အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၆၅) အဆွေးဘုရင်မ
အဆွေးဘုရင်မ
အကြမ်းအရမ်း နဲ့ ဟာသလေးတွေ ရောစွက်ထားတဲ့ ဒရာမာ ဇာတ်လမ်းတွေဟာ နောက်ဆုံးမှာတော့ ကြေကွဲစရာနဲ့
ဇာတ်သိမ်းတာမျိုး။ နီးလိမာ ကုမ္မာရီ နဲ့ အတူနေခဲ့ရတဲ့ အချိန်တွေကို အတိုဆုံး ဖော်ပြနိုင်ဖို့ ရုပ်ရှင်စကားလေးနဲ့ ပြောရ
ရင် အလွမ်းနဲ့ ဇာတ်သိမ်း တယ်လို့ပဲဆိုရမယ်။ ဟုတ်တယ်..ကျွန်တော် သူ့ဆီမှာ အလုပ်လုပ်ခဲ့ဘူးတာ..ဂျူဟူးမှာရှိတဲ့
သူ့တိုက်ခန်းမှာပေါ့..သုံးနှစ်နီးပါးပါပဲ။
ဘယ်တုန်းကစသလဲဆိုတော့ ကျွန်တော်နဲ့ ဆလင်း မာမန်းလက်ကလွတ်ပြီး ထွက်ပြေးလာတဲ့ နောက်ပေါ့။ မြို့ပတ်ရ
ထားစီးပြီးတော့ဂျူဟူးမှာ ကျွန်တော်တို့ ဆင်းတယ်။ နီးလိမာ ရဲ့ အိမ်ကို ကျွန်တော်တို့နှစ်ယောက် လမ်းလျှောက်ပြီးသွား
ကြတာ။ တိုက်ခန်းရှေ့ရောက်တော့ တံခါးက ဘဲလ် ကို နှိပ်ပြီးတော့ စောင့်ကြတယ်။
တော်တော်ကြီးကြာမှ တံခါးကပွင့်လာတယ်။ အမျိုးသမီးတစ်ဦး ကျွန်တော်တို့ရှေ့မှာ ရပ်နေပြီး နှုတ်က ရက်စ်
လို့ စပြီးအသံပြုတာပဲ။ခြေတစ်ဖက်မရှိတဲ့ ရာဒေးဆိုတဲ့ကောင်လေး ပြောတာ အမှန်ပါပဲ။ သူက အရပ်အမောင်းကောင်းကောင်း..
လှတုန်းပတုန်း..ရုပ်ရှင်ထဲလိုပါပဲ။အဲ..နည်းနည်း အိုစာ သွားတာက လွဲလို့ပေါ့ဗျာ။ ဆလင်းက ဘာမပြော ညာမပြောနဲ့ ဘွားတော်ရှေ့
ပစ်လှဲချပြီး…ဟရေး…လို့ထအော်တော့ဘွားတော်လည်း ဖျတ်ခနဲ နောက်ဆုတ်ပြီး…ဟဲ့ဟဲ့…ဘယ်လိုဖြစ်တာလဲ…နင်တို့က
ဘယ်သူတွေတုန်း..ဆိုပြီး မေးတယ်။
အဲဒီအခါကျမှ ကျွန်တော်လည်း ပဋိသန္ဓာရ စကားဆိုဖို့ သတိရပြီး လက်ကလေးပိုက်လို့ ရိုရိုသေသေနဲ့ပေါ့ –
“ဟုတ်ကဲ့…ကျွန်တော်တို့က ရာဒေးရဲ့သူငယ်ချင်းတွေပါ…သူပြောတာက..အန်တီ့အိမ်မှာ အိမ်စေလေးတစ်
ယောက် လိုတယ် ဆိုလို့ ကျွန်တော်တို့ လာပြီး စုံစမ်းတာပါ ခင်ဗျာ…အဲ…ဟို…အန်တီက အရမ်းကို ကြင်နာ
တတ်တယ်ဆိုတာလည်း ရာဒေးပြောပြလို့ ကျွန်တော်တို့ သိထားပါတယ်…ခု…ကျွန်တော်တို့ နှစ်ယောက်..
ပြေး..အဲ..သွားစရာမြေမရှိလောက် ဖြစ်နေလို့ ကြံရာမရတာနဲ့ အန်တီ့ဆီ ရောက်လာခဲ့တာပါ…စားစရာနဲ့ နေ
စရာလေး ရရင် ကျွန်တော်တို့ကို ဘာပဲဖြစ်ဖြစ် ခိုင်းနိုင်ပါတယ် ခင်ဗျာ…”
“အေး..အိမ်မှာ တောက်တိုမယ်ရလေးတွေ ခိုင်းဖို့တော့ လူတစ်ယောက်လောက်လိုတာ အမှန်ပါပဲ..ဒါပေမဲ့လို့
အရမ်းငယ်ငယ်လေးတွေတော့ အန်တီမထားချင်ဘူးကွဲ့..”
“အန်တီရယ်..ကျွန်တော်တို့က ကလေးသာသာဆိုပေမဲ့ လူလေးယောက်စာလောက်တော့ အလုပ်လုပ်နိုင်တဲ့
ကောင်လေးတွေပါ ခင်ဗျ…ကျွန်တော်ဆို အင်္ဂလိပ်စကားတောင် ပြောတတ်တယ်…”
“အေးပါကွယ်…နောက်တစ်ချက်က အန်တီက တစ်ယောက်ပဲလိုတာနော်…”
ဆလင်းနဲ့ ကျွန်တော် တစ်ယောက်မျက်နှာ တစ်ယောက်ပြန်ကြည့်ပြီး –
“ဒီလိုဆိုရင်လည်း ကျွန်တော်တို့ထဲက တစ်ယောက်တော့ အလုပ်ပေးပါခင်ဗျာ..”
ဘွားတော်က ဆလင်းကို ကြည့်ပြီးမေးတယ်။
“မင်း နာမည်..ဘယ်လိုခေါ်သလဲ..”
“ဆလင်း ပါ”
“အိုး…မင်းက မူဆလင်ပေါ့..ဟုတ်လား..”
ဆလင်းက ခေါင်းညိတ်ပြတယ်။
“အေး…စိတ်မကောင်းပါဘူး..ဒီလိုကွဲ့…ငါနဲ့အတူနေတဲ့ ငါ့အမေအိုကြီးက မူဆလင်တစ်ယောက်လက်နဲ့ ထိကိုင်ပြင်ဆင်
ထားတဲ့ အစားအသောက်ကို လုံးဝမစားနိုင်ဘူးတဲ့…ငါကတော့ အမေ့လို အယူမသည်းပါဘူး..ဒါပေမဲ့…ဘာလုပ်ရမလဲ..
ကဲ…”
ဘွားတော်က ပခုံးနှစ်ဖက် တွန့်ပြီး ဟန်ပါပါနဲ့ပြောတော့ ဆလင်း ခမျာ မျက်နှာမဲ့..ခေါင်းလေးစိုက်လို့ ဝမ်းနည်း သွားရှာတယ်။
နောက် ကျွန်တော့်ဘက်လှည့်ပြီး ဘွားတော်က မေးပြန်တယ်။
“ကဲ..မင်းကရော…နံမည် ဘယ်လိုခေါ်သလဲ…”
“ရမ် ပါခင်ဗျာ…”
**************************
ဒီလိုနဲ့ ကျွန်တော် အလုပ်ရခဲ့ရော ဆိုပါတော့။ သူ့ဆီမှာအလုပ်လုပ်ရင်း သတိထားမိတာတစ်ခုက ရုပ်ရှင်စတားတွေရဲ့
ဘဝကလည်း ထင်သလောက်ကြီး မက်မောစရာမရှိဘူး ဆိုတာပါပဲ။ နောက်..သူတို့ မိတ်ကပ်မလိမ်းတဲ့အချိန်ကြည့်မိရင်
သူလိုငါလိုရုပ်မျိုးပါပဲ..သိပ်ထူးထူးခြားခြားကြီးမဟုတ်ပါဘူး။ တခြား ပူပင်သောကတွေ..မလုံခြုံမှုတွေ..ဒါမျိုးလောကဓံတွေ
လည်း ခင်ဗျားတို့ ကျွန်တော်တို့လို သူတို့လည်း ခံစားကြရတာပါပဲ။ဒါဖြင့်ရင်..ဘာကွာသလဲ..။ ကျွန်တော့်အမြင်တော့
ကျွန်တော်တို့လို သာမန်လူတွေအတွက်တော့ ငွေက အဓိကပဲ..ငွေမရှိမှာပဲ ပူကြတယ်။ အဲ..သူတို့ ကျတော့ နာမည်
တစ်လုံးပဲ ဂရုစိုက် ပူပန်ကြတာ။ ဒါပဲ…နာမည်ကျသွားရင်..ဂုဏ်သတင်း ညှိုးမှိန်သွားရင်..အဲဒီလောကမှာ ဘာလုပ်စား
ရဦးမလဲ။
တစ်ခါတလေကျတော့ ကျွန်တော်တွေးမိတာ သူတို့ဘဝတွေက ဖန်အိုးထဲက အလှမွေးငါးကလေးတွေလိုပဲ။
ပထမတော့ မုန်းသလိုလိုရှိမယ်။ ဘယ်သွားသွားမလွတ်လပ်ပါဘူး..ဘာညာနဲ့ပေါ့။ ဟော…ပရိသတ်က မြှောက်စားလို့
တောက်ကြွားလာတဲ့အခါကျတော့ သူတို့ဘဝကိုသူတို့ ကျေနပ်လာတယ်..သာယာလာတယ်။ လူတွေက သူတို့ကို
စိတ်ဝင်စားမှု လျော့ကျလာတာနဲ့ သူတို့လည်း တဖြည်းဖြည်း မြောင်းထဲရောက်သွားတော့တာပါပဲ။ ငါးလေးတွေ
လိုပေါ့။ စစချင်းတော့ သဘောတွေကျပြီး အစာတွေ မှန်မှန်ကျွေး။ နောက်တော့ ရိုးလာပြီလေ။ ကျွေးချင်မှကျွေး။
နောက်ဆုံး ပိန်လိမ်ပြီး သေကုန်တော့ပါပဲ။
နီးလိမာရဲ့ တိုက်ခန်းက တော်တော် ကျယ်ဝန်းပြီး သားနားတာဗျ။ အထဲမှာ ပရိဘောဂတွေကလည်း ခေတ်မီမီတွေ
ချည်းပဲ။ခန်းလုံးပြည့်ကောဇောကြီးတွေ၊ ပန်းချီကားတွေ ရယ်နဲ့ တကယ် ခမ်းနားတာ။အိပ်ခန်း ငါးခန်းပါတယ်။ ရေချိူးခန်း
အိမ်သာ တွဲလျက်ပါတဲ့ အကြီးဆုံး အခန်းကတော့ နီးလိမာ နေတယ်။ နောက် ဒုတိယအကြီးဆုံးအိပ်ခန်းမှာကျတော့ သူ့အမေကြီး။
အင်း..ကျွန်တော်သိသလောက်တော့ နီးလိမာ မှာ တခြားဆွေမျိုးရယ်လို့ မရှိဘူး ထင်တာပဲ။
နီးလိမာ ရဲ့ အိပ်ခန်းကတော့ တစ်အိမ်လုံးမှာ အကြီးဆုံးနဲ့ အသားနားဆုံးပေါ့ဗျာ။ အခန်းအလယ်မှာ ဧရာမကုတင်
ကြီးရှိတယ်။ ကတ္တီပါအိပ်ယာခင်း ကို ခင်းထားတယ်။နံရံမှာ မှန်ပြားသေးသေးလေးတွေ စီရရီကပ်လို့ အလှဆင်ထားတာ
ကိုယ့်ပုံရိပ်လေးတွေ ထောင်ပေါင်းများစွာကို မြင်နေရတာပေါ့။ဗီရို တစ်လုံး ထဲမှာကျတော့ ရေမွှေးပုလင်းတွေ အများကြီးပဲ။
ဗီရိုဘေးမှာ နှစ်ဆယ့်ကိုးလက်မ ဆိုနီ တီဗီကြီး ရယ်၊ ဗီစီအာတစ်လုံးရယ်၊ နောက်ဆုံးပေါ် ဗီစီဒီ စက်တစ်လုံးရယ် ရှိသဗျ။
ဈေးတော်တော်ကြီးမဲ့ မီးပန်းဆိုင်းကြီးတစ်ခုက မျက်နှာကျက်မှာ တွဲလဲကျလို့။အသံမဆူတဲ့ အဲယားကွန်းကလည်း အခန်း
ထဲမှာ သာသာယာယာလေး အအေးဓာတ်ပေးထားတာ။ တစ်ဖက် နံရံမှာတော့ ဖန်သားနဲ့ လုပ်ထားတဲ့စင်ကလေးတွေ
နံရံနဲ့ အပြိုင်တန်းလို့ ဆုတံဆိပ်တွေ ပုံစံအစုံစုံ တင်ထားတာပဲ။နောက် ဖန် သေတ္တာတစ်လုံးထဲမှာကျတော့ ရုပ်ရှင်မဂ္ဂဇင်းအ
ဟောင်းတွေ ထည့်ထားတယ်။ သူ့ဓာတ်ပုံကို မျက်နှာဖုံးတင်ထားတဲ့ မဂ္ဂဇင်းတွေပေါ့။ အမယ်..ဒါတွေကြည့်ပြီး သူ့အိမ်မှာ
အလုပ်လုပ်ရတာမဆိုးဘူးလို့ ကျွန်တော့်စိတ်ထဲ ခံစားမိတာပဲ။ သူ့ခေတ်အခါတုန်းကတော့ အိန္ဒိယရဲ့ အကျော်ကြားဆုံး
မင်းသမီးတစ်လက် ဖြစ်ခဲ့မှာပေါ့လေ။
နီးလိမာရဲ့ အမေကြီးကတော့ တကယ်ပွမ်တဲ့ အဘွားကြီးဗျာ။ အသက်ကသာ ရှစ်ဆယ်နားနီးနေတာ သန်သန်
မာမာရှိတာကတော့လေးဆယ်သမားတွေနဲ့ နင်လားငါလားပဲ။ ကျွန်တော့်နောက်ကလိုက်ကြည့်ပြီး တောက်လျှောက်
ဆူပူနေတာ။ကျွန်တော်တစ်ယောက်ပဲ အိမ်မှာ အချိန်ပြည့် အိမ်စေလေး ဖြစ်နေလို့ ထင်တာပဲ။ ထမင်းချက် ပန်းကန်ဆေး
လုပ်တာကတော့ ဗြဟ္မဏ အမျိုးသမီးတစ်ယောက် ညနေပိုင်းမှာ လာပြီး လုပ်ကိုင်ပေးတယ်။ ပြီးတော့ လျှော်တာဖွပ်တာလည်း
အမျိုးသမီးတစ်ယောက် အချိန်ပိုင်းပဲ လာလုပ်ပေးတာ။ကျန်တာကိစ္စမှန်သမျှကတော့ ကျွန်တော်ပဲ။ ဖုန်သုတ်၊တံမြက်စည်း
လှည်း၊ မီးပူတိုက်၊ လက်ဘက်ရည်ဖျော်၊အပြင်ထွက်ပြီး သူတို့ခိုင်းတာလုပ်ရ၊ နွားနို့ဝယ်တာ၊မီတာခ၊ ဖုန်းခ၊ ဘာညာ
သွားဆောင်တာ..အဲဒါတွေ။ အဲ..ဘွားတော်ကြီးကတော့ ဘယ်တော့မှ စိတ်တိုင်းကျတယ်ကို မရှိပါဘူးဗျာ။ ကျွန်တော်
ကတော့ သူ့ကို ရိုသေလေးစားတဲ့ အနေနဲ့ မားဂျီး လို့ခေါ်တာတောင် လေသံက ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။
ဟဲ့..ရမ်..နင် နွားနို့ပုလင်းမဝယ်ရသေးဘူးနော်…ဟဲ့ကောင်လေး..ငါ့အိပ်ယာခင်းကို မီးပူမထိုးရသေးဘူးနော်…
ဟဲ့..ရမ်..အခန်းထဲကို သေချာ ဖုန်မသုတ်ရသေးဘူးနော်..ဟဲ့..ရမ်..ဘာလုပ်နေတာလဲ..အချိန်တွေ မဖြုန်းနဲ့…
ဟဲ့..ငါ့လက်ဘက်ရည် မနွှေးရသေးဘူးနော်..အဲဒါမျိုးတွေ။ တစ်ခါတစ်ခါကျတော့ စိတ်ကပေါက်လာတယ်။
ဒီလောက်အပြစ်ရှာပြီး ပေါက်ပေါက်ဖောက်နေတဲ့ အဘွားကြီး..သူ့ပါးစပ်ကို တိပ်နဲ့ ကပ်ထားရ မတော်ဘဲရှိတော့မယ်
လို့တောင် တွေးမိတယ်။
11 comments
windtalker
May 26, 2012 at 4:07 pm
ဟဲ့ ကိုဘလှိုင် သည်တစ်ခါပြန်ပေါ်လာတုန်း အပိုင်းများများ ရေးသွားပါနော် ။ ဟီဟိ
အပျိုဂျီးတွေကို ခေါ်စရာ နာမည်အသစ်ရသွားတယ်ဗျို့ ….
မားဂျီး
ဗိုက်ကလေး
May 26, 2012 at 7:01 pm
အားနေ ဒီ ပြည်သူပိုင် အပျိုကြီးတွေပဲ ခလုတ်တိုက်နေဒယ်..
ကျုပ်တို ့လူပြိုဂျီးတွေကိုလဲ ထည့်ကြော်ငြာပေးပါဦးဗျာ.
အူးလေးဆရာ သူဋ္ဌေးဘလှိုင်ရေ
ရေလည်ပျောက်တယ်နော..
အားလုံးပြီးမှ ပီဒီအက်ဖ် လုပ်ပြီး ထပ်တင်ပေးပါဦးလားဗျား..
အခန်းဆက်က စဆုံး အတော်များများ မမီကြဘူးထင်လို ့ပါ..ကျနော်လဲ မမီဝူး..
အလယ်က စဖတ်တာ 😀
မောင်ဘလိူင်
May 28, 2012 at 4:54 pm
ဟုတ်ကဲ့… အစအဆုံးပြီးရင်တော့ လုပ်ပေးပါမယ်ဗျာ..
မောင်ဘလိူင်
May 28, 2012 at 4:52 pm
ကိုပေ ရေ မားဂျီး (Maaji )ဆိုတာ ဟိန္ဒူလို မေမေကြီး လို့ ခေါ်တာ
ခင်ဗျ..။ များများ ရေး နိုင်ဖို့ ကြိုးစားနေပါတယ်ဗျာ..။
pooch
May 26, 2012 at 9:30 pm
ကျမလည်း မမှီဘူး မှီရာက စဖတ်ရတာ ။ ဇာတ်ကားကတော့ ကြည့်ပြီးတာ တော်တော်ကြာနေပြီ။ ကြိုက်တယ်။ စာဖတ်ရတာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းသလားလို့။အဲ့ဒီကားထဲက မင်းသမီးကတော့ တော်တော်လေးကို နာမည်ရသွားပြီး နောက်ပိုင်း သူ့ကားတွေ တော်တော်များများ ကြည့်ရတယ်။ Apes တို့ Immortal တို့ဆိုလည်း ကြည့်ကောင်းတယ်။
အဲ့ကားထဲက ကလေးတယောက်တောင် နောက်ထပ် Every child is special ဆိုတဲ့ ကားကို ဆလမာခမ်းနဲ့ရိုက်ထားတာ တော်တော်ကောင်းတယ်။ ကြည့်ဖြစ်လားမသိဘူး။
မောင်ဘလိူင်
May 28, 2012 at 5:18 pm
ဆလေမန်ခန်း ရဲ့ ဇာတ်ကားတော့ မကြည့်ဘူးပါ အန်တီပုချ် ။သို့သော်
အန်တီပုချ် ပြောလိုတဲ့ဇာတ်ကားက အမီရာခန်း နဲ့ ရိုက်တာ ဖြစ်ပါလိမ့်
မယ်။ မင်းသားက ဉာဏ်ရည်မမှီတဲ့ ကလေးတွေကို စာသင်ပေးရတဲ့
ဆရာ လုပ်ရတဲ့ ဇာတ်လမ်းမို့လား။
pooch
May 31, 2012 at 4:32 pm
ဟုတ်တယ် ဟုတ်တယ် အဲ့ဒီကား ပါ။ မင်းသားက အမီရာခန်း ကျမရောသွားလို့ ။
MaMa
May 27, 2012 at 5:47 pm
အားလုံး ဘယ်နှစ်ပိုင်း ရှိလဲ မသိဘူး။
ဖတ်ရင်းဖတ်ရင်း မေ့ကုန်ပြီ။
အားလုံးပြီးရင် အစအဆုံး ပေါင်းဖတ်ချင်တယ်။
စိတ်ရှည်လက်ရှည် ဘာသာပြန်ပေးတဲ့ ကိုဘလှိုင်ကို ကျေးဇူးအထူးတင်ပါတယ်။
🙂
မောင်ဘလိူင်
May 28, 2012 at 5:20 pm
စိတ်ရှည်လက်ရှည် ဖတ်ရှုပေးတဲ့ အန်တီမမ တို့ကိုလည်း
ကျေးဇူးတင်ပါတယ်ခင်ဗျာ..။
surmi
May 27, 2012 at 11:51 pm
ကိုဘလှိုင်ရေ …
ကျွန်တော်ဆိုတော်တော်များများမမှီဘူးဗျ ၊ မှီသလောက်နဲ.ဘဲ လိုက်ဖတ်နေရတာ ….
ကိုယ်.ဆရာကမေ.လောက်မှ ပြန်ပေါ်လာတာကိုး ။ ဒီတခါ များများရေးသွားဗျာ ။
မောင်ဘလိူင်
May 28, 2012 at 5:21 pm
ဟုတ်ကဲ့..ကိုဆာမိ ခင်ဗျာ..ရေးနိုင်အောင် ကြိုးစားပါ့မယ်။
ကျေးဇူးပါခင်ဗျ..။