ငါးတို့အခြေခံ (ဇာတ်သိမ်း)
သို့သော် အမတ်အပေါင်းတို့သည် ကံဆိုးပေသည်. ကြိုးစားထားသမျှကို ပြသခွင့်မရလိုကြချေ။ ငါးဇင်ရိုင်း
ဘုရင်ကြီးသည် ချမ်းသာရေးစီမံကိန်းအကြောင်း မေးမြန်းရန်ပင်အချိန်မရှိ… ထိုစီမံကိန်းစပြီး မကြာမီပင်
ဘုရင်ကြီး၏မယ်တော်သည် နာမကျန်းဖြစ်၏ ကိုယ်ခန္ဒာတွင် အကွက်အကွက်များပေါ်၍ တစ်ကိုယ်လုံးနုံးချိကာ
ပျော့ခွေနေပေသည်။ “ခေါင်းမူးလိုက်တာ”ဆိုသည်ကိုပင် ပီပီပြင်ပြင်မငြီးနိုင်ရှာ…။ အနယ်နယ်အရပ်ရပ်မှ
အထူးကုသမားတော်များသည် ဝင်ခလုတ်ထွက်ခလုတ်ပင်တိုက်ကြ၏။ ဘုရင်ကြီးသည် ကနဦးတွင် “အနာကြီး”
များလားဟုထင်ကာလန့်သွားသေး၏။ နောင်မှ သမားတော်က “ပြဒါးအဆိပ်သင့်တာပါဘုရား” ဆိုမှစိတ်အေးရ၏။
ပြီးလျှင်ချက်ချင်းပင် “အစာကိုအဆိပ်မည်သူခတ်သနည်း”ဟုတွေးကာ ကြောင့်ကြမှုဖြစ်ပြန်သည်။ ထို့ကြောင့်
ရေလည်းရဲရဲမသောက်ဝံ့…အစာလည်းရဲရဲမစားဝံ့….“တရားခံဘယ်သူလဲ”ဟုသာ နေ့စဉ်နှင့်အမျှဟစ်ကာဟစ်ကာ
မေးသည်. ထို့နောက်တရားခံရှာမရသည့်အဆုံးတွင် “စားဖိုမှူးများအားလုံးအား အချုပ်တွင်ထည့်စေ”ဟုအမိန့်ချ
လေသည်။
ထိုရက်များတွင် ဘုရင်ကြီးသည် အေးအေးလူလူမနေရ… ပူပန်ကာနေရပေသည်။ ထိုသို့ဖြင့် လွန်ခဲ့ပြီးသော
တစ်မနက်တွင် တောင်တောင်အီအီတွေးနေရင်း “ငါဘုရင်ပင်မိခင်မကျန်းမာသည်ကို ဒီမျှပူပင်ရလျှင် သာမန်
ပြည်သူပြည်သားတို့သည် ပို၍ပူပင်ကြရပေလိမ့်မည်”ဟုတွေးမိကာ မှူးကြီးမတ်ရာအပေါင်းတို့အား ဆင့်ခေါ်
ပြန်သည်။ ပြီးလျှင်“ဖြေလိုက်မဟဲ့”ဟု ပါးစပ်တပြင်ပြင်ဖြင့်ရောက်ရှိလာကြသော အမတ်အပေါင်းကို စကားပင်
ပြောခွင့်မပေးပဲ “မင်းကြီးများ ဟိုယခင်တွင်စာတတ်ခြင်းနှင့်ချမ်းသာခြင်းသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်
အခြေခံဖြစ်ကြောင်းဆိုကာ စီမံကိန်းများလုပ်ခဲ့ပြီးပေပြီ။ ယခုအခါ ကိုယ်တော်တွေးမိသည်မှာ ကျန်းမာခြင်း
သည်လည်း ယင်း၏အခြေခံတစ်ခုဖြစ်ကြောင်းပင်တည်း… သို့အတွက် ဆေးရုံဆေးခန်းများကို တိုးချဲ့ဆောက်
လုပ်စေဗျား” ဟုမိန့်လေသည်။
မှူးမတ်အချို့သည်“မှန်လှပါဘုရား” ဟုလျှောက်ရင်းပင်စိတ်မှ“တို့ဘုရင်တော့လုပ်ချလိုက်ပြန်ပြီ”ဟူ၍ ငြီးတွားကြ၏။
မည်သို့ပင်ဆိုစေ “ဆင်သွားလမ်းဖြစ်”ဆိုသည့် ဥပမာအတိုင်းပင် ရွှေလေးတန်နိုင်ငံကြီးအတွင်း၌ ဆေးရုံဆေးခန်းများ
သည် မိုးဦးကျတွင် ပေါက်သောမှိုဥများကဲ့သို့ပင်ပေါလေ၏။ ထိုနှစ်များအတွင်းတွင် ရွှေလေးတန်နိုင်ငံကြီးသည်
ကျောင်းများ၊ ဆေးပေးခန်းများ၊ ရေမှော်စိုက်ခင်းများ၊ ပိုးလောက်လန်းမွေးမြူရေးခြံများဖြင့် သာယာဝပြော
ပြည့်စုံပေ၏။ စာဆိုတို့သည်လည်း “တစ်ခေတ်တစ်ခါတွင်ပေါ်သော ဘုရင်ကြီး”ဟု ချီးမွမ်းထောပနာ
ရေးကြသောဟူ၏။
ညနေခင်းတစ်ခုတွင် ငါးဇင်ရိုင်းဘုရင်ကြီးသည် သူ့အကြောင်းအကောင်းချည်းစပ်ဆိုထားသော ဘုန်းတော်ဘွဲ့ကို
နားထောင်ကာ အပန်းဖြေနေခိုက် မှူးကြီးမတ်ရာအချို့သည် ရေးကြီးသုတ်ပြာဟန်ဖြင့် အခစားဝင်လာကြ၏။
မင်းတရားကြီးသည် ဆွဲဆွဲငင်ငင်သီကျူးနေသော အဆိုရှင်ကို လက်ကာပြပြီး “ဘဇာများလဲ ဝန်မင်းတို့ရဲ့”
ဟူ၍ စိတ်မပါတပပါဟန်ဖြင့်မေးလျှင်“များမကြာမီက မယ်တော်ကြီး မမာသည်ကို မှတ်မိပါရဲ့လားဘုရား”
ဟုဝန်တစ်ပါးက စိုးထိတ်သောအသံဖြင့် လျှောက်၏။ ငါးဇင်ရိုင်းဘုရင်ကြီးသည်ဘယ်နှယ်ကွယ် နှောင်းကိစ္စတွေ
ကိုရေးကြီး သုတ်ပြာလုပ်လို့ဟုတွေးကာ “မှတ်မိပါသော်ကောကွယ်”ဟုခပ်ဆောင့်ဆောင့် ဖြေလေရာ ဝန်အပေါင်း
တို့၏ခေါင်းများသည် ငုံ့ကာသွားကြသည်။ အတန်ကြာမှသာလျှင် စိတ်ထက်သော လိပ်အမတ်ငယ်တစ်ပါးသည်
တွန့်ဆုတ်သောအသံဖြင့် “ယခုတိုင်းပြည်နှင့် အဝှမ်းပင် မယ်တော်ကြီးကဲ့သို့ ခံစားနေကြရကြောင်းပါဘုရား”ဟု
လျှောက်လေမှ ဘုရင်ကြီးသည် မျက်လုံးအတန်ငယ်ပြာလာပြီး“ဘယ့်နှယ်…တစ်တိုင်းပြည်လုံး အစာအဆိပ်သင့်
တယ်…”ဟုအလန့်တကြားဆို၏။ လိပ်အမတ်သည်“မှန်ပါ ယင်းသို့ဖြစ်ရသည်မှာ အစာမှအဆိပ်ကြောင့်မဟုတ်
ပဲ ကျွန်တော်မျိုးတို့နေထိုင်ရာ ရေကြောင့်သာဖြစ်ကြောင်းပါ..ယခုအခါ တစ်တိုင်းပြည်လုံးရှိရေများသည် ရွှေကျင်
သူ လူသားများထံမှလာသော ပြဒါးအဆိပ်၊ စိန်အဆိပ်တို့ဖြင့်ပြည့်ကာ အသက်ရှင်နေထိုင်၍မရသော ပတ်ဝန်းကျင်
ဖြစ်နေကြောင်းထုတ်ပြန်ရန် ရွှေလေးတန်ဆေးသုတေသီအဖွဲ့က ဆုံးဖြတ်လိုက်ကြောင်းပါ။ ယင်းအတွက် အရှင်
မင်းကြီးထံမှခွင့်ပြုချက်တောင်းခံရကြောင်းပါ ဘုရား”ဟုတိုးတိတ်တွန့်ဆုတ်သော အသံဖြင့် တစ်လုံးစီလျှောက်တင်
၏။ ငါးဇင်ရိုင်းဘုရင်ကြီး၏ အမူအရာသည် တဖြည်းဖြည်းပျက်ယွင်းလာပြီး လျှောက်တင်သံ အဆုံးတွင် “ဝုန်း”
ခနဲ မတ်တပ်ရပ်၏။ ထို့နောက်“ အသက်ရှင်နေထိုင်လို့မရတဲ့ပတ်ဝန်းကျင်” ဟူသော စကားသံကို သံယောင်လိုက်
ပြီး“ မိဖုရားတွေ….ဟေ့…မိဖုရားတွေ အထုပ်ပြင်ကြကွဲ့…”ဟုအော်လေသည်။ ပြီးမှသတိရလေဟန်ဖြင့် တဆတ်ဆတ်
တုန်နေသည့် ကိုယ်ကို အတန်ငယ်ငြိမ်အောင်ထိန်း၍ “ခွင့်ပြုတယ်…ခွင့်ပြုတယ်…”ဆိုသည့် စကားကို အမတ်များ
ဘက်သို့ လှည့်ကာပြောသည်။
ခဏကြာလျှင် ငါးဇင်ရိုင်းဘုရင်ကြီးသည် “ အမယ်လေးးးးလေးးးး ငါကတော့စဉ်းစားလိုက်ရတာ စီမံလိုက်ရတာ
ငါးတွေအတွက် တကယ့်အခြေခံက အသက်ရှင်နေထိုင်လို့ရတဲ့ ရေပဲကို ” ဟုတတွတ်တွတ်ရေရွတ်ရင်းပင်
မိဖုရား သားတော် သမီးတော်များ ဝန်းရံလျှက် အထုပ်ကြီး အထုပ်ငယ် တို့လို့တွဲလောင်းဖြင့် ခရီးနှင်လျှက်ရှိလေသည်…။
ခင်မင်လေးစားစွာဖြင့်…….
ကိုရေအေး
8 comments
windtalker
April 29, 2012 at 1:05 am
အရင်တုံးကတော့ တစ်နိုင်တစ်ပိုင်တွေ ။ အခုအခါကြတော့ ပေးရတဲ့ အခွန် ဆက်ကြေးတွေကြောင့် တရားမရှိတော့ ။ အရေးအသား ကတော့ နံပါတ်တစ်ပါ ကျောင်းဆရာ
ရွာစားကျော်
April 29, 2012 at 10:11 am
ငါးတွေအတွက် တကယ့်အခြေခံက အသက်ရှင်နေထိုင်လို့ရတဲ့ ရေပဲကိုး
မွဲပြာကျနေတဲ့ ကျနော်တို့ အောက်ခြေ ပြည်သူပြည်သားတွေရဲ့ လိုအပ်ချက်တွေကို စဉ်းစားကြည့်ရင်ဖြင့်..
FattyCat
April 29, 2012 at 11:43 am
ဆရာသမားရေ-
ကျုပ်တို့ကတော့ ပြောင်းမပြေးနိုင်သေးတော့ ဒီရေထဲမှာပဲနေရဦးမပေါ့လေ…
ခင်တဲ့-
ကြောင်ဝတုတ်
ဗိုက်ကလေး
April 29, 2012 at 2:42 pm
ခေါင်းစဉ်နဲ ့ ဇာတ်သိမ်းလေးနဲ ့ လိုက်သဗျာ..ကိုဂျက်လီရာ..
တွေးတတ်ရေးတတ်လွန်းလို ့အားကျအတုယူပြီး လက်မတစ်ချောင်းထောင်သွားပါရစေ
blackchaw
April 29, 2012 at 2:44 pm
ဟေ့လူ ကဗိုက်ကလေး။
ငါထောင်မယ့် လက်မကြီးယူပြီးဘာလို့ ထောင်သွားရတာလဲ။
အခုပြန်ပေး။
ဖတ်ပြီးမှ လက်မထောင်သွားပါတယ် ကိုထွန်း ဝင်း လတ်ရေ။
ဗိုက်ကလေး
April 29, 2012 at 2:52 pm
သဂျီးရေ..သဂျီးရေ
ဒီမှာ..လက်မဓါးပြတိုက်နေပါတယ်တော့
may flowers
April 29, 2012 at 7:48 pm
အရေးအသားကရင်ထဲထိသွားတာပဲ။ အရမ်းကောင်းပါတယ်။ နောက်ဆုံးဇာတ်သိမ်းလေးက ရီရတယ်..
တကယ်။
မိုးတိမ်
May 9, 2012 at 10:53 pm
အလွန့်အလွန် အရေးအသားကောင်းပါသည်။နောက်နေ့မှဆက်ရေးမယ်ဆိုလို့စောင့်ဖတ်နေတာ
မတွေ့တဲ့အဆုံးမှ ဆောင်းပါးမှာလာကြည့်တာ။ကောင်းလိုက်တဲ့ အရေးအသားပါခင်ဗျာ။
အထင်ကြီးအားကျစိတ်ဖြင့် လက်မထပ်ထောင်သွားပါ၏။