မှတ်ပုံတင်မဲ့ ဆိုင်ကယ်များ တရားဝင် မှတ်ပုံတင်ပေးခြင်းကို ဇွန်လကုန်အထိ ထပ်မံတိုးမြှင့် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ မှတ်ပုံတင်မဲ့ ဆိုင်ကယ်များကို နိုင်ငံပိုင် သိမ်းဆည်းသွားမည်

wailynnooJune 13, 20101min911

မြန်မာနိုင်ငံတွင် မှတ်ပုံတင်မဲ့ ဆိုင်ကယ်များ တရားဝင်မှတ်ပုံတင်ပေးနေခြင်းကို ၂၀၁ဝပြည့်နှစ် ဇွန်လ ၃ဝ ရက်နေ့ အထိ ထပ်မံတိုးမြှင့်ပေး သွားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ ယင်းကဲ့သို့ ထပ်မံတိုးမြှင့် ဆောင်ရွက်ပေးခြင်းနှင့်အတူ ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ မှတ်ပုံတင်မဲ့ ဆိုင်ကယ်များကို တရားဥပဒေနှင့်အညီ နိုင်ငံပိုင်အဖြစ် သိမ်းဆည်းသွားမည် ဖြစ်သည်ဟု သိရသည်။
အဆိုပါ ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ မှတ်ပုံတင်မဲ့ဆိုင်ကယ်များ ကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းရာတွင် ဆိုင်ကယ်၏ပိုင်ရှင်ဖြစ်သူက ဆိုင်ကယ်အား ပြန်လည်ရယူလိုကြောင်း လျှောက်ထားနိုင်သည်ဟု သိရသည်။ ယင်းသို့ လျှောက်ထားလာမှု အပေါ်တွင် ဆိုင်ကယ်၏ တန်ဖိုးနှင့်ကျသင့်သည့်  အခွန်ငွေများကို ပေးဆောင် စေပြီးမှသာ တရားဝင်မှတ်ပုံတင် ထားသော ဆိုင်ကယ်အဖြစ်  နိုင်ငံတော်က သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တရားဝင်သတင်း  ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် မှတ်ပုံတင်မဲ့  မော်တော်ဆိုင်ကယ်များကို ”ယ” အက္ခရာဖြင့် တရားဝင် မှတ်ပုံတင်ပေးသည့် အစီအစဉ်ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၁ဝ ပြည့် နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ နှစ်လတာကာလအတွင်း အခွန်အခများ ပေးချေစေ၍ တရားဝင် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးခဲ့သည် ဟု သိရသည်။ ထပ်မံ၍ မှတ်ပုံတင်မဲ့ ဆိုင်ကယ်များ တရားဝင် မှတ်ပုံတင် ပေးသည့်ကာလကို ၂၀၁ဝ မတ်လ ကုန်အထိ နှစ်လထပ်မံတိုးမြှင့်၍ ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။
ယင်းကဲ့သို့ တရားဝင်မှတ်ပုံတင်ပေးခြင်းကို နှစ်လ ထပ်မံတိုးမြှင့် ဆောင်ရွက်ပေးခဲ့သော်လည်း မူလ သတ်မှတ်ပေးခဲ့သည့် ကာလ ၂၀၁ဝ ဇန်နဝါရီလ ၃၁ ရက်နေ့ကို ကျော်လွန်၍  ဖေဖော်ဝါရီလအတွင်းမှတ်ပုံ တင်ပြုလုပ်ကြသည့်  ဆိုင်ကယ်များအတွက် ဆိုင်ကယ်တန်ဖိုးငွေ၏ ၁၅ ရာခိုင်နှုန်းကိုလည်းကောင်း၊ မတ် လတွင် လာရောက်မှတ်ပုံတင်ကြသည့် ဆိုင်ကယ်များအတွက် ဆိုင်ကယ် တန်ဖိုးငွေ၏ ၂ဝ ရာခိုင်နှုန်းကို ဒဏ် ကြေးငွေအဖြစ် ပေးဆောင်ကြရပြီး မှသာ တရားဝင်မှတ်ပုံတင် ခွင့်ပြုခဲ့ ခြင်းဖြစ်သည်ဟု သိရသည်။
မှတ်ပုံတင်မဲ့  ဆိုင်ကယ်များ တရားဝင် မှတ်ပုံတင်ပေးခြင်း အစီအစဉ်ကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းများရှိ မြို့၊ ခရိုင်၊ မြို့နယ် အသီးသီးရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးများတွင် ဆောင်ရွက်ပေးလျက်ရှိသည်။    အခွန်ငွေပေးသွင်းရာတွင် ဆိုင် ကယ်၏ မော်ဒယ်၊ ထုတ်လုပ်သော နိုင်ငံနှင့် အမျိုးအစားတို့အပေါ် မူတည်၍  နိုင်ငံတော်သို့ အခွန်ငွေ ပေးသွင်းရသည်ဟု သိရပြီး တရုတ် နိုင်ငံထုတ်  ၉ဝ စီစီ ဆိုင်ကယ်များ အတွက် ငွေကျပ်တစ်သိန်းကျော်ဝန်း ကျင်ခန့်နှင့် ဂျပန်နိုင်ငံထုတ် ၁၂၅ စီစီ ဆိုင်ကယ်များအတွက် ငွေကျပ် ခုနှစ်သိန်းကျော်  ရှစ်သိန်းဝန်းကျင် ခန့်အထိ ရှိနိုင်ကြောင်း သိရှိရသည်။

Source:news-eleven.com

One comment

  • susunosuki

    June 13, 2010 at 11:26 am

    ရန်ကုန်မှာ တလောလေးကမှ လမ်းထိပ်တော်တော်များများမှာ ဆိုင်ကယ်မဝင်ရဆိုပြီး ဆိုင်းဘုတ်တွေထောင်လိုက်တယ်
    မကြာပါဘူး
    ခုရက်ပိုင်းဆိုင်ကယ်တွေများလာလိုက်တာများ အရင်ကထက် ၅ ဆ မကပိုများလာတယ်
    မြို့တွင်းမှာတော့ မဟုတ်ဘူး
    မြို့သစ်ဘက်မှာ
    တော်တော်များလာတယ် ၊ သူတို့က ကယ်ရီသဘောမျိုးဆွဲတယ် ဆိုက်ကားသမားတွေက သူတို့ဖောက်သယ်တွေပါသွားလို့ဒေါသထွက်နေကြတယ်

Leave a Reply