ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)၏ ကဗျာများ နှစ်သက်မယ်ဆိုရင်.

zaylayJune 17, 20101min581

အချစ်ဦး

တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါဝါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့
ပန်းခြောက်လေးပဲမြတ်နိုးမယ်။

………………………………………………….

တိတ်တခိုး

ပန်းပွင့်တယ်ဆိုတာ
သဘာဝပါခင်။

အလှကြည့်ခံချင်လို့
ပန်ဆင်ပါစေရည်စူးပြီး
ဆူးပွင့်မဆင်။

ခင်ကြိုက်ရင် အညှာကိုချိုး
မြတ်နိုးတော့ ပန်ချင်ပန်
မပန်ချင် ခင်မကြိုက်တော့လည်း
ပစ်လိုက်ပေါ့နော်..ခင်
ဆင်ချင်မှဆင်ပါတော့။

မခင်လို့ပဲဖြစ်ဖြစ်
မဆင်လို့ပဲပစ်ပစ်
ခင်သွားရင် ရနံ့ပေး
ခင်မွှေးရင်ပျော်ရွှင်လို့
ခင်မမြင် ခင်မကြည့်ပေမယ့်
ခင်သိရင် တို့ကျေနပ်ပါရဲ့
ရွက်ချပ်စို ကြိုအကြားမှာပဲ
ပွင့်သွားတာပေါ့။

——————-

ချစ်သူသစ်ပင်

လွင့်ကြွေကျဖို့တော့
ပွင့်မနေပါရစေနဲ့ဘုရား။

သူချိုးနိုင်ဖို့ အခက်ဝေ
သူနေခိုဖို့ အရိပ်ပေး
သူ့ဘဝမှာ အပူတွေဝေးစေဖို့
အစတေးခံနေ…နေလိုရဲ့
သပြေပင်အိုဘဝနဲ့
(တပည့်တော်)ရှင်ရပါစေသား။

ကျွန်တော့်မြေမှာ

ပန်းပွင့်ကို ကျွန်တော်မင်
ပန်းပင်ကို ကျွန်တော်ပျိုး
ထုံနံ့သာ ငုံကာဖူးခါမှ
လက်ဦးသူ… ချိုး။

အသီးကို ကျွန်တော်မင်
အပင်ကို ကျွန်တော်ပျိုး
သီးကင်းငုံ ပေါ်ကာထွက်ခါမှ
လက်ဦးသူ… ခိုး။

ပန်းအလှ ကျွန်တော်မင်
ပန်းပင်ကို ကျွန်တော်ပျိုး
ပွင့်ချိန်တန် ရနံ့ရိုင်းနဲ့
ပဒိုင်းပင်မျိုး။

အချိုသီး ကျွန်တော်မင်
အချိုပင် ကျွန်တော်ပျိုး
သီးချိန်တန် တမာများလို
ခါးသည့်အမျိုး။

ရေမလောင်း ပေါင်းမသင်
ပန်းတစ်ပင်ပါလား။

မမျှော်ရဲပြီဘု
ကံနည်းသူ ကျွန်တော်မို့
တော်သလိုပွင့်
သင့်သလိုဖူး
လက်ဦးသူချိုးချိုး
မြတ်နိုးသူ ပန်ပန်
ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့
ကိုယ်တန်လျှင် ကိုယ်ပန်ရချည်လိမ့်လို့
ဖြေသိမ့်ကာ စိုးရိမ်စိတ်နှင့်
ရင်ထိတ်တကား။

အပြန်လမ်း

ခေါ်မထားပေမယ့်
သွားသူက ကျွန်တော်ပါ

ချစ်သူအဆောင်နံ ့သာတောကို
မျှော်မောကာရွှေရင်ထိတ်ပါလို့
တိတ်တိတ်ကလေးလာ။

တကယ်တွေ့ရင်တော့
ဘယ်နေ့မှာဘယ်လိုလွမ်း
ဘယ်လမ်းမှာဘယ်လိုစောင့်
ဘယ်ထောင့်မှာဘယ်လိုမျှောလို့
ဘယ်လိုနော်ရင်ခုန်ခန်းကို
ပြောစမ်းမယ်စိတ်ကူးနဲ့
ကြည်နူးသလိုရင်မှာဖြစ်ပါရဲ့
မောင့်အချစ်မိသည်းညှာ
လာစဉ်ကမောင့်အတွေး။

တွေ့မလားရယ်နဲ့
နေ့ခြားမောင်လာရဲ့
အဆောင်မှာသူ့ကိုမတွေ့လေဘု
သည်နေ့ဆိုရှိတန်ကောင်းပါရဲ့
ခေါင်းမော့ကာကြည့်ဆဲမှာပေါ့
မိသည်းညှာမောင့်အချစ်က
ဧည့်သစ်တွေ အလျှိုလျှိုနဲ့
ခွန်းနှုတ်ချိုပျော်ဟန်ဖွဲ့လေတော့
လာခဲ့သူမောင့်အမှားပါပဲ
တံခါးအဆောင်ဝဆီက
နောင်တ အတန်တန်နဲ့
အိမ်အပြန်ကံ့ကော်လမ်းမှာ
ကံ့ကော်ပန်းမောင်မမင်တော့
ခြံအဝင်စံပယ်နံ့က
သင်းပျံ့လို့မွှေး…။

………………

ကစားစရာ ထင်ပါသလား

ခဏကလေးဆိုပြီး
ခရီးဝေးထွက်သွားသူ…။

အဖော်ဆိုပြီး
ထီးတည်းထားခဲ့သူ …။

ပျားရည်တစ်စက်နင့်
ဝမ်းပျက်စေခဲ့သူ …။

တကယ့်တကယ် တွယ်တာသနား
လားလားမဟုတ် ထိလှုပ်နှိုးခတ်
လမ်းကြုံဖြတ်ရုံ
မုတ်သုံမဝင် မုန်တိုင်းဆင်ဆဲ
ဖွဲဖွဲစွေရွာ ရာသီဆိုးထဲက
ယာယီမိုးကလေး တစ်ခုပါပဲ…။

…………
မာနမဲ့စွာ

ပြက်ရယ်မှုကိုခံရသည့်အခါ
အားငယ်သွားတတ်သော်လည်း
မည်သည့်အခါမှ စိတ်မဆိုးရက်ပါလေ။

အနိုင်ကျင့်မှုကိုခံရသည့်အခါ
ဝမ်းနည်းသွားတတ်သော်လည်း
မည်သည့်အခါမှ မနာကြဉ်းရက်ပါလေ။

တန်ဖိုးမထားမှုကိုခံရသည့်အခါ
မကျေနပ်မှုကို ခံစားရတတ်သော်လည်း
မည်သည့်အခါမှမငြိုငြင်ရက်ပါလေ။

စွန့်ပစ်သွားခြင်းကိုခံရသည့်အခါ
ကျွမ်းမြေ့လောင်မြိုက်စွာပူပန်ရသော်လည်း
မည်သည့်အခါမှမေ့လျော့၍မရနိုင်လေ။

စတွေ့သည်မှ
ငါသည်သင့်အား
မာနတရားကို ပေးအပ်ထားခဲ့သောကြောင့်တည်း။

…………………

လှေပေါ်မှာ

တစ်သက်မဝေးအောင်လို့
ငှက်ကလေးတွေ အစာကျွေး
ယတြာပေးသမျှကိုလဲ ချေဖူးတယ်။

မွေးနေ့ဆို ဘုရားတက်
ရေသက်စေ့ ဘုရားလှူ
မီးပူဇော် ပန်းတွေကပ်
လွမ်းမနေတတ်အောင်ပေါ့ အချစ်ရယ်။

တကယ်ပေါင်းဖို့ကျတော့
တပေါင်းမှာလည်းမထူး
တန်ခူးမှာလည်းမဖြစ်
တစ်နှစ်က တစ်နှစ်လက်ကမ်း
ချစ်သက်တမ်းရှည်သမျှ
တစ်ဦးကိုတစ်ဦးက စိုးရိမ်မယ်
တစ်အိုးတစ်အိမ်ရယ်လို့တော့
မထူထောင်ဖြစ်။

တစ်ယောက်လုပ်ခ
နှစ်ယောက်လုပ်ခ
ဘယ်လောက်ဒုက္ခတွေကိုငြိမ်းအေး
စားဝတ်နေရေးကို ဘယ်လောက်ကူ
လူနေမှုအပူကို ဘယ်လိုဖျောက်နိုင်မတုန်း
ကုန်းဈေးနှုန်း အဲဒီပင်လယ်မှာ
ခင်ရယ် ကိုယ်ရယ် ဘယ်လိုဖြတ်
သတ္တိကြောင် သောကအတွေးတွေနဲ့
ဝေးကြတဲ့နှစ်။

………

အပြောင်းအလဲ

နှစ်ဦးတူယှဉ်၊ ဒီအပင်အောက်
ပန်းကြွေကောက်စဉ်၊ ရင်တထိတ်ထိတ်
ဒီအရိပ်မှာ၊ ချစ်စိတ်ဝေခဲ့ဖူးပါတယ်။

သစ်မြစ်ဆုံခွ၊ ယှဉ်ထိုင်ကြရင်း
မြချောင်းရေကြော၊ ပန်းကြွေမျှောမိ
ကြည့်ရင်းကြည်နူး၊ ချောင်းနဖူးမှာ
စိတ်ကူးနုသစ်ခဲ့ဖူးတယ်။

ခင်ကပစ်တော့
ဒီသစ်ပင်အောက်၊ ပန်းမကောက်ချင်
နွမ်းခြောက်သွေ့ဆိတ်၊ ဒီအရိပ်မှာ
လွမ်းစိတ်ရာထောင် ဝေဖူးတယ်။

ခင်မကြင်တော့
ညင်ညင်ရေစီး၊ တမ်းတညည်းဟန်
ခင့်ရယ်သံလား၊ ဝိုးဝါးထင်မိ
ကြည့်လေရာရာ၊ ဝေဒနာနှင့်
ရေပြာအလှ ကင်းဖူးတယ်။

ေဩာ်… နှစ်တွေကြာလို့
တစ်ခါတစ်ခေါက်၊ ဒီကိုရောက်လျှင်
တို့ငယ်စဉ်က၊ နှောင်မျှင်တွယ်ရစ်
အချစ်အလွမ်း၊ ဖမ်းစားညှို့ငင်
ဒီသစ်ပင်ကား၊ ချောင်းရေစား၍
ကမ်းပါးပြိုနောက် ပါလေပြီ…။

ဒီကပြန်လျှင်၊ ရင်မခုန်တတ်
မလွမ်းတတ်တော့၊ စိတ်ဓာတ်ရင့်ကျက်
ခံစားချက်တို့၊ ပျက်ပြယ်ခဲ့ရ
အနည်ကျပြီ…
ဘဝဆိုတာ… ဒါပဲ ခင်…။

,,,,,,,,,,,,,,,,,,,,

တစ်ခါတုန်းက နေရာဟောင်း

အုတ်ခဲရင့်နီ၊ လက်ဖက်ရည်ခွက်
အပေါ်မျက်နှာ၊ ဆီငွေ ြ့ဖာတင်း
ဆေးပြာချင်းစပ်၊ စကားဖြတ်ခက်
နေ့ရက်များစွာ၊ အနာဂတ်လေ
မရေရာလည်း၊ ဝမ်းမနည်းသေး
ဆွေးနွေးငြင်းခုံ၊ ဆုံကြတွေ့ကြ
ကာလလေးတွေ။

အင်းလျားရတနာ၊ မာလာသီရိ
ရင်ခုန်ကြည့်များ၊ တွယ်ငြိတပ်မက်
စိတ်စက်မငြိမ်၊ ပါလာချိန်တို့
ညှို့ယူဖမ်းစား၊ ညနေများစွာ
“မြနန္ဒာ”…
ဂီတာ တယော၊ လွမ်းမောနွဲ့လျ
မြို့မတေးသွား၊ စည်းဝါးသံစဉ်
ညဉ့်ရင်ခွင်တွင်၊ ပဲ့တင်လွှမ်းပတ်
မှောင်ရိပ်စပ်က၊ မတ်တပ်နားဆင်
မမြင်ရိုးရိပ်၊ ကြည်နူးစိတ်ဖြစ်
နှင်းဖိတ်စက်လက်၊ ရောင်နီအက်မှ
နှုတ်ဆက်ပြန်လာ၊ ရတနာ အင်းလျား
ညများအသချေင်္။

ကျန်ခဲ့ပြီလေ
ဖိတ်စင်ကြေမွ၊ ပြန်မရတော့
ညများနေ့များ၊ စားဝတ်နေမှု
သိပ်သည်းထုအောက်၊ မွန်းနစ်ပျောက်ရှ
ညနေတစောင်း၊ သုံးဘီးမောင်းရင်း
ကျောင်းဖွင့်စမှာ၊ ရတနာကို
တစ်ခါရောက်တယ် သူငယ်ချင်း…။

………………

ခွေးခြင်္သေ့

ခြင်္သေ့ဆိုတာ၊ တောဘုရင်မို့
သားကောင်အပေါင်း၊ ခညောင်းရွံ့ကြောက်
လေးစားလောက်သည့်၊ သတ္တိနှင့်မာန်
ခြင်္သေ့ဟန်ဖြင့်၊ တဝင့်ဝင့်မို့
ရဲရင့်ခြင်းအတွက်၊ စံတင်တယ်။

ခွေးဆိုလည်းခွေး
အယ်လ်ဇေးရှင်း၊ အင်းခွေး၊ ဗမာခွေး
ဘာခွေးဖြစ်ဖြစ်၊ ခွေးအစစ်မို့
ခွေးဖြစ်ရတာ၊ ဂုဏ်ရှိပါတယ်
သစ္စာစောင့်တတ်၊ ဗီဇဓာတ်ကြောင့်
မှတ်ကျောက်တင်လို့ရနိုင်တယ်။

ခြင်္သေ့မစစ်၊ ခွေးမစစ်နဲ့
ဇစ်မြစ်မမှန်၊ လည်ဆံမဖွာ
မာန်ပါပါဟိန်းဟောက်ပေမယ့်
ရွံ့လောက်စရာ၊ ဟန်မပါဟန်မပြည့်
မာန်ဗလာ မာန်မရှိလို့
သတ္တိ သစ္စာ ဘယ်အရာမှစံမဝင်
သဏ္ဍာန်ဆင်ရုံလေးနဲ့
သွေးကြွလို့မြောက်ပေမယ့်
(တကယ်တော့…)
ခွေးဘဝလောက်ဂုဏ်မရှိ။

…………..

နွေဝေဒနာ

သရက်ကင်းတွေလည်း
မြက်ခင်းမှာ ကြွေပြီခင်။

နွေလေပူ တစ်ချက်သုတ်လေတော့
အရွက်ပြုတ်သရက်ပင်။

ချစ်သူမေ့ပြီလား
ငယ်ဓလေ့ အရွယ်နုစဉ်က
မောင့်ဥယျာဉ် သရက်အုပ်မှာ
လက်ဆုပ်ကိုင် နှစ်ကိုယ်လျှောက်ပါလို့
သရက်ကင်းကြွေ အတူကောက်တာလည်း
လွမ်းအောင်မေ့ ရင်မှာကျင်
သည်တစ်နွေဝင်တော့ ။

သရက်ကင်းနဲ့မှ
ထမင်းမြိန်စားတတ်သူက
ထောပတ်ပေါင်မုန့်ကင်နဲ့
နေ့တိုင်းပင် ဘိုစာမက်ပါလို့

အနောက်ဟန်ဖောက်ပြန်ဖျက်လေတော့
မောင့်သရက် သူမမင်
မောင့်ဥယျာဉ် သူမရောက်နိုင်ဟု
သရက်ကင်းတွေ အကြွေကောက်တာလည်း
အချစ်ရယ်———-
မေ့လောက်ပြီပေါ့။ ။

…..
လွမ်းရဲတယ်

သူမေ့ပြီလား—
လူတွေ့ရန်မဆိုထားနဲ့
နှစ်ကိုယ်ကြားရုံ ဖုန်းဆက်တဲ့ဓလေ့တောင်မှ…………
ဪ———-မုန်းရက်ပြီလို့ထင်။

ကြားယောင်ကာ
နားထောင်ရတော့မလားရယ်နဲ့
သူ့စကား မုသားတောင်ယုံချင်တတ်သူမို့
(သူပြောလျှင်) ……..
ပုံပြင်ပင် တကယ်မှတ်ပြန်တော့
မလည်ပတ်သူလို သူငြိုငြင်။

မလွမ်းတတ်လို့လား
လွမ်းတတ်သူ မပူရှိနိုင်ပါ့
သူသိအောင်ဘယ်လိုပြောရမလဲ
ဘယ်လိုမောကာ ဘယ်လောက်ရင်ဆို့ပေမယ့်
ခင်မို့လို့ သူစိမ်းပြင်ပြင်
စိမ်းချင်ချင်နဲ့ စိမ်းနိုင်ရက်

ခင်ခင်စိမ်းပေမယ့်
ရင်ငြိမ်းအောင် အပူမသတ်နိုင်လို့
အပူဇာတ်ကို အခန်းဆက်နေတဲ့
ပန်းသက်သေ ဝေဒနာပွင့်တွေက
လွမ်းရက်ရှည်ကြွေကာ မရင့်ပြန်တော့
ခင်ခင့်လို ဘယ်သူခွဲနိုင်မလဲ
ပူရဲတယ် သည်ရင်ကျွမ်းအောင်
လွမ်းတော့ဆယ်သက်

………….
ချစ်သူ

မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။

အလွန်ဝေးကွာသည့် အရပ်သို ့ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။

အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို ့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ ့ကို ခံစားရရှိနေတတ်ပြန်သည်။

သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ၏။ ။

…………..
ချစ်သူသိလေ

ပန်းပွင့်ရှိမှ၊ ရနံ့ရတာ၊
မဟုတ်ပါဘူး၊ ဖူးသည့်တစ်ငုံ၊
ထုံသည့်တစ်ပွင့်၊ နမ်းခွင့်တစ်ရှိုက်၊
ရရှိခိုက်မှ၊ ထာဝရတည်၊
ကာလရှည်လျား၊ နှလုံးသားမှာ၊
စွဲမြဲစွာဖြင့်၊ ထုံနံ့ယစ်ဝေ၊
ပျံ့ဆွတ်စေ၏၊ ချစ်သူသိလေ …

မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာ၊
မဟုတ်ပါကွယ်၊ ဘယ်ကိုရောက်ရောက်၊
ဘယ်လောက်ဝေးဝေး၊ အတွေးမှာရှိ၊
အကြည့်မှာမြင်၊ သူပဲထင်တယ်၊
ကောင်းကင်လိုပဲ၊ မော့ကြည့်ဆဲမှာ၊
တွေ့နိုင်ပါ၏၊ ချစ်သူသိလေ …

အသံကြားမှ၊ နားမှာဆတ်ဆတ်၊
ကြားလာတတ်တာ၊ မဟုတ်ပါလေ၊
စမ်းရေသံကြား၊ သူ့စကားရှိ၊
ငှက်၏တေးမှာ၊ သူ့သံသာတွေ၊
နှုတ်ချွေစကား၊ နားမှာတီးတိုး၊
ဟိုး .. အရင်လို၊ ရွှင်ချိုကြည်မြ၊
ကြားနေရ၏၊ ချစ်သူသိလေ …

ချစ်သူသိလေ …
သတိရလျှင်၊ ဒေသအကွာ၊
နေရတာကွဲ၊ ဘယ်လိုခွဲခွာ၊
ဘယ်လောက်ကွာမလဲ၊
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်၊
ထာဝရထင်သော၊
ရင်ထဲအရိပ်၊ စွဲလန်းစိတ်ဖြင့်၊
အိပ်မက်တိုင်းမှာရှိနေသူ …

…………
နွယ်အရိပ်

တွယ်မှာစိုးလို့
နွယ်ကြိုးညွန့်သစ် မပတ်ရစ်အောင်
ဖြတ်ပစ်ခဲ့ရတော့မှာလား….။
လိုက်မှာစိုးလို့
နှစ်ကိုယ့်တစ်စိတ် ကိုယ့်အရိပ်နဲ့ခွဲ
အမှောင်ထဲမှာ ရှောင်လွဲရတော့မှာလား…။
ဖြတ်မရတဲ့ နွယ်
သတ်မရတဲ့ နွယ်
ဖယ်မဖြစ်တဲ့ အရိပ်
တွယ်ရစ်တဲ့ အရိပ်
တကယ်ချစ်တဲ့ စိတ်ကြောင့်လား
နှလုံးသားမှာ အနာတရနဲ့
ထာဝရ ရောက်ရောက်လာတာ
ဪ…..
ကာလ ဘယ်လောက်ကြာကြာ…။

***********************
အရိန္ဒမာသိပါသည်

မြင်ကတည်းက
ရင်ထဲမှာစွဲခဲ့တယ် မဏိစန္ဒာ။
ဘုရင့်ဘဏ္ဏာမတော်မတရားနဲ့
အရှင့်အာဏ္ဏာစော်ကားခဲ့သူမို့
(ဪ…)
ဓါးထိကာအသေသတ်ရင်လည်းကျေနပ်မှာပါ။
မလျော်တာအခက်ကြံဆမိလို့
အနော်ရထာမာန်ရှမှာလည်း
ခံရမယ်သေအချာ သိပေမယ့်
ဝေဒနာရှိသူရင်မှာမအေးလေတော့
သေဘေးကိုတဲ့မမြင်သာ
အကြင်နာကနှစ်ဆင့်ပိုကဲ။
အရှင့်ဘဏ္ဏာမတော်မတရားနဲ့
ဘုရင့်အာဏ္ဏာစော်ကားခဲ့သူလို့
ကဲ့ရဲ့ကာဆိုချင်ဆို
ငြိုငြင်လိုငြိုငြင်လိုက်
ကိုယ့်ထိုက်နဲ့ကိုယ့်ကြမ္မာပေါ့။
အရှင့်အာဏ္ဏာမဖီဆန်ရဲတာကြောင့်
လက်လွှဲကာရှေ့တော်ဆက်ရပေမယ့်
မွေ့ပျော်ရက်တယ်သခင်ထင်သလား
ရင်ခွင်မှာဆယ်နေကဲသလို
အမြဲပူလောင်လှချည့်
ရင်ထဲကိုလှံမထိက
ချစ်မိသူအသည်းကြွေပြုန်းကာ
မဏိစန္ဒာရယ်…
ကိုယ်ကတော့အမြဲသေဆုံးခဲ့ပြီပဲ။

****************************

မာယာမိုး

ပြိုမယောင်
ဟိိုတောင်က မိုး….. ။

လေအဝှေ့မှာတော့
ရေငွေ့တွေဘယ်ဆီတိမ်းပါလို့
ဘယ်ယိမ်းကာ ဘယ်ကိုပါသလဲ
ဝေဒနာပူပူသရွေ့ကို
ကွယ်….
သူမေ့မှာစိုး ………။

****************************
သောကခြေရာ(၅)

တွယ်တာလှပေမယ့်
ကွယ်ရာကပဲ ချစ်တော့မယ်…

အဆင်ခက်လေတော့
မကြင်ရက်တယ် သခင်ဆိုမလား
ငြိုငြင်ရင် ကိုယ့်အပြစ်ပါပဲ
စိတ်ညစ်တယ်ကွယ်…..

သံယောဇဉ် တွယ်ကာရစ်ပေမယ့်
ပြန်ပြောလျှင် ဝေဒနာဖြစ်ရုံမို့
ချစ်တတ်သူ အမူလုပ်ပါလို့
မပူရုပ်ကို ဟန်ဆောင်တင်းပေမယ့်
ရင်တွင်းမှာ မကြည်မွေ့လေတော့
သည်နေ့လဲ စိတ်ညစ်တယ်
သိပ်ချစ်တယ် မဆိုသာတော့……

ပါးစပ်က ပြောမှလား
နှုတ်ဖျားမှာ မေတ္တာမရှိပါဘူး
အကြည့်ဆုံ ဝေဒနာနွေးတွေက
အကြင်နာ ခြေရာလေးတွေပဲ
အတွေးမှာ ရစ်တဝဲနဲ့
ချစ်သည်းရယ် ဘာသာဖြေလို့
မာယာတွေ ဟန်ဆောင်ထိန်းကာ
သူစိမ်းတွေပေါ့…..

****************************
ဝေး

လွမ်းမျက်ရည်ဝေဒနာပေးချင်လို ့
ပန်းသက်သေခြေရာကလေးတွေနဲ ့
သွေခွာပြေးပုန်းသူခင်။

အတိမ်းခက်ပေမယ့်
စိမ်းရက်တယ်ငြင်ငြိုမလား
ရင်ကိုခွဲကာ သခင်ကြည့်လျှင်ဖြင့်
မြင်မိမယ်ထင်။

သမုဒယဆိုတဲ့ ချစ်ကြိုးတစ်မျှင်
ရစ်တိုးငင်လို ့အဝိဇ္ဖာလွှမ်း
ပူပူသရွေ့ကိုတော့
သူသူတွေ့ကာဘယ်လိုသိနိုင်မလဲ
ရင်ထဲမှာကျွမ်းမြေ့ဆွေး
ဝေးဝေးကလွမ်း။

*****************************

ထာဝရ

ပွင့်လျှင်လည်းနမ်း
နွမ်းလျှင်လည်းကောက်
ခြောက်လျှင်လည်းသိမ်း
တိမ်းညွတ်တွယ်မက်
သည်တသက်မှာ
တပွင့်သာလေ
စွဲလမ်းနေမည်
ဝေဝေကြွေကြွေ မြတ်နိုး၏ ။

*****************************
ညို

ဟိုး…တောင်ထိပ်မှာ
မိုးရိပ်ညိုညို့ မှိုင်းရီဆို့လျှင်
ပိုလို့တမ်းတ သတိရလျက်
ဖြေပြေခက်လို့…
မျက်ဝန်းထဲမှာ မိုးရွာပြီညို…။

ဒါပါပဲကွယ်…
ပုံပြင်ရယ်ထား အိပ်မက်များလို
မေ့သွားနိုင်ရိုး အဖြစ်မျိုးလား
မြတ်နိုးနှောင်ရစ် သောကမြစ်လျှံ
ချစ်ခြင်းဆင်းရဲ မိုးသားမည်းညို
ပြိုမည်အုံးအုံး မိုးထစ်ခြုံးပြီ…
နှလုံးသားတောင်ထိပ်က အလွမ်းမိုးရိပ်တွေပါ ညို ။ ။

********************************

ပန်းပွင့်ရှိမှ၊ ရနံ့ရတာမဟုတ်ပါဘူး၊

ဖူးသည့်တစ်ငုံငုံသည့်တစ်ပွင့်၊

နမ်းခွင့်တစ်ရှိုက်ရသည့်ခိုက်မှ၊

ထာဝရတည်ကာလရှည်လျား၊

နှလုံးသားမှာစွဲမြဲစွာဖြင့်၊

ထုံနံ့ရီဝေပျံ့ဆွတ်စေ၏ချစ်သူသိလေ … ။

မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာမဟုတ်ပါကွယ်၊

ဘယ်ကိုသွားသွားဘယ်နားရောက်ရောက်၊

ဘယ်လောက်ဝေးဝေးအတွေးမှာရှိ၊

အကြည့်မှာမြင်သူပဲထင်တယ်၊

ကောင်းကင်လိုပဲမော့ကြည့်ဆဲမှာ၊

တွေ့နိုင်ပါ၏ချစ်သူသိလေ … ။

အသံကြားမှ၊ နားမှာဆတ်ဆတ်

ကြားလာတတ်တာ၊ မဟုတ်ပါလေ

စမ်းရေသံကြား၊ သူ့စကားရှိငှက်၏တေးမှာ၊

သူ့သံသာတွေနှုတ်ခြွေစကား၊

နားမှာတီးတိုးဟိုး…အရင်လို၊

ရွှင်ချိုကြည်မြကြားနေရ၏ ချစ်သူသိလေ … ။

ချစ်သူသိလေသတိရလျှင်၊

ဒေသအကွာနေရတာကွဲ၊

ဘယ်လိုခွဲခွာဘယ်လောက်ကွာမလဲ…ဘယ်မှာဖြစ်ဖြစ်၊

တွယ်တာရစ်ငင်ထာဝရထင်သော၊

ရင်ထဲအရိပ်စွဲလမ်းစိတ်ဖြင့်အိပ်မက်တိုင်းမှာ ရှိနေသူ … ။

(လွမ်းသူ့ရင်ကိုငြိမ်းပါလှည့် ဝတ္ထုမှ)

*******************************
ပန်းတိုင်ရှိရာ

ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေ စနိုင်ဖို့ အတွက်ပါပဲ။
ရပ်နိုင်တော့မှ
မင်းဘဝရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ..။
ကြောက်စိတ်မဝင်နဲ့ ကလေး
ပထမခြေလှမ်းမှာ ယိုင်လဲ
ဒူးပြဲချင် ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ် ခြေလှမ်းတွေစမယ်..။
လေးဘက်သွားရင်းကျေနပ်
ထပြီးမရပ်ဘဲနေမယ့်အစား
ရပ်စမ်း ကဲစမ်း
ရဲရဲလှမ်း ကလေး..
(ပြီးရင် )
ပြေးလှမ်းပေါ်တက်ရအောင်…။

****************************

ချစ်၏ကြင်၏ ၊သူ မသိလေ
ဝေဒနာကို ၊ဘာသာသိုဝှက်
တရက်တနေ့၊ရွေ့ရွေ့ကုန်ပြန်
မနက်ဖြန်ပေါ့ ၊ပြောတော့ပြောမည်
ရွယ်ရည်ခဲ့လျှက် ၊နှုတ်ကခက်တော့
အိပ်မက်တွေပဲ ကျန်တယ်လေ။

(ယာယီနှင်းစက် ဝတ္ထုမှ)

One comment

  • saddyangel.9

    September 12, 2010 at 1:14 pm

    အရမ်းကြိုက်တဲ့ကဗျာလေးတွေပါတယ်…ကျေးဇူးတင်လိုက်တာ……

Leave a Reply