနိုင်မင်းက..ဟဲ..ဟဲ..ဟဲ…‘ပြောချင်လွန်းလို့’ပြောပါလေတော့သည်။

    “ကိုဝင်းတင်ရဲ့မွေးနေ့ပွဲမှာကြည်ကြည်နူးနူးပျော်မြူးစရာတွေသာဖြစ်သင့်တာ.။ ဘယ့်နှယ်ဒီလှိုင်းစာစောင်ကသမီးရွယ်ခလေးမကိုစီးစီးပိုးပိုး,ဂျစ်တီးဂျစ်ကပ်ပြောသကွာ.။ သားသမီးချင်းမစာနာဘူး”
    “ဘယ်သူက၊ ပြောတာလဲခင်ဗျ..။ ဘာအကြောင်းကို၊ ပြောတာလဲခင်ဗျ..”
    “တော်တော်အောက်တန်းကျသကွာ။ ပြောပေါက်က‘နင်တို့,ငါ့စာမူကိုသုံးမှာလား။ မသုံးဖူးလား’တဲ့..။ နင်ပဲငဆရိုင်းပြတဲ့စကားကွ။ လေသံကထန်ပါဘိ။ မျက်နှာပေါက်ကဆိုးပါဘိ..။ ဒင်း..နှယ်..ငါ..တယ်..”
    ဦးမင်းနိုင်မင်းကစကားပြောရင်းဒေါသကနှောလာသဖြင့်၊ ရှေ့မဆက်ပဲတုန့်ထားလိုက်၏။ ထန်လာသောစိတ်ကိုဖြေလျှော့လေသည်ထင့်..။ ခဏကြာသွားတော့မှ၊ စကားကိုဆက်သည်။
    “ဒီလှိုင်းခလေးမလေးကပြန်ပြောသကွဲ့…။ ‘ဦး..ဒီကိစ္စက…၊ သမီးနဲ့မဆိုင်ပါ…။ အယ်ဒီတာတွေကိုမေးပါ’တဲ့..”
    ကျနော်ဗိုလ်ဖိုက်တာသိထားသည်က၊ ခလေးမလေးညွှန်ပြသည့်အယ်ဒီတာတွေဆိုတာ..၊ အကြံပေး..ဦးဝင်းတင်..။ တာဝန်ခံ..ဦးအုန်းကြိုင်..။
    သည်တော့..‘ဦးဝင်းတင်နှင့်ဦးအုန်းကြိုင်တို့ဆရာတပည့်,သားအဖကိုမေးပါ’ဟု၊ ခလေးမလေးကလမ်းကြောင်းအမှန်ညွှန်ပြလိုက်သည်ကိုး..။
    ကျနော်ဗိုလ်ဖိုက်တာကဤသို့စဉ်းစားမိသဖြင့်‘ဟိုက်..အာဂခလေးမလေးပါလား’ဟု၊ စိတ်ထဲကနေဩဘာပေးမိ၏။
    ထိုစဉ်..ဦးမင်းနိုင်မင်းကဆိုလာပြန်၏။
    “ခလေးမလေးကိုနောက်ဆုံးပြောလိုက်ပုံက၊ နင်တို့ငါ့စာမူကိုသုံးချင်ရင်ငါ့ဆီလာယူကြတဲ့..။ ‘နင်တို့’လို့ပြောလိုက်တော့၊ အဲဒီ‘နင်တို့’ထဲမှာဦးအုန်းကြိုင်ရော,ဦးဝင်းတင်ပါ,ပါသွားကရော..။ ကိုင်း..ကောင်းကြသေးရဲ့လားဗျာတို့”
    ဦးမင်းနိုင်မင်းခမျာ၊ မချည့်တင်ကဲတိုင်တည်ရပြီ။
    ဪ..‘ဒီလှိုင်း’စာစောင်အတွက်၊ စာမူအပေးရခက်နေသည့်အကြောင်းကိစ္စပါကလား..။
    ဒါလေးများ..ဘာခက်လို့လဲဗျာ..။ ကျနော်ဗိုလ်ဖိုက်တာအဖို့မူ..၊ အရမ်း,အရမ်းကိုလွယ်၏။ ဒီလှိုင်း’စာစောင်တွင်ဟု.၊ အီးမေးလ်လိပ်စာဖေါ်ပြထားသည်မဟုတ်ပါလား။
    ထိုလိပ်စာအတိုင်းကျနော်ဗိုလ်ဖိုက်တာကစာမူပို့ဖူးသည်..။ ကလောင်နံမည်က..၊ အသစ်ကျပ်ချွတ်..။ စာမူ၏ထိပ်တွင်ထင်ထင်ရှားရှားကြီးရေးထဲ့လိုက်သည်က-
    “ဖေါ်ပြသင့်မှသာ၊ ဖေါ်ပြပါ။ မဖေါ်ပြသင့်လျှင်၊ မဖေါ်ပြပါနှင့်” ဟူ၏။
    ဒီပုံစံအတိုင်းချည့်‘ဒီလှိုင်း’သို့ဆောင်းပါးနှစ်ပုဒ်ပို့ဖူးသည်။ တာဝန်သိစိတ်အရပိုခဲ့ခြင်းဖြစ်သည်။ ‘ဒီလှိုင်း’က..၊ မသုံး..။ ကိစ္စမရှိ..။ ကိုယ့်ဘက်ကတာဝန်ကျေဖို့သာ၊ အဓိက..။
    ထိုဆောင်းပါးနှစ်ပုဒ်ကို၊ မိမိနှင့်၉ဝရာခိုင်နှုန်းမျှဓါတ်ကျရာဧရာဝတီဘလော့ဂ်သို့ပို့သည်..။ ဧရာဝတီဘလောဂ့်ကအားရဝမ်းသာဖေါ်ပြသည်။
    ဟော..ယခုတကြောရေးနေသည့်ဆောင်းပါးမျိုးကိုတော့၊ ဧရာဝတီကိုယ်တော်မြတ်တို့ကလက်ရှောင်သည်။ မသုံး။ ဆင်ခြေပေးပုံကသင်းလှပါ၏။ ပြည်တွင်းကပုဂ်ဂလိကမီဒီယာများနှင့်မောင်နှမဖြစ်နေလို့ပါတဲ့..ဟဲ..ဟဲ..။
    ဟိုး..ယခင်တစ်ကြိမ်က၊ ဗဟုလုပ်စားအောင်နိုင်ဦးနဲ့သူ့မယားနိုင်ငံခြားသူတို့ခြေရှုပ်တဲ့အကြောင်း..၊ DVBကတရုပ်ကိုကြော်ညာပေးနေတဲ့အကြောင်း..။ ဒါတွေကိုဖွင့်ချလိုက်တော့.ဆင်ခြေပြန်ပေးလိုက်ပုံကပြောင်မြောက်ပါဘိ။ နတ်နေကိုင်းတွေဖြစ်နေလို့ပါတဲ့..ဟဲ..ဟဲ.။
    သည်တော့,ဧရာဝတီကတူလိုသားလိုကိုယ်တော်မြတ်‘၂၁ရာစုလူနပ်လူစွာ’များကို၊ “ဟေ…ကိုယ်ရင်တို့က၊ ဒီလိုလား”ဟုစိတ်ထဲကရေရွတ်ပြီး၊ တစ်ကိုယ်တော်မီဒီယာစနိုက်ပါလုပ်လာခဲ့တာ..ဟဲ..ဟဲ..ပစ်မှတ်ကို ကွက်တိဒက်ထိချည်းပါပဲဗျာ..ဟဲ..ဟဲ..
    ကြုံတုန်းကြုံခိုက်၊ ကြွားကောင်းကောင်းနဲ့ကြွားလာလိုက်သည်မှာ.၊ ဦးမင်းနိုင်မင်းကိုဆက်မေးဖို့ရာအချိန်အတန်မျှလှစ်ဟာသွားလေပြီ။ ကိုင်း,သတိရခိုက်ယခုပင်မေးလိုက်ပါမည်။
    “ဦးဝင်းတင်ပွဲမှာ,များတကာမင်္ဂလာယူနေတုန်း၊ ဒီလှိုင်းကသမီးရွယ်ခလေးမကို၊ မာန်လားမဲလားလုပ်တာ၊ ဘယ်‘ဟဝှာ’လဲခင်ဗျ..”
    ဦးမင်းနိုင်မင်းက၊ တစ်တစ်ခွခွ,ပယ်ပယ်နယ်နယ်,တွယ်လေပြီ။
    “ဟဲ့..ဗိုလ်ဖိုက်တာ..။ ဗိုလ်ချုပ်ပြောခဲ့တဲ့စကားရှိသကွယ်..။ ဟိုဘက်ပြေးကပ်,ဒီဘက်ပြေးကပ်တဲ့‘ဆိတ်လစိ’တဲ့..။ ၈၈,ကစလို့,ခုချိန်ထိဦးဝင်းတင်ပုဆိုးစဆွဲပြီးNLDဘက်ပြေးကပ်”
    ဦးမင်းနိုင်မင်းကစကားကိုတစ်ဖြတ်,ဖြတ်လိုက်သည်။ သူ့စကားကိုလုံးထွေးမသွားစေလို၍ခေတ္တရပ်ထားတာဖြစ်ပေလိမ့်မည်။ ဟော..ခဏမျှကြာတော့၊ ဆက်ပြောပြန်သည်။
    “ထောင်ထဲမှာလက်မှတ်ထိုးပြီးထွက်လာခဲ့တယ်။ ငြိမ်ငြိမ်မနေဖူး။ ဇာတ်ပွဲထဲကအာဏာမသေမရှင်ဗီလိန်ဝန်ကြီးကျော်ဆန်းရဲ့ခြေထောက်ကိုဖက်ပြီး..၊ အာဏာအဝန်းအဝိုင်းဘက်ပြေးကပ်”
    ကျနော်ဗိုလ်ဖိုက်တာက၊ ဦးမင်းနိုင်မင်း၏စကားရိပ်ကိုကြားရရုံမျှနှင့်၊ အကောင်လိုက်မြင်လိုက်သည်။ လက်စသတ်တော့၊ ဆိတ်လစိဟူသည်..‘အခွင့်ထူးပါမစ်၊ ပြည်သူ့ခေတ်’..ပိုင်ရှင်မောင်ဝံသ..။
    ခက်သည်။ ခက်ပါသည်။ အတော့်ကိုခက်ပါသည်။
    ယာမာယနဆောင်းပါးရှင်ဒေါ်အောင်ဆန်းစုကြည်ကို၊ အာဘော်ဆောင်းပါးပထမဆုရှင်အဖြစ်အများသဘောတူအတည်ပြုခဲ့ပြီးဖြစ်သည်။ ဒါကိုမောင်ဝံသက၊ ကျော်ဆန်းထံတင်ပြခဲ့သည်..။ မနာလိုသူကျော်ဆန်းနှင့်အပေါင်းပါတစ်စုက၊ ဆိတ်လစိမောင်ဝံသကိုခြေဖြင့်တို့လိုက်သည်။
    ဤတွင်ဆိတ်လစိမောင်ဝံသက၊ လူထုခေါင်းဆောင်,ဒီမိုကရေစီခေါင်းဆောင်,ဒေါ်အောင်ဆန်းစုကြည်အားပထမဆုပေးရေးကိစ္စကို..၊ မိမိတစ်ဦးတည်း၏တစ်ကိုယ်တော်သဘောထားဖြင့်၊ အာဏာဒမြတို့အလိုကျ၊ ပယ်,ဖြုတ်ပစ်ခဲ့သည်။
    ဆိတ်လစိမောင်ဝံသ,သစ္စာဖေါက်တာ၊ များလှပြီ။ ယခုကာလအခါသမယတွင်၊ မောင်ဝံသကသူ့ကိုယ်သူမြွေပွေးအဖြစ်ဖန်ဆင်းပြီး၊ ‘ဟို..ဆရာကြီး’ဦးဝင်းတင်၏ခါးပိုက်ထဲအတင်းအဓမ္မဝင်အောင်းနေသည်.။
    ရှစ်စပ်ကဂျင်ဂျင်လည်သည့်‘ဟို..ဆရာကြီး’ဦးဝင်းတင်ခမျာ၊ ‘အ’လွန်းတာလား။ အားနာလွန်းတာလား.။ ဆေးမိနေတာလား..။ အပမှီနေတာလား..။
    ဧကန္တမောင်ဝံသ၏ဆေးအမိခံနေရတာ၊ ..ဖြစ်ဖို့များသည်…။ သို့မဟုတ်လျှင်မောင်ဝံသဟူသောမြွေပွေးအကိုက်ခံရလို့၊ ‘အပမှီ’နေတာဖြစ်ရမည်။
    ထို့ကြောင့်ကျနော်ဗိုလ်ဖိုက်တာက၊ စာပေမိတ်ဆွေများနှင့်နိုင်ငံရေးမိတ်ဆွေများအားလုံးကို၊ တိုက်တွန်းနှိုးဆော်သမှုပြုလိုက်ပါသည်။
    ‘ဟို..ဆရာကြီး’ဦးဝင်းတင်အတွက်ဆေးမိတဲ့ရောဂါအပမှီတဲ့ရောဂါတို့ကိုကုသပေးနိုင်စွမ်းတဲ့ပယောဂဆရာကြီးကြီးကိုရှာဖွေပြီးပင့်ပေးကြပါကုန်..။
    မောင်ဝံသဆိုတဲ့မြွေပွေးအသွင်ဖန်ဆင်းရှင်ကိုရှင်းပစ်နိုင်စွမ်းတဲ့အလမ်ပါယ်ဆရာကြီးကြီးကိုလည်းရှာဖွေပြီးပင့်ပေးကြပါကုန်..။
    အိမ်း..ကျနော်ဗိုလ်ဖိုက်တာမြင်ယောင်နေပါသည်။
    ဆိတ်လစိမောင်ဝံသမြွေပွေး၊ ပိုးထိရှာလျော့မည်..ဟူ၏။ ။ /ပြီး/<နောက်တမျက်နှာရှိသေးသည်>
    ဗိုလ်ဖိုက်တာ (Burma Media Wash ဝေဖန်သည် အဝေဖန်ခံသည်)
    <12:55PM;March 29, 2012>///
    အမှာစကား1> ‘အခွင့်ထူးပါမစ်၊ ပြည်သူ့ခေတ်’ပိုင်ရှင်ဆိတ်လစိမောင်ဝံသဖေါက်ပြန်လျှင်၊ မောင်ဝံသကို..ချ။
    Burma Media Wash ကဖေါက်ပြန်လျှင်၊ Burma Media Wash ကို..ချ။ ..နာနာ..ချ။
    အမှာစကား2> ယခင် (၈)ပုဒ်ကို အစုံအလင်မရသေးသူများ၊ ဆက်သွယ်ပါ။

  • kai

    April 20, 2012 at 11:58 pm

    အဲဒီအပေါ်က( ‘ဒီလှိုင်း’ ပုတ်၍ ပြုတ်ကျသူ = ?) ကိုစာပြန်ထားတာတွေထဲက.. တယောက်ရဲ့ပြန်စာလည်း ပြန်တင်ပေးလိုက်ပါတယ်..
    မူရင်းရေးသူတွေကို.. ဒီနေရာကနေပဲခွင့်တောင်းလိုက်ပါကြောင်းနဲ့.. စာဖတ်သူတွေအမြင်ရှင်းအောင် တင်ပေးရခြင်းသာဖြစ်ပါကြောင်း…။

    ==
    သို ့

    ဦးညွန် ့ရွှေ ခင်ဗျာ

    ၁။ ထောင်တွင်းအကြောင်းတွေသိချင်တယ်ဟု မေးလာသဖြင့် ကြုံတွေ ့ခဲ့ရသော ပြကွက်အချို ့ ကို အနည်းငယ်ဖော်ထုတ်လိုက်ပါသည်။ယခုဖော်ထုတ်ပေးမှုသည် ဒေါ်အောင်ဆန်းစုကြည်နှင့်ဒီချုပ်ကို ပုတ်ခတ်ခြင်းမဟုတ်ပါလို ့ရိုးသားစွာဝန်ခံပါသည်။ သေသွားသူများ၏ဂုဏ်သိက္ခာပိုင်းကိုလည်း မစော်ကားပါ။

    ၂။ သို ့သော်လည်း ၈၈၈၈ပြီးနောက်ပိုင်း ဒီချုပ်ဖွဲ ့တော့ ဘောင်းဘီချွတ်များ၊မဆလပြုတ်များသည်ဒုနှင့်ဒေးရောက်ရှိခဲ့ပါသည်။ အထက်မြန်မာပြည်စည်းရုံးရေးခရီးစဉ်ကို ဥက္ကဌဦးအောင်ကြီး(ဗိုလ်ချုပ်ပြုတ်)ဦးဆောင်စည်းရုံးရေးဆင်းချိန်မှာ ဒီချုပ်(အထက်ဗမာပြည်)လို ့သီးခြားဖွဲ ့မည့်ကိစ္စကိုလုပ်နေကြောင်း မုံရွာဦးတင်ရွှေက ရန်ကုန်ဗဟိုကို သတင်းပို ့ခဲ့သည်။ ထိုအညှိုးကြောင့် အက်ကွဲမှုကြီးဖြစ်ပေါ်ခဲ့သည်။ ၈၉ခုနှစ် ဇွန်လ၂၁ရက်နေ ့မှာ ဒေါ်စု မြေနီကုန်းတနှစ်ပြည့်ပန်းစည်းချမှုပြုခဲ့သည်။ဒေါ်စုကို Nissan patrol စစ်ကားပေါ်တင်ခေါ်ချိန်မှာ ဦးထွန်းတင်(ကွယ်လွန်)ရောက်လာပြီး အိမ်ကိုဘာများမှာစရာရှိသလဲလို ့မေးသဖြင့် ဒေါ်စုမျက်နှာရဲကနဲဖြစ်သွားပြီး အန်ကယ်ဘာလုပ်ရမယ်ဆိုတာ မသိဘူးလားလို ့ပြန်လည်တုန် ့ပြန်ခဲ့ပါသည်။ အထူးတိုက်မှာ အခန်းချင်းကပ်နေရသော အန်ကယ်ကြီးဦးထွန်းတင် လက်ချာရိုက်တာကလည်း ဒို ့ ကယခုဒီမိုကရေစီရေးလမ်းကြောင်းကိုလုပ်နေသောလည်း တနေ ့မှာ ပြည်သူ ့ ဒီမိုကရေစီစံနစ်ကိုဖော်ဆောင်ရမှာဖြစ်သည်လို ့ အကိုးအကားများဖြင့်စည်းရုံးလာသည်။

    ၃။အထက်ပါကိစ္စရပ်များကို နိဒါန်းပျိုးရခြင်းသည် ထောင်တွင်းမှာဖြစ်ပေါ်ကြုံတွေ ့ ခဲ့သော(ထိုသူများနှင့်) ပြဿနာများကို အခြေတည်နေခြင်းဖြစ်ပါသည်။ ပြီးတော့စိုးသိမ်း(စစ်ကိုနိုင်)၊မသူဇာအမှုမှာ ဆရာဦးဝင်းတင်ကြားညှပ်ခဲ့ခြင်းဖြစ်သည်။ အာဇာနည်နေ ့ ချီတက်ပွဲတာဝန်ပျက်ကွက်မှုကို အကျယ်မရေးလိုတော့ပါ။

    ၄။၉ဝရွေးကောက်ပွဲမတိုင်မှီမှာ အင်းစိန်ထောင်တခုလုံး နိုင်၊ကျဉ်းများဖြင့်ပြည့်နှက်နေပါသည်။ ဦးစိုးသိမ်း(မောင်ဝံသ)၊ဦးချမ်းအေး(မောင်စူးစမ်း)တို ့အမတ်နေရာအတွက် ထောက်လှမ်းရေးမှာဒူးထောက်သွားတာလည်း တထောင်လုံးသိကြပါသည်။ ဦးထွန်းတင်ကျန်ခဲ့သည်။ဒါကြောင့် ၃တိုက်မှာ ကျနေသော ဦးကိုယု က ရေချိုးထွက်ချိန်တိုင်းမှာ တနေ ့ တော့သမိုင်းမှာလက်ဖက်ရည်သောက်ပြီးရှင်းကြတာပေါ့ဗျာဆိုပြီး ရိပြောပြောပါသည်။ ဒါတွေကြောင့်လည်းဦးကိုယုသည် ထောင်ကလွတ်ပြီးကွယ်လွန်ချိန်အထိ ဒီချုပ်နှင့်မပက်သက်ပဲနေသွားခြင်းဖြစ်သည်။

    ၅။၉ဝဇူလိုင်ဂနီ္ဒနောက်ပိုင်းမှာ ဒီချုပ်အမတ်များဖမ်းပွဲကြီးဖြစ်ပြီးထောင်တွင်းပြန်ရောက်လာကြသည်။ ဘက်လ်ခ်စက်တင်ဘာအစာငတ်ခံဆန္ဒပြမှုကို ကျောင်းသားများလုပ်ပေမယ့် ထိုသူများမဆိုင်သလိုဖြင့် တိုက်တွေမှာနေကြသည်။ ကိုမင်းဇေယျကအစ အရိုးကွဲအောင်ရိုက်ခံရသည်။ စစ်ခွေးတိုက်မှာ ကော်စားပြီး အပတ်ပေါင်းများစွာနေရသလို၊ ကျောင်းသားတိုက်တွေကို ရေဖြတ်ထားလို ့ရေသောက်စရာမရှိချိန်မှာ ဒီချုပ်အမတ်များစိုးရိမ်ပြီး ရေပါစုဆောင်းထားကြသည်။

    ၆။ ထောင်တွင်းမှာ အချင်းချင်းလှည့်ဖတ်လို ့ရအောင် ပလတ်စတစ်(ကြွပ်ကြွပ်အိတ်) စာစောင်ထုတ်သည်။ ဒီလှိုင်းအတိုင်းပဲ စာမူမထည့်ပေးလို ့ဆိုပြီး ဝါဒါဆီ သတင်းပို ့ သည်။စစ်ခွေးတိုက်ရောက်သူများသည် ကျောင်းသားတွေပဲဖြစ်သည်။ပြီးတော့ယိုဇိုရိုကိုတာ (လူ ့ အခွင့်အရေးမဟာမင်းကြီး)ကို စာရေးမှုမှာ ဆရာဦးဝင်းတင်ဦးဆောင်ပြီးလုပ်ရာမှာ ဒီချုပ်အချင်းချင်းပဲ သတင်းဖွလို ့ ဆရာအပါအဝင်၊ကိုမျိုးမြင့်ငြိမ်းနှင့်ကျောင်းသားများအမှုတွဲကာ နှစ်တိုးဖြစ်ခဲ့ရသည်။ ထောက်လှမ်းရေးက စစ်ဖိနပ်နှင့်ကန်ဟန်ပြခြိမ်းခြောက်တာနှင့် အကုန်ဖော်သော အာဂ၉ဝအမတ်နှင့်ဒီချုပ်အချို ့ဖြစ်သည်။ လူငယ်မှကိုရန်အောင်တို ့လိုလူများလည်း ၈၈ကျောင်းသား၊လူငယ်များနှင့်သာတွဲကုန်ကြပြီး ပါတီထောင်ကျများဖြင့်ဝေးဝေးနေခဲ့ကြသည်။ ထောင်ထဲမှာ ပါတီကြီးဝါဒကိုကျင့်သုံးသလို၊ညီညွတ်ရေးကိုဦးစားမပေးပဲ ပါတီလူသာပထမဆိုပြီးသွေးခွဲသော အလုပ်များကျင့်ကြသည်။

    ၆။ ထောင်များပြောင်းရွေ ့သောခေတ်ဖြစ်ချိန်မှာ သရက်ထောင်အကြောင်းပဲပြောပါ့ရစေ၊မြင်းခြံထောင်လက်နက်မှုအသေးစိတ်မသိသေးလို ့ မရှင်းပြတော့ပါဘူး၊သရက်မှာ အလှည့်ကျ ညဆို အားလုံးကောင်းပါသည်ဆိုသော ကင်းစောင့်ရသည်။ ကျောင်းသားများက ကိုယ့်အမတ်များ၏ဂုဏ်သိက္ခာအတွက် ကိုယ်စားဝင်ကာကင်းတာဝန်ယူပေးခဲ့သည်။ ဒီချုပ်လူငယ်များထပ်ရောက်လာချိန်မှာ သူတို ့ ကကင်းမစောင့်တော့ပဲ ရာဇဝတ်အကျဉ်းသားများကို ငွေပေးပြီးကင်းစောင့်ခိုင်းသည်။ သရက်ထောင်ကို အစောဦးဆုံးပြောင်းရတာကျောင်းသားတွေချည်းသာဖြစ်သည်(လူရှင်သချိုင်းစာအုပ်မှာလည်းဖော်ပြပြီး)။ ထောင်အာဏာပိုင်များ၏မတရားမှုများကို ကနဦးကတည်းကအန်တုခဲ့သည်။ ဒီချုပ်လူငယ်များရောက်လာမှအစဉ်အလာပျက်ပြီးထောင်အာဏာပိုင်နှင့်မျက်နှာချိုသွေးတာ

    ဖြစ်ခဲ့သည်။

    ၇။ အပြင်နိုင်ငံရေးအခံများက ပါတီအစွဲ၊ပါတီသူငယ်နာများကို ထောင်ထဲမှာကြီးထွားစေသည်။ အမတ်ဆိုသူလူကြီးများက ကိုယ့်လူကိုယ်မြောက်ထိုးပင့်ကော်လုပ်ပေးကြသည်။ထိုအခြေအနေများကို ထောင်အာဏာပိုင်တွေအကုန်သိသည်။ ဒါကြောင့်လည်း နိုင်ငံရေးအကျဉ်းသားအားလုံး၏ ကိုယ်စားလှယ်အဖြစ် ဒီချုပ်ကို မရွေးချယ်ပဲ ကိုငြိမ်းချမ်း(ညီပုလေး)ကို ထောင်ပိုင်မှရွေးခဲ့သည်။အမေဒေါ်အမာ ထောင်ဝင်စာလာတွေ ့တိုင်းမှာ ကိုငြိမ်းချမ်းဖတ်ဖို ့ စာအုပ်များသွင်းပေးသည်။ ထိုစာအုပ်များက နဝတထုတ်စာအုပ်များဖြစ်ကာ ဒေါ်အမာဖတ်ဖို ့ ဗိုလ်စောမောင်လက်မှတ်ထိုးတာတွေဖြစ်လို ့အရှိန်အဝါကြောင့် ရွေးလိုက်တာဖြစ်သည်။

    ၈။ကိုမင်းဇေယျာ၊ကိုကိုကြီး၊ကိုဇော်မင်းနှင့်အခြားသောကျောင်းသားလူငယ်များအကြားမှာ ဒီချုပ်မှကိုဝင်းလှိုင်တို ့က သူတို ့ပါတီအာဏာရခဲ့သော ၅(ည)၊၁၀(က)စသောပုဒ်မများကို မဖျက်ပေးနိုင်ဘူးလို ့ပြောဆိုခဲ့သည်။အဆိုပါပုဒ်မများက အစိုးရကို အကာအကွယ်ပေးလို ့ ဟုပြောသည်။

    ၉။ အတ္တကြီးမှုများကတော့ ထောင်ဝတ်စုံတောင် စုဆောင်းထားသူများဖြစ်သည်။ ကျောင်းသားများနှင့်မတည့်သဖြင့် တပုံတခေါင်းထောင်ဝင်စာလာသော စားစရာသောက်စရာများအားမဝေမျှပေးသလို၊ရာဇဝတ်အကျဉ်းသားများ၊ထောင်အမှုထမ်းများကိုသာပေးကမ်းကြသည်။ ဗကသ၊မကသကျောင်းသားများမှာအချင်းချင်းဆားတဇွန်း၊အချိုမုန် ့ တဇွန်းအပြန်အလှန်ချေးငှားမှုနှင့်ကြံကြံခံရသည်။

    ၁၀။ဒေါ်စု ပထမအကြိမ် အိမ်ချုပ်မှာလွတ်တော့ နိုင်ကျဉ်းကူညီရေးဆိုပြီးလုပ်ခဲ့သည်။ တဦးကို ငွေတထောင်၊ဆပ်ပြာတတုံး၊မျက်နှာသုတ်ပါဝါတထည်ဖြစ်သည်။ နာမည်ရှိသောကျောင်းသားခေါင်းဆောင်တချို ့သာရသည်။ ၈၈ကျောင်းသား၊လူငယ်အများအပြားမရပါ။ဒေါ်စုတို ့အပြင်ကလူများကတော့ ထောင်ထဲမှပါတီဝင်များပြုစုပေးသော စာရင်းအတိုင်းအမှန်ထင်ပြီးဆောင်ရွက်ကြတာဖြစ်သည်။သို ့သော်ထောင်တွင်း အတေးအမှတ်များကြောင့်နိုင်ကျဉ်းစာရင်းမှာပျောက်ခဲ့ရတာအမှန်ဖြစ်သည်။ ကူညီပေးသောပစ္စည်းအနည်းငယ်အားမမက်မောသောလည်း မိသားစုများအနေဖြင့် အသိအမှတ်ပြုမှုကိုလိုလားကြောင်း ထောင်ဝင်စာများမှာ မေးမြန်းရင်ဖွင့်ခြင်းကို နားထဲမှာ ကြားယောင်နေဆဲဖြစ်သည်။

    ၁၁။ ထောင်အာဏာပိုင်များမှ မေဒေးနီဆရာတော်ကြီးကိုမောက်မောက်မာမာစော်ကားမှု၊အခြားဆရာတော်၊ သံဃာတော်များအရေးကိစ္စအားလုံးကို ရှေ ့ဆုံးကရပ်ကာ တိုက်ပိတ်ဒဏ်ခတ်ခံမှုကိုရင်ဆိုင်ပြီး အရေးဆိုခဲ့တာကျောင်းသားများဖြစ်ကြောင်း ရဟန်းသံဃာများအသိဖြစ်သည်။ ထို ့ အပြင်မန်းငွေအောင်အမှုတွဲလို ကရင်တိုင်းရင်းသားအရေးကိုလည်းကျောင်းသားများပဲလုပ်ပေးခဲ့တာကို ကိုတွက်ကီတို ့ ကောင်းကောင်းသိပါသည်။ အပြင်မှာသာ မဟုတ် ထောင်ထဲမှာလည်း မဆိုင်သလိုနေမယ်ဆိုရင် စစ်ခွေးတိုက်မရောက်သလို၊လက်မှတ်ထိုးဒူးထောက်ပြီးလည်း လွတ်ပါသည်။

    ၁၂။ အကျယ်တဝင့်ကိစ္စများစွာကို ခုအချိန်မှာမဖော်ထုတ်လိုပါဘူးခင်ဗျာ။အကျဉ်းချုပ်ရေးလိုက်တာဖြစ်ပါသည်။စစ်ကြောရေးမှာ

    နှိပ်စက်ခံရတာ၊ စစ်ခွေးတိုက်အရောက်ကန်ကျောက်ရိုက်နှက်ပြီးတိရစ္ဆာန်ထက်ဆိုးရွားစွာ ဆက်ဆံခံရမှုထက် ဒီမိုကရေစီဘက်တော်သားအချင်းချင်း ငါစွဲ၊ပါတီစွဲများဖြင့် ဆက်ဆံမှုများသည် ပိုပြီးဆိုးရွားလှပါသည်။ ဒီမိုကရက်တစ်ကောင်းများ၏ လက္ခဏာမဟုတ်

    လို ့ခံယူမိပါသည်။

    လူညီလို ့ ဤကို ကျွဲဖတ်နေသော ခေတ်ကြီးမှာ မေးရိုးများကျိုးကြေအောင် အံကြိတ်နေရပါသည်။

    စစ်အောင်

  • amatmin

    April 21, 2012 at 8:39 am

    ဘယ်သူဘာလုပ်ခဲ့တယ်ဆိုတာကိုတော့ သေချာမသိနိုင်ပေမဲ့..
    လက်ရှိဘယ်သူက ဘယ်လိုခြေလှမ်းမျိုးလှမ်းနေတယ်ဆိုတာကိုတော့..
    မှန်းဆရ ပိုလွယ်တာမို့..ဒီဇာတ်လမ်းကို ပိတ်ကားပေါ်မှာ
    ဆက်စောင့်ကြည့်နေတာ ပိုကောင်းမယ်ထင်တယ်..

  • Thanlwinoo

    April 21, 2012 at 10:44 pm

    ခေတ်အဆက်ဆက် ပြည်သူတွေအတွက် အနစ်နာခံဆောင်ရွက်တဲ့သူတွေရှိသလို အဲဒီပြည်သူ့ဘက်တော်သားတွေကို စော်ကားပုတ်ခက်တဲ့ ပြည်သူ့သစ္စာဖေါက်တွေလည်း ရှိစမြဲ….
    ဘယ်သူလူကောင်းလဲ၊ လူဆိုးလဲဆိုတာ အချိန်တန်ရင် သမိုင်းမှာ ကျန်ရစ်မှာပါ..။

    သူ့လူကိုယ့်ဘက်သားလုပ်ပြီး အမြင်ရှုပ်ထွေးအောင်၊ ထင်ယောင်ထင်မှားသိက္ခာကျအောင်၊
    သွေးကွဲအောင်လုပ်တတ်တဲ့ အလိုတော်ရိတွေကိုတော့ အထူးသတိထားရမှာပါ..။

Leave a Reply