တိမ်ယံသစ္စာ အပိုင်း ( ၃ )
ကျွန်တော်ပြောသော စကားလုံးသည် ဘာဘာ …
ဟက်ဆန်ပြောသော စကားလုံးသည် အေမား … ။ ကျွန်တော့်အမည် အေမား။
အတိတ်ကို ပြန်တူးလိုက်တော့ ၁၉၇၅ခု ဆောင်းဥတုနှင့် အလုံးစုံသော
နောက်ဆက်တွဲကိစ္စများ ဖြစ်ပေါ်လာခြင်းအကြောင်းအတွက် အခြေခံအချက်
အလက်များကို ကျွန်တော် ပြောပြပြီးပြီဟုထင်သည်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၃)
အစဉ်အလာစကားတို့အရ ကျွန်တော့်အဖေ ဘာဘာသည် ဘော်လူချစ္စတန်နယ်တွင်
ဝက်ဝံတစ်ကောင်ကို လက်နက်မဲ့နပန်းလုံးခဲ့ဖူးသည်။ အကယ်၍သာ ဤပုံပြင်သည်
ဘာဘာမဟုတ်ဘဲ အခြားတစ်ယောက်ဖြစ်နေပါက အာဖဂန်တို့၏ ချဲ့ကားတတ်သော
သဘောလေးပါဟု ခေါင်းထဲရှင်းထုတ်ပစ်လိုက်မည်မလွဲ။ ကြွားချင်တဲ့ဝေဒနာပါ
တကားဟုပင် ယူဆခံရနိုင်သည်။ တစ်ယောက်ယောက်က ငါ့သား ဆရာဝန်ကွ ဟုဆိုလျှင်
ဖြစ်နိုင်ချေရှိသည်မှာ သူ့သားသည် အထက်တန်းကျောင်းတွင် ဇီဝဗေဒကို
တစ်ကြိမ်တစ်ခါအောင်ခဲ့နိုင်သည်။ သို့သော် ဘာဘာနှင့်
ပတ်သက်သည့်ပုံပြင်ဆိုလျှင် မယုံသူမရှိကြ။ မယုံသူရှိနေဦး၊
ဘာဘာ့ကျောပြင်ပေါ်ဝယ် အမာရွတ်အစင်းကြောင်း ကြီး သုံးကြောင်းအမှန်ရှိနေသည်။
ဘာဘာ ဝက်ဝံနှင့်နပန်းလုံးပုံကို ကျွန်တော့်အာရုံထဲ
ပုံဖော်ကြည့်ခဲ့ဖူးပေါင်းများပြီ။ အိပ်မက်ထဲပင် ထည့်မက်လိုက်သေး၏။
အိပ်မက်ထဲတွင် ဘာဘာ့ကို ဝက်ဝံနှင့် ခွဲခြား၍မရခဲ့ပေ။
ဘာဘာ၏ အကျော်ကြားဆုံး နာမည်ပြောင် ”မစ္စတာဟာရီကိန်း” ကို
ဘာဘာ့မိတ်ဆွေကြီး ရာဟင်ခန်က စတင်ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ လိုက်လည်း
လိုက်သည့် လူနှင့်နာမည်။ မြင့်မားထောင်မောင်းသော ပက်ရှ်ထန်တို့၏ဗီဇ၊
မုတ်ဆိတ်ဗရပျစ်၊ သူ့လိုပင် ထိမ်းမနိုင်သိမ်းမရ သောင်းကျန်းတက်ကြွသော
ဖရိုဖရဲ လှိုင်းထဆံပင်ညိုများ၊ မိုးမခပင်ကိုပင် အမြစ်မှ ဆွဲနှုတ်တော့မလို
ထင်ရသော လက်အစုံ – ဘာဘာသည် သဘာဝအတိုင်းအားမာန်ပါလွန်းသော လူစားမျိုး
ဖြစ်သည်။ ရာဟင်ခန့်အပြောအတိုင်း ပြောရလျှင် ဘာဘာ၏ စူးဝါးမှောင်ညို့သော
အကြည့်သည် ‘မကောင်းဆိုုးဝါးကတောင် သူ့ရှေ့ဒူးထောက် တောင်းပန်ရတော့မယ့်
အတိုင်းပဲ’ ဟူ၏။ ပါတီပွဲများတွင် အရပ်ခြောက်ပေငါးလက်မပိုင်ရှင် ဘာဘာ
ဝင်ချလာပြီဆိုပါက အခန်းတွင်းရှိလူကုန် နေကြာပန်းလေးများ
နေမင်းဆီမျက်နှာမူ သလို လှည့်လာကြလေသည်။
ဘာဘာ့ကို လျစ်လျူရှုဖို့ဆိုသည်မှာ မဖြစ်နိုင်လွန်းသောကိစ္စ။ ဘာဘာ
အိပ်ပျော်နေလျှင်ပင် ထိုကိစ္စမဖြစ်နိုင်။ ကျွန်တော်သည် နားထဲဂွမ်းဆို့၊
စောင်ခေါင်းမြီး ခြုံထားသည့်တိုင် ထရပ်ကားအင်ဂျင်သံနှယ် ဟိန်းနေသော
ဘာဘာ့ဟောက်သံ ကြီးသည် အခန်းနံရံများကို ဖောက်ထွင်းဝင်လာစမြဲ။
ကျွန်တော့်အိပ်ခန်းသည် ဘာဘာ့အိပ်ခန်းနှင့် ခန်းမခြားပြီး
မျက်နှာချင်းဆိုင်ရှိနေပါသည်။ ကျွန်တော့်မေမေသည် ဘာဘာနှင့် တစ်ခန်းထဲအတူ
ဘယ်နှယ့်များအိပ်ပါလိမ့်၊ ပဟေဠိတစ်ပုဒ်ပင် ဖြစ်တော့ ၏။ အကယ်၍သာ
မေမေ့ကိုပြန်တွေ့ရလျှင် ကျွန်တော်မေးမည့် တနံတလျားမေး ခွန်းပုံကြီးထဲ
ဤကိစ္စကို ထည့်သွင်းထားသည်။
၁၉၆ဝ နှောင်းပိုင်း၊ ကျွန်တော်အသက် ငါးနှစ်ခြောက်နှစ်ခန့်တွင် ဘာဘာ သည်
မိဘမဲ့ဂေဟာဆောက်မည်ဟု ဆုံးဖြတ်ခဲ့သည်။ ထိုအကြောင်း ဘာဘာ့မိတ် ဆွေကြီး
ရာဟင်ခန်ထံမှ ကျွန်တော်သိခဲ့ရသည်။ ဘာဘာသည် ဆောက်လုပ်ရေး အတွေ့အကြုံ
လုံးလုံးမရှိဘဲ အဆောက်အဦးပုံစံရေးဆွဲသည်။ ဘာဘာ့မူကို လက်မခံ သူများက
ဘာဘာ့အား အရူးလုပ်ရပ်တွေ ရပ်တန်းကရပ်ပြီး ဗိသုကာပညာရှင်ခေါ်ပါဟု
တိုက်တွန်းသည်။ ဘာဘာကလည်း အသေအချာကို ငြင်းပါသည်။ ဘာဘာခေါင်း မာပုံကို
လူတိုင်းလူတိုင်း စိတ်ပျက်ခေါင်းခါကြရသည်။ နောက်ဆုံးတွင် ဘာဘာ၏
အောင်နိုင်တတ်သော နည်းနာအတိုင်း လူတိုင်းအံ့ဩတကြီး ခေါင်းတွေတရမ်းရမ်း
ဖြစ်ခဲ့ရသည်။
ကဘူးမြစ်၏တောင်ဘက် ဂျူဒါမေဝင်းကမ်းမြှောင်အလွန်တွင် မိဘမဲ့ဂေဟာ
နှစ်ထပ်ဆောင်ကို ဘာဘာအကုန်အကျခံ၍ ဆောက်ခဲ့သည်။ အစီအမံတစ်ခုလုံးအတွက်
ဒိုင်ခံငွေထည့်ခဲ့သည်။ မရောင်ရာဆီလူးချင်ကြသော မြို့တော်အရာရှိများတင်မက
အင်ဂျင်နီယာ၊ မီးသမား၊ လက်သမား၊ အလုပ်သမားများ ကိုယ်တိုင်ငှားရမ်းခဲ့သည်။
ဂေဟာကို သုံးနှစ်ကြာအချိန်ယူ ဆောက်ခဲ့ရသည်။ ဆောက်ပြီးချိန်တွင်
ကျွန်တော်ပင် အသက်ရှစ်နှစ် ရှိနေပြီ။ ကျောင်းဖွင့်ပွဲမတိုင်မီနေ့ကို
ကျွန်တော်မမေ့သေး။ ကဘူးမြို့ မြောက်ဘက်မိုင်အနည်းငယ်အကွာမှ ဂါးခရေကန်ဆီ
ဘာဘာက ကျွန်တော့်ကို ခေါ်သွားသည်။ ဟက်ဆန့်ကိုပါခေါ်ရန် ဘာဘာကပြောသော်လည်း
ဟက်ဆန် ဝမ်းလျှောနေသည်ဟု ကျွန်တော်ဖြီးလိုက်သည်။ ဘာဘာ့ကို ကျွန်တော်
တစ်ယောက်တည်း လိုချင်သည်။ ထို့ပြင် အရင်တစ်ခါ ဂါးခရေကန်ဆီ ရောက်တုန်းက
ဟက်ဆန်နှင့်ကျွန်တော် ရေလွှာပေါ် ကျောက်ခဲများ လျှပ်တိုက်ပြေးအောင်
ပစ်ခဲ့ကြရာ ဟက်ဆန်က ခဲလုံးရှစ်ကြိမ်ပြေးအောင် ပစ်နိုင်ခဲ့သည်။
ကျွန်တော်ကတော့ အလွန်ဆုံး ငါးကြိမ်ခန့်သာ။ ဘာဘာလည်းရှိနေ၍
ကျွန်တော်တို့ကိုကြည့်ကာ ဟက်ဆန့်ကျောကို ပုတ်ပေးသည်။ ဟက်ဆန့်ပခုံးကိုပင်
ဘာဘာက သိုင်းဖက်လိုက်သေးသည်။
ကန်နဖူးပေါ် ပျော်ပွဲစား စားပွဲကိုခင်း၍ ကြက်ဥပြုတ်နှင့် အသားညှပ်
ပေါင်မုန့် စားကြသည်။ ဘာဘာနှင့်ကျွန်တော် နှစ်ယောက်တည်း။
နံပြားဖြင့်ထုပ်ထား သော အသားလုံးများနှင့် အသုပ်လည်းပါသည်။ မှန်သားပမာ
ကြည်ပြာနက်သော ကန်ရေပြင်ပေါ် ကျနေခြည်တို့ အရည်လဲ့နေသည်။
သောကြာနေ့များဆိုလျှင် နေပူဆာ လှုံသောမိသားစုများဖြင့်
အုံးအုံးကြွက်ကြွက်ညံနေလေ့ရှိသည်။ ယခုတော့ ကြားရက် ကြီးမို့
ကျွန်တော်တို့သားအဖနှင့် ဆံရှည်တိုးရစ္စနှစ်ဦးသာရှိသည်။ သူတို့ကို
‘ဟစ်ပီ’ ဟုခေါ်သံ ကျွန်တော်ကြားဖူးသည်။ ထိုလမ်းသူရဲနှစ်ကောင်
ဆိပ်ကမ်းပေါ်ထိုင်၊ ခြေနှစ်ချောင်း ရေထဲတွဲလောင်းချကာ လက်ထဲငါးမြှားတံများ
ကိုင်ထားကြသည်။ သူတို့တတွေ ဘာကြောင့်များ ဆံပင်အရှည်ကြီးထားသလဲ ဘာဘာ့ကို
မေးကြည့်ရာ ဘာဘာက ရင်ခေါင်းသံပေးပြီး ဘာမျှမဖြေ။
ဘာဘာသည် မနက်ဖြန်ပြောမည့် မိန့်ခွန်းအတွက် လက်ရေးစာမူများ ကသောင်းကနင်း
လှန်လှောနေရရှာသည်။ ခဲတံကိုင်ကာ မှတ်စုထုတ်နေရသည်။ ကြက်ဥအခွံစားမိပါက
ရှူးရှူးပေါက်ထုတ်မှထွက်သည် ဆိုခြင်းမှာ ဟုတ်သလားဟု ကြက်ဥကိုက်ရင်း
ဘာဘာ့ကို ကျွန်တော်မေးကြည့်သည်။ အတန်းဖော်များထံမှ
ကျွန်တော်ကြားခဲ့ရခြင်းဖြစ်သည်။ ဘာဘာ့ထံမှ လည်ချောင်းသံသာ ထွက်လာသည်။
အသားညှပ်ပေါင်မုန့်ကို ကျွန်တော်တစ်ကိုက်ကိုက်သည်။ ရွှေဝါရောင်
ဆံရှည်တိုးရစ္စက တဟားဟားရယ်ပြီး နောက်တစ်ယောက်၏ကျောကို ပုတ်နေသည်။ ရေကန်၏
ဟိုမှာဘက်တွင် တောင်ကမူကို ကွေ့နေဆဲ အိပဲ့အိပဲ့ ထရပ်ကားတစ်စီး။ ဘေးမှန်
နေထိုး၍ အရောင်လက်ရှနေသည်။ တိုက်လေတဖျပ်ဖျပ် စာရွက်ပုံကြားမှ ဘာဘာ
ခေါင်းထောင်လာသည်။ ဆိုဒါယူသောက်ချည်ဟု ကျွန်တော့်အားပြောသည်။
ထရပ်ကားကုန်တွဲကို ကြည့်နေရုံမှအပ ကျွန်တော့်တွင် လုပ်စရာအလုပ်မရှိ။
နောက်တစ်နေ့ မိဘမဲ့ဂေဟာတွင် ကုလားထိုင်များပြည့်နေသည်။ ဖွင့်ပွဲ
လာကြည့်သူများ မနည်းမနော မတ်တပ်ရပ်နေကြရသည်။ လေက တဟူးဟူးတိုက် လျက်။
အဆောက်အဦးသစ်ကြီး၏ ပင်မဝင်ပေါက်အဝရှိ ဟောပြောရန်စင်မြင့်နောက်
၊ဘာဘာ့နောက်တွင် ကျွန်တော်ထိုင်သည်။ အစိမ်းရောင်ဝတ်စုံဝတ်၍ ဦးထုပ်ဆောင်း
ထားသော ဘာဘာသည် စကားပြောနေစဉ် ဦးထုပ်လွင့်ကျသွား၍ လူအုပ်ကရယ် သည်။ ဘာဘာက
သူ့ဦးထုပ်ကို ကိုင်ထားပေးရန် ကျွန်တော့်အား လက်ရိပ်ပြရာ ကျွန်တော့်မှာ
ပျော်လိုက်သည့်ဖြစ်ခြင်း။ သို့မှသာ ဘာဘာသည် ကျွန်တော့်အဖေဖြစ် ကြောင်း
လူတကာသိနိုင်ပေတော့မည်။
ဘာဘာ မိုက်ခရိုဖုန်းဘက် ပြန်လှည့်ပြီး သူဆောက်သည့် ဤကျောင်းသည်
သူ့ဦးထုပ်ထက်တော့ ပိုခိုင်မာနိုင်ကြောင်း သောလိုက်ရာ
လူတိုင်းပွဲကျသွားတော့၏။ ဘာဘာ စကားပြောပြီးသွားချိန်တွင် လူအုပ်က
မတ်တပ်ရပ်ဩဘာပေးကြသည်။ လက်ခုပ်သံများကား မဆုံးနိုင်တော့။ ထို့နောက်
ဘာဘာ့ကို လူတွေလက်ဆွဲနှုတ် ဆက်ကြသည်။ အချို့က ကျွန်တော့်ခေါင်းကို
ဆွဲဖွပြီး လက်ပါဆွဲနှုတ်ဆက်ကြသည်။ ဘာဘာ့အတွက် ကျွန်တော် အလွန်ဂုဏ်ယူသည်။
သို့ရာတွင် လူဆိုသည်မှာ အခက်သားကလား။ ဘာဘာ့အောင်မြင်မှုများကို ဘေးချိတ်၍
ဘာဘာ့ကို အမြဲတစေ သံသယဝင်ကြသည်။ ဘာဘာ့သွေးကြောထဲ စီးပွားရေးမရှိ၍
သူ့အဖေလို ဥပဒေပညာလိုက်စားသင့်သည်ဟု ဆိုကြသည်။ ထို့ကြောင့် ဘာဘာက
သူ့ကိုယ်ပိုင်စီးပွားရေးကို လည်ပတ်ပြရုံတင်မက ကဘူးမြို့ တော်တွင်
အချမ်းသာအြ<ွကယ်ဝဆုံး ကုန်သည်ဖြစ်အောင် လုပ်ပြခြင်းဖြင့် သက်သေပြ ခဲ့သည်။
ဘာဘာနှင့် ရာဟင်ခန်တို့သည် ဆေးဆိုင်နှစ်ဆိုင်၊ စားသောက်ဆိုင်
တစ်ဆိုင်နှင့် ကော်ဇောတင်ပို့သောလုပ်ငန်းများကို တည်ထောင်ပြခဲ့သည်။
လူတွေက ဘာဘာ့အား အိမ်ထောင်ကောင်းကောင်း မကျနိုင်ပါဘူးဟု တွယ်ကြပြန်သည်။
နောက်ဆုံးတွင် ဘာဘာသည် ကိုယ်တိုင်က မင်းသွေးတစ်စက် မပါဘဲ
ကျွန်တော့်မေမေကို လက်ထပ်နိုင်ခဲ့သည်။ ကျွန်တော့်မေမေ ဆိုဖီယာအခရာမီ သည်
တန်းမြင့်ပညာတတ်တစ်ဦးဖြစ်ပြီး ကဘူးမြို့တော်၏ လေးစားစရာအကောင်းဆုံး၊
အသိမ်မွေ့အယဉ်ကျေးဆုံး၊ ကောင်းခြင်းဂုဏ်အင်္ဂါတို့အပြည့်စုံဆုံး
အမျိုးသမီးဟု လူတကာလက်ခံထားရသူဖြစ်သည်။ တက္ကသိုလ်တွင် ဖာစီစာပေ
ပို့ချရုံတင်မက တော်ဝင်မိသားစု အဆက်အနွယ်တစ်ဦး ဖြစ်နေရာ ဘာဘာက
'ကျုပ်ရဲ့မင်းသမီး' ဟူသောအသုံးအနှုန်းဖြင့် သူ့ကိုအယုံအကြည်မရှိသူများအား
အူမြူးစွာ အကွက်ထောက် နင်းသွားတတ်သည်။
ကျွန်တော်နှင့်ပတ်သက်၍မူ ကျွန်တော့်အဖေသည် သူ့ကမ္ဘာကို သူ့စိတ်
ကြိုက်ပုံသွင်းထားသည်။ ပြဿနာမှာ ဘာဘာသည် ကမ္ဘာလောကကြီးကို အဖြူနှင့် အမဲ
နှစ်မျိုးတည်းသာမြင်သည်။ ထိုအခါ ဘယ်ဟာကအဖြူ ဘယ်ဟာကအမဲဟု သူ့မှာ
ဆုံးဖြတ်ချက်တွေချရတော့သည်။ ထိုသို့သောလူစားမျိုးကို ကြောက်ရွံ့ခြင်း
မပါဘဲ ချစ်ခင်ဖို့ဆိုသည်မှာ မဖြစ်နိုင်။ အကြောက်ထဲအမုန်းပါ
စွက်နေနိုင်သေးသည်။
ကျွန်တော် ငါးတန်းရောက်တော့ မွတ်စလင်ဘာသာရေး ဆရာတစ်ယောက် က အစ္စလာမ်ဘာသာ
ပို့ချသည်။ ဆရာ့အမည်သည် ဖာတီအူလာခန်။ အရပ်ပျပ်ပျပ်၊ ဝဝဖိုင့်ဖိုင့်နှင့်
မျက်နှာပေါ် ဝက်ခြံအမာရွတ်များ ပြည့်နေသည်။ စကားပြော မာကြွပ်
ပြတ်တောက်သည်။ ဇခက်၏ကောင်းခြင်းဂုဏ်အင်္ဂါနှင့် ဟာ့ချ်တို့၏ တာဝန်ဝတ္တရားကို
ဆရာကသင်ကြားသည်။ ကိုရန်ကျမ်းစာပုဒ်များကို အလွတ်ကျက်ခိုင်းသည်။
စာလုံးများ ကို တစ်ခါမျှဘာသာပြန်မပြဘဲ သံနေသံထားပိုင်းကိုချည်း
အလေးပေးသည်။ အာရေဗျ ဘာသာစကားကို ပီပီသသ ဌာန်ကရိုဏ်းကျကျ ရွတ်နိုင်မှသာ
ဘုရားသခင် ကြားနိုင်မည်တည်း။
တစ်နေ့တော့ ဆရာက သေရည်သောက်ခြင်းသည် မကောင်းမှုဖြစ်ကြောင်း၊
တရားစီရင်သောနေ့တွင် ကဇော်သမားများ တရားစီရင်ခံရမည်ဖြစ်ကြောင်း ပြောလာ
သည်။ ထိုစဉ်က ကဘူးမြို့တွင် ယမကာသည် အတန်အသင့် နေရာယူဝင်ဆံ့လာသော
ယဉ်ကျေးမှုတစ်ခု။ အရက်ကိုမှီဝဲရကောင်းလားဟု လူပုံအလယ်တွင် မည်သူမျှ
နင့်နင့်သီးသီး ပြောမည်မဟုတ်ချေ။ သို့သော်ငြား
သီးသန့်နှစ်ကိုယ်ကြားဆိုလျှင်ဖြင့် အရက်ကိစ္စသည် အရိုအသေတန်စရာ ဖြစ်လာသည်။
စက္ကူညိုများဖြင့် ထုပ်ထားသော စကော့ဝီစကီပုလင်းကို သီးသန့်ဆေးဆိုင်များမှ
ဆေးရည်အဖြစ် ဝယ်ကြရသည်။ အရက်ပုလင်းကို မမြင်သာအောင် ဖွက်ထားကြရသည်။
အရက်ကို လက်သိပ်ထိုး ရောင်းသော စတိုးဆိုင်တို့၏
ဂုဏ်သတင်းကိုသိထားပြီးသူများ၏ မနှစ်မြို့သော အကြည့်ကို ခံယူကြရသည်။
ဆရာဖာတီအူလာခန်၏ စကားကို ဘာဘာ့အား ကျွန်တော်ပြန်ပြောပြစဉ်က
အပေါ်ထပ်စာကြည့်ခန်းထဲတွင်ဖြစ်သည်။ ဘာဘာက ဝီစကီငှဲ့နေသည်။ အခန်းထောင့်
တွင် ဘာဘာကိုယ်တိုင်ဆောက်ထားသော ဘားခန်း။ ကျွန်တော်ပြောသည်ကို ဘာဘာက
ဝီစကီလေးစုပ်ကာ ခေါင်းတငြိမ့်ငြိမ့် နားထောင်နေသည်။ သားရေ ဆိုဖာပေါ်
လှဲချလိုက်ပြီး လက်ထဲမှခွက်ကိုချ၊ ကျွန်တော့်ကို သူ့ပေါင်ပေါ်ဆွဲတင်သည်။
ဘာဘာ့ပေါင်ပေါ်ထိုင်ရသည်က ပင်စည်သစ်လုံးကြီးနှစ်လုံးပေါ် ထိုင်နေရသည့်နှယ်။
ဘာဘာက အသက်ကိုတစ်ဝကြီး ရှိုက်သွင်းပြီး မုတ်ဆိတ်များကြားမှ တရွှီရွှီအသံပေး၍
လေထုတ်ပုံသည် အနက်ရှိုင်းဆုံးအရပ်မှ ထွက်လာသည့်အသံနှင့် တူနေသည်။
ကျွန်တော်ကတော့ သေလုခမန်းကြောက်လန့်စိတ်ဖြင့် ပေါင်ပေါ်ကပဲ ခုန်ဆင်းပြေး
ရမလား၊ ဘာဘာ့ကိုပဲ ဖက်ထားရမလား မတွေးတတ်။
''ငါ့သားက ကျောင်းမှာသင်ခဲ့ရတာနဲ့ တကယ့်ပညာရေး ရှုပ်ထွေးနေတာ ကိုးကွ'' ဟု
အသံဩကြီးဖြင့် ပြောသည်။
''တကယ်လို့သာ ဆရာပြောတာမှန်ရင် ဘာဘာက ဒုစရိုက်သမား ဖြစ်သွားပြီလား''
''ဟမ်း … '' ဘာဘာသည် ရေခဲတုံးကို သွားနှင့်ကြိတ်ပြီး
''ဒုစရိုက်ဆိုတာကို သားအဖေက ဘယ်လိုထင်သလဲ၊ သိချင်လား''ဟုမေးသည်။
''ဟုတ်ကဲ့''
''ဒါဆိုလည်း ပြောပြမယ်လေ။ ဒါပေမယ့် ချက်ချင်းသဘောပေါက်ရမယ်၊ အေမား။
ဟိုမုတ်ဆိတ်ဗရပျစ် သောက်ရူးကောင်တွေဆီကနေ တန်ဖိုးရှိတာ ဘာမှ
တတ်လာမှာမဟုတ်ဘူး''
''ဆရာဖာတီအူလာခန်ကို ပြောတာလားဟင်''
ဘာဘာက ခွက်ကိုင်လျက်သား လက်ရိပ်ပြလိုက်၍ ခွက်ထဲမှ ရေခဲတုံး လေးများ ထိခတ်သွားသည်။
''အားလုံးပဲကွာ။ ကိုယ့်ဟာကိုယ် မှန်နေကြတဲ့မျောက်တွေ။ သူတို့မုတ်ဆိတ်
ပေါ် ရှူးသာပန်းချ''
ကျွန်တော် တခိခိရယ်သည်။ ကိုယ့်ဟာကိုယ်မှန်သောမျောက်၊ သို့မဟုတ်
တခြားဘယ်မျောက်ဖြစ်ဖြစ် မုတ်ဆိတ်ပေါ်ရှူးပန်းချသည့် ဘာဘာ့ပုံရိပ်ကို
မှန်းကြည့်ပြီး ကျွန်တော်မအောင့်နိုင်။
''သူတို့က ပုတီးစိပ်လိုက်၊ စာအုပ်ကြီးအလွတ်ကျက်လိုက်၊ ဘာရေးထားလဲ
နားဖြင့်မလည်ဘဲနဲ့၊ အာဖဂန်နစ္စတန် တစ်နိုင်ငံလုံး သူတို့တွေလက်ထဲများ
ကျသွား လို့ကတော့ ဘုရားမမှာပေါ့ကွာ''
''ဆရာဖာတီအူလာခန်ကတော့ ကောင်းပုံရပါတယ်'' ဟု ကျွန်တော် အရယ်များကြားမှ
ရအောင်ပြောသည်။
''ဂျင်ဂစ်ခန်လည်း ဒီလိုပါပဲ။ ‘ဒါပေမယ့် ဒါတွေတော်လောက်ပြီ။ ငါ့သားက
ဒုစရိုက်မှုအကြောင်းမေးတယ်။ ဘာဘာကလည်း ပြောပြချင်တယ်။ နားထောင်နေ
တယ်နော်''
''ဟုတ်ကဲ့'' ကျွန်တော် နှုတ်ခမ်းများကို မနည်းကြီးစေ့ထားရသည်။ သို့ရာတွင်
အရယ်က နှာခေါင်းထဲမှထွက်လာပြီး ခွီးကနဲဖြစ်သွားသည်။ ထပ်ရယ်ရ ပြန်သည်။
ဘာဘာ့အေးစက်သော မျက်လုံးများက ကျွန်တော့်ကို ဖောက်ထွင်းနေ၍ ကျွန်တော်
ထပ်မရယ်တော့။
''ယောက်ျား ယောက်ျားချင်းပြောတဲ့ စကားနော်။ တစ်ခါလောက်တော့
သားဘက်ကရအောင် ကြိုးစားပေးမယ် မဟုတ်လား''
''ဟုတ်ကဲ့'' ဟုကျွန်တော်တိုးတိုးပြောကာ အံ့ဩနေရသည်။ ပထမဆုံး
အကြိမ်တော့မဟုတ်။ ဘာဘာသည် စကားလုံးနည်းနည်းဖြင့် ကျွန်တော့်ကို အဘယ် မျှ
ဆိုးဆိုးဝါးဝါးထိုးနှက်နိုင်ကြောင်း သိထားပြီးဖြစ်သည်။ ကျွန်တော်တို့
ခဏတဖြုတ်တော့ ပျော်နေရသည်။ ဘာဘာက ကျွန်တော့်အား စိတ်လိုလက်ရစကား
ပြောလေ့မရှိ။ ပေါင်ပေါ်တင်ထားလေ့မရှိ။ ကျွန်တော်ကတော့ အချိန်ကောင်းတွေ
ဖြုန်းတီးနေမိပြီ။
''ဆရာတွေ ဘာသင်သင် ဒုစရိုက်မှု တစ်ခုတည်းရှိတယ်ကွ။ အဲဒါကတော့ ခိုးတာပဲ။
တခြားဒုစရိုက်မှုတွေဆိုတာ ခိုးခြင်းကနေပွားထွက်လာတာ။ နားလည်လား''
''ဟင့်အင်း''
ကျွန်တော် နားလည်ချင်လှပါသည်။ ဘာဘာ့အား စိတ်မကုန်စေလို။
ဘာဘာသည် စိတ်မရှည်ခြင်းသက်ပြင်းကို ချသည်။ ဤသည်လည်း
ထိုးနှက်ချက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘာဘာသည် စိတ်ရှည်သူ။ ညမိုးကြီး
ချုပ်ချိန်ထိ ဘာဘာပြန်မလာသောရက်များ၊ ညစာကို ကျွန်တော်တစ်ယောက်တည်း
စားရသောရက်များ … ကျွန်တော် မမေ့သေး။ ဘာဘာတစ်ယောက် မိဘမဲ့ဂေဟာ
ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ တောင်ပြေးမြောက်ပြေး စီစဉ်ညွှန်ကြားနေမှန်း
ကျွန် တော် ကောင်းကောင်းသိလျက်နှင့် ဘာဘာဘယ်ရောက်နေလဲ အလီ့ကို ကျွန်တော်
မေးကြည့်ရသည်။ ထိုအလုပ်သည် စိတ်ရှည်သီးခံမှု မလိုအပ်ပါလား။ ထိုစဉ်က တည်းက
ထိုမိဘမဲ့ကလေးများကို ကျွန်တော် မုန်းတီးပြီးသားဖြစ်ခဲ့သည်။ သူတို့မိဘ
တွေနှင့် တစ်ခါတည်းလိုက်သေသွား အကောင်းသားဟု ကျွန်တော် တောင့်တမိသည်။
''လူတစ်ယောက်ကို သတ်တယ်ဆိုရင် အသက်တစ်ချောင်းကို ခိုးယူ လိုက်တာပဲ။
ဇနီးသည်တစ်ယောက်ရဲ့ လင်ယောက်ျားကို ခိုးယူလိုက်တာ။ ကလေး တွေရဲ့အဖေကို
ဓားပြတိုက်ယူလိုက်တာ။ မုသာဝါဒဟာလည်း တစ်ယောက်ယောက်ရဲ့ အမှန်တရားကို
ခိုးယူလိုက်တာ။ သူများကို အနိုင်ကျင့်တာဟာလည်း တရားမျှတမှု အခွင့်အရေးကို
ခိုးယူလိုက်တာပဲ အေမား၊ ရှင်းလား''
ကျွန်တော် ရှင်းသွားပြီ။ ဘာဘာ အသက်ခြောက်နှစ်အရွယ်က ကျွန်တော့်
အဖိုးအိမ်ထဲ ညကြီးသန်းကောင် သူခိုးဝင်သည်။ ကျွန်တော့်အဖိုး တရားသူကြီးက
သူခိုးကို တေ့ဆိုင်ဆွေးနွေးသည်။ သို့သော် သူခိုးက အဖိုးလည်မျိုကို
ဓားမြောင်ဖြင့် ထိုး၍ အဖိုး နေရာတင်ပွဲချင်းပြီးသေသည်။ ဘာဘာ့အဖေကို
ခိုးယူလိုက်ခြင်းပင်တည်း။ မြို့သားများက လူသတ်သမားကို နောက်တစ်နေ့
နေမွန်းမတည့်မီ အမိဖမ်းနိုင်ခဲ့ကြပြီး ဝက်သစ်ချကိုင်းတွင်
ကြိုးပေးသတ်ကြသည်။ နေ့လည်ဆုတောင်းချိန် မတိုင်မီ နှစ်နာရီစော၍
ကြိုးပေးခဲ့ခြင်းဖြစ်သည်။ ထိုအကြောင်းပြောပြသူမှာ ဘာဘာမဟုတ်။
ရာဟင်ခန်ဖြစ်သည်။ ဘာဘာ့အကြောင်းကို ကျွန်တော့်မှာ အမြဲတစေ သူများထံမှသာ
သိခဲ့ရမြဲ။
''ခိုးတာလောက် ဆိုးဝါးတာ ဘာမှမရှိဘူး၊ အေမား။ လူတစ်ယောက်ဟာ
သူ့ကိုယ်ပိုင်မဟုတ်တဲ့ဟာကို လိုချင်တယ်ဆိုရင် အသက်တစ်ချောင်းပဲဖြစ်ဖြစ်၊
ထမင်းတစ်လုတ်ပဲဖြစ်ဖြစ်၊ ဒီလိုလူစားမျိုးကို ဘာဘာက
ထွီခနဲထွေးပစ်လိုက်တာပဲ။ လမ်းမှာများ တွေ့လို့ကတော့ … နားလည်လား၊
အေမား''
ဘာဘာ၏ သူခိုးပေါ် အကြမ်းပတမ်းကိုင်တွယ်သော စိတ်ကူးကို ကျွန်တော့်မှာ
ရင်လည်းဖို၊ ကြောက်လည်းကြောက်မိသည်။
''နားလည်ပါတယ် ဘာဘာ''
''အပြင်မှာ ဘုရားသာ တကယ်ရှိလို့ကတော့ ဘာဘာ စကော့ဝီစကီ သောက်တာတို့၊
ဝက်သားစားတာတို့ … ဒါတွေထက် ပိုအရေးကြီးတဲ့ကိစ္စတွေ သူလုပ်ပါစေ
ဆုတောင်းတယ်။ ကဲ သွားတော့။ ဒုစရိုက်အကြောင်းပြောရတာ ရေငတ်လာပြန်ပြီ''
____________________________-
ဆက်ပါဦးမည် ။
_______________-
လေးစားစွာဖြင့်
………………..
မူရင်းစာအုပ်အမည်…..THE KITE RUNNER
မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________–
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်
မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ..
2009 / ဇွန် ၊ ပထမ အကြီမ် ။
စာမျက်နှာ စုစုပေါင်း…350
13 x 21 စင်တီဆိုဒ်
ပုဂံစာအုပ်တိုက်
5 comments
မောင်ပေ
June 3, 2012 at 7:59 pm
ဒုစရိုက်အကြောင်း
ထုရိုက်မောင်း
အတုမကြိုက် ရောင်း
ပြုငမိုက် ဟောင်း…. ။
ထုန်းဆံအတိုင်း ကူးသွားပါဘီဗျို ့
အလင်းဆက်
June 3, 2012 at 8:04 pm
ကိုပေ..ရေ
ကာရန်က တယ် ဟုတ်ပါလား.။
ကဗျာတွေ စပ်ဦးလေ..ဗျာ.။
ကြောင်ကြီး
June 4, 2012 at 10:10 am
လက်တွေ့မပါ စာတွေ့သမား ထင်တလုံးနဲ့ သွေးနထင်ရောက်နေသူများ ဘာသာရေး တယူသန် အစွန်းရောက်များ ဖတ်မိပါဈေ ဆုတောင်းဗာ၏။
shwe kyi
June 4, 2012 at 12:22 pm
အင်း ဒီလိုလူူမျိုးတွေလည်းရှိတယ်နော်။ သမာရိုးကျ မိရိုးဖလာကနေဖောက်ထွက်စဉ်းစားနိုင်တယ်။
စောင့်ဖတ်နေပါသည်။
အလင်းဆက်
June 4, 2012 at 6:05 pm
စောင့် ဖတ်ကြသူ အားလုံးကိူ..ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ် ။
လေးစား…..ခင်မင်စွာ…..
alinsett.art@gmail.com