စိတ်အလှနဲ့ လောက ကို အလှဆင်ပါ (ညီမလေးဖတ်ဖို့)

htet wayApril 24, 20121min12518

ညီမလေးရေ လမ်းပေါ်မှာ လူတွေ အုံနေတော့ အကိုလည်း ဝုန်းကနဲဆို လူတွေက ကြည့်ချင်ကြတဲ့ သဘာဝအတိုင်း ကြည့်မိခဲ့ပါတယ်။ ဆိုင်ကယ် တစ်စီးက တိုက်သွားလို့ စိတ်ဝေနာသည် အမျိုးသမီးတစ်ယောက်
လဲကျနေပါတယ်။ ဆိုးဆိုးဝါးဝါးတော့ မဟုတ်ပါဘူးကွယ်။ဆိုင်ကယ် သမားကလည်း ဘာမှ မဖြစ်သလို မောင်းထွက် သွားခဲ့တယ်။လူတွေကလည်း ဘာသိဘာသာပါပဲ ။ ညီမလေးရေ စိတ်ဝေဒနာသည်ကို တိုက်မိရင် ဥပဒေ
မရှိဘူးလားကွယ်။ အမျိုးသမီးကတော့ မျက်နှာ ရှုံ့မဲ့လို့ပေါ့။
ညီမလေးရေ စိတ်ဝေဒနာသည်တွေဟာ သနားစရာပါပဲကွယ် သူတို့ အတွက် အကိုတို့တွေက အကာအကွယ်ပေးရမယ် မဟုတ်လား။ ကူညီရမှာပေါ့ ညီမလေးရယ်။
ညီမလေးရေ တခါကပေါ့ မျက်လုံးနှစ်လုံးစလုံးမမြင်တဲ့ ဒုက္ခိတ ကိုမာလဲ့ ဆိုတဲ့ လူတယောက်နဲ့ ခင်မင်ခဲ့ဖူးပါတယ်။သူခမျာ မိဘညီကိုမောင်နှမလည်းမရှိရှာဘူးလေ။ဆောင်းဆို ကောက်ရိုးပုံမှာ ကွေးလို့။မိုးဆိုလည်း နီစပ်ရာ
တန်ဆောင်း တွေမှာ နေရရှာပါတယ်။ထူးဆန်းတာက သူဟာ တူရိယာတွေကို တီးတတ်မှုတ်တတ်တယ်လေ။ ဒီပညာလေးနဲ့ သူထမင်းစားရရှာတယ်ကွယ်။ အကို က သူ့ တယောလက်သံကို သိပ်ကြိုက်တယ်။သူသီချင်းတွေ
အလွမ်းသီချင်းတွေကွဲ့ ။အကိုက သတိတရ ပဲ တစ်နှစ်တခါ နှစ်ခါ သွားတွေ့ ပစ္စည်းလေးတွေပေး ပေါ့။
မျက်မမြင်တစ်ယောက်ရဲ့ ဘဝကို ညီမလေးတွေးဖူးလား သူတို့ရဲ့ လောက အပေါ် အားငယ်စိတ်တွေ ခံစားချက်တွေကို စာနာခဲ့ဖူးလား ညီမလေး။တကယ့်ကို သနားစရာတွေပါကွယ်။ အလင်းရောင်မရှိသူမှာ တခြား ဘာဆိုဘာမှ မရှိဘူးကွဲ့။နောက်တစ်နှစ်ကြာတော့ အကို သွားတော့ သူကို မတွေ့ရတော့ပါဘူးညီမလေးရယ် တန်ဆောင်း နံရံမှာ သူထိုးနေကြ ဟွန်းတယောလေးကိုပဲ တွေ့ခဲ့ရတယ် ။သူဟာ သေဆုံးသွားခဲ့ပြီလေ။
အကို က စုံစမ်းကြည့်တော့ ညဘက် မှာ ရွာထဲ ဆာလို့ ထမင်းတောင်းစားဖို့ လာတယ်တဲ့ အပြန်မှာ ချောက်ထဲပြုတ်ကျ ပြီး ချောက်ထဲက ရေ ထဲနစ်သေခဲ့တယ်လို့ သိရတယ်။
အထီးကျန် ဒုက္ခိတ တစ်ယောက် ဆွေမျိုးမဲ့ သူတစ်ယောက်ဆိုတော့ လွမ်းသူမရှိ၊ မျက်ရည်ကျမယ့်သူမရှိ လိုက်ပါပို့ဆောင်မယ့်သူမရှိပေါ့ ညီမလေးရယ်။
ညီမလေးရေ ဟိုတလောကအကိုရေးခဲ့တယ် ညီမလေးမှတ်မိမလားပဲ စင်ကပူမှာ အလုပ် သွားလုပ်တဲ့ ကလေးမလေး နိပ်စက်ခံရတာလေ။ အော် ကိုယ့်မြေမဟုတ် ၊ ကိုယ့်လူမျိုးမဟုတ်၊ ကိုယ့်အစိုးရမဟုတ်တော့ ခံရရှာတာပေါ့
လို့ အကိုတွေးမိခဲ့ပါတယ်။ခုတော့မအေးယုအောင်တစ်ယောက် လည်ပင်းမှာ မီးပူနဲ့ ကပ်ခံရတယ်ဆိုတဲ့သတင်း ဖတ်ရတော့ အကိုကြေကွဲမိတယ်။တခါ ဒီဗီဘီသတင်းမှာ သူ့အမေဒေါ်ကြူကြူနဲ့ အမေးအဖြေလုပ်တော့ အကိုရင် ထဲနာကျင်လိုက်တာ ညီမလေးရယ်။ ဘယ်မိဘမဆို ကိုယ့် သ ားသမီးကို ရျွှေပေါ်မြတင် ထားချင်ကြတယ်လေ မပြေလည်လလွန်းလို့သာပေါ့ ညီမလေးရယ် သူတပါးခိုင်းဖို့ သူတပါးခြေကြို လက်ကြားမှာ ထားရတာလေ။
ခုလို နိပ်စက်ခံရတော့ ဘယ်လိုခံစားနိုင်ပါ့မလဲ သူဘဝမှာ တစ်သက်တာအတွက် အနာကျင်ဆုံးဖြစ်နေမှာပါ ညီမလေး။ဒီကြားထဲ ကိုယ့်မြေ ကိုယ့်လူမျိုး မှာဖြစ်ခဲ့တာလေ။
အကို ဆေးကုရင်း ဒေါ်သိန်းတင်လမ်း ကန်တော်ကလေးမြို့နယ်ကိုရောက်တော့ မြင်လိုက်ရတဲ့ အိမ်အကူ အလုပ်သမလေးကတော့ ကောင်းလိုက်တာလေ။အိမ်ရှင်က မိသားစုလိုပဲထားတယ် ။ထမင်းဝိုင်းမှာလည်း အတူတူစားလို့ ညခင်းမှာလည်း အိမ်ရှင်က TV အတူတူ ကြည့်ဖို့ခေါ်လို့ ဘယ်လောက် စာနာမှုရှိတဲ့ မိသားစုလည်း တရားရှိတဲ့ လူတွေပဲ ညီမလေးရယ်။
ညီမလေးရေ တွယ်ရာမဲ့ လူသားတွေ မိဘမဲ့ကလေးတွေ ချို့တဲ့ သူတွေကို ညီမလေးတတ်နိုင်သလောက်ကူညီပါကွယ်။ သူတို့ကို လွတ်လပ်မှုနဲ့ တရားမျှတမှုဆီကို ဆွဲခေါ်ပါနော်။တကယ်တော့ ချို့တဲ့ သူတွေဟာ သူတို့မှာဝေဒနာတွေရှိတယ်ညီမလေး။နှလုံးသားနာကျင်ခဲ့ရတာတွေ ရှိနေမှာပါ။ အကိုတွေ့တဲ့ စာပွဲထိုးလေး ကတော့ မနက်စောစော အိပ်ယာက ထ၊ အလုပ်ကို စတင်နေချိန်မှာ ဆောင်းတွင်းမှာ ခိုက်ခိုက်တုန် ချမ်းနေရှာတယ်ကွယ်။ အနွေးထည် တထည် ဝယ်ပေးချင်စိတ်ကို ဖြစ်လောက်အောင် သူ့ခမျာ ချမ်းနေတာကိုတွေ့ ခဲ့မိတယ် ။ခြေတစ်ဖက်မရှိသူဟာ ချိုင်း ထောက်ကို အားပြုခဲ့ အဖေါ်ဇြစ်ခဲ့သလို တွယ်ရာမဲ့ လူသားတွေကလည်း အားပေးသူ ကူညီသူလို လားကြပါတယ်။
ညီမလေးရေ ဘယ်တော့ မှ မာန အလံထူပြီး စကားမပြောပါနဲ့ ညီမလေး။ အနိုင်ရတိုင်းလည်း မနိပ်စက်ပါနဲ့ အနိုင်မကျင့်မိစေနဲ့နော်။ အကိုတွေ့ဖူးတဲ့ အနိုင်ကျင့်သူတွေ မာနနဲ့ ပြောဆိုတတ်သူတွေဟာ အတုံအလဲ့ဆိုတဲ့ သဘောတရားထဲမှာ ကျဆုံးမှုတွေနဲ့ ရင်ဆိုင်တဲ့ အခါ မချိမဆန့်ပါပဲကွယ်။
ညီမလေးရေ မိတ်ဆွေစစ်ဆိုတာ ဒီခေတ်မှာ ရှားနေပါပြီ။ ရှိတော့ ရှိနိုင်မယ် ရှားတယ်ကွယ်။အကို က နယ်မြို့လေးမှာနေတော့ ဝါသနာတူတွေ ရှားတယ်လေ။တကယ်ပြောရရင် အကိုတို့မြို့မှာ စာတကယ်ရေးတဲ့ လူမရှိဘူးကွဲ့
လူလေးနှစ်ယောက် သုံးယောက် လောက်ရှိတာပဲလေ။ အကို က စာပေအကြောင်းပြောချင်ရင် လူငတ်တယ် ညီမလေး။ အကို ကဖုန်းဆက်ခေါ် လက်ဖက်ရည်တိုက်ပြီး စကားဝိုင်းဖွဲ့ တာပါ။ ဒီမှာ အကိုစိတ်ပျက်မိပါတယ်
စကားဝိုင်းမှာ က လူပိုတွေပါလာတယ်။ စကားမပြောဖြစ်ပါဘူး။အကိုက မိတ်ဆွေတကယ်ခင်တာပါ။ ဒါပေမယ့် လွတ်လပ်တဲ့ လူတွေရှားတယ် ညီမလေးရေ ။ တွေ့ချင်လို့ လာဗျာဆိုရင် မလာဖြစ်ကြဘူးလေ။
အကိုက ဖြေတွေးတွေးပါတယ်။သူတို့တွေ အလုပ်ရှိလို့ပဲလို့ ။နားလည်မှုပေးမိပါတယ်။
ဒီမှာ လေးစားစရာလူတစ်ယောက်ကို အကိုရင်ထဲ မမေ့နိုင်ခဲ့ဘူးညီမလေး ။တခါက ကိုအောင်မြင့်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဖုန်းဆက် ချိန်းမိခဲ့တယ်။သူက ၁ဝမိနစ်အတွင်း ကုန်ဈေးတန်းကိုလာခဲ့မယ်တဲ့ တကယ်ပါပဲ ညီမလေးရယ် တိကျလိုက်တာ ရောက်လာပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားတာလေ။သူကတော့ လူတိုင်းကို ဒီလို ဆက်ဆံတတ်ပေမယ့် အကို ကတော့ မမေ့နိုင်အောင် လေးစားမိပါတယ်။
နောက်တစ်ယောက်ကတော့ ဖုန်းဆက်ပြီး စာပေကိစ္စတွေပြောကြတာပါ။တခါပြောရင် မိနစ်၄ဝက အနည်းဆုံးပဲ ။ဒီခေတ်မှာ ဖုန်းကဒ်ကုန်မှာစိုးလို့ တစ်ချို့ဆို မက်ဆေ့နဲ့တောင် ပို့လို့ ခြွေတာနေတဲ့ အချိန်မှာ သူ့ခင်မင်မှုကို
အကိုတန်ဖိုးထားလိုက်တာလေ။ လူ့ဘဝတိုတိုလေးထဲမှာ တစ်ဦးနဲ့ တစ်ဦးခင်မင် ကြတာ မင်္ဂလာပဲ ။
မိတ်ဆွေဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အရင်းနှီးဆုံး အတူတကွ အပူမျှ နိုင်ရမယ်။ အရေးကြီးရင် သွေးနီးကြရမယ် ညီမလေး။ တိုင်ပင် တဲ့အခါ အကောင်းဆုံး အကြံကိုပေးနိုင်ရမယ်။တစ်ယေက်နဲ့တစ်ယောက် လေးစားနေရမယ်ကွယ်။ တစ်ယောက် ဘဝကိုလည်း တစ်ယောက်မြင့်ပေးနိုင်ရမယ်လို့ အကိုတော့ ထင်ပါတယ်။ကွယ်ရာမှာလည်း တစ်ယောက်ရဲ့ ကောင်းကောင်းကို တစ်ယောက်ကဖေါ်ကြူးနိုင် ရမယ်။ ပုံပြင်ထဲက ကျီးရိုသေ ဘုတ်ရိုသေ လိုပါပဲ။
ညီမလေးရေ လူ့ဘဝမှာ မတရားမှုတွေကြုံတွေ့တတ်ပါတယ် ။တရားတဲ့ ဘက်က ပဲ ရပ်တည်ပါနော်။ ကြံ့ခိုင် ခြင်းနဲ့ ခရီးဆက်ပါ ညီမလေး။ တကယ်တော့ ဉာဏ်စဉ်ကိုရေစင်ဖြန်းလို့ သတိနဲ့ သုံးတတ်အောင် သုံးပြီး စိတ်တည်ငြိမ်မှုကို ရှာဖွေကြည့်ပါလို့ အကို တိုက်တွန်းလိုပါတယ်။ စာနာတတ်တဲ့ စိတ်မရှိရင် ပတ်ဝန်းကျင်ပါ မလှဘူးကွယ်။ အကိုပြောခဲ့တဲ့ အိမ်အကူမလေးတွေ နိပ်စက်ခံရတာ စာနာစိတ်မဲ့သူရဲ့ မာန အလံထူနေသူတွေရဲ့ လက်ထဲကို ရောက်ခဲ့လို့ပါ။ တကယ်သာ တရားရှိသူတွေထံမှာနေရရင် သူတို့တွေ ရုပ် လည်း အနာတရ မဖြစ်ဘူး စိတ်လည်း အနာတရ မဖြစ်နိုင်ပါဘူး။
ညီမလေးရေ တွေးခေါ်စဉ်းစားဆင်ခြင်မှုတွေနဲ့ လောကကို အလှ ဆင်ပါကွယ်နော်။ အကိုကတော့ ကဗျာဆရာလို၊ ဆရာဝန်တစ်ယောက်လို စာသင်ဆရာတစ်ယောက်လို လောကကြီးကို အလှဆင်စေချင်ပါတယ်။
လူသားကောင်းကျိုးတွေကို ထမ်းရွက်တဲ့ နိမ့်ပါးသူတွေဘက်က ရပ်တည်တဲ့ လူတစ်ယောက် ဖြစ်စေချင်ပါတယ်။ဒီတော့ ညီမလေးရဲ့ ရုပ် အလှထက် စိတ်အလှကို ပြင်ဆင်လို့ လောကကို အလှဆင်ပါလို့ အကိုမှာလိုက်ပါရစေကွယ် နော်။ ။

18 comments

  • blackchaw

    April 24, 2012 at 8:54 pm

    ညီမလေး ဖတ်ဖို့ ဆိုတဲ့ ဆရာထက်ရေ။
    မည်းမည်းသည်းသည်း ဘလက်ချောဆိုတဲ့
    အရက်သမားကြီးတစ်ယောက်က အရင်ဆုံးဖတ်သွားပါတယ်ဗျာ.။
    စီးရီးလိုက် ဖတ်ချင်ပါတယ်ဗျာ။
    လက်မလေးထောင်ပြီး အားပေးသွားပါတယ်ဗျို့.။
    :mrgreen:

  • yuiio

    April 24, 2012 at 9:04 pm

    ညီလေးလည်း ဝင်ဖတ်သွားတယ်ဗျို့ ……….. ညီမလေးဆိုပြီးတော့ ခွဲခွဲခြားခြားမလုပ်ပါနဲ့ဗျာ …….. 🙂

  • Khaing Khaing

    April 24, 2012 at 9:07 pm

    ဆရာထက်ရေ ……… ညီမလေးဖတ်ဖို့တွေကို အားပေးနေတယ်နော် ……….. ဒီတစ်ခါကတော့ ညီမလေး နဲ့မဆိုင်ဘူးလို့ထင်လို့ မဝေဖန်တော့ဘူးနော် ……….. လေးဘလက်ကြီးကလူဇိုး သများကအရင်မန့်မလို့ဟာ ကို သူကဦးသွားတယ် ……. ဖတ် ဖတ် ဖတ်…..

  • htet way

    April 24, 2012 at 9:20 pm

    ဆရာဘလက်
    ခင်ဗျားက မည်းမည်းသည်းသည်းဆိုတော့ ကျုပ်က သတိရမိတယ် ဗျ။
    ကျုပ် ငယ်ချစ်ဦးက သဲသဲ (ခုထိ အပျိုကြီး) (ကြော်ငြာ)
    ကျုပ်တို့ကို မည်းမည်းသည်းသည်းခေါ်တယ် ကျုပ်ကမည်းတာကိုးဗျ။
    ခုလို အားပေးတာ ကျေးဇူးပါဗျာ။
    yuiioခင်ဗျား
    လောက သဘောပါ ညီလေး ညီမလေးအားလုံးနဲ့ဆိုင်ပါတယ်
    ညီမလေးခိုင်ခိုင်
    ဝေဖန်ပါကွယ် အားလုံးနဲ့ ဆိုင်ပါတယ်
    အားလုံးကို လေးစားခင်မင် ကျေးဇူးတင်ပါတယ်

  • ဦးဦးပါလေရာ

    April 24, 2012 at 10:11 pm

    ကိုထက်ဝေးရေ
    တတို့လောက်ပဲတို့ပါမယ်။

    လူလူချင်းနှိပ်စက်ညှင်းပန်းတယ်ဆိုတာ ယဉ်ကျေးတဲ့လူ့ဘောင်မှာ လုံးဝမရှိထိုက်ဘူးဗျာ…။
    အိမ်ရှင်က အိမ်ဖေါ်ကို မှမဟုတ်
    အလုပ်ရှင်က အလုပ်သမားကို မှမဟုတ်-
    ဘယ်သူက ဘယ်သူ့ကိုမှ ဘာအကြောင်းနဲ့မှ နှိပ်စက်ညှင်းပန်းတာကို ကျုပ်တော့ လက်မခံဘူး…။

    တခုသောရှု့ဒေါင့်ကကြည့်ရင်
    လူလူချင်း တရားမဲ့ပြုမူခြင်းတွေဟာ
    ကမ္ဘာပေါ်က လူလုပ် ဘေးဒုက္ခအပေါင်းရဲ့ မြစ်ဖျားခံရာပါ…. လို့ပဲ….။

  • marblecommet

    April 24, 2012 at 10:45 pm

    ဆြာထက်ရေ့
    ခင်ဗျားအရေးအသားပုံစံ
    ရည်ညွှန်းချက်တွေ တဖြည်းဖြည်းပြောင်းလဲလာနေတယ်
    ရွေ့လာနေတယ်လို့ထင်မိတယ်
    အားရလိုက်တာဗျာ
    ခင်ဗျားလည်း တိုက်စားခံရဖန်များလာတော့…
    ရေးဟန်ကလည်း ပြောင်းလာတဲ့သဘောလို့ဆိုရမလားနော
    ဂျူးကပြောဖူးတယ်လေ
    အနုပညာသမားဆိုတာ ထိခိုက်ခံစားမှုများလေ
    ဖန်တီးနိုင်စွမ်းရင့်ကျက်လေ
    ဆိုပြီးတော့ပေါ့….
    ခင်ဗျားရေးတဲ့စာတွေ က
    ကျနော်နဲ့ဓာတ်တူ နံတူမို့
    အရသာရှိရှိ ဖတ်ရမြဲပါပဲ ဆြာရေ့…..
    ခင်တဲ့……
    မျောက်သစ်ကိုင်းလွတ် ငကမ်း….

  • ဆရာထက်ရေ ဆရာ့ဆောင်းပါးလေးက ပြုပြင်ရေးဆောင်းပါးလေးပါ။
    ညီငယ်တွေအတွက်ရော ကျနော်တို ့အတွက်ပါ တန်ဖိုးရှိပါတယ်။တကယ်
    ကို လောကကို အလှဆင်နိုင်ဖို ့ကြိုးစားကြရမှာပါ။
    ——————–
    ခုတလောဖြစ်နေတာလေးနဲ ့ပိုလတ်ဆတ်တာပေါ့။။

    ညီမလေးရေ ဟိုတလောကအကိုရေးခဲ့တယ် ညီမလေးမှတ်မိမလားပဲ စင်ကပူမှာ
    အလုပ် သွားလုပ်တဲ့ ကလေးမလေး နိပ်စက်ခံရတာလေ။ အော် ကိုယ့်မြေမဟုတ် ၊
    ကိုယ့်လူမျိုးမဟုတ်၊ ကိုယ့်အစိုးရမဟုတ်တော့ ခံရရှာတာပေါ့
    လို့ အကိုတွေးမိခဲ့ပါတယ်။ခုတော့မအေးယုအောင်တစ်ယောက် လည်ပင်းမှာ မီးပူနဲ့
    ကပ်ခံရတယ်ဆိုတဲ့သတင်း ဖတ်ရတော့ အကိုကြေကွဲမိတယ်။တခါ ဒီဗီဘီသတင်းမှာ
    သူ့အမေဒေါ်ကြူကြူနဲ့ အမေးအဖြေလုပ်တော့ အကိုရင် ထဲနာကျင်လိုက်တာ ညီမလေးရယ်။
    ဘယ်မိဘမဆို ကိုယ့် သ ားသမီးကို ရျွှေပေါ်မြတင် ထားချင်ကြတယ်လေ မပြေလည်လလွန်းလို
    ့သာပေါ့ ညီမလေးရယ် သူတပါးခိုင်းဖို့ သူတပါးခြေကြို လက်ကြားမှာ ထားရတာလေ။
    ခုလို နိပ်စက်ခံရတော့ ဘယ်လိုခံစားနိုင်ပါ့မလဲ သူဘဝမှာ တစ်သက်တာအတွက် အနာကျင်ဆုံးဖြစ်နေမှာပါ
    ညီမလေး။ဒီကြားထဲ ကိုယ့်မြေ ကိုယ့်လူမျိုး မှာဖြစ်ခဲ့တာလေ။

  • htet way

    April 25, 2012 at 11:24 am

    ဦးဦးပါလေရာ
    ဆရာ ခင်ဗျား ကောင်းလိုက်တဲ့ ကွန်မန့်လို့ပြန်ကြားလိုက်ပါတယ်
    တခုသောရှု့ဒေါင့်ကကြည့်ရင်
    လူလူချင်း တရားမဲ့ပြုမူခြင်းတွေဟာ
    ကမ္ဘာပေါ်က လူလုပ် ဘေးဒုက္ခအပေါင်းရဲ့ မြစ်ဖျားခံရာပါ…. လို့ပဲ….။

  • htet way

    April 25, 2012 at 11:30 am

    marblecommet
    ကဗျာဆရာရေ ဒီလိုပဲရေးကြည့်တာပါ
    ဘာရယ် ဟုတ်ဘူး
    အားပေးတာ ကျေးဇူးပါ

  • htet way

    April 25, 2012 at 11:32 am

    မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
    ဆရာခင်ဗျား
    ကျွန်တော်တို့ မတရားမှုကို ဝိုင်းဝန်း တွန်းလှန်ရမှာ ပါ

  • amatmin

    April 25, 2012 at 12:08 pm

    ဆရာထက်ရေ..မပြတ်တမ်း အားပေးနေပါတယ်ခင်ဗျာ…
    မိတ်ဆွေစစ်ဆိုတဲ့ အကြောင်းလေးကိုတော့ မှတ်မှတ်ထင်ထင်ကြီးကို ရင်ထဲ ထည့်လိုက်ပါ၏..
    ချစ်သော မျက်စိဖြင့် ရှူကြည့်ပြီး…ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း သူတို့ကို ဆက်ဆံပေးခြင်း ဖြင့်
    တန်ဖိုးထားရတဲ့ ကောင်းသောမိတ်ဆွေ တွေကိုစုဆောင်းနေပါတယ်ဗျာ..
    ကိုယ်စီ တန်ဖိုးထားတဲ့ ဘဝတွေတိုင်းက တကယ့်ကို တိုတိုလေးပါ လို့…

  • etone

    April 25, 2012 at 4:15 pm

    ညီမလေးရဲ့ ရုပ် အလှထက် စိတ်အလှကို ပြင်ဆင်ဖို့ လက်တွေ့ ဘဝတွေနဲ့ နှိုင်းယှဉ်ရေးပြသွားတဲ့ ဆရာထက်ရဲ့ ပို့စ်လေးကို နှစ်သက်မိပါတယ် ။ လက်မထောင်ပြီး ထောက်ခံအားပေးလိုက်ပါတယ် … ။

    လူအများစုရဲ့ အကျင့်ကိုက မြေနိမ့်ရာ လှံစိုက်တဲ့ စိတ်ဓါတ်အခြေခံရှိနေကြတယ် …. လူတန်းစားခွဲခြားတဲ့စိတ်တွေရှိနေတယ် … ဒီတော့ … ဘတ်ဂရောင်းမရှိလျှင်ပဲ … အလကားနေရင်းကို တံတွေးလာထွေးချင်ကြတယ် … ။ ပြန်လုပ်နိုင်မယ့် အင်အားလည်း မရှိဘူးဆိုတာ သိတော့… အနိုင်ကျင့်လို့ ရတဲ့စိတ်တွေ ပိုများလာပြီး … ကမာ္ဘကြီး အသက်ရှုကြပ်လာသလိုပါပဲ … ။

    ဆွေမရှိမျိုးမရှိဆို နဂိုကတည်းက နှိမ်ချင်ရတဲ့ အထဲ ဒုကိ္ခတပါ ဖြစ်နေသေးတော့ …. သူ့ခမျာ လူဖြစ်ရှုံးရသလိုပါပဲ … ကြားရတာ စိတ်မကောင်းပါဘူး … ဒါတောင် လွယ်လွယ်နဲ့ ဇွဲ မလျော့ပဲ … မမြင်တဲ့ကြားက တရောထိုးပြီး ဝမ်းစာရှာခဲ့သေးတယ် … စိတ်ဓါတ်ကြံ့ခိုင်ပုံပါပဲ …. ။ အမှန်တိုင်းပြောရလျှင် … စိတ်ညစ်စရာတွေ တန်းစီ ကြုံတဲ့အခါ … မျက်စိမြင်တဲ့ …ကျွန်မဆိုလျှင်တောင် …. တွေဝေ ၊ ပျော့ညံ့မိတာပါပဲ … ။ ဒီလူရဲ့ စိတ်ဓါတ်ပြင်းထန်ပုံ ၊ အလွယ်နဲ့ အလျော့မပေးတတ်ပုံကို လေးစားမိပါတယ် … ။

    အိမ်အကူတွေ ၊ အိမ်ဖော်တွေကို … မညှာမတာ လုပ်တတ်တဲ့ လူတွေကတော့ ရေပေါ်ဆီ လူတန်းစားတွေများပါတယ် ဆရာထက်ရေ …ပိုက်ဆံရှိလျှင် ဘာမဆို လုပ်လို့ ရပြီ ထင်နေတဲ့ လူစားမျိုးတွေပေါ့ … အဲ့လို လူမျိုးတွေ ပိုက်ဆံဘယ်လောက်ရှိရှိ ၊ ရာထူး ဘယ်လောက်ကြီးကြီး … လေးစားစိတ်တော့မဖြစ်မိပါဘူး …အထင်ကြီးဖို့ ဆို ဝေးရော … ။ 🙄

  • Phaung Phaung

    April 25, 2012 at 5:39 pm

    ဆရာထက် ဆုံးမညွှန်ပြထားတာလေးတွေ အရမ်းကောင်းပါတယ်။ သနားတတ်တဲ့သူဟာ စိတ်ဓါတ်ပျော့ညံ့သူ
    လား ?? စိတ်ထားကောင်းပြီးသိမ်မွေ့တဲ့သူလား ??? ဆိုတာလေး ခွဲခြားပေးပါဦးနော်… ဖောင်းဖောင်းကတော့
    အရမ်းသနားတတ်တယ်…မျက်ရည်လွယ်တယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ်ပျော့ညံ့သူလားလို့ တခါတလေ
    တွေးမိရင် အားမရတတ်ပါဘူး။

  • အလင်းဆက်

    April 25, 2012 at 6:54 pm

    စိတ်ပိုင်းဆိုင်ရာ….အားအင်ပေးတဲ ့ဒီပို ့စ်လေးကို တော်တော်သဘောကျမိပါတယ် ။
    အရေးအသားနဲ ့တင်ပြပုံကိုလည်း…အားကျ အတုယူမိပါတယ်.. ကိုထက်ဝေး…
    အဲ..ကိုထက်ဝေး..လား.ကိုထက်ဝေ..လား ။ ကျွန်တော်ကတော့.ကိုထက်ဝေးလို ့ပဲ.ခေါ်ချင်ပါတယ် ။

    ညီမလေး ဖတ်ဖို ့ဆိုပေမဲ့..ညီလေးလည်း..ဝင်ရောက် ဖတ်ရှု..မိပါကြောင်း..
    ခင်မင်လေးစားစွာ…
    အလင်းဆက်

  • htet way

    April 25, 2012 at 9:03 pm

    ဆရာ amatminခင်ဗျား
    မိတ်ဆွေမရှိသူဟာ ဘာမှ မရှိပါဘူး
    ကျွန်တော်တို့ မိတ်ဆွေ စစ်တွေကို ငတ်ပါတယ်
    ကျွန်တော်ကလည်း မမြင်တွေ့ပေမယ့် ခင်ဗျားကို မိတ်ဆွေရင်းချာတစ်ယောက်လို
    စိတ်ထဲမှတ်ထားတာကြာခဲ့ပါပြီ။

  • htet way

    April 25, 2012 at 9:05 pm

    ဆရာမ etoneခင်ဗျား
    သိပ်ကောင်းတဲ့ ကွန်မန့်အတွက် လေးစားမိပါတယ်

    လူအများစုရဲ့ အကျင့်ကိုက မြေနိမ့်ရာ လှံစိုက်တဲ့ စိတ်ဓါတ်အခြေခံရှိနေကြတယ် …. လူတန်းစားခွဲခြားတဲ့စိတ်တွေရှိနေတယ် … ဒီတော့ … ဘတ်ဂရောင်းမရှိလျှင်ပဲ … အလကားနေရင်းကို တံတွေးလာထွေးချင်ကြတယ် … ။ ပြန်လုပ်နိုင်မယ့် အင်အားလည်း မရှိဘူးဆိုတာ သိတော့… အနိုင်ကျင့်လို့ ရတဲ့စိတ်တွေ ပိုများလာပြီး … ကမာ္ဘကြီး အသက်ရှုကြပ်လာသလိုပါပဲ … ။

  • htet way

    April 25, 2012 at 9:07 pm

    Phaung Phaung
    သနားတတ်သူကို စိတ်ပျော့ ညံ့ တတ်သူလို့ တရားသေပြောလို့ မရပါဘူး
    ညီမလေး သနားတဲ့အခါ တရားနဲ့ ညီပါစေ
    တရားနဲ့ ညီတဲ့ သနားညှာတာခြင်းတွေနဲ့ လောကကို အလှဆင်နိုင်ပါစေလို့….

  • htet way

    April 25, 2012 at 9:10 pm

    အလင်းဆက်
    ထက်ဝေးပါ ညီလေး ကိုထက်ဝေးပဲခေါ် ခေါ် အကိုပဲခေါ်ခေါ်ရပါတယ်
    ညီလေးအားပေးဖတ်ရှု တာကျေးဇူးပါ။
    အကိုလည်း ညီလေးစာတွေကို သဘောကျ နှစ်ခြိုက်ပါတယ်

Leave a Reply