တခေါက်ထဲနဲ့ကြောက်ပါပြီ

 

 

 

တကယ်က အပြစ်တင်စရာရှာရရင်  ဒီစက်ကလေးကို  ဂက်စ်မီးခြစ်နဲ့တော်တော်တူအောင်  တီထွင်ထားတဲ့သူကိုပဲ  အပြစ်တင်ရတော့မယ်။

ဂိုဒေါင်လောက်အရွယ်ရှိတဲ့ ကွန်ပျူတာကို လက်နှစ်လုံးလောက်ပဲကျန်အောင်  ခြုံ့နိုင်ကြမှတော့  ကျုပ်လက်ထဲက  ကာလခရီးသွားစက်ကလေးလဲ  ဒုတိယကမ္ဘာစစ်ကရှားမင်းတင့်ကားအရွယ်ကနေ  ဂက်စ်မီးခြစ်အရွယ်ဖြစ်လာတာ  ဆန်းတော့သိပ်မဆန်း…။ ခက်တာက အိပ်ကပ်ထဲထည့်ထားမိရင်  မီးခြစ်နဲ့ ခဏခဏမှားတော့တာပဲ..။

အခုလဲကြည့်…

နေပူပူမှာ  လှည်းတန်းဘက်ရောက်နေတော့  လုပ်စရာကိစ္စတွေအပြီးမှာ  ဘတ်စ်ကား တက်မစီးချင်သေးလို့  အိုင်တီကဖေးကိုဝင်ပြီး  ချိုပေါ့ကျလေးတခွက်မှာလိုက်မိတယ်။

ပြီးတော့စိတ်အေးလက်အေးနဲ့  ရူဘီလေးတလိပ်ဆွဲပြီး  အိပ်ကပ်ထဲကမီးခြစ်ထုတ်အခြစ်….

သေချာမကြည့်လိုက်မိတော့  ခရီးသွားစက်ကလေးကို  မှား ထုတ်ပြီး  ခလုပ်နှိပ်လိုက်မိတာ…..

ဗြုန်း…. ဆို  ပတ်ဝန်းကျင်မြင်ကွင်းတခုလုံးပျောက်သွား..  အနီအပြာ အလင်းတန်းတွေ တဖြတ်ဖြတ်နဲ့ ပေါ်လိုက်ပျောက်လိုက်ဖြစ်…

သိလိုက်ပြီ..  ဒါကာလခရီးသွားနေတာ…

ခက်တာက  ဘယ်နေရာ  ဘယ်အချိန်ကိုသွားမယ်လို့  ဆက်တင်မလုပ်လိုက်ရဘူး….

ကိုင်း…  ရှိစေတော့…  ကံသာအမိ  ကံသာအဖ လို့ စိတ်ဒုံးဒုံးချပြီး သံဗုဒ္ဓေရွတ်နေမိတယ်..။

ခဏအကြာ  တရိပ်ရိပ်ပြေးနေတဲ့ အလင်းတန်းတွေ  အရှိန်လျော့ပြီးရပ်သွားတော့မှပဲ  ကိုယ်ရောက်နေတဲ့ နေရာကို လှည့်ပတ်စူးစမ်းလိုက်တော့-

နေကလဲ ခြစ်ခြစ်တောက်ပူနေတဲ့  လွင်တီးခေါင်ပြင်ကြီး…

သစ်ပင်ခြုံပင်ပုပုလေးတွေက  ဟိုတစုဒီတစု …

မလှမ်းမကမ်းမှာတော့  တိုင်လုံးအမြင့်ကြီးတွေနဲ့  ခမ်းနားလှတဲ့  အဆောက်အဦကြီးတွေ….

နန်းတော်ကြီးတွေလို့တောင်ထင်ရတယ်….

လူရယ်လို့တော့  တယောက်မှ  မမြင်ရ…

ဟိုမှာ  ဒီမှာ  နေရာတကာမှာ  လှုပ်လှုပ်ရွရွဖြစ်နေတာက  ဖွတ်ကြီးတွေချည်းပဲ….

ကျုပ်လဲကြက်သီးမွေးညှင်းထပြီး  တော်တော်ကြောက်သွားမိတယ်….။

ဒုက္ခပဲ-  စကြာဝဠာပြက္ခဒိန်အချိန်နဲ့    ဂယ်လက်ဇီသရီးဒီ နေရာမှတ်ပွိုင့်တွေကို   မရွေးခဲ့ရလို့

ဘယ်ခေတ်ကာလကိုရောက်လာမှန်းမသိဘူး…

နေရာကတော့  ဖွတ်တွေချည်းတွေ့ရတာ  ဧကဏ္ဍ ဖွတ်ဂြိုလ် ပဲဖြစ်ရမယ်…

(ငါ့ကံနှယ်နော်… မြန်မာမော်ဒယ်လေးတွေရှိတဲ့ ဖူးခက်ကမ်းခြေတော့ ရောက်မလာဘူး… 🙁  )

ဒီကောင်ကြီးတွေ ပြဿနာလာရှာမှဖြင့်…

မဖြစ်သေးပါဘူး… မလိုလဲလိုလဲ ခန္ဓသုတ်လေးတော့ရွတ်ဦးမှ…

အ ပါဒကေဟိ မေ မေတ္တံ  မေတ္တံ ဒွိပါဒကေဟိမေ

စတုပ္ပဒေဟိမေ မေတ္တံ..  စတုပ္ပဒေဟိမေ မေတ္တံ.. စတုပ္ပဒေဟိမေ မေတ္တံ..  စတုပ္ပဒေဟိမေ မေတ္တံ ..

ပရိတ်လေးတပိုင်းတစကို ထော့ကျိုးထော့နင်းနဲ့ ရှေ့ပြန်နောက်ပြန်ရွတ်ရင်း  မလှမ်းမကမ်းက  ခမ်းနားလှတဲ့  အဆောက်အဦးကြီးတွေဆီ  တူးမြောင်းလေးကို ကျော်တဲ့တံတားကတဆင့်  ခပ်သုတ်သုတ်လှမ်းသွားမိတာ  ဆင်ဝင်အောက်ကိုရောက်မှ သက်ပြင်းချမိတော့တယ်..။

အိပ်ကပ်ထဲက တစ်ရှုးကိုထုတ်ပြီး  ချွေးတွေကို အနိုင်နိုင်သုတ်ရင်း  ဘေးဘီလှည့်ကြည့်တော့  နန်းတော်ပုံအဆောက်အဦကြီးရဲ့  ဝင်ပေါက်ဝဘေး မျက်နှာစာမှာ  ဧရာမပလက်တီနမ်ဘုတ်ကြီးပေါ်မှာ  ရွှေသားဖေါင်းကြွစာလုံးကြီးတွေကပ်ပြီး  ရေးထားတာတွေတွေ့ရလို့ စိတ်ဝင်တစားနဲ့  အနားတိုးဖတ်ကြည့်လိုက်မိတယ်…။

ရေးထားတာက-

ကျွန်ုပ်တို့သည်  အေးချမ်းသာယာ  ချမ်းသာကြွယ်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော  နိုင်ငံတော်သစ်ကြီးကို  အရောက်ချီတက်ရန်ရည်မှန်းလျှက်  အောက်ပါမူဝါဒလမ်းစဉ်များကို  ချမှတ်ကျင့်သုံးကာ  တိုင်းပြည်တာဝန်ကို  ဦးလည်မသုံ  ထမ်းဆောင်လျှက်ရှိပါသည်။

၁။         ဘာတခုမှ  မစူးစမ်းမဆင်ခြင်ပဲ  စိတ်နောက်ကိုယ်ပါ  ထထလုပ်လို့  ပေါက်ကရတွေအမြဲဖြစ်တတ်တဲ့

အိုးနင်းခွက်နင်း  မူဝါဒ

၂          လိုအပ်တဲ့ လက်ခုလက်နှီးကို ကြိုမရှာထားလို့  ထမင်းအိုးပွက်မှ  ကမန်းကတမ်း  ထမီချွတ်ငှဲ့လိုက်ရတဲ့

ပြာကလပ်စိန်  မူဝါဒ

၃          ကိုယ်နားမလည်တာတွေကို  သူများတော့မမေးပဲ၊  သိအောင်လဲအရင်မလုပ်ပဲ  တတ်ချင်ယောင်ဆောင်ပြီးလက်စွမ်းပြတဲ့

ယုန်ထောင်ကြောင်မိ   မူဝါဒ

၄          အရာရာကို ကလေးဆော့သလို  ကိုင်ကြည့်လိုက်၊  ခွဲကြည့်လိုက်၊  ဖျက်ကြည့်လိုက်နဲ့  ဘာတခုမှအကောင်းမချန်တဲ့

လက်ညှိုးညွှန်ရာပြာဖြစ်  မူဝါဒ

 

တကယ်တော့  အောက်မှာရေးထားတာတွေရှိသေးတယ်။ ကျုပ်ဆက်ဖတ်မလို့လုပ်တုန်း  အနားမှာ  ခြေသံကြားလို့  လှည့်ကြည့်လိုက်တော့  ဖွတ်ကြီးတကောင်ဖြစ်နေတယ်…။  ကျုပ်ကလဲ  ပြေးလို့မလွတ်လောက်တော့တာနဲ့  ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းမိတယ်….

“ လာကြပါဦးဗျို့….  လုပ်ကြပါဦး…. လုပ်ကြပါဦး…  ကယ်ကြပါ…. ကယ်ကြပါ… ”

အဲဒီမှာတင်  အနားရောက်လာတဲ့  ဖွတ်ကြီးက  စကားထပြောတော့  ကျုပ်ဖြင့်  ကြက်သီးတွေထပြီး ဆံပင်တွေထောင်သွားတော့တာ…

“ ဘကြီး..  ဘကြီး…  ဘာဖြစ်လို့လဲ… ”

“ ဟင်…  မင်းက  လူစကားပြောတယ်…. ”

“ ပြောတာပေါ့ … ကျွန်တော်က  လူ  ပဲ  ဥစ္စာ.. ”

“ မင်း… မင်းပုံစံက….. ”

“ အော်… ဒါကတော့ ဘကြီးရယ်…  ဘယ်သူမဆို ဒီဂြိုလ်ရောက်လာရင်  ဒီပုံစံတဖြေးဖြေးဖြစ်သွားကြတာချည်းပဲ.. ”

“ ဒါဆို  တကယ့်ဖွတ်တွေက  ဘယ်ရောက်ကုန်လဲ.. ”

“ တကယ့်ဖွတ်တွေကတော့ ကျွန်တော်တို့က သူတို့နဲ့ရုပ်ချင်းတူလာတာ ရှက်လွန်းလို့ဆိုပြီး ခေါင်းတောင်မဖေါ်ရဲကြဘူး။ မြေကြီးထဲတွင်းတူးပြီးနေကြတယ်။  ”

ကျုပ်တော့ ကြားရတာတွေကိုအံ့ဩလွန်းလို့ မင်တက်မိနေတုန်း  ရုတ်တရက်  ကြောထဲကစိမ့်ပြီး  ခါးနားက တဆစ်ဆစ်နဲ့ နာသလိုလို ယားသလိုလိုဖြစ်လာတယ်..။ အဲဒါနဲ့  ခါးနောက်ပိုင်းကို  လက်နဲ့ယောင်ယမ်းသပ်မိတော့ ဖွတ်ကြီးက-

“ ဘကြီး..  အခု  ခါးရိုးထဲမှာ နဲနဲနာလာပြီမဟုတ်လား… ”

“ အေး… မင်းဘယ်လိုလုပ်သိသလဲ… ”

“ ကျွန်တော်တို့လဲ  ဒီရောက်စက  အဲသလိုဖြစ်တယ်လေ။ အဲဒါ  အမြီးပေါက်ချင်လာလို့…….. ”

 

ကျုပ်မျက်စိထဲ ပြာ  ကနဲဖြစ်သွားတယ်..။

ကမန်းကတမ်း  ခရီးသွားစက်ကလေးထုတ်ပြီး   တုန်တုန်ရီရီနဲ့  ခလုပ်ကိုစမ်းလိုက်နှိပ်တယ်….

နေရာတွေ  အချိန်တွေ  မချိန်အားဘူး….

ဒီက မြန်မြန်လွတ်ဘို့ အရေးကြီးတယ်….

ရောက်ချင်ရာရောက်..

 

“  ဂျောက်.. ”

 

 

 

36 comments

  • ဗိုက်ကလေး

    May 13, 2012 at 1:32 pm

    ကောင်းလို်က်တဲ့ သရော်ချက်
    ဟိုအူးလေးကြီးရဲ့ လက်မတစ်ချောင်း ခဏငှားပြီးထောင်ခဲ့ပါရစေ
    အဲဒီဖွတ်တွေနေရာမှာ တောက်တဲ့ဆိုလို ့ကတော့.ဘယ်ပြောကောင်းမလဲနော်..
    ညှင်း.ညှင်း..ညှင်း..

  • marblecommet

    May 13, 2012 at 2:04 pm

    ဦးဦးပါရဲ့စက်ကလေး လိုချင်လိုက်တာ….
    ကျွန်တော်တော့ အဲဒီစက်ကလေး ရရင်
    ပုဂံခေတ်တို့ မြောက်ဦး ခေတ်တို့ ပြန်သွားနေချင်တယ်ဗျာ.
    ……
    ဖွတ်ဆိုလို့ တကယ့်မူရင်းဖွတ်ကတော့ တယ်တန်ဖိုးရှိတယ်ဗျ
    ခြေသည်းလက်သည်းကအစ ဆေးဖက်လည်း ဝင်
    အသားကလည်း စားလို့ကောင်း
    ဖွတ်ဥ၊ လိပ်သည်း၊ ကျွဲနို့ခဲ ကြောင်ဂေါင်းဆိုတာ ရှိသဂိုးဗျ….
    …..
    ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါဒကြီးများအား ကျောချမ်းဖွယ်
    ဖတ်ရှုလေ့လာသွားပါသည် ဦးပါခင်ဗျား…..
    နောက်ထပ်လည်း ကာလခရီးလေးများ သွားပေးပါဦး ..
    လေးစားတဲ့
    မောင်ကမ်း…

    • zarlay

      May 17, 2012 at 1:56 pm

      ဒီထဲကဖွတ်ကစကားပြောတတ်တယ်နော်…. ဟဲ..ဟဲ တစ်ကောင်လောက်လိုချင်လိုက်တာ

  • pooch

    May 13, 2012 at 2:06 pm

    ဦးပါ အမှန်တကယ်က အဲ့ဒီမူဝါဒတွေကို မျောက်တွေက ချမှတ်သွားတာ။ အဲ့ဒီတိုင်းပြည်ရောက်သွားတဲ့လူတွေကသာ တဖြည်းဖြည်းနဲ့ လူစင်စစ်ကနေ ဖွတ်ဖြစ်သွားတာ။
    ပြောရရင် မျောက်တိုင်းပြည်က ဖွတ်တွေပေါ့ ။

    ခုတော့ လူဖြစ်အောင် လုပ်လိုက် အမြီးတွေ ပေါက်လာလိုက်နဲ့ ဂျာအေး သူ့အမေရိုက်ကောင်းတုန်း ။ 🙁

  • ဦးပါလေရာ. ၏ထိမိသေချာသော မူဝါဒများကို လက်တွေ ့ကျင့်သုံးနေပါသော ရှားပါး
    အစိုးရ အဖွဲ ့အားဂုဏ်ပြုပါ၏

  • blackchaw

    May 13, 2012 at 3:11 pm

    ဘာ အခုမှ ကြောက်ပါပြီလဲ…။
    ဖတ်ရင်း ပြုံးရင်း၊ ပြုံးရင်း ဖတ်ရင်းနဲ့
    ဖတ်ပြုံးလေး ပြုံးသွားပါတယ်ဗျာ။
    လက်မလေးလည်း ထောင်ရင်းပေါ့။

  • kyeemite

    May 13, 2012 at 3:28 pm

    အိုးနင်းခွက်နင်း မူဝါဒ…
    ဟုတ်တယ်ကိုပါလေရာရေ့…တကဲ့ကို အိုးနင်းခွက်နင်းပါဗျာ…

  • မဟာရာဇာ အံစာတုံး

    May 13, 2012 at 3:42 pm

    ဦးပါစာ ဖတ်လိုက်မိတော့မှ ..
    ကိုယ့်ခါးရိုး နာနေမှန်း သတိထားမိတော့တယ် .. 😀
    ဒါနဲ့ ဦးပါကြီး “”ဂျောက်” ဆို နှိပ်လိုက်မိတော့
    ဘယ်ရောက်သွားတုန်းဟင် …
    ဟို .. လက်ဖက်ရည်ဆိုင်ထဲ ပြန်ရောက်သွားရောလားဟင် …
    😀

    • ဗိုက်ကလေး

      May 13, 2012 at 3:49 pm

      ဝုတ်ဝူး..

      မာချတ်..မာချတ်
      😀

      • မဟာရာဇာ အံစာတုံး

        May 13, 2012 at 4:03 pm

        အော် .. ခုမှ သိဒေါ့ဒယ် ..
        ဦးပါကြီး ခလုတ်နှိပ်လိုက်တော့ …
        ဦးပါကို ချကားလာကြောဒဲ့ အနီးနားက သက်ရှိပါ ပါသွားတာကိုး …
        ခုတော့ “ဂျောက်” ဆိုပြီး ဘယ်ရောက်သွားတုန်း ပေါ်သွားပီ …
        မာချတ် .. တဲ့ .. အဟိ .. 😀

  • cobra

    May 13, 2012 at 4:54 pm

    အဲ့ဒီစက်ကလေးခဏငှားပါလား။
    ဟိုကိုသွားချင်လို့

  • နေဝန်းနီ

    May 13, 2012 at 5:01 pm

    ဟိုက်……ရှာလပတ်ရည်….. ဦးပါတို့ကတော့လုပ်ချလိုက်ပြန်ပြီ…။

  • htet way

    May 13, 2012 at 6:20 pm

    ဆရာရေ
    တကယ်ရေးတော့လည်း သရော်စာက ကောင်းလိုက်တာ
    အားပေးပါတယ် လေးစားပါတယ်။

  • htoosan

    May 13, 2012 at 8:08 pm

    ဂျောက် …ဘယ်ရောက်သွားလဲ .. မကြာမီလာမည် … မျှော်.

  • windtalker

    May 13, 2012 at 8:36 pm

    ဦးဦးပါ ဆီ ကိုအောင်ပု ဂတီးဂတီး လာတော့မှာ အသေချာဘဲ ။ ဖွတ်ဂြိုဟ်ပေါ်ကအပြန် တစ်ချိုပေါင်းလာတယ် ဆိုပြီး ။ ဟီဟိ
    ဦးပါပို ့စ်ကို ဖတ်ပြီး အရမ်းရယ်ရပါတယ် ခင်ဗျား ။

  • ကြောင်လေး

    May 13, 2012 at 9:49 pm

    ဦးဦးပါရေ …ဘဲထီးအလွန်ဂွတ်တဲ့ သရော်စာပါပဲဗျာ၊ လွတ်လွတ်လပ်လပ်ရေးနိုင်တဲ့သူတွေ ရေးကြပါဗျာ။
    ကြောင်လေးတို့ကတော့ ဝီစကီငုံပြီး နှုတ်ပိတ်နေရတယ်။

  • ညလေး

    May 13, 2012 at 10:52 pm

    “ ဂျောက်.. ”
    ………….ကြောက်……….

  • ကိုပါရေ
    ဒီလောက်ပြတာတောင် အကောင်မပြောနဲ့ အရိပ်တောင်မထင်တဲ့သူတွေရှိပါသေးသဗျာ။
    ဖွတ်ခေတ်ကုန်ဘို့တော့ နီးလာပြီလို့ထင်ရတာပါဘဲ။

  • ဦးဦးပါလေရာ

    May 14, 2012 at 12:15 am

    ခင်ဗျားတို့ သဂျီးက ခရီးသွားဆောင်းပါးဆို ပွိုင့်ပိုပေးတယ်ဆိုလို့ ကျုပ်လဲ အားကျမခံ ခရီးသွားဆောင်းပါးရေးတာပါဗျာ…။ 😀

    သူများအတင်း ပြောလဲပြောတတ်ပါဘူး…။ 😀

    ကိုပေါက်ရေ-
    ကျွန်တော်က လူလစ်ရင် တစ်ခါတစ်ခါတော့ ဒီလိုပဲ ပေါ တတ်ပါတယ်။
    လူကြီးမဆန်တာ ခွင့်လွှတ်ပါဗျို့…. 😛

    ဒါကတော့ အခုတလော အတည်ပိုစ့်တွေ များနေလို့ အပျော်လေးဖေါက်ကြည့်တာပါ..။
    reply လုပ်ရမှာမဟုတ်လို့ သူကြီးပွိုင့်တွေကို ချွေတာပေးလိုက်ပါမယ်…။
    ခင်မင်ရတဲ့ ရွာသူရွာသားအပေါင်းကို ကွန်မင့်များအတွက် ကျေးဇူးပါနော…။

  • ကြောင်ကြီး

    May 14, 2012 at 8:34 am

    ဖွတ်များသခင်
    ဇွတ်တအားဝင်
    သွပ်ပြားဖင်လေ
    ဝပ်သွားကျင်ဂဲ့ဒယ်
    မွတ်တားရှင်ရယ်..။

  • မွတ်တားဆိုရင် ဖွတ်အဆင်
    ဖွတ်ဘုရင်ဆိုရင် မွတ်တီး
    ခဏခဏ အတီးခံရတဲ့ကျုုပ်တို့ကတော့
    ခပ်ပိန်ပိန်
    စိတ်ပိန်တာပိုခက်
    အဝေးမှာနေတဲ့ မောင်ကြောင်ရဲ့
    သိလားဆို…………………………..

  • shwe kyi

    May 14, 2012 at 1:33 pm

    ရီလိုက်ရတာ ဦးဦးရယ်။

  • etone

    May 14, 2012 at 2:39 pm

    ဦးဦးပါလေရာရေ .. အလွန်ပြောင်မြောက်တဲ့ သရော်စာလေးမို့ … လက်မထောင်သွားပါတယ်နော် …

    လိုအပ်တဲ့ လက်ခုလက်နှီးကို ကြိုမရှာထားလို့ ထမင်းအိုးပွက်မှ ကမန်းကတမ်း ထမီချွတ်ငှဲ့လိုက်ရတဲ့
    ပြာကလပ်စိန် မူဝါဒ
    ဆိုတာကို ဖတ်ပြီး .. ရယ်လိုက်ရတာ .. မျက်ရည်တောင်ထွက်မိပါတယ် … ။

  • အရင့်ရောင်

    May 14, 2012 at 2:50 pm

    ရောက်ချင်ရာရောက် ဂျလောက်………….
    ထမင်းရည်ငှဲ့တဲ့နေရာရောက်……….ချလောက်..ချလောက်
    အဲဒါမှ ပြာလကပ်စိန်က ထမီထဲကိုထည့်လိပ်ပီးငှဲ့ပစ်မှာ
    ဥူးပါလေရာ အဲဒီရောက်မှာသေချာတယ်
    ဟီးးးးးးးးးးးးးးးးးးးးးးးးး
    ကို လည်း ရောက်ချင်ရာတော့ မရောက်နဲ့နော်
    ဖူးခက် ကိုသွားမယ်ကွာ…………….

  • laypai

    May 14, 2012 at 5:02 pm

    ကျွမ်းကျင် တဲ့ ပန်းချီ ဆရာ တွေ ကို ချီးမွှမ်း ပြော ဆို သလို ဆေးစက် ကျရာ အရုပ်ထင်တာ ပ။
    ဗဟုသု တ နှံ့ စပ်သူ ပညာ ရှိ တို့ ရေး တဲ့ စာ က လဲ ခေတ်နဲ့ ညီ သလို ခေတ်မီ တဲ့ သရော် စာ ပဲ နော်။

  • ကောင်းမြတ်သူ

    May 14, 2012 at 7:53 pm

    ဥဥပါလေရာ အခုတော့ အမြီးနဲနဲပေါက်သွားတယ်ထင်တယ်… နောက်တစ်နေရာရောက်ရင် ဘာထပ်ပေါက်အုံးမလဲမသိဘူး… တစ်နေရာနဲ့တစ်နေရာအကူး ရုပ်နည်းနည်းခြင်းပြောင်းလာရင် နောက်ဆုံးဘာပုံပေါက်သွားမလဲဆိုတာ ရွာသားများ ကြိုတင်မှန်းဆပေးကြပါအုံးခင်ဗျ…

  • ဦးဦးပါလေရာ

    May 14, 2012 at 8:31 pm

    အောင်မယ်လေးနော်..
    အခုပြန်ဝင်ကြည့်မိတော့
    တဦးချင်းကို ပြန်နောက်ချင်လာပြန်ပြီ
    အောင့်ထားဒါ… အောင့်ထားဒါ…. 😀

  • surmi

    May 15, 2012 at 12:06 am

    ဒီလို တီးစေချင်တာ …
    ကြိုက်လွန်းလို. အဲဒီစက်ကလေးနဲ.ပိုင်ရှင်ကိုပါခဏငှားဦးမယ် ။

  • Khin Latt

    May 15, 2012 at 2:48 am

    အဟမ်း အဟမ်း
    အဲဒီ “ဂျောက်” ကနေပြီး ၁၉၈၅ ဧပြီလ ကို ပြန်ရောက်ခဲ့တာ ဖြစ်တော့သကိုး။
    (ကထူးဆန်း က ကြိုသိနေပါရော့လား) 🙂
    လက်ထဲ ကို တိုင်းမရှင်းကြီး ရောက်နေမှတော့ မထူးတော့ဘူး ဦးဦးပါ ရယ်။
    အတိတ်တွေပြန်သွားပြပါလေ။
    စလက်စ နဲ့တော့ အဲဒီ “သူမ မသိရှာခဲ့တဲ့” ဇာတ်လမ်း လေး ကိုဆက်ပါဦး။ 😀

    • ဦးဦးပါလေရာ

      May 15, 2012 at 11:28 am

      မခင်လတ်ရေ-
      ကိုထူးဆန်းကတော့ စီဂျေကြီးလို့မပြောရဘူး အကွက်ကြိုမြင်သွားတာ.. 😛
      ကျုပ်က တလက်စထဲ ဆက်သွားမလို့ ကြံနေတာလေ.. 😛

      အခုတော့ အရှိန်သတ်ထားပါ်ဦးမယ်
      တော်ကြာ ကျုပ်သူငယ်ပြန်သွားပြီထင်ပြီး
      ဗိုက်ကလေးတို့ သတင်းလာမေးနေမှဖြင့်… 😀

  • Phaung Phaung

    May 15, 2012 at 2:48 pm

    ဦးဦးပါ….အလွန်သဘောကျပါကြောင်း။
    ဒီသရော်စာလေးကို သမ္မတကြီးဆီပို့ပြီး လွှတ်တော်မှာ အမတ်တွေ အပြင်းပြေဖို့ နားသောတ
    ဆင်ရန်ဆိုပြီး….လွှင့်ပေးရမယ်နော်……….။

  • Foreign Resident

    May 17, 2012 at 5:19 am

    အရမ်းကောင်းပါတယ် ။
    မူဝါဒတွေလည်း ပီပြင်လှပါပေတယ် ။

  • MaMa

    May 17, 2012 at 6:56 am

    ဦးပါ- ပြန်ရောက်တော့ ဘယ်လိုပုံစံနဲ့လဲ မသိ???????? 😛

  • ညလေး

    May 17, 2012 at 11:17 am

    ဦးပါပြန်ရောက်တော့…ခါးရိုးနာတာသက်သာသွားပြီလား……
    ဒါမှမဟုတ်……

    • ဦးဦးပါလေရာ

      May 17, 2012 at 11:24 am

      ကိုယ်က လက်ဦးမှု့ယူရတာပေါ့ တူမလေးရယ်-
      ပြန်ရောက်ရောက်ချင်း ဆရာထက်ရဲ့ ကျီးပေါင်းလိမ်းဆေး ကောက်လိမ်းပစ်တာ… 🙂

      (ဒါပါနဲ့ဆို သူ့ဆေးကို အလွဲသုံးစားလုပ်တာ နှစ်ခါရှိပြီ 😀 )

Leave a Reply