ထိုင်း ရှပ်နီ ဆန္ဒပြပွဲ၌ အဖမ်းခံရသူစာရင်း မြန်မာ ၁၃ ဦး ပါဝင်

guestktyJune 13, 20101min600

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရှပ်နီ ဆန္ဒပြပွဲ ဖြစ်ပွား ပြီးနောက် ဖမ်းဆီးရမိသူများ စာရင်း ထုတ်ပြန်ရာ မြန်မာနိုင်ငံသား အလုပ်သမား ၁၃ ဦး ပါဝင်ကြောင်း သိရှိရသည်။

ယင်း ဖမ်းဆီးခံရ သူများကို သက်ဆိုင်ရာ ထိန်းသိမ်းရေး စခန်းများ၊ ရဲစခန်းများနှင့် အကျဉ်းထောင်များတွင် ထားရှိကြောင်းနှင့် ၎င်းတို့ ကျူးလွန်သည့် ပြစ်မှုကို ကွဲပြားစွာမသိရသေးကြောင်း ဘန်ကောက်အခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်း လှုပ်ရှားမှု ကော်မတီ (TACDB) မှ ဒါရိုက်တာ ဦးမြင့်ဝေက ဧရာဝတီသို့ ပြောသည်။

ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ဧပြီ ၂၂ ရက်နေ့က ရှပ်နီများ ဆန္ဒပြနေစဉ်။ (ဓာတ်ပုံ – Getty Images)

“အရေး အခင်းပြီးတော့ သူတို့ ထိုင်းရဲ ဌာနချုပ်က ဖမ်းထားတဲ့ ၄၁ရ ယောက် စာရင်း ထွက်လာတယ်။ အဲဒီအထဲမှာ ကျနော်တို့ မြန်မာ ၁၃ ယောက်ပါတယ်။ ပထုံဌာနီ ရဲစခန်းမှာ ၁ဝ ယောက်၊ လတ်ယောင် ထောင်မှာ ၂ ယောက်၊ အထူး ထိန်းသိမ်းရေး စခန်းမှာ ၁ ယောက်။ ညမထွက်ရ အမိန့်ကို မလိုက်နာ လို့လား၊ ဒါမှမဟုတ် ဆန္ဒပြတဲ့ သူတွေကို ဖမ်းရာမှာ ရောပါ သွားတာ လားတော့ မသိသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ အဖမ်းခံရသူများအတွက် TACDB ၏ ဥပဒေ အထောက်အကူပြု အဖွဲ ့က ဥပဒေကြောင်းအရ ကူညီဖြေရှင်းရန် ကြိုးပမ်းနေသည်ဟု TACDB ၏ ရှေ့နေ နိုင်ခွန်ထနု ဧကချွတ်က ပြောသည်။

“ကျနော်တို့ အဖမ်းခံထားရသူတွေနဲ့ တွေ့ဆုံပြီး သူတို့ကို ဥပဒေကြောင်းအရ အကူအညီပေးနိုင်ရေး အတွက် ကြိုးပမ်းနေပါတယ်။ အခုအချိန်ထိတော့ ဘယ်သူနဲ့မှ တွေ ့ခွင့်မရသေးပါဘူး၊ တနင်္လာနေ့ကျရင်တော့ သွားတွေ့ဖို့ရှိပါတယ်”ဟု သူက ဆိုသည်။

ရှပ်နီဆန္ဒပြပွဲ မပြုလုပ်မီက ဆန္ဒပြပွဲတွင် ရွှေ့ပြောင်းအလုပ်သမားများ ကင်းကင်းရှင်းရှင်း နေကြရန် ထိုင်းအာဏာပိုင်များက ပြင်း ပြင်း ထန်ထန် သတိပေးခဲ့ဖူးသည်။ အကယ်၍ ဆန္ဒပြပွဲနှင့် ဆက်စပ်၍ ဖမ်းဆီးခံရပါက ဒဏ်ငွေ ဘတ် တသိန်း (ကျပ် သိန်း ၃ဝ ခန့်)နှင့် ထောင်ဒဏ် ၅ နှစ်ကျခံရမည့်အပြင် ယာယီနိုင်ငံသားကတ် ကိုင်ဆောင်ထားပါက ဖျက်သိမ်းခံရမည်ဟု ထုတ်ပြန် ကြေညာ ထားသည်။

ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့က စတင်ခဲ့သော ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ထောက်ခံသော ရှပ်နီ ဝတ်များ ဆန္ဒပြပွဲမှာ မေလ ၁၉ ရက်နေ့တွင် စစ်တပ်နှင့် အစိုးရက ပြင်းထန်စွာဖြိုခွင်း နှိမ်နင်းပြီးနောက် ပြီးဆုံးသွားခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား ၂ သန်းခန့် ရှိမည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများက ခန့်မှန်းကြသည်။