ဂေဇက်ရွာမှ တဆုပ်ဆန် ရံပုံငွေကိစ္စ

ဒီနေ့ ည ၇=နာရီမှာ တစ်အိမ်တစ်ယောက် အိမ်ထောင်ဦးစီးများကိုယ်တိုင် သူကြီးအိမ်လာကြဖို့..ဆင့်ခေါ်ထားပါတယ်။ ည ၇=နာရီ ခေါ်တာကတော့ နေ့ခင်းမှာအလုပ် မပျက်အောင်ဆိုပြီးခေါ်တာပါ။ဒါက ဂေဇက်ရွာရဲ့ထုံးစံ။ ည ၆=နာရီ မိနစ် ၄၀=လောက်မှာ လူစုံပါတယ်။ တက်ရောက်လာကြတဲ့ ရွာသားအားလုံးကလဲ တက်ရောက်ကြောင်းလက်မှတ်ထိုးကြပါတယ်။
လူစုံတာနဲ့ သူကြီးကထပြောပါတယ်။
“ ဒီနေ့ခေါ်ရတဲ့အကြောင်းကတော့…တရွာလုံးရဲ့ ဆန္ဒနဲ့ အိမ်တိုင်းအိမ် တိုင်းက ထမင်းချက်ခါနီးတိုင်း ဆန်တဆုပ်တဆုပ်စုပြီးလာခဲ့တာ ခုဆို ဆန်ဖိုးငွေ အတော်များများ စုမိနေပါပြီ။ ဒီ တဆုပ်ဆန်ဖိုးငွေတွေကို ဘယ်လို အသုံးချကြမလဲ…ဘာလုပ်ချင်ကြသလဲ..ဆိုပြီးအများသဘောဆန္ဒခံယူဖို့ခေါ် လိုက်တာပါပဲ။“
““ဟုတ်ကဲ့ ကျွန်တော့်သဘောကတော့ ကိုယ်ချက်မယ့်ဆန်ထဲက တစ်နေ့မှ ဆန် တစ်ဆုပ်တစ်ဆုပ် ဘေးဖယ်ပြီးစုလာကြတာဖြစ်လို့ အများကြီးမပင်ပန်း ပေမယ့်နေ့စဉ်၊ လစဉ်စုလာကြတဲ့ ချွေးနည်းစာလေးဖြစ်လို့ အမြတ်ဆုံး ကုသိုလ်ဖြစ်အောင်..ဘုရားတည်ချင်ပါတယ်ကျွန်တော်တို့ ရွာမှာရှစ်မျက်နှာ ဘုရားလဲ မရှိသေးပါဘူး။
ဒါကြောင့် ဆရာတော် ဩဝါဒကိုခံယူပြီး ရွာဦးကျောင်းက စေတီကြီးဘေးမှာ တဆုပ်ဆန်ဘုရားဆိုပြီးရှစ်မျက်နှာစေတီတစ်ဆူတည်ထားကိုးကွယ်ချင်ပါ တယ်။ အများသဘောတူရင်ပေါ့။”””ဆိုပြီး ရွာသားတစ်ဦးက တင်ပြပါတယ်။
လူတော်တော်များများကလဲ မဆိုးပါဘူး။ကောင်းပါတယ်။ ကောင်းမယ် ထင်လုပ်ပါ စသဖြင့်ပြောကြသဖြင့် နောက်ဆုံးတော့ဆရာတော် လျှောက် ထားပြီး ခွင့်ပြုရင်ရှစ်မျက်နှာဘုရားတည်ဖို့ကို သဘောတူလိုက်ကြပါတယ်။
အများသဘောဆန္ဒအရ…သူကြီးအိမ်မှနေပြီး ရွာဦးကျောင်းဆရာတော်ထံ ဩဝါဒ ခံယူဖို့ဆိုပြီး ညတွင်းချင်း ဆရာတော်ကျောင်းကိုသွားရောက် လျှောက်ထားကြပါတယ်။ဆရာတော်ကျောင်းရောက်တော့ ရွာသားများရဲ့ ကိုယ်စား သူကြီးကပဲ..ဆရာတော်ကိုယခုလိုလျှောက်ပါတယ်။
““ဆရာတော်ဘုရား..ဆရာတော်သိတဲ့အတိုင်း တပည့်တော်တို့ရွာထဲမှာ တဆုပ်ဆန်ဆိုပြီး အိမ်တိုင်းအိမ်တိုင်းက ထမင်းချက်ခါနီးတိုင်း ဆန်တစ်ဆုပ် စုစုလာခဲ့တာ ခုဆိုရင် တော်တော်စုမိဆောင်းမိဖြစ်နေပါပြီဘုရား။ အဲဒါကို အကျိုးများအောင်ဆိုပြီး ရွာသူ ရွာသားအတော်များများက ဆရာတော် ကျောင်းမှာစေတီတစ်ဆူတည်လိုကြပါတယ်ဘုရား။ဆရာတော် သဘောဆန္ဒ ကိုလဲ သိလိုလှပါတယ်ဘုရား။ နောက်တပည့်တော်တို့ကို အမှန်တကယ် အကျိုးများမည့်ကုသိုလ်တို့ကို ညွှန်ပြပေးပါဘုရား””
““အင်း..ဒီရွာကဒကာဒကာမတွေရဲ့အဝတ်တွေ..အစားတွေ..နေရာတွေ..ကိုအသုံးပြုပြီး ဒီရွာမှာ ဘုရား အဆုံး အမတွေပျံ့နှံ့အောင် သာသနာပြုလို့ခေါ် တဲ့ သာသနာဝန်ထမ်းဆိုတော့လဲ ဝန်ထမ်းအလုပ်လုပ်ရဦးတော့မှာပေ့ါ။ စေတီ..ဆိုတာ..ကိုးကွယ်ရာလို့အဓိပ္ပါယ်ရတယ်။ သာသနာမှာ “ကွယ်” သုံး ကွယ်ဆိုပြီးရှိတယ်။ ဘုရားကို စေတီကွယ်တယ်ဆိုတာ ကြားဖူးကြတယ် နော်။
ဘုရားကိုစား ကိုးကွယ်ဖို့ စေတီဆိုတာတည်ထားကြတာပဲ။ ဒါပေမယ့် အဲဒီစေတီကပဲ ဘုရားကို ကွယ်သွားတတ်ကြတယ်။ စေတီပုံတွေ အမျိုးမျိုး တည်ထားကြတယ်။ ဘုရားဖူးလာသူတွေက အဲဒီအမျိုးမျိုးဖြစ်တဲ့ စေတီပုံ တွေကိုပဲ စိတ်ဝင်စားပြီး ဘုရားဆီစိတ်မရောက်ကြတော့ဘူး။ တကယ်က ဘုရားဖူးတယ်ဆိုတာ…ဘုရားရဲ့ဂုဏ်တွေကိုအာရုံပြုပြီး ဘုရားပုံတော်ကို မြင်အောင်ကြည့်ရမှာ။ ””
““တပည့်တော် တစ်ခု လျှောက်ထားပါရစေဘုရား။ တပည့်တော်တို့က… ဘုရားကိုယ်မှ မမြင်ဖူးလိုက်တာဆိုတော့ ဘုရားရဲ့ ပုံကို ဘယ်လိုမြင်အောင် ကြည့်ရမှာလဲဘုရား။ မြင်ဖူးမှမြင်အောင်ကကြည့်လို့ ရမှာမဟုတ်လား။ ဘုန်း ဘုန်း””
““အင်း… ဒကာလေးလျှောက်တာလဲကောင်းပါတယ်။ ဘုရားပုံကိုမြင်အောင် ကြည့်တယ်ဆိုတာ..ဘုရားရဲ့ရုပ်ပုံကိုမြင်အောင်ကြည့်ရတာမဟုတ်ဘူး။ ဘုရားရဲ့ ဓမ္မပုံကိုမြင်အောင်ကြည့်မှ ပိုမှန်လိမ့်မယ်။ ဘုရားဟာ လူနတ်ဗြဟ္မာ အားလုံးရဲ့ ပူဇော်မှုတွေကိုခံယူနိုင်တဲ့အရည်အချင်း။ ဘုရားဟာ တရားတွေ ကို ဘယ်သူမှမပြောဘဲနဲ့ ကိုယ်တိုင်သိခဲ့ပုံ။ သိတဲ့အတိုင်းကျင့်ပုံစတဲ့ ဘုရား ရဲ့ဂုဏ်တွေကိုမြင်အောင်ကြည့်တတ်ရမယ်။ ဘုရားဟာ ညီတော်တိဿ ရဟန်းကြီးရဲ့ပြန်ပြောတာလဲ ခံခဲ့ရတယ်။ ဒေဝဒတ်က လုပ်ကြံတာတွေလဲ အကြိမ်ကြိမ်ခံခဲ့ရတယ်။ ဒေဝဒတ်က သံဃာတွေသင်းခွဲပြီးခေါ်သွားလို့ ရှင်သာရိပုတ္တရာတို့ကို ပြန်အခေါ်လဲ ခိုင်းခဲ့ရတယ်။ ဆွမ်းခံလို့မရလို့ မြင်းစာဂျုံတွေကိုလဲ ဘုဉ်းပေးခဲ့ရတယ်။ ရဟန်းတွေ ရန်ဖြစ်ကြတာပြောလို့ မရတဲ့အဆုံး ဘုရားကထွက်သွားခဲ့ဖူးတယ်။ နောင်ဘဝဆိုတာရှိသလား။ မရှိ ဘူးလားပြော။ မသိရင်လဲ မသိဘူးပြော။ မပြောရင် လူထွက်မှာဆိုပြီး အကျပ် ကိုင်တဲ့ ရဟန်းနဲ့လဲ တွေ့ကြုံခဲ့ရတယ်။ အဲဒီလို ဘုရားမှာ တွေ့ကြုံလာတဲ့ လောကဓံတွေကို တရားနဲ့တုန့်ပြန်ဖြေရှင်းပြီး ဖြတ်သန်း ပုံတွေ၊ တရားနဲ့သွားလာလှုပ်ရှားလုပ်ကိုင်ခဲ့ပုံတွေကို အာရုံမှာ မြင်အောင် ကြည့်ရမှာ။ အဲဒါတွေကို အတူယူပြီး ကိုယ့်ဘဝမှာ လောကဓံတရားတွေ တွေ့ကြုံလာတဲ့အခါ ဘုရားတပည့်ပီပီ ဘုရားလိုဖြေရှင်း တတ်ဖို့ပဲ။ ဒါမှ ဘုရားဂုဏ်ကိုအာရုံပြုရကျိုးနပ်မှာ။ဘုရားကျောင်းဘေးနားတိတ္ထိတွေကျောင်းလာဆောက်တော့ ဘုရင်ထံသွားပြီး ရှင်သာရိပုတ္တရာတို့ကို ကန့်ကွက်စေခဲ့ တယ်။ နောက်ဆုံး ဘုရားကိုယ်တိုင်သွားပြီး ပြောခဲ့ရတယ်။ အဲဒီလို ဘုရားရဲ့ တရားနဲ့အညီ ကျင့်ပုံ.. ကြံပုံ.. လုပ်ပုံ..ကိုင်ပုံ.. သွားပုံ..လာပုံ..တွေကို မြင်အောင်ကြည့်ရမှာ။ အဲဒီလိုမြင်မှ ကိုယ့်မှာ အခက်အခဲဒုက္ခတွေနဲ့ ရင်ဆိုင် တွေ့ကြုံလာတဲ့အခါ ဘုရားရဲ့နည်းလမ်းတွေကိုအတုယူပြီး ဖြေရှင်းရမှာ မဟုတ်လား။ အဲဒီလိုတွေ ဖြေရှင်းတတ်အောင် ကျင့်ကြံတတ်အောင်… ဘုရားကိုအာရုံပြုရတာ။ ဘုရားဂုဏ်ကိုအာရုံပြုတယ်ဆိုတာ…ဘုရားသက် တော်ထင်ရှားရှိတုန်းက ဘုရားရဲ့ ပြုမူပုံတွေ။ ပြောဆိုပုံတွေ..ကြံစည်ပုံတွေ ကိုမြင်အောင်ကြည့်ရမှာ။
နဂါးရုံဘုရားတို့..ရှစ်မျက်နှာဘုရားတို့…အဲဒါတွေက စေတီတွေ။ ဒီနေ့ လူတွေဟာ ဘုရားဖူးတွေသွား…ဘုရားတွေကိုဦးချ… ဘုရားရဲ့ဓမ္မနဲ့ ဘဝ ပုံရိပ်ကိုကြတော့ ဘယ်သူမှမမြင်ကြတော့ဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာဝင် တွေဟာ ဘုရားတပည့် ခံယူကြပေမယ့် ပြဿနာတွေတွေ့ကြုံလာတဲ့အခါ ဘုရားနည်းလမ်းကျ မဖြေရှင်း တတ်ကြတာ။
ဘာကြောင့် မဖြေရှင်းတတ်ကြတာလဲဆိုရင်…ဘုရားဖူးကြပေမယ့် ဘုရားရဲ့ ဓမ္မပုံတော်ကို မမြင်ကြလို့ပဲ။ ဓမ္မပုံတော်ကို မမြင်းရခြင်းရဲ့ အကြောင်းတွေ ထဲမှာ ရုပ်ပွားဆင်းတုစေတီတော်တွေဆီကို အာရုံကပြုနေကြလို့လဲ အကြောင်းတခုအနေနဲ့ပါမယ်လို့ထင်မိတယ်။နောက်အကြောင်းတစ်ခုအနေနဲ့ ပြောပါဆိုရင် ဘုရားရဲ့ ဓမ္မပုံတော်တွေကို မသိကြတော့ မြင်အောင်လဲ မကြည့်တတ်ကြတာတွေလဲပါမယ်။ နောက် လူတော်တော်များများဟာ ဘုရားကိုအာရုံပြုတယ်ဆိုတာ ဘုရားရဲ့ ထိုင်နေပုံ…တန်ခိုးပုံတွေကိုအာရုံ ပြုပြီး စိတ်ထဲက ကိုယ်လိုရာတွေကို ဆုတောင်းနေတတ်ကြတယ်။ ဒါကြောင့် ဘုရားကိုယ်စား ကိုးကွယ်ဖို့တည်းထားခဲ့ကြတဲ့စေတီတွေကပဲ ဘုရားကို ကွယ်တတ်ကြတယ်။ဒါကြောင့် ဘုရားကိုစေတီကွယ်တယ်လို့ ဆိုရတာပဲ။

နောက်တစ်ခုလောက်တော့ရှင်းပြချင်ပါသေးတယ်။ အကျိုးများအောင်လို့ဆို ပြီး ခုနက ဒကာတစ်ဦးလျှောက်တဲ့အထဲပါတယ်။ ဘယ်လိုအကျိုးများတာလဲ။ ဘယ်သူတွေ အကျိုးများချင်တာလဲ။စဉ်းစားကြပါ။ ဒီမှာဘုရားတည်လိုက်ရင် ဒို့သေသွားတဲ့ နောက်ဘဝမှာတောင် ကောင်းကျိုးတွေရနေမှာဆိုပြီး ကိုယ့်အကျိုးအတွက်ပဲ ကြည့်ပြီးလုပ်ချင်ကြတယ်။ အမှန်က လှူတယ်ဆိုတာ ယူတာမဟုတ်ရဘူး။ ကူတာပဲဖြစ်သင့်တယ်။
ဘုန်းဘုန်းကျောင်းမှာ ကိုးကွယ်ဖို့စေတီတစ်ဆူလဲရှိပြီးသား။ အရင်က လူတွေတည်ထားခဲ့တဲ့ စေတီတော်ကိုဒီနေ့လူတွေက မပျက်စီးအောင် ထိမ်း သိမ်းရမယ်။ ဒီနေ့လူတွေကလဲ နောက်တစ်ဆူထပ်ပြီးတည်ပြန်ပြီဆိုရင် နောင်ရွာသူရွာသားတွေခမျာ ဘုရားနှစ်ဆူဖြစ်သွားလို့ ဘုရားပွဲတွေ နှစ်ခါ ကျင်းပကြရမယ်။ ဘုရားနှစ်ဆူထိမ်းသိမ်းပြုပြင်ကြရမယ်။နောင်သံသရာ အတွက်ကောင်းဖို့လို့ယူဆကြရင်….ကိုယ့်အတွက်ပဲကိုစဉ်းစားသလိုဖြစ်နေ မယ်။
နောက်တစ်ခုစဉ်းစားကြစေချင်တာက….ခုလို ငွေကုန်ခံပြီး စေတီကြီးတွေ တည်ထာထက် ကိုယ့်ရဲ့အသိမှာ ဓမ္မပုံတော် ဘုရားကိုတည်ကြပါ။ခုလို စေတီပုထိုးတွေက ရန်သူတွေရဲ့ဖျက်ဆီးမှုတွေကြောင့်လဲပျက်စီးနိုင်တယ်။ သဘာဝ ဘေးဒဏ်တွေကြောင့်လဲ ပျက်စီးနိုင်ပါတယ်။ လူတိုင်းလူတိုင်းရဲ့ အသိမှာ ဓမ္မစေတီတွေတည်ကြမယ်ဆိုရင်..ဘယ်သူဖျက်လို့မှလဲ မပျက်နိုင် ဘူး။ ကိုယ့်ဘဝရဲ့ပြဿနာမှန်သမျှကိုလဲ အဲဒီ ဓမ္မဘုရားပုံက ဖြေရှင်းသွားကြ လို့ ဆင်းရဲဒုက္ခက အလွယ်တကူကျော်လွှားနိုင်ပါတယ်။
မြတ်စွာဘုရားကိုယ်တိုင်ကလဲ…သူ့အသက်ထင်ရှားရှိနေတုန်းအချိန်မှာကို သူ့ကိုအမြဲတမ်းဖူးမျှော်နေတဲ့ ဝက္ကလိဆိုတဲ့ရဟန်းတစ်ပါးကို ငါ့ကြည့်နေလို့ ဘာအကျိုးများမှာလဲ။ ငါ့အသိဓမ္မကိုသိအောင်လုပ်ပြီး အဲဒီအသိဓမ္မကိုကြည့် နေမှ..ငါ့တရား တွေကိုသိမှမင်းအကျိုးများမှာလို့လဲပြောခဲ့ပါတယ်။
တကယ်လို့ရွာသူရွာသားတွေက စေတီမှကိုတည်ချင်ကြတယ်ဆိုရင်လဲ ဘုန်းဘုန်းရွာမှာတော့ရှိပြီးသားဖြစ်နေတယ်။ တကယ်အကျိုးများဖို့ဆိုရင်.. မရှိသေးတဲ့ အရှေ့ဘက်က ရွာတို့။ မြောက်ဘက်ကရွာတို့ကို သွားတည်လိုက် ကြပါလို့ တိုက်တွန်းချင်ပါတယ်တဲ့။
လုပ်ချင်လို့လုပ်တာမဖြစ်ပါစေနဲ့။ လုပ်သင့်လို့လုပ်တာဖြစ်စေချင်ပါတယ်
ပိုနေလို့လုပ်တာမဖြစ်ကြပါစေနဲ့…လိုနေလို့လုပ်တာဖြစ်စေချင်ပါတယ်။
ဘုန်းဘုန်းအနေနဲ့က ဘုရားတည်ပါ။ ဘုရားမတည်ပါနဲ့လို့ မပြောလိုပါဘူး။ အကြောင်းအကျိုးကိုစဉ်းစားနိုင်ဖို့သာ ပြောပြခြင်းဖြစ်ပါတယ်။ အားလုံး တည်ဖို့မတည်ဖို့ကတော့ ဒကာ..ဒကာမ..များရဲ့ဆန္ဒအရပေါ့။ ကဲ…အားလုံး တိုင်ပင်လိုက်ကြပါဦး….အလျှင်စလိုလဲ မဆုံးဖြတ်ကြပါနဲ့။
လှူလိုက်လို့ အကျိုးများတယ်..အကျိုးမများဘူးဆိုတာကတော့ ကိုယ်တိုင် စဉ်းစားကြပါ။ ဥပမာ..ဘုန်းဘုန်းတို့ဂေဇက်ရွာထဲမှာ…ဦးဆင်းရဲရဲ့သား မောင်အောင်မြင်ဆိုရင်..၁၀=တန်းကို ဂုဏ်ထူး ၆=ဘာသာနဲ့ အောင်မြင် တယ်။ ခုဆေး ကျောင်းတက်ဖို့ အခက်တွေ့နေတယ်။ အဲဒီမောင်အောင်မြင် ကလေးကို ဆေးကျောင်းထားပေးလိုက်မယ်ဆိုရင်…အကျိုးတရားတွေမများပေဘူးလား။ မောင်အောင်မြင် ဆေးကျောင်းတက်။ ဆရာဝန်ကြီးဖြစ်။ ရပ်ရွာအကျိုးတွေ.. နိုင်ငံ အကျိုးတွေသည်ပိုး။ ဆရာဝန်ဖြစ်တော့ လူနာတွေကိုဆေးကုပေးတော့ အသက်တွေကယ်ရာလဲရောက်။ရဟန်းတွေလဲကုပေးတော့……… ဘုရားက ပြောထားတယ်။ ဂိလာနတွေကိုပြုစုရင် ငါဘုရားကိုပြုစုတာနဲ့အတူပဲတဲ့။ ကဲမောင်အောင်မြင်ဆရာဝန်ဖြစ်သွားလို့လူနာတွေကုတယ်ဆိုရင် ဘုရားကို ပြုစုတာနဲ့မတူဘူးလား။ ဒီတော့ မောင်အောင်မြင်ကို ဆေးကျောင်းထားပေး လိုက်မယ်ဆိုရင် အကျိုးဘယ်လောက်များမလဲ။ မောင်ချစ်သူကို ဆေးကျောင်း ထားပေးလိုက်လို့ ရရှိလာမယ့် ဒါနအကျိုးတွေကို ပိုင်းခြား သတ်မှတ်လို့ရမလား။ နိုင်ငံတော်အတွက်ကျန်းမာရေး တာဝန်ထမ်းဆောင် နိုင်ခြင်း။လူနာပေါင်းများစွာရဲ့ အသက်ကိုကယ်တင်နိုင်ခြင်း။ မောင်အောင် မြင်ကိုလူဆိုးမဖြစ်စေပဲလူကောင်းဖြစ်သွားစေခြင်း။ မောင်အောင်မြင် လူ ကောင်းဆရာဝန် တစ်ဦးဖြစ်သွားခြင်းကြောင့် ရပ်ရွာ။ ရဲစခန်း၊ စသည်တို့ မှာလဲ အလုပ်ရှုပ် သက်သာခြင်း။စဉ်းစားကြည့်ပါ။ ဒီလိုဒါနတစ်ခုရဲ့ အကျိုးတရားကိုပြည့်စုံ အောင်ပြောနိုင်ဖို့ခက်တယ်လို့ ဘုရားကပြောထား ပါတယ်။ ဘုန်းဘုန်းဖြင့် မောင်အောင်မြင် ဆရာဝန်ဖြစ်သွားလို့ ရရှိလာမယ့် နိုင်ငံအကျိုး.. ရပ်ရွာအကျိုး… လူမျိုးအကျိုး… မှန်းဆလို့ကို ရမယ်မထင် မိဘူး။ ရပ်ရွာ။နိုင်ငံမှာ ဖြစ်ထွန်း လာနိုင်တဲ့အကျိုး တရားတွေ ကုန်အောင် မပြောနိုင်ပါဘူး။ ဒါဘုန်းဘုန်းက လုပ်ရမယ်လို့ မညွှန်းဆိုပါဘူး။ စဉ်းစားဖို့ ချပြတာပါနော်။ ဘုန်းဘုန်းပြော တတ်သမျှ ပြောလို်က်ခြင်းပါပဲ။ ဘယ်အရာ မှာပဲဖြစ်ဖြစ်… ပြောတာကို နားထောင်ပြီးကိုယ်တိုင်စဉ်းစား ပွားများဆင်ခြင် မှ… အကျိုးများမှာမို့ ကိုယ် တိုင် စဉ်းစားကြပါဦး။ ကိုယ်တိုင် ဝေဘန်ကြ ပါဦးလို့ တိုက်တွန်းလိုပါတယ်။ ””
လူအုပ်နဲ့ခပ်ဝေးဝေးဆီမှ ရွာသားတစ်ဦးရဲ့ မတိုးမကျယ်လေးပြောဆို သံကို တော့ လူတော်တော်များကြား လိုက်ကြပါတယ်။
““အေး…ပေါ့ကွာ၊ ဒီနေ့ ဒို့ရဲ့စုဆောင်းထားတဲ့ငွေလေးကို ဘုရားတည်လိုက် မယ်ဆိုရင်…ဒီနေ့ ၁၀=တန်းသမားအတွက်လဲ အကျိုးမများတော့ဘူးပေါ့။ နောင် လာမယ့်ရွာလူငယ်တွေမှာလဲ ဘုရားနှစ်ဆူပြင်ရ..ထိမ်းရ…ဘုရားပွဲ နှစ်ခါကျင်းပကြနဲ့….နောင်ကလေးတွေ..နောင် ရွာရဲ့အနာဂါတ်အတွက်ပါ စဉ်းစားကြပေါ့လေ…..ဘုရားဖက်တော့ အသက်ရှေတဲ့။ အင်း…. အသက် ရှည်ဖို့ဘုရားဖက်တယ်ဆိုတာ….စေတီကြီးကိုဖက်နေရမှာလား။ဘုရားစကား နားထောင်ပြီး လူနာတွေကို ပြုစုယုယပေးရမှာလား။ လူနာတွေကို ကုပေး နိုင်တဲ့ ဆရာဝန်တွေပြုစုပျိုးထောင်ရမှာလား အို…သူကြီးစဉ်းစားလိမ့်မယ်… အင်း…ဒို့ဗုဒ္ဓဘာသာတွေက ရုပ်တုကိုးကွယ်တဲ့ဝါဒလို့ပြောရင်တော့လဲ မဟုတ်တဲ့အကြောင်း ပြောဆိုငြင်းဆန်ကြတာပဲ….အင်းခက်ပါတယ်လေ…..
အင်း….ဒီနေ့နိုင်ငံတိုးတက်အောင်လုပ်ကြမယ်ဆိုတဲ့…နိုင်ငံရေးလုပ်နေသူတွေကတော့ ပညာရေး ကွန်ရက်….လူမှုရေးကွန်ယက်…အင်း…သူတို့ သူတို့ကတော့ ဒီနေ့ခေတ်နဲ့ညီလာတယ်လို့ ဆိုရမယ်ထင်ပါတယ်။

13 comments

  • windtalker

    May 9, 2012 at 9:04 am

    အရေးအသားနဲ့ စာရေးသူရဲ့ ဇါတ်လမ်းတည်ထားပုံ ။ ဘုရားကို ဘယ်လို ကိုးကွယ်ရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး အားလုံးကို သဘောကျတယ်ဗျာ။ plus1

  • ဗိုက်ကလေး

    May 9, 2012 at 11:01 am

    ကဲ.ကဲ..
    သဂျီးနဲ ့ အယူအဆ တဘောထားချင်းတိုက်ဆိုင်တဲ့အတွက် ရော့တစ်မှတ်

  • ရွာစားကျော်

    May 9, 2012 at 11:20 am

    လက်မလေးထောင်ပီး အားပေးသါွးပါတယ်..

  • မှော်ဆရာ

    May 9, 2012 at 12:58 pm

    ဟိုးအရင်တုန်းက ခေတ်စားခဲ့တဲ့ အတွေးအခေါ်တစ်ခုပါပဲ …
    ရွှေတိဂုံဘုရားကြီးပေါ်မှာ ချထားတဲ့ရွှေတွေ .. လှူဒါန်းထားတဲ့ ရတနာတွေကို တခြားနေရာမှာ သုံးလိုက်ရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့ ကွန်မြူနစ် အတွေးအခေါ်ပေါ့
    သေချာ ပြန်စဉ်းစားဖို့တော့ လိုမယ့် အတွေးအခေါ်ပါ

    • ငှက်ကလေး

      May 9, 2012 at 11:32 pm

      ရွှေတိဂုံဘုရားမှာချထားတဲ့ရွှေတွေမဟုတ်တောင်မှ နေ့စဉ်ရနေတဲ့ အလှူငွေတွေကို ဘုရားအတွက် အရေးတကြီးမလိုအပ်သေးရင် တခြားအကျိုးရှိမယ့်နေရာမှာသုံးစေချင်တယ်။
      ဒီပိုစ့်ကနေ အတွေးပွားသွားတယ်..
      thanksss 🙂

  • kai

    May 10, 2012 at 12:01 am

    ဟိုနားလေးတင်.. ကလေးတွေ.. ငိုနေကြတယ်..
    လူအိုတွေကလည်း.. ပြုစုမယ့်သူတွေမရှိလို့တဲ့..

    မြန်မာပြည်မှာမွေး..မြန်မာ့လေရေသဘာဝနဲ့ အတူူတူ နေထိုင်အသက်ရှင်နေထိုင်ကြတဲ့.. လူသားတွေပါ…။

    မျက်စိဖွင့်ကြည့်ပါ..
    ပုထိုးမြင့်မောင်း. ရွေရောင်စေတီခန့်ကြီးတွေကြား.. လှည့်လည်တောင်းစားနေရတဲ့.. မြန်မာတွေတွေ့ရလိမ့်မယ်..
    ယာစကာမျိုးလား.. သခင်မျိုးလား.. 🙁

  • komingalar

    May 10, 2012 at 12:24 am

    ကြိုက်သွားပြီဗျို့
    ကျွန်တော်တို့တိုင်ပြည်အတွက်စေတီတွေပိုလျှံနေပါပြီ
    မှန်ကန်တဲ့ကိုးကွယ်မူ့ဘဲလိုတာပါ
    ဗုဒ္ဓရဲ့အဆုံးအမတွေကိုအတွင်းကျကျနားလည်ဖို့ဘဲလိုတော့တာပါ

  • Khin Latt

    May 10, 2012 at 4:27 am

    ဒီ Post မှာ မှတ်ချက် မပေးခင် အရင် အရှေ့က Post အကြောင်း ကို ပြန် ကောက် ချင် ပါတယ်။ သူခိုးဘဝ ရောက်ရတာ “အတိတ်ကံ” ဆိုတာရယ်။ “ဘုရားသခင် အလိုတော် အရ” ဆိုတာရယ်။ နဲ့ ဆက်လို့ နောက်ဆက်တွဲ အကြောင်း တွေးမိလိုက် လို့ပါ။

    တကယ်တော့ ကျွန်မမှာ “ဘာသာရေး” အကြောင်းကို ဆွေးနွေးဖို့ ဗဟုသုတ မကြွယ်ဝပါ ဘူး။ ဒီတော့ ဆွေးနွေးဖို့ အတွက်ထက် ကျွန်မရဲ့ တွေးတောစိတ်သက်သက် ကို ပြောပြ ခြင်းပါ။
    မှားရင်လဲ အဲဒီအမှားအတွက် တာဝန်ခံပါတယ်။

    ဥပမာ တစ်ခု ကတော့
    “ကလေးတစ်ယောက် မသန်မစွမ်း ဘဝ လေး နဲ့ မွေးဖွား ခဲ့ပြီ”

    ကံကံ၏အကြောင်းတရားကို ယူတဲ့ ဗုဒ္ဓဘာသာ မှာ တစ်ချို့ပြောတယ်။
    “သူ့ အတိတ် ကံ က မကောင်း ခဲ့လို့ အခု ဘဝ မှာ ဒီလိုလေးဖြစ်ရတာ။”

    ဘုရား သခင် ကို ကိုးကွယ်တဲ့ ဘာသာတွေ မှာ တစ်ချို့ပြောတယ်။
    “ဘုရား သခင် အလိုတော် ဖန်တီးခြင်း အတိုင်း ပါဘဲ”

    အဲဒီ နှစ်ချက် လုံး ကို ဘာသာ မရှိသူ များ က ရှုံ့ချတယ်။
    ဘာလို့လဲ ဆိုတော့ အဲဒါဟာ ပြစ်ဒါဏ် သဘောဆောင်နေလို့ပါတဲ့။

    ဒါပေမဲ့ ဘာသာတိုင်း ကတော့ ဒါဟာ ပြစ်ဒါဏ် မဟုတ်ကြောင်း သူ့နည်းသူ့ဟန် နဲ့ ရှင်းထားတာတွေ ရှိပါတယ်။

    ကျွန်မလဲ ဗုဒ္ဓဘာသာ ဝင် တစ်ယောက်မို့ ဒီလို ဖြစ်တာ သူတို့ အတိတ်ကံ ကြောင့် ဆိုပြီး မှတ်ပါတယ်။

    နောက်ပိုင်းမှာတော့ ကိုယ်နဲ့ အသိုင်းအဝိုင်းမတူရာ နေရာတွေမှာ မတူတဲ့ အကြောင်းတွေ၊ စကားတွေ၊ ရှုဒေါင့်တွေ နဲ့ ယဉ်ပါးအပြီးမှာတော့ အဲဒီလို မသန်မစွမ်း ကလေး အတွက် အတိတ်ကံ တွေ၊ ဘုရားသခင်တွေ ကို ပုံသင့်/ မသင့် အမြဲ တွေးမိ ပါ တယ်။
    မသန်စွမ်း ကလေး တွေမှာ အခုဘဝ မှာလဲ ခမျာများ လူစဉ်မမှီ ဖြစ်ရတယ်။
    အရင် ဘဝကို လဲ မကောင်းတာလို့ ပြောခံရပြန်တယ်။
    ဘုရားသခင် ကရော ဘာလို့ သူ့ကိုမှ ဒီလိုဖန်ဆင်းရ သလဲ။
    မိအေး နှစ်ခါနာ ရရှာသလိုဖြစ်မနေဘူးလား။

    တကယ်တော့ ပြောချင်တာ က ကျွန်မ ရဲ့ ဟိုမရောက် ဒီမရောက် အတွေး မဟုတ် ပါဘူး။
    Research လေးတစ်ခု က အချက်လေး တွေကို ပြန် ဖောက်သည်ချရုံ သက်သက် ပါဘဲ။
    Research ခေါင်းစဉ် က
    “Faith and Disability: Comfort, Confusion or Conflict?”
    How does the adoption of the Christian faith influence the lives of people who
    identify as ‘disabled’ in Britain in the 21st Century?
    စိတ်ဝင်စားစရာကောင်းပါတယ်။ အဓိကကတော့ ဗြိတိန်နိုင်ငံမှာရှိတဲ့ ခရစ်ယာန် ဘာသာဝင် မသန်စွမ်းသူတွေ ကို Research လုပ်ထားတာပါ။

    အဲဒီ Research မှာ တွေ့လာတာက သူ့ Research Interview ထဲက ခရစ်ယာန်ဘာသာဝင် မသန်စွမ်းသူတွေ အားလုံးဟာ ဘုရားသခင်က သူတို့ ကို ပြစ်ဒါဏ်ပေးတယ်လို့ ဘယ်သူမှ မယူဆကြပါဘူး။ ဘုရားသခင် ရဲ့ ကောင်းချီးပေးမှု နဲ့ သူတို့ ဘဝ ကို သူတို့ စိတ်မပျက်ကြပါဘူး။ သူတို့ဟာ တစ်ခြား မသန်စွမ်းသူတွေ ထက် ပိုပြီး စိတ်ဓာတ် ခိုင်မာကြံ့ခိုင် တယ်။
    အကောင်းမြင်ဘက် ကို သူတို့ ရှေ့ရှု ထားကြပါတယ်။

    အဲဒီ Research က အချက်တွေ ဟာ အားလုံးလက်ခံနိုင်တဲ့ အမှန်သဘောတရား တွေ ဖြစ်ချင်မှဖြစ်မယ်။
    ဒါပေမဲ့ ကိုယ့်ဘာသာ မဟုတ်တဲ့ အခြားဘာသာဝင် တွေ ရဲ့ မသန်စွမ်းမှုအပေါ် ဘယ်လို ခံယူကြသလဲ ဆိုတာ တွေ့နိုင်ပါတယ်။

    သူတို့ဟာ ဘုရားသခင်က သူတို့ကို စောင့်ရှောက်နေတယ် ဆိုတဲ့ ယုံကြည်ချက်၊ သေလွန်ရင် ဘုရားသခင် နဲ့ အတူရှိသွားမယ်ဆိုတဲ့ မျှော်လင့်ချက် နဲ့ သူတို့ ရဲ့ ဘဝကို သူတို့ ကျေနပ် ပျော်ရွှင်စွာ နေနေ တာလို့ ကျွန်မ အထင်ဖြစ်မိပါတယ်။

    အဲဒါကို ကျွန်မတို့ ဘာသာအယူ နဲ့ မတူလို့ အယူမှားတယ် လို့ ပြောမလား။
    သိပ္ပံနည်းကျ မဟုတ်လို့ လက်မခံနိုင်ဘူး ဆိုမလား။
    ကိုယ်ကိုယ်တိုင် မသန်စွမ်းသူ မဟုတ်ရင် သူတို့ ရဲ့စိတ်ခံစား မျှော်လင့်ချက် ကို ဝင်ခံစား နိုင်ပါ့မလား။
    ဒီလို လောကကြီးကို အကောင်းမြင်နေနိုင်တဲ့ သူတို့ အခြေအနေကို ကိုယ်အယူဝါဒ တွေ နဲ့ ဖျက်ပစ် သင့်သလား။

    တကယ်တော့ လူတစ်ယောက် ရဲ့ သက်တန်း ဟာ တိုတို လေးပါဘဲ။
    ဒီအတွင်း မှာ စိတ်ကိုချမ်းသာအောင် အတွက် မျှော်လင့်ချက်လေးတွေ နဲ့ ရှင်သန်နေရတာပါ။
    လူတစ်ယောက်ချင်းစီ ရဲ့ ရှင်သန်နေတဲ့ မျှော်လင့်ချက်လေးတွေ ဟာ ကွဲပြားပါတယ်။

    တစ်ချို့က ဘုရားမှာ ရွှေချပြီး ဘုရားကို တင့်တယ်အောင် လုပ်ပေးချင်တဲ့ သူတွေလဲ ရှိမယ်။
    သူတို့ရဲ့ မျှော်လင့်ချက်က ဘုရား တင့်တယ် သလို သူတို့လဲ တင့်တယ် စေဖို့ ဖြစ်ချင်ဖြစ်မယ်။
    အဲဒီအတွက် သူတို့ စိတ်ချမ်းသာမယ်။

    အဲလိုမဟုတ်ဘဲ တစ်ချို့က မရှိဆင်းရဲ သူတွေကို ထောက်ပံ့မယ်။
    သူတို့ရဲ့ မျှော်လင့်ချက်က မရှိသူများကိုလဲ စားစေချင်၊ ပညာရစေချင်လို့ ဖြစ်မယ်။
    အဲဒီအတွက် သူတို့ စိတ်ချမ်းသာမယ်။

    ဘာဘဲလုပ်လုပ် အဲဒီကနေ ပြီး ရလာမဲ့ စိတ်ချမ်းသာခြင်း ကနေ စိတ်ဓာတ်ရဲ့ ခွန်အား ကို ရချင်ကြလို့ပါဘဲ။

    လူတစ်ယောက် ဟာ တစ်ခြားတစ်ယောက် ကို မထိခိုက် သ၍ လွတ်လပ်စွာ ပြောဆို၊ ရေးသား၊ ကိုးကွယ် ခွင့် ရှိပါတယ်။ (ရှိကိုရှိသင့်ပါတယ်)

    သူ့ (ကိုယ်ပိုင်) ပိုက်ဆံ နဲ့ သူ့ဟာသူ ဘာလုပ်လုပ် လွတ်လပ်စွာ လုပ်နိုင်ပါတယ်။
    သူတို့ ကိုယ်ပိုင် မျှော်လင့်ချက် လေးတွေ အတွက် (တစ်ခြားတစ်ယောက် ကို မထိခိုက်သ၍) သူတို့ စိတ်ခွန်အား ကို သူတို့ လွတ်လပ်စွာ ယူနိုင် ပါတယ်။

    ကျွန်မတို့ ဗုဒ္ဓဘာသာ အယူဝါဒ မှာ သူတစ်မျိုး၊ ငါတစ်ဖုံ အတွေးအမြင် စုံပါတယ်။
    အဲဒီလို အခြေအနေမှာ သူ့အမြင် ငါ့အမြင် မတူတာနဲ့ ငါ့ဝါဒ အောင်နိုင်ရေး အတွက် စစ်မက်ဖြစ်မတတ် ငြင်းခုံ သင့်ပါသလား။

    လောကကြီးမှာ သူများနေရာ ကို ဝင်မကြည့် နိုင်ဘဲ ကိုယ့်နေရာတင် ခြေစုံရပ် ငြင်း နေလို့ကတော့ အေးချမ်းတဲ့ မေတ္တာတရား တွေ ပျောက်နေမှာပါ။
    ကိုယ့်နေရာက အမြင် နဲ့ သူ့နေရာက အမြင်ကွဲ နေနိုင်တာ ကို သတိမမူသ၍ ငါ စွဲ တွေကြားမှာ အမုန်းတွေ ဘဲ ကြီးစိုး နေမှာပါ။

    ကိုယ်နေရတဲ့ လူ့သက်တန်း တိုလေး အတွင်းမှာ Bottom Line က ဘာဖြစ်ချင်တာပါလဲ။
    “စိတ်ချမ်းသာဖို့” ဆိုရင်တော့ ဘယ်လို ဘာသာရေး ကို ဘယ်လောက်သိသိ ဘယ်လောက် အားသွန်လုပ်လုပ် “ငါ” ဆိုတာပါ နေသ၍ စိတ်ချမ်းသာ မှု ကို ရမှာမဟုတ် ဆိုတာ လေး ကို ပြောချင်တာပါဘဲ။

    စကားမစပ် –
    အခုဆို ကျွန်မ ရဲ့ ရှိစု မဲ့စု ပိုက်ဆံလေးကို မရှိတဲ့ နေရာ ကိုဘဲ လှူပါတယ်။
    အခုချိန် မှာ စာမေးပွဲအောင်ဖို့ အတွက် အရင်ကလို ဘုရား ကို ညလုံးပေါက် မီးပူဇော်ဖို့ မှ မလိုတော့တာကိုး။
    ဒီအချိန် စာမေးပွဲအောင်ချင်လွန်းလို့ ဘုရားမှာ ညလုံးပေါက် မီးပူဇော်မဲ့ ကလေး ကို သွားပြီး “ဟေ့ အလကား ပိုက်ဆံဖြုန်းတာ။ အဲဒါကို တစ်ခြားမှာ လှူ လို့” ပြောသင့်/မသင့် စဉ်းစားဆဲ။
    သူ့နေရာ မှာ ကျွန်မ မဟုတ်တော့ပေမဲ့ သူ့နေရာ ကိုတော့ ဝင်ကြည့်သင့်တယ် မဟုတ်လား။

    (ပြောရတာ မောလိုက်တာ အေ။ ရေလေး တစ်ခွက် လောက် ကိုယ်တော်ဇောက်ထိုး) 😀

    • nigimi77

      May 13, 2012 at 12:14 am

      ဒေါ်လတ် ရဲ ့ ဘာသာစွဲ အတ္တမြဲ ဆင်ခြေကွဲ Comment ကို လုံးဝ (လုံးဝ) သဘောမကျပါဘူး။

      အမြင်တွေ အတွေးတွေ ဘယ်လောက်ပဲ ကြွယ်ဝနေပေမဲ့လည်း နောက်ဆုံးတော့

      အရှေ ့မှာ မျက်ခင်းစိမ်းတွေ ဘယ်လောက်တောင် များပြားအောင် မြင်ရပါစေ

      ဒီ ချည်တိုင်က ရုံးမထွက်နိုင်တဲ့ နွားတွေလိုပါပဲ ။

      • Khin Latt

        May 13, 2012 at 5:39 am

        ပေါ်မလာ အတော်ကြာ နေပါရော့။
        ဒီအသံလေး ပြန်ကြားရတာ ဝမ်းမြောက်ပါတယ် အေ။ 😉

        ကွဲလွဲနိုင်ပါတယ် မောင်ခွန်ခွန် ရယ်။
        မင်းပြောတာ မှန်တာပေါ့။
        လောဘ၊ ဒေါသ၊ မောဟ တွေ ရှိနေသေးသ၍ တော့ ဘယ်သူမဆို ချည်တိုင်ကနွား တွေကြီးပါဘဲ။

        ကြိုးပြတ်ပြီး မြင်သမျှ လိုက်ဝှေ့ နေတာထက် စာရင် ကြိုးလေးနဲ့ အချည်ခံပြီး ကျွေးတာစားနေတာက ပိုပြီး အန္တရာယ်ကင်းမယ် ထင်ရဲ့။ 😀

Leave a Reply