နွားစာလုစားတဲ့လူတွေ
လူ့အခွင့်အရေးကို လူတွေကတွင်တွင် တောင်းဆိုနေကြပေမဲ့ နွားအခွင့်အရေးကိုတော့ နွား တွေကလဲ မတောင်းတတ်ရှာကြဘူး။ လူတွေကလဲ ဂရုစိုက်တောင်းဖော်မရတော့ နွားတွေခမျာ နွား အခွင့်အရေးဆုံးရှုံးနေကြပါတယ်။
မြန်မာလူထုရဲ့ကျေးဇူးရှင် တိရိစာ္ဆန်စာရင်းကောက်ရင် နွားက နံပါတ် (၁)ပါ။ မြန်မာတွေ အဓိကစားတဲ့ ထမင်းဖြစ်ဖို့ ကျွဲ၊ နွားတွေဟာ မိုးထဲရေထဲမှာပင်ပန်းကြီးစွာ ရုန်းကန်ထွန်ယက်ပြီး လူ တွေကို လုပ်ကိုင်ကျွေးခဲ့ရတာ လူသမိုင်းတလျှောက်လုံးပါပဲ။ ဒါကြောင့် ကျေးဇူးသိတတ်တဲ့မြန်မာ လယ်သမားတွေက ကိုယ်နွားကိုယ် သားသမီးရင်းနဲ့မခြား ပြန်လည်စောင့်ရှောက်ကျွေးမွေးကြပါ တယ်။ ကျေးဇူးတုန့်ပြန်တတ်တဲ့ မင်္ဂလာတရားကြောင့် ဒို့လယ်ယာမြေကြီးက ရွှေသီးခဲ့ပြီး နိုင်ငံ တကာ စပါးတင်ပို့ရောင်းချမှုမှာ ထိပ်တန်းစာရင်းဝင်နိုင်ငံဖြစ်ခဲ့တာပါ။
နွားတွေကို နဖားထိုးပြီး ခိုင်းပေမဲ့ လုပ်ငန်းခွင် အားလပ်ချိန်မှာတော့ နွားတွေ လွတ်လွတ် လပ်လပ် ပျော်ပါးနိုင်အောင် ကွင်းကျယ်ကျယ်မှ လွှတ်ပြီး ကျောင်းကြပါတယ်။ နွားစားကျက်လို့ ခေါ်တာပေါ့။ ရှေးကလယ်သမားတွေကတော့ စည်းကမ်းရှိကြတော့ ဒီလိုကျွဲစားကျက် နွားစာကျက် ထဲကို ဘယ်သူမှဝင်ပြီး လယ်လုပ်တာတို့ ခြံလုပ်တာတို့ အပင်ခုတ်တာတို့ မရှိခဲ့ဘူး။ နွားစာကို လူတွေလုပြီး မစားခဲ့ကြပါဘူး။
နယ်ချဲ့အင်္ဂလိပ်ခေတ်ကျတော့လဲ ကျွဲစားကျက်ကို ဧရိယာသတ်သတ်မှတ်မှတ်လုပ်၊ ဥပဒေ တွေကျကျနနထုတ်ပြီးကာကွယ်ပေးခဲ့ပါတယ်။ ကျွဲစားကျက်ထဲက အပင်ကိုင်းချိုးပြီးသွားကြားထိုး ရင်တောင် ထောင်(၃)လလို့ မြေတိုင်းစားရေးအိုကြီးတွေကပြောလေ့ရှိခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ လယ်သမားတွေကလဲ စည်းကမ်းပျက်လာ ပိုက်ဆံရှိတဲ့လူတွေကလဲ လောဘတက်လာပြီး ကျွဲစာ၊ နွားစာကိုလူတွေကလုစားတဲ့ မကြားဝံ့မနာသာ လူတွေဖြစ်ကုန်တော့ တာပါပဲ။ ကျေးရွာအုပ်ချုပ်သူနဲ့ တိုက်စာရေးလို့ခေါ်တဲ့ မြေတိုင်းစားရေးပေါင်းပြီး စားကျက်ထဲက သစ်ကြီးဝါးကြီးတွေ ခုတ်ရောင်းစား၊ သစ်ပင်ဝါးပင်မရှိတော့ လယ်ကလေးတည်သလို ထင်းခြံလေး စိုက်သလိုနဲ့စားကျက်တွေ ပျောက်ဆုံးကုန်တော့တာပါပဲ။ ရ.ယ.ကမြေစာရင်းတို့ကလဲ တရားဥပဒေ အရ တားမြစ်ခြင်းမရှိတော့ပဲ စားကျက်ကျူးဒဏ်ငွေဆိုပြီး တစ်ဧက (၅)ကျပ်လောက် ဒီနေ့အထိ ဒဏ်ရိုက်တယ်ဆိုပြီး စားကျက်မြေကို ဘိုးဘွားပိုင်မြေလို ရောင်းစားနေကြတယ်။ အထူးသဖြင့် စီမံကိန်းသီးနှံလို့ သတ်မှတ်တဲ့ တခေတ်မှာစပါးတို့ရာဘာတို့အကြောင်းပြပြီး မြေကွက်ကျယ်ကြီး တွေ ရောင်းဝယ်ဖောက်ကားလိုက်တော့ ကျွဲနွားတွေခမျာ ဘုံပျောက်သွားကြရှာပါတယ်။ ဟိုလူ့ လယ်ဝင်စား၊ ဒီလူ့လယ်ဝင်စား ဒါးခုတ်တွေခံရခဲပစ်တွေခံရနဲ့ နွားတွေဒုက္ခရောက်နေကြပါတယ်။
ကျွဲနွားစားကျက်ဟာ ဥပဒေတိတိကျကျရှိပါတယ်။လုပ်ထုံးလုပ်နည်း တိတိကျကျရှိပါတယ်။ သီးစားချထားခွင့်မရှိပါ။ အင်္ဂလိပ်က ဘယ်လောက်စည်းစနစ်ရှိသလဲဆိုတော့ ဥပဒေမှာ စားကျက် ဆိုင်းဘုတ်ကို ဘယ်အရွယ်အစား၊ အမြင့်ဘယ်လောက်၊ ဆိုင်းဘုတ်တိုင်ကို ဘယ်လိုပုံ ဆိုင်းဘုတ် တစ်ခုနဲ့တစ်ခုကြား အကွာအဝေးဘယ်လောက်၊ သူကြီးကတစ်လ ဘယ်နှစ်ကြိမ်၊ ခရိုင်ဝန်က ဘယ်နှစ်ကြိမ်စစ်ဆိုတာကစအသေးစိတ်ထုတ်ပြန်ထားပါတယ်။ မြေစာရင်းဌာနကလဲ စားကျက်မြေ ကို သီးခြားမှတ်ပုံတင်ပြီး ထိန်းသိမ်းရပါတယ်။ အဲဒီအတိုင်းလဲ တိတိကျကျ ဆောင်ရွက်ပါတယ်။ ဒါကြောင့်လဲ ဒီမျက်နှာဖြူတွေ နိုင်ငံပေါက်စလေးက ကမာ္ဘကြီးတက် အုပ်ချုပ်နိုင်တာကိုးလို့ တွေးမိတယ်။ တို့ဗမာခေတ်ရောက်တော့နွားစားကျက်မြေမပြောနဲ့ ဆိုင်းဘုတ်တောင် မမြင်ရ တော့ဘူး။ စားကျက် မှတ်ပုံတင်စာအုပ်ဆိုတာလဲ မြေစာရင်းဌာနမှာ ချစားနေလောက်ပါပြီ။ စားကျက် အစီရင်ခံစာဆိုတာ ထွေ/အုပ်က မကြားဘူးဘူး။ လစဉ် နှစ်စဉ်ပုံမှန် ကွင်းဆင်းစစ်ဆေး ကြီးကြပ်ရမဲ့ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးတွေက စစ်ဆေးဖို့ နေနေသာသာ ဘယ်နားရှိမှန်းတောင် မသိကြတော့ပါဘူး။
ယခုတော့ ခေတ်ပြောင်းသွားပါပြီ။ လူထုနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ အုပ်ချုပ်ရေးမှူး အဆင့် ဆင့်က တရားဥပဒေနဲ့အညီ သတိ္တရှိရှိတိုင်းကျိုးပြည်ကျိုးဆောင်ဖို့ စတင်ဆောင်ရွက်နေတဲ့ သတင်း တွေကြားရတာ မင်္ဂလာရှိပါတယ်ခင်ဗျာ။ “စားကျက်မြေ” ကိစ္စဆိုရင် ဒိုက်ဦး ထွေ/အုပ်က စားကျက် မြေကျူးကျော်ဧက (၃၀၀)ကျော်ကို ပြန်လည်ရှင်းလင်းပြီး ကျွဲနွားတွေအတွက် စားကျက်မြေအဖြစ် ပြန်လည် ဆောင်ရွက်ပေးလို့ဒေသခံလယ်သမားတွေပျော်နေကြတယ်လို့ဆိုပါတယ်။ ကျေးဇူးရှင် နွားတွေကို သနားသောအားဖြင့် တပြည်လုံးပြန်လည်စစ်ဆေးစားကျက်မြေတွေ ပြန်ပေးသင့်ပါ တယ်။ မဆောင်ရွက်ကြရသေးရင်လဲ ပြည်ထဲရေးဝန်ကြီးဌာန/လယ်/ဆည်ဝန်ကြီးဌာန၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့တွေက ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း အကြံပေးလိုပါသည်။
တချိန်က မြန်မာ့ကျေးလက်တောရွာ ရှုခင်းတစ်ခုကို မြင်ယောင်ကြည့်စမ်းပါ။ ကျောင်းကန် ဘုရားတွေ၊ ရွှေဝါရောင်လယ်ကွင်းတွေ ကြည်လင်တဲ့ စမ်းချောင်းလေးတွေ၊ စိမ်းစိုတဲ့ တောတန်း လေးတွေနဲ့ဘယ်လောက်များ ကြည်နူးသာယာစရာ ကောင်းလိုက်ပါသလဲ။ ဒါပေမယ့် အဲဒီမြင်ကွင်း ဟာအရိပ်အာဝါသကောင်းတဲ့ သစ်ပင်ကြီးတွေအောက်ကစိမ်းစိုတဲ့မြက်ခင်းနုနုလေးတွေကို စားရင်း ဆော့ကစားနေကြတဲ့ နွားအုပ်တွေနဲ့ နွားခလောက်သံ ဒိုးဒိုးဒေါင်ဒေါင်ကို ကြားယောင်လို့ မရဘူး ဆိုရင်တော့ ပြည့်စုံတဲ့ ပန်းချီကားတစ်ချပ်ဖြစ်မှာ မဟုတ်ပါဘူး။ သဘာဝကို ချစ်မြတ်နို်းသူ၊ စောင့်ရှောက်သူတွေ၊ ကိုယ့်မြေကိုယ့်ရေ ကိုချစ်တတ်သူတွေအားလုံး “နွားစားကျက်” တွေ ပျောက်ဆုံးနေတာ ဝိုင်းဝန်းရှာဖွေ ထိမ်းသိမ်းကြပါလို့ အကျိုးမျှော်ပြီး နှိုးဆော်လိုက်ပါတယ်။
မိုးနတ်မောင်
ရေးသားသူ ကိုမိုးနတ်မောင်ရေ အရမ်းကောင်းတဲ့ ပိုစ့်လေးဖတ်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်။
11 comments
ကြောင်ကြီး
June 6, 2012 at 9:38 am
မြန်မာပြည်မကောင်း လူအကြောင်း ငါ့စဂါးနွားရ ပြောလေ့ရှိတဲ့ သဂျီးရေ.. စနစ်ဗျ စနစ်… စနစ်ကလူတင်မက နွားတွေကိုပါ ဒုက္ခပေးနေပီ။ ကိုဘေးနွားကင် စားလို့ကောင်းတိုင်း သရေတများများ ကြည့်မနေနဲ့.. အဲဒါ ခိုင်းနွားတွေ…။ 😥
ပေစိ
June 6, 2012 at 10:08 am
ကောင်းလိုက်တဲ့ပို့စ်လေး ကျေးဇူးပါဗျာ
ဇောက် ထိုး
June 6, 2012 at 11:23 am
ဗဟုသုတရပါတယ်။ ဟိုတုန်းက လယ်တွေဘာတွေရိတ်ရင် ကြက်တူးရွေးစာ စာကလေးစာ စသဖြင့် စပါးပင်တွေ ချန်ခဲ့ကြသတဲ့..
ဒီနေ့တော့ တံမျက်စည်းနဲ့လှည်းပြီးယူသွားကြပြီ။ တိရိစ္ဆာန်ဦးရေ နဲလာပြီး လူဦးရေ များလာလို့ နေမှာပါ။ ရယ်စရာလား.. တကယ်လားတောင် မစဉ်းစားလိုက်မိဘူး။
YE YINT HLAING
June 6, 2012 at 11:38 am
Thanks for ” Grazing Ground “.
မောင်ပေ
June 6, 2012 at 12:02 pm
နွားတွေ တင် မကလောက်ဘူးဗျ ။ ဒီလိုဗျာ
မြစ်တွေချောင်းတွေ ကောနိုင်တယ်ဆိုတာလဲ သိသိနဲ ့ရွှေတွေကျင်ကြတာပါဘဲ ။ ရာသီဥတု ပျက်တာနောက်မှ… သစ်ဈေးတန်တော့ ခုတ်တာဘဲ ။ တောင်တွေကိုဖြိုပြီးတော့လဲ ကျောက်တွေတူးကြတာပါဘဲ ။ အိုဇုန်းလွှာပေါက်မှာဆိုတာနောက်မှ အခုလောလောဆယ် အဲကွန်းဖွင့်ပြီး သာယာလိုက်တာဘဲ ။ စက်ရုံတွေ လည်ပတ်လိုက်တာပါဘဲ ။ လူ ့စားကျက် ကို လူတွေ ပြန်ဖျက်နေကြတာ နှစ်ပေါင်းကြာခဲ့ပါပြီဘဲ ။
ahnyartamar
June 6, 2012 at 3:27 pm
ဲ့ချစ်ရင်ထူးရေ…သိပ်မပူပါနဲ့ နွားတွေအတွက် အစားထိုးနွားစာတွေလာတော့မယ်တဲ့။ နွားတွေအတွက် Ready make food ပေါ့။
kai
June 6, 2012 at 3:27 pm
ယူအက်စ်က..တနာရီ..တနာရီတိုင်း..နွားအကောင်၄၀၀ဝလောက်သတ်ပြီး.. လူသားတွေ..စားနပ်ရိက္ခာအတွက်ဖြည့်ပေးနေတယ်..
အမေရိကန်တိုင်းလိုလို..ဟင်ဘာဂါစား.. ကလေးတွေနို့သောက်..ကြက်ဥစားနဲ့.. ကျန်းမာသန်စွမ်း..ဉာဏ်ရည်မြင့်တဲ့ကလေးတွေမွေးလာကြတယ်..
မြန်မာပြည်မှာကျ.. စနစ်ကဘယ်လောက်ခွင့်ပြုပြု.. ဘာသာရေး..သာသနာရေး.. အရေးထဲ..နွားအလှူကခံလိုက်သေး… ဆိုတာတွေနဲ့.. ငါးပါးသီလကျ.. ဘာသတ္တဝါမှ..မသတ်ရဖြစ်ပြီး.. အလုပ်လုပ်တဲ့သူ.. လူ့စားရေရိက္ခာဖြည့်စည်းပေးသူ.. ..မွေးမြူ..အသားဖျက်တဲ့သူတွေလည်း.. အကုသိုလ်အလုပ်လုပ်သူတွေအဖြစ်.. ပြောဆိုနှိမ်ချခံရတယ်..
အဲ..
ဆိုတော့.. လူတွေ.. ဒီလူတွေ.. မစားချင်ဘူးလားဆိုတော့…
ကြက်ပေါင်သားလေး.. ကြက်ဥကြီးကြီး.. အမဲသား..ဝက်သား ..အရွတ်မပါ.. အဆီမပါ..အသားချည်းမှ..
နိုင်ငံရေးစနစ်ကြောင့်လား.. လူတွေရဲ့ အမြင်အတွေးဟောင်းတွေကြောင့်လား…
အနိစ္စ…
laypai
June 6, 2012 at 5:22 pm
တနာရီ အကောင် ၄၀၀ဝ အားပါးပါး၊ ၂၄ x ၄၀၀ဝ = တနေ့ ၉၆၀၀၀၊ နွား မွေး ဖွား နှုံး ကလဲ တနာ ရီ ၄၀၀ဝ အထက်မှာ ရှိရ မှာ ပေါ့ နော်။
US မှာ က နွား သတ်ပြီး အသား ထုတ်တာလဲ အဆင့် မြင့် တယ် သဂျီး။
တဘက် က နေ နွား အကောင် လိုက် ထည့် လိုက်ရင် တခြား တဘက်မှာ ဂျို၊ သားရေ၊ အရိုး၊ အသား သတ်သတ် ဆီ ထွက်လာ တာ လား။
ဆရာ ဝန်တွေ ရဲ့ အဆို အရ အမဲ သား (နွားသား) ဟာ အသားထဲ မှာ အဟာရ ဓာတ် အရှိဆုံး နဲ့ ကျမ္မာ ရေး နဲ့ အသင့် လျော် ဆုံး လို့ ပြောတယ်။ ဟုတ်လားသဂျီး။
ကျနော် ကတော့ အမဲသား( ကျွဲ သား နွားသား ) မစားပါဘူး။ ဂျီသား တို့ ဆတ်သားတို့ တော့ စားတယ်။
ကြောင်ကြီး
June 7, 2012 at 9:38 am
သိပ်တော့ မထင်နဲ့ဗျုို့.. နွားတော့မသိဘူး ကြက်သတ်ရုံမှာ လုံခြုံရေးလုပ်ခဲ့ဖူးတဲ့ အဖြူတယောက် ထရပ်ကားပေါ်က ကြက်တွေကို ကြိုးတုပ်ပစ်ချ၊ သတ်တာမနိုင်လို့ အရှင်လတ်လတ် ရေနွေးကန်ထဲပစ်ချသတ် (အမွှေးနှုတ်ရတာလွယ်အောင်လည်း ပါဒယ်နဲ့တူဒယ်) တာတွေ နေ့စဉ်ရက်ဆက် မြင်ရဖန်များလို့ သက်သတ်လွတ် ရာသက်ပန်ဖြစ်သွားတာ ရှိတယ်။ သဂျီးဂတော့ သများအသား စားရတဲ့အခါ ပြုံးပြုံး ပြုံးပြုံးနဲ့ … စားထားသဂျီးရေ လူ့သက်တမ်း ၁၀ဝထက် ပိုဘူး။ ကိုယ့်အလှည့်ကြတော့ မနွဲ့ဂျေး…။
သားဦး၊မြေးဦး
June 6, 2012 at 7:27 pm
ကိုချစ်ရင်ထူးရေ—-ဒါလေးကြားရတာနဲ ့တင်ဝမ်းသာရပါတယ်ဗျာ။
ယခုတော့ ခေတ်ပြောင်းသွားပါပြီ။ လူထုနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ အုပ်ချုပ်ရေးမှူး အဆင့်
ဆင့်က တရားဥပဒေနဲ့အညီ သတိ္တရှိရှိတိုင်းကျိုးပြည်ကျိုးဆောင်ဖို့ စတင်ဆောင်ရွက်နေတဲ့
သတင်း တွေကြားရတာ မင်္ဂလာရှိပါတယ်ခင်ဗျာ။ “စားကျက်မြေ” ကိစ္စဆိုရင် ဒိုက်ဦး ထွေ/အုပ်က
စားကျက် မြေကျူးကျော်ဧက (၃၀၀)ကျော်ကို ပြန်လည်ရှင်းလင်းပြီး ကျွဲနွားတွေအတွက်
စားကျက်မြေအဖြစ် ပြန်လည် ဆောင်ရွက်ပေးလို့ဒေသခံလယ်သမားတွေပျော်နေကြတယ်လို့
ဆိုပါတယ်။ ကျေးဇူးရှင် နွားတွေကို သနားသောအားဖြင့် တပြည်လုံးပြန်လည်စစ်ဆေးစားကျက်
မြေတွေ ပြန်ပေးသင့်ပါ တယ်။
aye.kk
June 6, 2012 at 8:08 pm
ကိုချစ်ရင်ထူးရေ,…
အင်မတန်ကောင်းတဲ့postလေးပါပဲ..။