စားခဲ့ဖူးတဲ့ဘဲသားဟင်းတခွက်
၁၉၉၉ လောက်ကကျွန်မတို့ကျောင်းတွေပိတ်ထားတုန်း သူငယ်ချင်းကျောင်းဆရာမလုပ်နေတဲ့ရွာကိုသွား လည်ဖို့ ကျွန်မတို့သူငယ်ချင်းတွေ တိုင်ပင်ပြီးသွားဖို့စီစဉ် ခဲ့ကြပါတယ်။ သွားမဲ့နေရာကတော့ မြန်မာနိုင်ငံရဲ့ ရထားလမ်းဆုံးသာရဝေါမြို့လေးနားက ရွာလေးတရွာကိုပေါ့။ သွားဖို့ကိုရထားနှစ်ဆင့်စီးရပါတယ်။ ကျွန်မ တို့မြို့ကနေ လက်ပန်တန်းမြို့ကိုတဆင့် အဲဒီကမှ သာရဝေါမြို့ကိုရထားဆက်စီးရပါတယ်။ လက်ပန်တန်း ရောက်တော့ ရထားပြောင်းစီးကြပါတယ်။ ဖြစ်ချင်တော့အဲဒီသာရဝေါ ရထားကလက်ပန်တန်း မှာပျက် ပါလေရော။ ကျွန်မတို့ကတော့စိတ်မပျက်ပဲပိုပျော်သွားပါတယ်။ လက်ပန် တန်းမြို့ထဲကိုလည်ရတော့မှာမို့ပါ။ အဲဒါနဲ့အစီအစဉ်ထဲ မပါတဲ့လက်ပန်တန်းမြို့ကိုလည်ကြတာပေါ့။ အဆိုတခုရှိတယ်လေ။ အဲမြို့အကြောင်းသိ ချင်ရင်အဲမြို့ကဈေးကိုသွားကြည့်ဆိုတော့ကျွန်မတို့လဲဈေးကိုချီ တက်ကြတာပေါ့။ စားချင်ရာစားပြီး ဝယ်ချင် တာ ဝယ်ရင်းအဲမြို့စီးပွားရေးလူမှု့ရေးတွေကိုလေ့လာခွင့် ရခဲ့ပါတယ်။ နောက်တော့ရန်ကုန်ကစက် ခေါင်း လာတော့ရထားဥဩဆွဲသံကြားမှ ရထားဆီကိုပြန်ပြေးရင်း သာရဝေါကိုချီတက်ခဲ့ပါတယ်။ လမ်းတလျောက် မှာတော့ ရထားလမ်းဘေးမှာဖြစ်သလိုတဲပေါက်ကလေးတွေ ထိုးပြီး အင်းတွေမှာလုပ်နေတဲ့ မိသားစုတွေ ကိုတွေ့ခဲ့ရပါတယ်။ ကလေးတွေကလဲအိမ်နဲ့တောင်မလိုက်အောင်ကို များနေတာလဲသတိထားခဲ့မိပါတယ်။ မိဘတွေကြည့်လိုက်တော့လဲ ဒီကလေးတွေ ရဲ့ ကျန်းမာရေး၊ ပညာရေး၊ ရှေ့ရေးဝေးလို့ အသက်ရှင်ရပ်တည်ရေး ကိုပဲတွေး နိုင်ပုံရလို့ ဒီကလေးတွေရဲ့ရှေ့ရေးကိုကြားထဲကနေသိချင်၊ စိတ်ပူနေခဲ့မိသေးတယ်။ လမ်းဘေး တလျောက် မှာတော့ ဧရာဝတီမြစ်ရဲ့ ချောင်းလက်တက်အမွှာလေးတွေကနေဖြစ်နေတဲ့ မြစ်ကျိုးအင်းလို့ခေါ်တဲ့အင်း တွေကိုအများကြီး တွေ့ခဲ့ရပါတယ်။ အဲလိုနဲ့သာရဝေါ ကိုရောက်ခဲ့ ပါတယ်။ စာအုပ်တွေထဲမှာထင်ရှား သ လောက် ကမ်းပါးပြိုတဲ့ ထဲပါသွားလို့ မြို့အဆင့်မရှိတော့ပဲ ရွာသာသာပဲကျန်တော့တဲ့မြို့ကိုစိတ် မကောင်း စရာ တွေ့ ရပါတယ်။ အဲကနေမှ ဧရာဝတီမြစ်ရိုး တလျောက် တာဖို့ထားတဲ့လမ်း တလျောက် ဆိုက်ကားစီး ပြီးတော့ ကျွန်မတို့သွားလည်တဲ့ ရွာကိုသွားကြ ပါတယ်။ အဲရွာမှာအိမ် လည်၊ နောက် တညအိပ်ပြီး နောက် နေ့ မနက်မှာ မော်တော် နဲ့ဧရာဝတီမြစ်ကိုဖြတ်ကူးလို့ ဟင်္သာတမြို့ကိုသွားပါတယ်။ ရွာကနေထွက်တဲ့မော်တော်ကိုစီးသွားတာ။ အဲရကတွေက ရေကျချိန်ဖြစ်နေတော့ ကမ်းပါးအောက်တော်တော်ဆင်းမှရေစပ်ကိုရောက်ပါတယ်။ မော်တော်ကလဲကုန်တင်၊ လူတင်ဆိုတော့ တော်တော်လေးကြီး ပါတယ်။ မြင့်လဲမြင့်တယ်ပေါ့။ ရေကျနေတော့မော်တော်ကရေပေါ်အကုန်ပေါ်နေတယ်။ မော်တော်ပေါ်အရောက်ကိုမြင့်တာကလဲ အိမ်တလုံးစာလောက်မြင့် ပါတယ်။ ကမ်းစပ်ကနေကုန်းပေါင်လေးထိုးထားပေးပါတယ်။ ကုန်းပေါင်လေးကလဲ ကျယ်လှခြောက်လက်မလောက်ပဲရှိ မယ်။ ခြေဖဝါးဇုံချလို့မရပါ ဘူး။ ခြေတဖက်ပဲ တင်လို့ရပါတယ်။ သူတို့ရွာခံတွေကတော့ဖတ်ဖတ်နဲ့ တက်သွားကြ တာမော်တော်ပေါ်ရောက်ကုန်ပါပြီ။ ကုန်တွေတောင်ရွက်လို့၊ ထမ်းလို့တက်သွားတာ။ ပိုက်ဆံအိပ် တလုံးစီပဲပါတဲ့ ကျွန်မတို့ ၄ ယောက်ကတော့ အဲကုန်းပေါင်ပေါ် ဘယ်လိုလမ်းလျှောက်ရမလဲမသိတာနဲ့မတက်ရသေးပါဘူး။ ရွာကလူတွေ ကလဲဒေါသထွက်လှပြီ။ သူတို့နောက်ကျမှာစိုးလို့။ အဲဒါနဲ့ကျွန်မတို့လဲကြိုး စားပြီးဖက် တက်။ လေးဘက်ထောက်တက်။ တွားတက်နည်းမျိုးစုံလုပ်ပေမဲ့လမ်း တဝက်တောင်မရောက်ပါဘူး။ လေး ငါးလှမ်းအပြင်ပိုမလှမ်းရဲပါဘူး။ ကုန်းပေါင်ကလဲ မတ်နေတာလဲပါတာပေါ့။ နာရီဝက်လောက်ကြာမှ မော်တော်ပေါ်ကလူကအမတို့ရေ ကန်တော့ဗျာဆိုပြီး လက်မောင်း ကနေတွဲတင်တော့မှ ပဲမော်တော်ပေါ်ရောက်တော့တယ်။ ။အဲကနေမှ ဘတ်စ်ကား စီးပြီး ဇလွန်ပြည်တော် ပြန်ကို သွားဖူး ကြပါတယ်။ နောက်ရွာကိုသွားတုန်း ကလိုပဲ အဆင့်ဆင့် စီးပြီးပြန်ကြပါ တယ်။ ရွာရောက်တော့ရွာထဲက အိမ်က ထမင်းစားခေါ်ထား လို့သွားစားကြပါတယ်။ တောချက် ကလေး တွေ နဲ့ ဖွယ်ဖွယ်ရာရာကျွေးပါတယ်။ ကြက်ဥကြော်၊ ဘဲသားဟင်း၊ ချဉ်ရည်ဟင်း၊ ငပိရည် အစရှိသဖြင့်ပေါ့။ ကျွန်မတို့လဲ ဆာဆာနဲ့ စားလိုက်ကြတာ။ ဘဲသား ကလဲနူးအိနေပြီးတသက်နဲ့တကိုယ် အဲလောက်ခုျိပြီးနုနေ တဲ့ ဘဲသားမျိုးမစားဖူးဘူး။ ကောင်းလိုက် တာကောင်းလိုက်တာနဲ့ စားနေတုန်းမှာပဲ အိမ်ရှင်အဘွား က ကောင်းကြလားဆိုတော့ ဘဲသား ချိုကြောင်းကောင်းကြောင်းပြောကြတာပေါ့။ အဲတော့အဘွားက ဟင်းချို မှုန့်မသုံးပဲချက် ထားတာလို့ပြောပါတယ်။ တကယ်လဲ ဟင်းချိုမှုန့်ချိုမဟုတ်ပါ ဘူး။ နောက်သူ ကဆက်ပြော တာက ညနေကမှအိမ်ကဘဲရိုက်ချက်ထား တာတဲ့။ အောင် မယ်လေး စားရင်းတန်းလန်း မနေ့ကလာလည် တုန်းက ဂတ်ဂတ်ဂတ်ဂတ်နဲ့ပြေးနေ တဲ့ဘဲ တွေသွားမြင်ပြီးထမင်းကိုမနဲကုန် အောင်စားခဲ့ရပါတယ်။ ဒါပေမဲ့ လဲပေါ့လေ။ တသက်မှာတခါပဲစားဖူးတဲ့လတ်ဆတ်လွန်းတဲ့ ဘဲသားဟင်း ကိုတော့တသက် မမေ့နိုင်ခဲ့ပါဘူး။
21 comments
ဗိုက်ကလေး
May 4, 2012 at 3:50 pm
ဘာအခုမှ ကြောက်ပါပြီလဲ
ဂက်..ဂက်..ဂက်….ဂက်
😀
Thel Nu Aye
May 4, 2012 at 4:45 pm
အဲဒီဘဲကတော့တော်ပြီ ကြောက်ကြောက်
laypai
May 4, 2012 at 4:26 pm
တော မှာ နေ တဲ့ လူ တွေ မှန်သမျှ အသားဟင်း စားချင် ရင် ဒီလိုပဲ ကိုယ် မွေးထားတဲ့ ကြက်၊ ဘဲ တွေ ကို သတ်စားကြရ တာ။ ဈေး ရယ် လို့ သတ်သတ်မှတ်မှတ် မရှိတာ ကိုး။
ဘဲ ဆို ပို တောင်ဆိုးသေး လည်ညစ်လို့ လဲ မသေဘူး။ ရိုက် သတ်ရင် သတ်၊ မဟုတ်ရင် လည်ပင်း က အမွှေး လေး နုတ်ပြီး လည်လှီး ရတာ။
ဝက်၊ နွား သား စားရ ဖို့ ဆိုရင် လဲ ရွာထဲ ဟင်းစား ရှားပါး တဲ့ ရက် ရွေး ပြီး ဝက်သတ် နေကျ၊( ဝါသနာ ပါသူတွေ ) က လုပ်ကြ တယ်။ ရွာ လူဦးရေ အနေအထားနဲ့ သတ်ပြီး အသားတွေ ရောင်း မကုန်မှာ စိုး လို့ ပေါ့။
အသား စည်သွပ် စက်ရုံ မှာ တော့ ရှင်းတယ်။ မသေ မရှင် ကြက်၊ ဘဲ ခြေထောက် ကြိုးချီ ရက် သားတန်းလန်း လေး ရေပူ ( ၁၀ဝ ဒီဂရီ စီ ဘဲ ထားပါတော့ )ကန် ထဲ ရောက်။ အဲဒီမှာ သေ။
နောက် ဖယောင်းကန်ထဲ ရောက်၊ နောက် အမွှေးချွတ် ကန်ထဲ ရောက်တော့ ဖယောင်းရော အမွှေး ပါ ပြောင် တော့ မှ အသား ဆက်ထုပ်ပေါ့။
လတ်လတ် ဆတ်ဆတ် စားရ ဖို့ ရှေ့ ကွယ် မှာ ရက်ရက် စက်စက် သတ်ရတာ ပ။
Thel Nu Aye
May 4, 2012 at 4:42 pm
အောင်မယ်လေး laypai ရယ် သူပြောမှပဲပိုဆိုးတော့တာပဲ။ မျက်စိထဲကွက်ကွက်ကွင်းကွင်းကိုမြင်တော့တာပါပဲလား။
nozomi
May 4, 2012 at 5:50 pm
ဒါလေးဖတ်မိမှ တစ်ခုသွားသတိရမိတယ်
၁၉၉၁ တုန်းကဖြစ်ခဲ့တာ
ကြည့်မြင်တိုင်ကနေ သာရဝေါကို ရထားစီး ၊ သာရဝေါကနေ ဟင်္သာတ ကို ပဲ့တောင်နဲ့ကူးရမှာ
သာရဝေါကျ ဟိုဘက်ကမ်းကို ကူးဘို့ ပဲ့တောင်တွေ့တော့ ခပ်တည်တည်နဲ့ တက်လိုက်လာခဲ့တယ်
ပဲ့တောင်ကလဲ နဲနဲမြင့်တယ် အပြင်ကို မမြင်ရဘူး
ဟင်္သာတကို ရောက်ချိန် မရောက်လို့ အပြင်ကြည့် ဘေးလူမေးကြည့်တော့မှ မှားစီးလာမှန်းသိရပြီး
အနီးဆုံး အင်္ဂပူမြို့နယ်ထဲက ညောင်ကျိုးဆိုတဲ့ ရွာမှာဆင်းလိုက်ရတယ်
အတူတူ စီးလာတဲ့ အမကြီးက သူ့အိမ်ခေါ်သွား ထမင်းကျွေး၊ သူတို့အိမ်မှာသိပ်၊ မနက်ကျ ဟင်္သာတကို သွားဘို့ မနက်အစောကြီး ကားဂိတ်လိုက်ပို့သေးတယ်
ကိုယ်နဲ့ မသိတဲ့ အခက်အခဲ ဖြစ်နေတဲ့ လူစိမ်းကို အိမ်ခေါ်သွား ထမင်းကျွေး ကူညီနဲ့ မြန်မာတွေရဲ့ ကူညီချင်တဲ့စိတ်က တသက်မမေ့နိုင်အောင်ပဲ
ပြီးခဲ့တဲ့ လ က ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ မေ့ချင် မေ့နေမယ် အဲဒီတုန်းက ကူညီပေးခဲ့တဲ့ လင်မယား
ကိုအုန်းသန်း မစန်းဝင်း ဆိုတာတော့ အခုထိ မှတ်မိနေသေးတယ်
အခြေအနေပေးရင် တစ်ခါလောက်တော့ ပြန်တွေ့ချင်ပါသေးတယ်
Thel Nu Aye
May 4, 2012 at 10:41 pm
ဟင်ဒါဆိုဆရာသမားကအပေါ်မတက်ပဲအောက်ဆင်းသွားတာပေါ့။ တော်သေးတာပေါ့။ ထမင်းကျွေးညသိပ်တဲ့သူနဲ့တွေ့လို့။ ကျွန်မတို့ဟင်္သာတရောက်တော့ မနက်စာစားပြီး အိမ်သာမေးတာ အဲဒီဆိုင်ရှင် ကသူတို့အိမ်သာကသော့ခတ်ထားလို့တက်မရဘူး ဆိုပြီးသော့တောင်ထုပ်မပေးပါဘူး။ ဟသာင်္တဈေးကိုသွားဖို့ဆိုက်ကား စီးတော့လဲ ဧည့်သည်ဆိုပြီးမတရားတောင်းလို့ ဈေးဆစ်တာကို ဈေးဆစ် လို့ဆိုပြီးဆိုက်ကားဂိတ်ကနေနှင် ထုပ်ခံ ရတယ်။ တခြားဂိတ်ကဆိုက်ကားစီးတော့လဲ မရောက်သေးပဲလမ်းခုလတ်မှာချထားပေးခဲ့ တယ်။ ပြီးတော့ပြောသေးတယ်။ နင်တို့စာတတ်လား။ အဲမှာဆိုင်းဘုတ်ဖတ်ပြီးသွားတဲ့။ စံပါပဲ။
moe minthar
May 4, 2012 at 7:04 pm
သဲနုအေးရေ…….
ဘယ်လောက်များပျော်စရာကောင်းလိုက်ပါသလဲ……..
တောအရသာတမိူးလေးပေါ ့ကွာ……..
ဘဲသားဟင်းတော ့စားချင်သား…ဒါပေမဲ ့…..
သဲနုရေ……တို ့လည်းကြောက်တတ်တယ်..ဟဲ…ဟဲ…..ချစ်ခြင်းမေတ္တာဖြင် ့
Thel Nu Aye
May 4, 2012 at 10:43 pm
ပျော်စရာကတော့တော်တော်ကောင်းပါတယ်။ ကျွန်မကရွာတွေရောက်တိုင်းပျော်တယ်။ သာယာပြီးအေးချမ်းလို့။
အလင်းဆက်
May 4, 2012 at 7:20 pm
အဲ..အဲသလို အဖြစ်မျိဲုးလည်း.ရှိသလား…လို ့ပဲ.တရုတ်သိုင်းကားတွေထဲက ဘုရင်ကြီးမေးသလို မေးလိုက်ချင်တယ်
Thel Nu Aye
May 4, 2012 at 10:45 pm
အိုပြောမနေနဲ့တော့ တရွာတမျိုးအဖြစ်ကတော့စုံပါတယ်။ ရွာတွေကဟန်ဆောင်မှု့ကင်းကြတော့ ရွာတရွာရောက်တိုင်းတခါဂွကျရတာချည်းပဲ။ ပြန်တွေးတော့လဲကြည်နူးစရာပါ။
may flowers
May 4, 2012 at 8:16 pm
တောရွာတွေမှာတော့..ဧည့်သည်လာရင်ဒီလိုပဲ..အိမ်မှာရှိတဲ့ကြက်၊ဘဲတွေကို ရိုက်သတ်ချက်ကျွေး
လေ့ရှိကြပါတယ်။ တစ်ခါကလဲ…အိမ်တစ်အိမ်မှာ ဧည့်သည်ဖြစ်တဲ့ကိုယ်တွေအတွက်တဲ့ မျက်စိရှေ့မှာတင်
ညာသံပေးပြီး..ဝိုင်းလိုက်ပစ်ခတ်ပြီး..ချက်ကျွေးတာ..ကဲ ဘယ်လိုစားလို့ဝင်ခဲ့မှာလဲ…..
Thel Nu Aye
May 4, 2012 at 10:36 pm
အင်းချိုနေတော့လဲကြိတ်မှိတ်စားရတော့တာပေါ့နော်။ ဒါမျိုးကပထမဆုံးဆိုတော့တော်တော်တော့ လန့်သွားတာအမှန်ပဲ။
windtalker
May 4, 2012 at 9:05 pm
သဲလေး စားချင်သပ ဆိုမှတော့ ၊ ရွာထဲက ဘဲအို ကြီးကြောင် ဆိုတဲ့ လူကြီး ကို ဘဲတစ်ကောင်ဝယ်ချက်ခိုင်းပြီး ကျွေးရသေးတာပ ။
Thel Nu Aye
May 4, 2012 at 10:29 pm
အောင်မယ်လေးကိုပေရယ်။ အဲဒါဆိုအဲဒီဘဲကသိပ်လတ်တော့မယ်မထင်ဘူး။ အောင်မယ်ငီးးးးးးးးး။
weiwei
May 4, 2012 at 9:30 pm
တရုတ်ပြည်မှာဆို စားသောက်ဆိုင်တွေမှာ ကြက်တွေက အကောင်လိုက်အရှင်ပဲ ထားထားတာ ….
ကြက်တစ်ကောင်လုံးချက်တဲ့ဟင်းတစ်မျိုးရှိတယ် (နံမည်တော့မေ့နေပြီ) … ဒယ်အိုးအကြီးကြီးနဲ့ အောက်ကမီးနဲ့ စားပွဲပေါ်ကိုလာချပေးပြီး အားလုံးဝိုင်းစားရတာ … အဲဒီဟင်းမှာရင် ကြက်ကိုအရှင်သတ်ပြီး ချက်ခြင်းချက်ပေးတာ … အရမ်းချိုတာပေါ့ ….
ငါးတွေ ပုဇွန်တွေလဲ အားလုံး အရှင်ကို ချက်တာချည်းပါပဲ …
ကျွန်မက အသက် ၃ဝ ကျော်တဲ့အထိ ငါးမစားပါဘူး .. ငယ်ငယ်က စမ်းပြီးစားဖူးပေမယ့် ညှီပြီးဆက်စားလို့မရတာနဲ့ မစားရဲခဲ့ဘူး … တရုတ်ပြည်သွားနေတော့ တရုတ်တွေက အတင်းကျွေးတာနဲ့ အားနာလို့ ငါးကိုစမ်းစားကြည့်တယ် … အရမ်းချိုပြီး လုံးဝမညှီဘူး … အဲဒါနဲ့ပဲ ငါးစားဖြစ်သွားပါတယ် … ရန်ကုန်ပြန်ရောက်တော့ ကိုယ်တိုင်ချက်စားရင်စားဖြစ်ပေမယ့် နဲနဲတော့ညှီနေတုန်းပဲ (သိပ်မလတ်ဆတ်လို့) … တရုတ်ပြည်က ငါးကောင်လုံးချက်ဟင်းတွေကို ခဏခဏသတိရမိတယ် …
Thel Nu Aye
May 4, 2012 at 10:26 pm
ဟုတ်တယ်နော်အမ။ လတ်လတ်ဆတ်ဆတ်ဆိုဘာနံ့မှမရှိဘူး။ အဲဒီရွာကပုဇွန်အစိမ်းသုတ်ဆိုလဲ ပိုက်ထဲကခုန်နေတဲ့ပုဇွန်ကို ယူပြီးသံပုရာသီးညှစ်ချလိုက်တာ။ ပုဇွန်လေးတွေရဲပြီးကျက်သွား တာပဲ။ အဲဒါကိုမှသုတ်စားတာ။
Khin Latt
May 4, 2012 at 9:44 pm
ဖစ်မှဖစ်ရလေ သဲလေး ရယ်။ (မောင်ပေ့ လေသံ)
ပြောရရင် ရွာတွေ မှာ ထမင်းကျွေးဖိတ်လို့ ကတော့ သတ်သတ်လွတ် စားချင်စား မဟုတ်ရင် အပြင်ကို လေ့လာရေး လုပ်မကြည့်နဲ့။
ကြောင်ဝတုတ်လေး ရေးခဲ့တာ လားမသိ။
သူ့စွန့်ပစ္စည်းကို စားတဲ့ ဝက်သား ဆိုဘဲ။ 😀
Thel Nu Aye
May 4, 2012 at 10:23 pm
ဟီးးးးးးဟုတ်တယ်အရီးလတ်ရေ။ အဲဒီရွာကမြစ်နားရွာမို့ပြသနာသိပ်မရှိပေမဲ့ ဒိုက်ဦးနားကရွာကတော့ ကြောင်ဝတုတ်ပြောတဲ့ပြသနာရှိတယ်။ အဲဒီမှာက ဝက်တင်မက ဘဲပါပါတယ်။ အောင်မယ်လေးပြောရင်းနဲ့******************။
ကြောင်ကြီး
May 5, 2012 at 8:06 am
သဲလေး
ဘဲကျွေး
ရဲဆေး
ပွဲပေး…။
aye.kk
May 5, 2012 at 1:53 pm
သဲနုအေးရေ…
နှံပြည်စုတ်..
လက်တဆုပ်စာ..
ငရဲ ကဆယ်ပိဿာတဲ့..
ငယ်ငယ်က အန်တီအဖေ အမြဲဆုံးမတာလေး သတိရ သွားလို ့ပါ..
လက်တဆုတ်စာပဲရှိတဲ့နှံပြည်စုတ်ငှက်ကလေးကိုသတ်မိရင်..
ငရဲကဆယ်ပိဿာလောက်မကအပြစ်ကြီးလေးလို ့တားတာပေါ့နော်..
အန်တီအစ်ကိုကငှက်တွေပစ်တာအလွန်ဝါသနာပါခဲ့တယ်လေ..
အန်တီအဖကအမြဲပြောပြဆုံးမနေကြစကားလေးမို ့တိုက်ဆိုင်သွားလို ့ပါ..။
လတ်ဆတ်လွန်းတဲ့ဘဲသားဟင်းကစားလို ့
ကောင်းတယ်ဆိုပေမယ့်အစားတလုတ်
အတွက်နဲ ့အရှင်လတ်လတ်ကြီးကိုရိုက်သတ်ပြီး
ချက်ကြွေးတာသိလိုက်ရတော့ပြုတဲ့သူမှာငရဲဆယ်ပိဿာဆိုသလို..
ကိုယ်စားမိတဲ့သူကလည်းဘယ်လိုစားဝင်တော့မလည်းနော်..
ဖြစ်တတ်တဲ့သဘာဝတရားတွေပါဘဲညီမရယ်..။။
Thel Nu Aye
May 6, 2012 at 12:46 am
ဟုတ်တယ်အမရေ။ ရွာတွေမှာအဲလိုဆိုတာတော့ကြားဖူးပါတယ်။ ရွာတွေလဲရောက်ဖူးလို့သူတို့ကျွေးတာစားဖူးပါတယ်။ ဒါပေမဲ့ပေါ့လေသူတို့ကလဲမပြောသလို ကိုယ်ကလဲတကူးတကစဉ်းစားမနေတော့ဘူးပေါ့။ အခုဟာကတည့်ကြီးပြောတာပထမဆုံးဆိုတော့ တော်တော်တော့ဂွကျသွားတာပေါ့။