အပူဓါတ်

zaylayJune 14, 20101min580

အပူဓါတ် အလွန်အမင်းများတဲ့အချိန်မှာ
ကျန်းမာနေသူများနှင့် မကျန်းမာသူများ အတတ်နိုင်ဆုံး ပြုမူကျင့်ကြံနေထိုင်နိုင်ရန် အကြံပြုချက် တချို့ဖြစ်ပါတယ်။ ကျန်းမာနေသူတယောက် နေထိုင်ရန် လိုအပ်ချက်က အရင်ပို့စ်က မေးခွန်းတခုရဲ့ အဖြေကို ပြန်ထည့်ထားလိုက်ပြီး အပူဓါတ်ကြောင့် ပြဿနာရင်ဆိုင်နေရသူများအတွက် အကြံဉာဏ်က နယူးဆောက်ဝေးပြည်နယ် TAFE (Technical and Further Study) မှ ထုတ်ဝေတဲ့ ရှေးဦးသူနာ ပြုစုနည်းစာအုပ်ထဲက ကောက်နှုတ်ဖေါ်ပြထားပါတယ်။ ကမာ္ဘမှာ အမေရိကန်နဲ့ မြန်မာနိုင်ငံက အပူချိန်ကို ဖါရင်ဟိုက်ဒီဂရီနဲ့ပဲ သုံးတယ် ဆင်တီဂရိတ်ဒီဂရီကို မသုံးဘူးဆိုတာ သိထားပြီး ကျွန်မကိုးကားတဲ့ စာအုပ်က ဩစကြေးလျားက ဖြစ်နေတော့ အစပထမမှာ ဒီဂရီကို စင်တီဂရိတ်နဲ့ပဲ ဖေါ်ပြထားပါတယ်။ မြန်မာပြည်က စာဖတ်သူတွေသိအောင် ပြန်တွက်ဖို့ကလည်း တွက်ချက်နည်း မေ့နေလို့ အပူချိန် ဆင်တီဂရိတ်ကနေ ဖါရင်ဟိုက်ပြောင်းတဲ့ ပုံသေနည်းကို စာဖတ်သူများဆီက အကူအညီတောင်းပြီး စာဖတ်သူများက C-B0x နဲ့ မှတ်ချက်မှာ ထည့်ပေးခဲ့တဲ့ တွက်နည်းအတိုင်း တွက်ပြီး ဖါရင်ဟိုက်ဒီဂရီကို ပြန်ဖြည့်ထားပေးပါတယ်။ အပူချိန်ဒီဂရီ ပြောင်းနည်း ထည့်ထားပေးသူ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်။

အပူဓါတ်လွန်ကဲမှုဒဏ်ကြောင့် ကျန်းမာရေး ထိခိုက်နေသူများအတွက် အကြံပြုချက်

အပူဓတ်လွန်ကဲခြင်းကို Hyperthermia လို့ ခေါ်ကြပါတယ်။ ခန္ဓာကိုယ်အပူချိန် လိုအပ်တာထက် များပြားလာခြင်းကြောင့် Heat exhaustion နှင့် Heat Stroke ဟူ၍ အဓိကပြဿနာ နှစ်မျိုးကို ဖြစ်စေနိုင်ပါတယ်။ လူတယောက်ရဲ့ ခန္ဓာကိုယ် သာမန်အပူချိန်က ဒီဂရီ ၃၆-၃ရ (တချို့သူတွက် 37.5 ) (C) စင်တီဂရိတ်၊ ၉၆.၈ – ၉၈.၆ (တချို့သူတွေအတွက် ၉၉.၅) (F) ဖါရင်ဟိုက် ဖြစ်ပြီး Heat Exhaustion ဖြစ်ပါက အပူချိန် ဒီဂရီ ၄ဝ (C) စင်တီဂရိတ်၊ ၁၀၄ (F) ဖါရင်ဟိုက် နှင့် အထက်မှာ ရှိပါတယ်။ Heat Exhaustion ကို ပြင်းထန်တဲ့ ရာသီဥတု အပူချိန်ကြောင့်လည်းကောင်း၊ ပူသည့်အချိန်မှာ ကိုယ်လက်လှုပ်ရှားမှု များလွန်းခြင်းကြောင့်လည်းကောင်း ဖြစ်စေနိုင်ပါတယ်။ Heat stroke ကတော့ အပူချိန်လွန်ကဲခြင်း (သို့) တခြားအကြောင်းတခုခုကြောင့် ခန္ဓာကိုယ်အပူချိန် ရှိရာကနေ ပြန်မကျဘဲ တဖြည်းဖြည်းတက်လာပြီး ဆက်တိုက် အပူချိန် မြင့်တက်လာရင် ဖြစ်ပါတယ်။ ကိုယ်အပူချိန်ကို ပြန်ကျအောင် မလုပ်နိုင်ပါက Heat stroke က ဦးနှောက်ပျက်စီးခြင်း၊ ဘယ်တော့မှ ပြန်သတိမရနိုင်တဲ့ အထိသတိလစ်ခြင်း (coma)၊ နောက်ဆုံး အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ Heat exhaustion က ကလေးများနှင့် အသက်ကြီးရွယ်အိုများ၊ ရာသီဥတုနဲ့ မသင့်တော်သည့် အဝတ်အစားများ ဝတ်ဆင်ခြင်း၊ ပူအိုက်လွန်းသော ရာသီဥတုရှိခြင်းကြောင့် အဖြစ်များပြီး Heat stroke က ကိုယ်အလေးချိန် များလွန်းခြင်း၊ အရက်ကိုအလွန်အမင်း သောက်သုံးခြင်း၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူ၊ ကျန်းမာရေး ချွတ်ယွင်းနေသူတွေမှာ အများဆုံး ဖြစ်စေနိုင်ပါတယ်။ သို့သော်လည်း မြန်မာပြည်မှာ လက်ရှိအခြေအနေမှာ အပူဓာတ် လွန်ကဲနေတဲ့ သဘာဝ ပတ်ဝန်းကျင် အခြေအနေမှာတော့ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ ဖြစ်လာရင် လူနာကို တခြားမိသားစုဝင်တွေက ဘယ်လိုကူညီရမယ်ဆိုတာကို သိထားသင့်ပါတယ်။
Heat exhaustion

Heat exhaustion လဏ္ခာများကတော့ ကိုယ်အပူချိန် ၄ဝ ဒီဂရီ စင်တီဂရိတ်ရှိခြင်း၊ အားအင်ကုန်ခမ်းပြီး အလွန်အမင်း ခေါင်းကိုက်ခြင်၊ ပျို့အန်ခြင်း၊ ရေဆာပြီး အစာအိမ်လှုပ်ရှားခြင်း (stomach cramps)၊ ခေါင်းမူးခြင်း၊ မေ့လဲခြင်း၊ ခန္ဓာကိုယ် ဟန်ချက်ကို မထိန်းနိုင်ခြင်း၊ ချွေးအလွန်အမင်းထွက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

အကူအညီပေးရန်

-ရှေးဦးသူနာ ပြုစုနည်းကို သိထားသူ ဖြစ်ပါက DRABC ကို မပြတ်စောင့်ကြည့်ရန်
– လူနာက ပူတဲ့နေရာမှာ ရှိနေပါက အေးတဲ့နေရာကို ရွှေ့ပေးရန်
– လူနာကို လဲလျောင်းနေစေရန်
-ကြပ်တဲ့ အဝတ်အစားဝတ်ထားသူ ဖြစ်ပါက ဖြေလျော့ပေးရန်
-ရေအေးနဲ့ ရေပတ်တိုက်ပေးရန်၊
-ရေအေး (သို့) အအေးအရည်တခုခုပေးရန်
-အပူမကျမချင်း ရေပတ်တိုက်ပေးပြီး အနီးကပ်စောင့်ကြည့်ကာ အခြေအနေ မတိုးတက်လာဘဲ ပိုဆိုးလာပါက အမြန်ဆုံး ဆေးရုံ၊ ဆေးခန်းပို့ရန်လိုအပ်ပါတယ်။

Heat Stroke

Heat Stroke လက္ခဏာများကတော့ အထက်ပါ Heat exhaustion မှာ ပါရှိတဲ့ အချက်များအပြင် လူနာဟာ စိတ်ထွေပြားလာပြီး အမူအရာ ပြောင်းလာခြင်း၊ အမြင်မှုန်ဝါးလာခြင်း၊ သွေးခုန်နှုန်း သိသိသာသာပိုမြန်လာခြင်း၊ အရေပြား ခြောက်သွေ့ပူပြင်းခြင်း (ချွေးမထွက်တော့ပါ)၊ တက်ခြင်း၊ သတိလစ်ခြင်း ခန္ဓာကိုယ်အပူချိန် ၄ဝ ဒီဂရီ စင်တီဂရိတ် အထက်မှာပဲ ဆက်ရှိခြေင်း စသည့်အချက်များကို တွေ့ရမယ်။

အကူအညီပေးရန်

ချက်ချင်း၊ ဆေးရုံဆေးခန်း တင်ဖို့လိုပြီး ဆေးရုံဆေးခန်းနဲ့ ဆိုင်တဲ့ Ambulance staff, သူနာပြု၊ ဆရာဝန် စတဲ့ တယောက်ယောက်နဲ့ အတွေ့သေးခင်မှာ အောက်ပါအတိုင်း လိုက်နာပါ။

-ရှေးဦးသူနာ ပြုစုနည်းကို သိပါက DRABC အတိုင်း လုပ်ပါ။
-အတတ်နိုင်ဆုံး အေးတဲ့နေရာမှာ ထားပါ။
– သတိလစ်နေပါက Recovery position လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်း ဖြောင့်အောင် လည်ပင်းကို ဘေးစောင်းထား၍ တခြမ်းမှောက်လျက် အနေထားနဲ့ ထားပါ။
– သွေးကြောကြီးများ တည်ရှိရာ လည်ပင်း၊ ချိုင်းကြားနဲ့ ပေါင်ခြံတဝိုက်မှာ ရေခဲ (သို့) ရေအေးကိုအဝတ်ဖြင့်သော်လည်းကောင်း အိတ်ဖြင့်သော်လည်းကောင်း တင်ပေးပါ။
-သတိလုံးဝ ရနေသေးရင် ရေအေး (သို့) အအေးအရည်တခုခု တိုက်ပါ (သတိလစ်ခြင်း (သို့) သတိရတချက်မရတချက် ဖြစ်နေချိန်မှာ မပေးရ)။

ကျန်းမာနေသူများအတွက် ကာကွယ်ရန် အကြံပြုချက်

လူခန္ဓာကိုယ်အတွင်းအပြင်၊ လူ့ပတ်ဝန်းကျင်နဲ့ လူတွေ စားသုံးနေတဲ့ အစားအစာတွေမှာ ဘက်တီးရီးယားတွေ အမြဲတမ်း ရှင်သန်နေပါတယ်။ ရာသီဥတု ပူတဲ့အချိန်မှာ ဘက်တီးရီးယားပွားနှုန်းက သာမန်အချိန်ထက် အများကြီးမြန်ပါတယ်။ ပူတဲ့ ရာသီဥတုဒဏ်ကြောင့် ခန္ဓာကိုယ်က ချွေးတွေအရမ်းထွက်ပြီး ချွေးနဲ့အတူ ခန္ဓာကိုယ်ရဲ့ ရေဓါတ်၊ သတ္တုုဓါတ်တွေ ဆုံးရှုုံးပါတယ်။ ပြီးတော့ ချွေးနဲ့အတူ ခန္ဓာကိုယ်ထဲက ဘက်တီးရီးယားတွေ အဆက်မပြတ်ထွက်နေပါတယ်။ သာမန် အခြေအနေမှာ ကိုယ်ခံအား ကောင်းနေလို့ စားစရာတခုကို ဒီအတိုင်း လက်မဆေးဘဲ ကောက်စားလိုက်လို့ ဘာပြဿနာမှ မရှိနိုင်ပေမဲ့ အပူများတဲ့အချိန်မှာ အရေပြားကထွက်ပြီး လက်မှာ ကပ်နေတဲ့ ပိုးမွှားတွေက သာမန်အခြေအနေထက် ပိုများနေတယ်၊ ပြီးတော့ ရေဓါတ်နဲ့ သတ္တုဓါတ်တွေ ဆုံးရှုုံးထားလို့ ကိုယ်ခံအားကလည်း နည်းနေတဲ့အချိန်ဖြစ်တော့ ပိုးပါသွားတဲ့ အစားအစာဟာ ရောဂါ အမျိုးမျိုးရဖို့ သိပ်ကိုလွယ်ပါတယ်။ ဝမ်းလျှော၊ ဝမ်းကိုက် ပျို့အန်တာတွေ ဖြစ်စေနိုင်တယ်။ အဲဒီကတဆင့် ခန္ဓာကိုယ်ရဲ့ ရေနဲ့ သတ္တုဓါတ် ထိန်းချုပ်နိုင်မှုအား လုံးဝကျဆင်းလို့ ကိုယ်အပူအချိန်ကို ပုံမှန်အတိုင်း မထိန်းနိုင်ဘဲ အေးလွန်းခြင်း၊ ပူလွန်းခြင်း ဖြစ်ကာ အသက်ဆုံးရှုံးစေနိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပူလွန်းတဲ့အချိန်မှာ အစာရေစာကို လုံလောက်မျှတအောင် စားသုံးပြီး တကိုယ်ရေ သန့်ရှင်းမှု ရှိဖို့ အထူးလိုအပ်ပါတယ်။ အစာရေစာ လုံလောကမျှတဖို့ ဆိုတဲ့နေရာမှာ ပုံမှန်ကျန်းမာရေးကို ထိန်းသိမ်းတဲ့ အာဟာရနဲ့ သတ္တုဓါတ်များ မချို့တဲ့စေရန်နှင့် ရေဓါတ်မခန်းခြောက်စေရန် ဟင်းသီးဟင်းရွက်နှင့် ရေကို များများသောက်ပေးဖို့ အထူးလိုအပ်ပါတယ်။ (အရင်ပို့စ်က မေးခွန်းတခုရဲ့ အဖြေကို အနည်းငယ် ဖြည့်စွက်ထားပါတယ်)။ ဒေါက်တာ ဇိဝကရဲ့ ရေအကျိုး ၁ဝ ပါးကိုလည်း ဒီနေရာမှာ သွးဖတ်ပြီး လိုက်နာကျင့်သုံးပါက အပူဓါတ်လွန်ကဲခြင်းကြောင့် ဖြစ်လာနိုင်သည့် ဆက်ပွားအန္တရယ်များကို တစိတ်တဒေသ ကာကွယ်နိုင်ကြောင်း အကြံပြုပါတယ်။

မြန်မာပြည်သူများအားလုံး အပူလွန်ကဲခြင်းနှင့် ရေရှားပါးခြင်းမှ အမြန်ဆုံးလွန်မြောက်နိုင်ပါစေ။

Than Zaw Htay (MBA)
General Manager