ဖားကန့်မိုး တညို့ညို့
မိုးတွေရွာနေပြီ။ ကြည့်လေရာ ပတ်ဝန်းကျင်ပတ်ပတ်လည်မှာတော့ မြူခိုးတွေဖွေးဖွေးနှင့် အေးမြမြ အထိအတွေ့ကိုလည်း ခံစားရသည်။ ကြည်နူးစရာ မြင်ကွင်းလေးကို ထိတွေ့ခံစားရသော်လည်း စိတ်မချမ်းမြေ့နိုင်ဖြစ်နေရသည်။ အဘယ့်ကြောင့်ဆိုသော် နေ့စဉ်တောင်ပေါ်ကနေ့တောင်အောက်ကို ခြေကျင်လျှောက် ကျောက်ကြိုကျောက်ကြား ခက်ခက်ခဲခဲ လမ်းလျှောက်နေရ၍ပင်။ မှော်ဒေသ၏ မိုးရာသီကို ကြုံတွေ့ရမည်ဆိုလျှင် ထိုင်ငိုချင်လောက်အောင် စိတ်ညှစ်ကြမည်မှာ အမှန်ပင်။ ရာသီချိန်တလျှောက်လုံးလုံးလျှင်လည်း ဖုန်တလုံးလုံးနှင့်သောသော ထနေသလောက် မိုးရာသီဆိုလျှင်လည်း ဗွက်တွေပေါက်နေသည်မှာ ကြည့်လေရာရာမြင်တွေ့နေရ၏။ ကားတွေသွားလာ၍မရ။ ဆိုင်ကယ်တွေသွားလာ၍မရ။ ဘယ်နားသွားသွား ခြေကျင်လျှောက်နေရသည်မှာ မိုးရာသီ မှော်ဒေသ၏ ထုံးစံ။
ကုမ္ပဏီလုပ်သားတွေအဖို့တော့ မိုးရာသီတွင် မြောတိုက်၊ ကျောက်ရှာ၊ ဈေးဝယ်ဆိုသည်မှာ လွယ်လှသည်တော့ မဟုတ်။ မြင့်မားလှသည့် မြေစာပုံကြီးတွေကို ကုမ္ပဏီတိုင်းလိုလို မိုးကြီးကြီးရွာပြီဆိုလျှင်တော့ တောင်ကျမိုးရေနှင့် ရေဖျော်တိုက်ချသည့် သဘောကို ဒေသအခေါ်မြောတိုက်သည်ဟု ခေါ်ကြသည်။ သို့ကြောင့် အနီးအနားရွာများတွင် ဈေးဝယ်ရန်အတွက် သွားလာရသည်မှာ မြောကြား မိုးကြားတွင် ခက်ခဲသည်ဟု ဆိုရမည်။ လမ်းဆိုသည်မှာတော့ သတမတ်တည်းမရှိသဖြင့် စမ်းတန်း မှန်းတန်းသွားလာရသည်။ ရေမဆေး အတော်များများကတော့ ဟိုခုန်သည်ကူးနှင့်ကြည့်ရသည်မှာ ရင်ခုန်လှိုက်မောဖွယ်ပင်။ မိုးကြီး လေကြီးရက်တွေဆိုလျှင် မြောချောင်းကြီးများတွင် တောင်ကျမိုးရေများဆင်းလာသည်မှာ ကြက်သီးထစရာ အလွန်ကောင်းသည်။ အတော်အတန်ကြီးမားသော ကျောက်တုံးများလည်း လိမ့်ဆင်းမြောပါသွားသည်ချည်း။ လူဆိုလျှင်တော့ စဉ်းတောင် မစဉ်းစားဝင့်ချေ။ သို့ကြောင့် အုပ်စုဖွဲ့သွားလာရသည်မှာ လမ်းမကျွမ်းသူတို့၏ ထုံးစံပင်ဖြစ်တော့သည်။
မြောချောင်းထဲသို့ပါသွားကြသော ရေမဆေးတို့သည်လည်း မနည်းမနှော။ အသက်တစ်ချောင်းကို လွယ်လွယ်လေး တိုက်စားဝါးမြိုမည့် မြောဟုဆိုလျှင် မှားအံ့မထင်။ ဆယ့်နှစ်လရာသီချိန်ခါမရွေး မိုးသံပေးနေဆိုသည့် အတိုင်း ုုတစ်နှစ်ပတ်လုံးမိုးရွာနေတတ်ပေ့မယ့်လည်း မိုးရာသီက အကြောက်ရဆုံးဖြစ်မည်ထင်သည်။ ရာသီချိန်တွင် ဒူးသာသာလောက်ရှိသော ဥရုချောင်းရေ သည်ပင် မိုးရာသီဆိုလျှင် ဝါးတစ်ဖျံကျော်ကျော်လောက်အနက်ရှိမည်လားမသိ။ သည်လိုမိုးရာသီချိန်ဆိုလျှင်တော့ ဥရုရင်ခွင်မှာ စက်လှေသမားတို့သည်လည်း ပျော်ပျော်ပါးပါး ခုတ်မောင်းနေကြပြီ။ အန္တရယ်ကြီးမားသည်တစ်ခုကတော့ ဥရုချောင်းထဲတွင် မြောပါလာသည့် ဝါး၊ သစ်တုံး အဆွေးအမြေ့များပင်။ စက်လှေနှင့်တိုက်မိလျှင်ဖြင့် မတွေးရဲစရာပင်။
စက်လှေမှောက်သည့် သတင်းကလည်းမကြာခဏကြားနေရပြန်သည်။ ရေမကူးတတ်လျှင်ဖြင့် ကိုယ့်သင်္ချိုင်းကိုယ်ပြင်ထားရမည့်ကိန်းပင်။ မိုးရာသီတွင် စက်လှေကလည်း အရေးကြီးသည့် အခန်းကဏ္ဍတွင် ထိပ်ဆုးံကပါဝင်သည်။ သူမပါလျှင် ပွဲမစည်သလောက်ပင်။ အဘယ့်ကြောင့်ဆိုသော် ဖားကန့်၊ ဆိုင်းတောင် သို့ သွားရန်အတွက် ဆိုင်ကယ်ကယ်ရီနှင့် သွား၍ ခရီးမရောက်နိုင်၍ပင်။ ရေတက်ချိန်ဆိုလျှင် စက်လှေပေါ် ဆို်င်ကယ်တင်၍ သွားလာရသည်မှာ ကရိကထများသဖြင့် ဆိုင်ကယ်တင် သွားလာကြသည်က ခရီးဖင့်ကြရသည်။ သို့ကြောင့် စက်လှေစီး ဆိုင်းတောင် ကူး။ ဆိုင်းတောင်မှ တဆင့် ဖားကန့်သို့ ဆိုင်ကယ်ကယ်ရီဖြင့် သွား။ အဆင့်ဆင့်။ သည်ကြားထဲ ဖားကန့် ဆိုင်းတောင်ကြား ယူမာရွာလေးမှာ ရေကြီးနေလျှင်ဖြင့် ကူး၍မရပြန်။ မြန်မာပြည်မြောက်ဖျားရေကြီးသည်ဆိုမှာ ဖားကန့်လို့နေရာကိုညွှန်းဆိုပြလေသလားဟု မေးရမလိုပင်ဖြစ်နေသည်။ ရေကြီးရသည့်အကြောင်းအရင်းကိုဖြင့် တောင်ကျရေကြောင့်ဟု ဆိုချင်သော်ညားလည်း ရွှေမြော၊ ကျောက်မြောတို့၏ ရန်ကလည်း ထိပ်ဆုံးကပါဝင်နေသည်ဟု ထင်မြင်မိသည်။ ရာသီချိန်တစ်လျှောက် ရွှေမြောတိုက်၍ဖြစ်ပေါ်လာသည့် နှုံးမြေ ရွံ့ရေများသည် ဥရုချောင်းထဲသို့ စီးဝင်သည်။ ဥရုချောင်း သည် ရာသီချိန်တွင်ဒူးလောက်ပင်ရေရှိသည်ဆိုသည်ကလည်း ချောင်းကောလာသည်ကို ဖွင့်ဆိုပြနေသည့်သဖွယ်။
အမြဲနောက်ကျိနေတတ်သော ဥရုချောင်းရေသည် ဟိုစဉ်ခါတုန်းကတော့ ကြည်လင်ခဲ့သည်ဟု ဒေသခံများကပြောပြကြသည်။ ခုတော့ ဖြင့် နောက်နောက်ကျိကျိ ဥရုရေ။ သည်ရေကိုပင် ဒေသခံတို့ ချိုးရေ ၊ သုံးရေ၊ သောက်ရေ အဖြစ်သုံးကြရသည်။ အမှိုက်သရိုက်ပေါင်းဆုံး ပါဝင်စီးမြောနေသော ဥရုချောင်းရေသည် ကျန်းမာရေးအတွက် ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပြန်သည်။ ချောင်းတလျှောက်ရှိ ဆန်းကြွယ်၊ ဖားပြင်၊ မမုံစသော ရွာများသည် ဥရုချောင်းရေကို မှီခိုနေရသည်။ ရေအရင်းအမြစ်ကောင်းနေဖို့လိုနေသော ဥရုချောင်းပင်။
မာယာများသော ဥရုချောင်းဟုဆိုရမည်ပင်။ မနှစ် ၂၀၀၉တုန်းကဖြင့် ဥရုချောင်းရေကြီးချက်ကဖြင့် ဆိုင်းတောင်မြို့တစ်ဝက်ကျိုးကျိုးကို နှစ်မြုပ်သွားခဲ့သည်။ မိုးကြီး၊ မြေပြို၊ ရေကြီး။ မြေပြိုမှုကြောင့် လူသေ။ ဟော ရာသီချိန်ကြတော့ သူမဟုတ်သလိုလို ဒူးခေါင်းသာသာရေနှင့်။ ရေကျသွားချိန်မှာတော့ ပြန်လည်၍ အသုံးပြုရန်ခက်ခဲသော လူနေအိမ်များ။ ရွံ့နွံများဖြင့်ဖုံးလွမ်းနေသော နေအိမ်များ။ ပြန်လည် ဆယ်ယူရန်ပင် အားရှိမည်မထင်။ အချို့နှစ်ထပ်အိမ်များက အောက်ထပ်တစ်ထပ်လုံးလုံးနှစ်မြုပ်နေကြသည်။အရင်နှစ်က သွားလာ၍ရသော လမ်းက ခုတော့ နေအိမ်ခေါင်မိုးတွေကိုကျော်လွန်ပြီး လမ်းပေါက်နေသည်။ နှမြောတသသဖြစ်စရာပင်။ ပစ္စည်းသင်္ခါရ လူ သင်္ခါ ဟု ဆိုသော်ညားလည်း သူသူကိုကို ရှာဖွေစုဆောင်းထားသော ဥစ္စာပစ္စည်းများ ဆုံးရှုံးရလျှင် သောကရောက်ရသည်ချည်းပင်။
ဟော အခုတော့ မြောချောင်းကိုကြောက်နေရပြီ။ လမ်းလျှောက်ရင်း မိုးရွာလိုက်လျှင်ဖြင့် ရေတေါများ အလုံးအရင်းလိုက်ကြလာမည်လား ဟူသော စိုးရိမ်ပူပန်မှုက နောက်က ထပ်ကျတ်မခွာလိုက်သည်။ အသက်တစ်ချောင်းတော့ လွယ်လွယ် မည်သူမှ အသေမခံချင်။ ရွံ့နှင့် နွံနှင့် လုံးလား ထွေးလားသွားလာရင်းဖြင့် မိုးရာသီကိုဖြတ်သန်းရမည်။ ရေလာလျှင် ဟိုမြေစာပုံကုတ်တတ်၊ သည်မြေစာပုံကုတ်တတ်။ အမောမော အသောသောနှင့် သူ့ကိုကူ ကိုယ့်ကိုကူ ဆွဲလားရမ်းလားဖြင့် မောနေရသည်။ ထီးတစ်ချောင်း၊ ပွိုင့်ဖိနိပ်တစ်ရံကတော့ မပါမဖြစ်။ တော်ရုံ တန်ရုံ ခြေညှပ်၊ ကွင်းထိုးဖိနိပ်များနှင့် သွားလာ၍မရ။ လမ်းများက အခုတတ်၊ အခုဆင်း ၊ဟိုကွေ့ ၊သည်ဝှက်။ထီးကတော့ နွံတွေ့လျှင် ထောက်လိုက်သွားလိုက်လုပ်လို့ရသည်။ ပွိုင့်ဖိနပ်ကတော့ တောင်ကုန်းတွေ မြေစာပုံတွေကို တတ်ရသည်မှာ အဆင်ပြေလှသည်။ လမ်းလျှောက်ရာတွင်တော့ အားကိုးရာ ထီးနှင့် ဖိနိပ်ပင်။ ကျောင်းဖွင့်ချိန် ဇွန်လတွင်မှာတော့ ကျောင်းတတ်ရန်သွားလာနေကြသောကလေးသူငယ်များ ကိုမြင်နေရသည်မှာလည်း စိတ်မချမ်းသာစရာ။ ပညာကို ဗွက်တော ရွံ့တောထဲကနေရှာနေရသည် ဘဝ။ သို့သော်ညားလည်း မိုးကဖြင့် ညာတာထောက်ထား အရွာမရပ်။ လျှပ်ရောင်တဝင်းဝင်းနှင့် ဟိုနေရာက ဂျိမ်းကနဲ။ သည်နေရာကဂျိမ်းကနဲ။ တာဝန်ကျေပါတယ် မိုးမင်းရယ် ဟု ပြောရုံမှတပါး ကျန်သည်အရာများကတော့ မိုး၏ နောက်ဆက်တွဲဂယက်အဖြစ် လှိုင်းပုတ်မြဲ။ ကောင်းကင်ယံက မြူခိုးဖြူဖြူတွေ သက်တန့်ရောင်စဉ်လှလှတွေငေးကြည့်ရင်းဖြင့် ခြေထောက်အောက်က ရွံ့ကိုရုန်း ခရီးပေါက်ဖို့အရေး ထီးဆောင်း ဖိနိပ်စီးနေကြရဦးမည်။ ပညာရှာနေကြရဦးမည်။ ကျောက်ရှာနေကြရဦးမည်။
မြေသားပျော့ပျော့ကိုနင်းလျှောက်ရင်းဖြင့် ပတ်ဝန်းကျင်အလှကို မခံစားဖြစ်တော့။ ဟိုတောင်ဆီမှာ မိုးညို့နေပြီ။ မိုးနှင့်အတူ လေ ရေပါလာလျှင်ဖြင့် မနက်ဖြန် ဥရုချောင်းရေကြီးနေသည်ဟု သတင်းများကြရဦးမည်လား။
One comment
kai
June 20, 2010 at 12:02 am
ဓါတ်ပုံလေးတွေပါ တင်ပေးနိုင်ရင် ဖားကန့်ကိုသေသေချာချာ မြင်ရမယ်ထင်မိတယ်ဗျာ။
ပထမစာကတည်းက စိတ်ဝင်တစားလိုက်ဖတ်နေမိတာပါ။