အသိ နှင့် အကျင့် …… ဖတ်မိသမျှဝေမျှလိုက်ပါတယ်

zaylayJune 14, 20101min690

အသိ နှင့် အကျင့်

လူအများဟာ အတော်ကိုခက်ပါသည်။ ထိုအထဲမှာ ကျွန်မလည်းအပါအဝင် ဖြစ်ပါသည်။ ထစ်ခနဲဆို စိတ်တိုရ၊ ဒေါသဖြစ် ရတာနဲ့ ကိုယ့်စိတ်ကကိုယ့်ကို ပင်ပန်းစေပါတယ်။ “ငါကတော့ မဟုတ်မခံပဲ။ နည်းနည်းမှ လာမကျောနဲ့။ သူများကိုလည်း မဟုတ်တာမလုပ်ဘူး။ ကိုယ့်ကိုလည်း လာမလုပ်နဲ့။ နည်းနည်းလေးမှ အထိမခံနိုင်ဘူး´´ ဆိုတဲ့ စိတ်တွေက နှလုံးသားမှာ စွဲလျက်ရှိကြပါတယ်။ ကျွန်မကတော့ ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်ပြီး စိတ်ကြီးဝင်မိပါတယ်။ တကယ်တော့ ဒါတွေဟာ အတ္တမာန်တွေပါပဲ။ လူငယ်ပီပီ အတ္တစိတ်ထားပြီး မာန်တက်နေခြင်းပင်ဖြစ်ပါသည်။ ကျွန်မတို့ရဲ့ မြတ်စွာဘုရား ဟောကြားထားတဲ့ `ခန္တီ´ဆိုတဲ့ သည်းခံခြင်းဂုဏ်နှင့် ဆန့်ကျင်ဘက်ဖြစ်နေပါသည်။ ထို့ကြောင့် ရှေးလူကြီးသူမများက `ငါသာငါထက်မာန်မတက်နဲ့´ဟု ဆုံးမခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

အချင်းချင်း ချစ်သောမျက်စိနဲ့ ကြည့်ကြပြီး အကောင်းမြင် တတ်သူသည် စိတ်ချမ်းမြေ့ဖွယ်ရာများကို ခံစားရပေလိမ့်မည်။ ကျွန်မအခုဝန်ထမ်းလုပ်သက် (၁)နှစ်တာကာလအတွင်း အလွှာပေါင်းစုံ၊ စိတ်နေသဘောထား အမျိုးမျိုးရှိသော လူများနှင့် ပေါင်းသင်းဆက်ဆံခဲ့ရပြီး မိတ်ဆွေသစ်များ တိုးပွားခဲ့ရပါသည်။ ကျွန်မက အဆောင်နေပြီး အလုပ်လုပ်ရ သဖြင့် ကိုယ့်အိမ်ကိုယ့်ရာကဲ့သို့ နေထိုင်ပုံနှင့်မတူသော အတွေ့အကြုံသစ် များလည်း အများကြီး ကြုံတွေ့ခဲ့ရပါသည်။ ဘဝကို လက်တွေ့ကျကျ ကျင့်သုံးရသည့်အတွက် ငွေနှင့်ဝယ်ယူ၍မရသော ဘဝပေးသင်ခန်းစာများ ရရှိခဲ့ပါသည်။

ကျွန်မအရင်က မိဘများနှင့်ခွဲခွာပြီး အဆောင်မနေဖူးပါ။ ယခုအလုပ်ဝင်မှ မိဘများ နှင့်ခွဲပြီး အဆောင်နေ ခဲ့ရပါသည်။ အဆောင်ဆိုတော့ မိမိနေထိုင်ကဲ့ သို့အိမ်နှင့်မတူပါဘူး။ ကိုယ့်အိမ်မှာဆို အမေက ထမင်းဖြူဖြူ၊ ဟင်းပူပူနှင့် ဖွယ်ဖွယ်ရာရာ တို့စရာလေးတွေအစုံ ချက်ပေးထားသည်ကိုပင် ဟိုဟင်းမကြိုက်၊ ဒီဟင်းမကြိုက်ဆိုပြီး မိဘအပေါ် နွဲ့ဆိုးဆိုး မိပါသေးသည်။ အခုမှ ကျွန်မနောင်တရမိပါသည်။ ကျွန်မရဲ့လစာလေးနဲ့ မိဘအိမ်မှာနေသလို အမြဲတမ်းဟင်းကောင်း ကောင်းစားနိုင်ပါမည်နည်း။ အဘယ်မှာ ဖွယ်ဖွယ်ရာရာ စားနိုင်ပါ မည်နည်း။ မိဘအိမ်ကိုသာတမ်းတပြီး ကိုယ်ချက်ထားတဲ့ ဟင်းကိုမစားလျှင်လည်း ငတ်နေရုံပင်ရှိတော့မည်။ ဒါတွေကိုသိလျက်နဲ့ ကျွန်မအသင့်အတင့် နှလုံးမသွင်းနိုင်ဖြစ်နေပါ သည်။ ထမင်းစားတဲ့အချိန်တိုင်း ကျွန်မစားချင်တာကို စီစဉ်ကျွေးမွေးရှာကျွေးခဲ့သော မိဘနှစ်ပါး၏ ကျေးဇူးတရားများကို အောက်မေ့သတိရလျက်ရှိပါသည်။ ကျွန်မ၏အိမ်ကိုသာ အစဉ်အမြဲ သတိရလျက် ရှိပါသည်။

အဆောင်အတွင်း ကိုယ့်နေရာကိုယ် သန့်ရှင်းရေးလုပ်ရသလို ကိုယ့်ရဲ့တာဝန်များကိုလည်း ကိုယ်တိုင်လုပ်ဆောင် ရပါသည်။ ကိုယ်မှမလုပ်ရင်လဲ ကိုယ့်တာဝန်များကို ဘယ်သူမှ လာလုပ်ပေးမည်မဟုတ်ပါ။ အိမ်မှာဆိုလျှင် ရံဖန်ရံခါ မိဘ၊ ညီအစ်ကို၊ မောင်နှမများက ကိုယ့်ရဲ့တာဝန်များကို ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးခဲ့ပါသည်။ ယခုဆိုလျှင် မိမိတစ်ယောက် တည်းနေရတဲ့အချိန်များမှာတော့ ကိုယ်မှမလုပ်လျှင်လည်း ကိုယ့်အလုပ် မပြီးနိုင်ဖြစ ်ပေ လိမ့်မည်။ အခုမှ ကျေးဇူးတရား အားလုံးကို သဘောပေါက်မိပါသည်။

ကျွန်မနေထိုင်မကောင်းဖြစ်နေချိန်တွင်လည်း ကိုယ့်မိဘဆွေမျိုးများလောက် ကိုယ့်ကို ဘယ်သူကမှ ကူညီပေးနိုင်မည်မဟုတ်ပါ။ နေထိုင်မကောင်းဖြစ်နေချိန်တွင် လူတိုင်းအိမ်ကို သတိရတမ်းတလျက် မိဘ များရဲ့မေတ္တာကို ငတ်မွတ်တောင့်တမိကြပါသည်။ အခုတော့ မိဘများနဲ့ဝေးနေပြီး သူစိမ်းမိတ်ဆွေများနှင့် နေထိုင်ရသည့် အခါ လူလူချင်း ကျောချင်သူ များလည်း ရှိပါသည်။ မပြောပလောက်သော အသိပညာ၊ အတတ်ပညာ ကလေးတွေနဲ့ ကိုယ့်ကိုယ်ကိုမာန်ဝင့်နေခြင်မှာ ရှက်စရာကောင်းပါသည်။ ကျွန်မလည်း တခါတလေ ဤကဲ့သို့စိတ်မျိုး ရှိပါသည်။ အဘက်ဘက်က အသိမကကြွယ်သေးသည့် ကျွန်မလို သူငယ်ချင်းတွေ အများကြီးရှိမှာပဲဟု တွေးတော မိပါသည်။ ကျွန်မလည်း ပြုပြင်ဖို့ အများကြီးလိုပါသေးသည်။

ကျွန်မကို အသံမာမာနှင့် ဩဇာပေးလျှင် ကျွန်မ မကြိုက်ပါ။ တစ်ချို့လူများကလည်း အပြောမတတ်၊ နှုတ်ချိုသျှိုတစ်ပါးဆိုသည်ကို နားမလည်၊ အပြုသဘောနှင့် ပြောဆိုခြင်းထက် လေသံမာမာနှင့် ဆရာလုပ်ဩဇာပေးနေရလျှင် ကျေနပ်နေသည့် လူစားမျိုးလည်း များလှ ပါသည်။ ဆရာလုပ်သူကလုပ်၊ ဩဇာပေးသူကပေးနှင့် လူအမျိုးမျိုးရှိပါသည်။ တကယ်တော့ နှစ်ဖက်စလုံး ပြုပြင်သင့်သည့်အချက်များ ဖြစ်ပါသည်။ လေသံမာမာပြောသူကလည်း လေသံသာပြောင်းလိုက်ပြီး ခံရသူကလည်း သည်းခံခြင်းတရားကို နှလုံးသွင်းမိလျှင် စိတ်နှလုံး ချမ်းမြေ့ပေလိမ့်မည်။ ထိုသို့မဟုတ်ဘဲ သည်းမခံဘဲ ခိုက်ရန်ဒေါသဖြင့် မာန် တဝင့်ဝင့်
ဖြစ်ခ ဲ့လျှင် နှလုံးစိတ်ဝမ်း မချမ်းမြေ့ဖွယ် ဖြစ်ပေလိမ့်မည်။

ကျွန်မဖတ်ရတဲ့ စာအုပ်တစ်အုပ်ထဲမှာ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး သင်္ကန်းဝတ်ရုံထားသည်မှာ မညီမညာဖြစ်နေပါသည်။ ဤသည်ကို (၇)နှစ်အရွယ် ရှင်သာမဏေကလေးက “ဤသို့ဝတ်ရုံရပါသလား´´ဟု ထောက်ပြ မေးမြန်းသည်ကို လိုလားနှစ်သက်စွာခံယူ၍ သင်္ကန်းကိုလည်း ပြုပြင်ဝတ်ရုံခဲ့ပါသည်။ ထိုသာမဏေကလေးအား အမှားကို ညွှန်ပြပေးသူအဖြစ် လက်အုပ်ချီရှိခိုးခဲ့ပါသည်။

(၇)နှစ်အရွယ် သာမဏေကလေး၏ အဆုံးအမကို နှစ်ခြိုက်စွာခံယူခဲ့ ပါသည်။ ကျွန်မသာဆိုလျှင် ကိုယ့်ထက်ငယ်သူက လာပြီးဆရာလုပ်ရပါမည်လားဟု မကျေမနပ်နှင့် အတောမသတ်နိုင်သော ဒေါသကို ရပ်စဲနိုင်မည်မဟုတ်ပါ။

ရှင်သာရိပုတ္တရာကိုယ်တော်မြတ်၏ စိတ်ထားအသိနှင့် ကျွန်မတို့လို `စိတ်ရိုင်းမာန်တက်၊ အမျက်မသိုနိုင်သူ´များနှင့်ကား မနှိုင်းအပ်မယှဉ်သာ အကွာကြီးကွာခြားလှပါသည်။ ကျွန်မတို့သည် သည်းခံခြင်းတရားဆိုသည်ကို သိသာသိပါသည်။ မကျင့်ဆောင်နိုင်ကြပါ။ နှုတ်ကသာ သည်းခံရေး တရားဟောနေပါသည်။ လက်တွေ့မှာ သည်းခံနိုင်မှု နည်းပါးလှပါသည်။ ဘဝင်ကျကျ သည်းခံခြင်းမျိုးထက် ကြောက်၍ သည်းခံခြင်းမျိုးသာ များလှပါသည်။ သို့ဖြစ်၍ အသိနှင့်အကျင့် တစ်ထပ်တည်းကျစွာ ကျင့်ကြံပွားများနိုင်အောင် ကြိုးစား နေထိုင်ကြရန် တိုက်တွန်းလိုက်ပါသည်။