လွမ်းမိပါသည် (လှိုင် RC)
တစ်ချိန်တုန်းကပေါ့ဗျာ….သေသေချာချာဆိုရင်တော့ လွန်ခဲ့တဲ့ ၁၈ နှစ်လောက်ကပေါ့…ကျွန်တော့်အသက်လည်း 16 လောက်ပဲရှိသေးတဲ့အချိန်လေ….
အဲ့ဒိတုန်းက လှိုင်တက္ကသိုလ် RC-2 မှာက 1988 မတိုင်ခင်ကလောက်ထိတော့ မစည်တော့ဘူးပေါ့ဗျာ။ ဒါပေမဲ့လည်း အဆောင်တွေမှာ နယ်ကလာတဲ့တက္ကသို်လ်က ကိုကို/မမ တွေတော့ တော်တော်များများပြန်ရောက်ပြီးကျောင်းပြန်တက်နေကြပြီလေ… ပြန်ပြီးလွမ်းတာကတော့ မမတွေရဲ့အဆောင်တွမှာ ညဘက်ညဘက် ဂစ်တာသွားတီးဖြစ်ခဲ့တဲ့ Feel လေးတွေကိုပါ။ ခုခေတ် ညီလေးတွေကတော့ ဒါတွေကိုခံစားမိလိုက်မှာမဟုတ်ဘူးလေ။ ကျွန်တော်တို့တောင် ၂ နှစ်လောက်ပဲမှီလိုက်တာလေ။ ပြီးတော့ အဆောင်တွေမှာ ဘယ်သူမှမနေခိုင်းတော့ပဲ ပြန်လွှတ်လိုက်တာလေ……
ကျွန်တော်အသက် 16 နှစ်လောက်မှာ ဂစ်တာကိုကောင်းကောင်းလေးတော့ တီးတတ်နေပြီဗျ။ ဒါကြောင့်လည်း ကျွန်တော်တို့သူငယ်ချင်းအဖွဲ့ 10 ယောက်လောက်မှာ ကျွန်တော်က မပါမဖြစ်ပါသွားတာပေါ့။ ကျန်တဲ့သူငယ်ချင်းတွေကတော့ ကျွန်တော့်ထက် 3/4 နှစ်လောက်ကြီးကြတယ်လေ။ ညညဆိုရင် ကျွန်တော်တို့အဖွဲ ဂစ်တာကိုစွဲပြီး မမ တွေရှိတဲ့အဆောင် ကိုသွားကြပြီပေါ့။ ကျွန်တော်တို့အများဆုံး တီးဖြစ်တဲ့အဆောင်က ကံကော်ဆောင်ပါ။
အဲ့ဒိလို အဆောင်တွေမှာ ဂစ်တာသွားပြီး ဆို/တီး ကျတဲ့ အဖွဲ့တွေအားလုံးလိုလိုမှာ ဘယ်လိုမှညှိစရာမလိုဘဲ အားလုံးလေးလေးစားစားလိုက်နာကျတဲ့ စည်းကမ်းလေးတစ်ခုရှိတယ်လေ။ ဘာတုန်းဆိုတော့ တစ်ဖွဲ့က ဂစ်တာတီးပြီး သီချင်းဆိုနေရင် ကျန်တဲ့ ဆို/တီးတဲ့အဖွဲတွေအားလုံးက စကားတောင်ကျယ်ကျယ်မပြောရဘဲနဲ့ ငြိမ်ငြိမ်လေးနားထောင်ပေးတယ်ဗျ။ ကျွန်တော်တို့တင် နားလည်မှုလေးတွေရှိတယ်မထင်နဲ့…. နားထောင်တဲ့ အဆောင်ထဲက မမ တွေမှာပါ နားလည်မှုလေးတွေရှိတယ်ဗျ…သူတို့ကလည်း သူတို့အားပေးတဲ့အဖွဲ့ ဆို/တီး တဲ့အချိန်မှသာ သူတို့ရဲ့ အခန်းမှာရှိတဲ့မီးချောင်းအားလုံးကိုဖွင့်ပြီး ပြူတင်းတံခါးကိုပါဖွင့်လိုက်တာဗျ။ သူတို့အားမပေးတဲ့အဖွဲ့ဆိုရင် မီးချောင်းတစ်ချောင်းလောက်ပဲဖွင့်ပြီး ပြီတင်းပေါက်တံခါးတွေပါပိတ်လိုက်ကြတာလေ။ ပြီးတော့ ဘယ်သူကဖြင့် ဘယ်သူဆိုတဲ့ ဘယ်သီချင်းကိုနားထောင်ချင်ပါတယ် ဆိုပေးပါဆိုပြီး အဆောင်မှ ညစောင့်တာဝန်ကျတဲ့ ဘကြီးကို စာရွက်လေးနဲ့ရေးပြီး “စုံစီနဖါ”နဲ့အတူ ပို့ခိုင်းတာဗျ။ “စုံစီနဖါ” ဆိုတာက သူတို့ရဲ့ ဒေသထွက်မုန့်အမျိုးမျိုးနဲ့ စားစရာတွေကိုပို့ပေးတာကိုပြောပါတယ်… သူတို့ (မမ) တွေက အဆောင်တစ်ခန်းမှာ 5 ယောက်လောက်နေရတာလေ။ ပြီးတော့ အဲ့ 5 ယောက်လုံးက နေထိုင်တဲ့ပြည်နယ်တွေကတူချင်မှတူတာဆိုတော့ သူတို့အိမ်ကနေ သူတို့ဆီကိုလစဉ်ပို့တဲ့ ဒေသထွက်တွေကို ကျွန်တော်တို့ကို ပြန်ပြီးမျှဝေကျွေးတယ်လေ။ ဒီတော့ကျွန်တော်တို့မှာ ညည အဆောင်ရှေ့မှာ ဂစ်တာထိုင်တီးရင်းနဲ့ ဒေသထွက်စားစရာတွေကို အမြဲလိုလိုစားရတာပေါ့ဗျာ။ ကျွန်တော်တို့ ဆို/တီး အဖွဲ့ကို အားပေးတဲ့အခန်း 4 ခန်းလောက်ရှိတဲ့အခါကျတော့ ပိုစုံသွားတာပေါ့နော့်……
မှက်မှက်ရရဖြစ်ခဲ့တာလေးတစ်ခုကတော့
တစ်ရက်တော့ဗျာ ကျွန်တော်တို့က ဒီဘက်ကကံ့ကော်ဆောင်မှာ ဆို/တီး နေကျတာပေါ့…. အဲ့ဒိအချိန် ဟိုဘက်က နှင်းဆီဆောင်ဘက်ကနေပြီး ကိုလေးဖြူရဲ့ အလင်းရောင် ဆိုတဲ့သီချင်းကို ဘယ်သူဆိုလို့ ဘယ်သူတီးနေမှန်းမသိဘူးဗျို့ ….. ကောင်းလိုက်တာဗျာ…နားထောင်လို့လေ…. ဒါနဲ့နှင်းဆီဆောင်ဘက်ကိုသွားပြီး စပ်စုကြည့်တော့ …… အားလားလား……………..ပါဂျဲရိုး အမဲရောင်ကြီးအပေါ်မှာ ကိုလေးဖြူ ကထိုင်ပြီးဆိုနေတယ် ….. ကားဘောနက်ဖုံးပေါ်မှာ ဆရာချစ် နဲ့ နောက်တစ်ယောက်ဗျ သူတို့ ၂ ယောက်က ဂစ်တာတီးပေးနေတာကိုး….ဒါနဲ့ကျွန်တော်တို့အဖွဲ့အပါအဝင် အခြား ဂစ်တာလာတီးကျတဲ့အဖွဲ့၂၅ ဖွဲ့လောက်ရှိမယ်….သူတို့တွေကလည်း ကိုလေးဖြူ တို့ကားကို ဝိုင်းပတ်ထိုင်ပြီး ကိုယ့်ဂစ်တာလေးပေါ်မှာမေးတင်ပြီး ဝိုင်းနားထောင်နေလိုက်ကြတဲ့မြင်ကွင်းကို ဒီနေ့အထိ မြန်နေတုန်းပဲဗျာ…..
ပြန်ဆက်မယ်ဗျာ……
အဲ့လိုကျွန်တော်တို့အဖွဲ့ကိုအားပေးတဲ့ လူချင်းမတွေ့ဖူးတဲ့အဆောင်က မမ တွေကိုတွေ့ချင်တော့ လုပ်တဲ့နည်းလမ်းလေးကရိုးရှင်းပါတယ်။ မမ ဘယ်သူဘယ်သူပေါ့ဗျာ( သူတို့သီချင်းတောင်းတဲ့အချိန်မှာ စာရွက်မှာသူတို့နာမည်ရေးပေးထားတာကိုး) ကျွန်တော်တို့အဖွဲ့က မမ တို့အဖွဲ့ကို တွေ့ချင်ပါတယ်၊ တွေ့လို့ရမလားပေါ့….သူတို့ဘက်ကလည်းသဘောတူတဲ့အခါကျတော့ ဘယ်နေ့ဘယ်အချိန် ဘယ်ကန်တင်းကိုလာခဲ့ပါဆိုပြီး စာလေးပြန်ပေးတယ်ခင်ဗျ။ ဒါနဲ့သွားတွေ့၊ နောက်တော့ တစ်ချို့တစ်ချို့တွေနဲ့ ချစ်ကြိုက်သွားကြပေါ့ဗျာ…..ဒါပေမဲ့နော်….အဲ့ဒိအချိန်တုန်းက ဘယ်သူကတော့ဖြင့် အပျော်တွဲပြီး နှမချင်းမစာမနာလုပ်သွားပါတယ်ဆိုတဲ့သတင်းမျိုး တစ်ကယ်ကို မကြားခဲ့ဖူးပါဘူး…. ချစ်ကြိုက်၊ ပြတ်၊ နောက်တစ်ယောက်ထပ်တွဲ…ဒါတွေဖြစ်လိုက် နောက်ထပ်အဆောင်တစ်ဆောင်ပြောင်းပြီ သွားပြန်တီးလိုက်နဲ့ ဒီလိုတွေပါပဲ။
ဒါပေမဲ့ ကျွန်တော်တို့အဖွဲ့ကတော့ဖြင့် ကံကော်ဆောင် တစ်ခုတည်းကိုပဲ 2 နှစ်လောက်သစ္စာရှိရှိ (ကိုယ့်မလည်း Regular Customer တွေရနေပြီဂိုး 🙂 ) တီး/ဆို ဖြစ်ခဲ့ကြပါတယ်။
“ခုတော့လည်း ဒါတွေဒါတွေ ပြီးခဲ့ပါပြီ …. ပြီး…ခဲ့….ပါ….ပြီ ” သီချင်းထဲကလိုပဲဗျာ…. ခုတော့ လက်ဖက်ရည်တစ်ခွက် 25 ကျပ်ဆိုတဲ့ ကန်တင်းလည်းမရှိတော့ဘူး မြက်ရိုင်းပင်တွေနဲ့ ….. အဆောင်က မမ တွေလည်း မရှိတော့ဘူးလေ…..
RC-2 ကအိမ်နဲ့နီးပေမဲ့ မရောက်ဖြစ်တာကြာလို့ ဟိုနေ့ကမှကိစ္စတစ်ခုကြောင့်ရောက်သွားမိတယ်………… ကိုယ်တွေပျော်ဖူးခဲ့တဲ့နေရာလေးကိုကြည့်ပြီး လွမ်းလိုက်တာဗျာ……..တစ်ကယ်ကိုလွမ်းမိသွားတာပါ…….
ချစ်တဲ့
ဗစ်ဗစ်
30 comments
မောင်ပေ
June 15, 2012 at 12:37 pm
ဗြစ်ဗြစ်ရေ ၊ မန်းတလေး သားလေး ကျုပ်မှာ ဖတ်ရုံမှ တစ်ပါး ၊ အခြားပြောစရာ စကားမတတ်နိုင်ပါဘီပေါ့…
အားပေးပါအိ ။
Davit
June 15, 2012 at 1:13 pm
ကိုပေရယ်…..
မန်းလေးမှာလည်း လိုက်တီးပေါ့ အလှူအိမ်တွေမှာ…..အဲလေ……….အဆောင်တွေမှာ……. 🙂
memeseku
June 15, 2012 at 12:49 pm
ပုံပြင်လေးတစ်ပုဒ်ပေါ့အခုဆိုရင်တော့.. အခုညီကိုတွေကတော့ ကျောင်းကလစ်.. ဒိုတာလေးပြေခုတ် တီးဆိုဖို့ဝေးစွ ထမင်းတောင်မှန်မှန်မစားအားပါဘူး.. အားကစားဆိုဝေလာဝေး…
water-melon
June 15, 2012 at 12:50 pm
တားတားတို့ကတော့ မိန်းထဲက အဆောင်မှာ လိုက်တီးပါတယ်
ဂစ်တာကိုပြောတာပါ
အဆောင်က တောင်မလေးတွေကျွေးတဲ့ဟာလည်း စားဖူးပါတယ်
လက်ဖက်သုပ်
အဟီ
တက္ကသိုလ်ဘဝက အရမ်းပျော်စရာကောင်းခဲ့ပါတယ်
စိန်ဗိုက်ဗိုက်
June 15, 2012 at 12:55 pm
အော်..
မတို ့ရဲ့ အဆောင်ရှေ ့မှာ နားဒုက္ခပေးတာ မောင်ငေးရား.. 😀
မောင်ငေးရဲ့ လက်သံနဲ ့ မောင်ငေးရဲ့ အသံနဲ ့ ဆို လုပ်စားလို ့ရတာ ဘာရို ့မလုပ်စားဒါလဲ…
ကျောက်သထေး အုပေကို စီးသီး ထုတ်ခိုင်းလိုက်လေ..
Davit
June 15, 2012 at 1:11 pm
ha ha ……….. အဲ့တုန်းက ဆိုကြတီးကြရင်း အရက်ပါ တစ်ခါတစ်လေသောက်ဖြစ်လိုက်သေးတာ ရေးဖို့မေ့သွားတယ်….. ကိုဗိုက်ကိုတွေ့တော့မှာ အရက်သောက်ခဲ့တာကိုသွားသတိရလိုက်တာ…..
(ကိုဗိုက် ခမျှာ အရက်ရဲ့ အင်းမေ့ဂျ် ကြီးကိုဖြစ်လို့…..) 🙂
စိန်ဗိုက်ဗိုက်
June 15, 2012 at 3:18 pm
အူး..အူုးလေးပဲ တားကို
အရက်မူးပြီး မြောင်း…မြောင်းထဲ ထိုးထိုးကျလို ့ မြောင်းတကာ…အူး…… အူးဗိုက်ဆိုပြီးနာမည်ဖျက်တာဟုတ်ဘူးလားဂျ
mipukay
June 15, 2012 at 1:16 pm
Around that period, I am only 7th Standard Student.
Whenever we see the man who sings a song with guiter, it was our excitement.
Our teacher also told about the Guiter & a Singing happy stories, we feel very happy and wish to be there.
She said that try to concentrate only on your education at present time by not interesting love matters nor the boyfriend matters. Because one day you surely will be arrive at the University, and you surely will be happy like her old times. Then you can think about love, happy, and any desired enjoyable things you can do at the University such as singing, dancing, sports.
I missed my teacher Daw Yin Yin Nu because she gave me a dream of happy University life.
So, I tried hard for reaching a happy University.
But……..we haven’t met a happy life in pratically.
But……I am still dreaming of it.
Thanks for making me remembering old feeling with this post.
Thel Nu Aye
June 15, 2012 at 2:30 pm
ကိုဒေးဗစ်လုပ်မှပဲ ကျွန်မလဲ အာစီတူးကိုပြန်လွမ်းမိတော့တယ်။ ကျွန်မလဲ အဲဒီခုနှစ်ပါတ်ဝန်းကျင်မှာပဲ ၃ နှစ် တိတိတက်ခဲ့ဖူးတဲ့ ကျောင်းတော်မဟာပေါ့ရှင်။ ဟိုနေ့ကဖြတ်သွားတော့ အင်မတန်ပျက်စီးယိုယွင်းပြီး ကျွန်မ တို့တုန်းကဂုဏ်ယူတဝင့်တက်ခဲ့တဲ့ကျောင်းဟုတ်ရဲ့လားတောင်ထင်မိပါတယ်။ အတိတ်ကိုပြန်လွမ်းမိပါ၏။
မမ အညာသူ
June 15, 2012 at 2:50 pm
အတိ်တ်ဆိုတာမေ့ပစ်လို့ရတဲ့အရာမှမဟုတ်တာ
တကယ်တော့အမှတ်တရအဖြစ်နှင့်လွမ်းစရာလေးတွေပေါ့……….
သတိရမိပါတယ်………..
Shwe Tike Soe
June 15, 2012 at 3:07 pm
ကိုဒေဗစ်ရေ မန်းလေးမှာတော့ အဲလိုလေးတွေ ရှိနေသေးတယ်ဗျ…. ကျွန်တော်တောင် ဟိုတစ်ခေါက်က မန်းလေးမှာ သူငယ်ချင်းတွေနဲ. အဆောင်ရှေ. သီချင်းသွားဆိုသေးတယ်…
အရင်ခံစားမှုအတိုင်းပဲဗျာ…. နောက်တစ်ခါကြုံရင် ကိုဒေဗစ်နဲ. အတူ သွားဆိုရအောင်လား ဒိတ်လိုက်လေ… ဂစ်တာတီးကောင်းတယ်ဆိုတော့ ပညာယူအုံးမယ်နော…….. ဟဲဟဲဟဲ
http://myanmargazette.net/108219/creative-writing ဒီက ကျွန်တော့်ပို.လေးကိုဖတ်ရင် အခုအချိန်ထိ ခံစားလို.ရသေးတယ်ဆိုတာ သိမှာပါ…….
Davit
June 15, 2012 at 4:28 pm
အာ….လုပ်လိုက်လေ ကိုရွှေတိုက်စိုးရဲ့ …….. မန်းလေးရောက်ရင် ချိန်းပြီးလုပ်ကြတာပေါ့…..ခုတော့ ရုံးကလူကြီးခေါ်နေလို့ လစ်ပြီ……….
ဝှစ်…………………ဝှစ်……………………ဝှစ်…………
😀
wintayzahlaing
June 15, 2012 at 3:27 pm
ကျနော် ၈၄-၈၅ မှာ တက်ခဲ့ပါတယ်။ T-4 နားမှာ မမြဲရှိတတ်ပါတယ်
အဲဒီတုန်းကဝေဒနာကို ဒီနေ့ ပဲ ကဗျာတစ်ပုဒ်ရေးထားတာ တင်လိုက်သေးတယ်။
တခါက…သူ တဲ့
manawphyulay
June 15, 2012 at 3:40 pm
အင်း လွမ်းစရာတွေ မပြောပါနဲ့…. တစ်ချိန်တုန်းက RC ဆောင်တွေမှာ ပရယ်တီကယ်မရှိရင် နို့ဆီခွက် မှောက်ပြီး အခန်းထဲမှာ သီချင်းအော်ဆိုခဲ့ကြတယ်။ နောက် ကျောင်းသားအသစ်တွေကို ဗရုတ်ကျပြီး နောက်ပြောင်ဖူးတယ်။ နောက်ဆရာမှန်းမသိ နောက်မိလို့ အတန်းဝင်သင်တဲ့ ဆရာအသစ်ဖြစ်နေတာ ကြုံခဲ့ဖူးတယ်။ ပထမနှစ်ကတော့ RC1 ဆိုတဲ့ ဗိုလ်တစ်ထောင်ကောလိပ်မှာ အပျော်ကျူးခဲ့ပြီး အနီးကပ် ၁ဝ ရက်ကို RC 2 မှာ လိုက်တက်ခဲ့တယ်။ စာမေးပွဲဖြေတော့ မိန်းထဲက ဘွဲ့နှင်းသဘင်ရှေ့က ဝိဇ္ဇာခန်းမထဲမှာ ဖြေရတယ်။ ဒုတိယနှစ်ရောက်မှ RC 2 ကို လုံးလုံးရောက်ခဲ့တာ နောက်နှစ်ကော သောင်းကျန်းကောင်းခဲ့တာပေါ့။ ပြောရင်းနဲ့တောင် လွမ်းလာပြီ။
Shwe Tike Soe
June 15, 2012 at 4:35 pm
အော်ရှေ.မှီနောက်မှီ ဖွားဖွားမနောပါလား…… အခုတော့ အသက်တွေကြီးပြီး မသွားနိုင်မလာနိုင်နဲ. လွမ်းပဲလွမ်းနေရရှာမှာပေါ့နော် ဖွားဖွား……….ဟိဟိဟိ
Davit
June 15, 2012 at 4:59 pm
ဟာ…………. အမ မနောကိုများ ဖွားဖွားမနောတဲ့……… ကြည့်ပြောဦးနော် ကိုရွှေ …… အမမနောကပြောထားတယ်… သတင်းစာကစာမူခရရင် မုန့်ဝယ်ကျွေးမယ်တဲ့ ….. တော်ကြာမပါပဲနေဦးမယ်……. 😛
flamingo
June 15, 2012 at 10:35 pm
မမနောကဘယ်နှစ်ကRC1 မှာတက်ခဲ့တာလဲ ၊ ကျွန်တော်လဲ RC1မှာ၂ နှစ်တက်ခဲ့ဘူးတယ်..
Moe Z
June 15, 2012 at 4:35 pm
ဦးဒေးဗစ်ရေ (စိတ်မရှိနဲ့ အသက်ကိုတွက်လို့ရလို့) 😆
ကိုယ်တိုင်မတက်ခဲ့ရပေမယ့် အကိုတွေရဲ့ဇာတ်လမ်းတွေမှာ ဝင်ပါပြီး
အဖြူအစိမ်းနဲ့ရောက်နေကျနေရာမို့ ဝင်လွမ်းသွားပါတယ်..
Davit
June 15, 2012 at 4:56 pm
အယ်………….. 30 ကျော်ကိုဦးလေးဆိုတော့
ကိုပေ၊ ကိုရွှေတိုက်၊ ကိုဗိုက်၊ အမ မနော၊ မသဲနု တို့ကျတော့ ဘယ်လိုခေါ်မတုန်း………..သိချင်သား….. 😀
သူတို့က ကျုပ်ထက်ပိုကြီးတယ်ဗျ……………
မေ့လို့ ………………. အသက် ………………………….ပြော………ပါ…………ဒယ်………….
😀
Moe Z
June 15, 2012 at 5:00 pm
ဘဘ ဗိုက်ကလေးလေ ခေါ်နေကြပဲကို
နောက်တာပါဗျ …
Nyein Nyein
June 15, 2012 at 5:04 pm
ဪ…….. သူများတွေမှာတော့ ကိုယ်တွေ့လွမ်းစရာတွေရှိတာပေါ့လေ။ သမီးတို့ကျတော့လည်း လူကြီးတွေပြောတာနားထောင်၊ စာတွေဖတ်ပြီးတော့ပဲ အရင်တုန်းကကျောင်းသားတွေကို အားကျခဲ့ရတာပါ။
အခုလိုပြောနေကျတာတွေ့တော့ ဘာကိုလွမ်းရမှန်းမသိတော့တာနဲ့ ကိုယ့်ကျောင်းလေးကိုပဲ ပြန်လွမ်းလိုက်ပါတယ်။ ဪ လွမ်းလိုက်တာနော်………….UCSY ရယ်။ :cry ခွဲခဲ့ရတာ တစ်နှစ်တောင်ပြည့်တော့မယ်။…………
Mလုလင်
June 15, 2012 at 5:35 pm
တစ်နှစ် ဆိုတော့ လှော်ကား နားက ကျောင်းပေါ့နော့ …. အဲ့ဒီ့ကျောင်း မဖြစ်ခင်က … ရွှေပြည်သာထဲက ဘဘကြီး မှတ်တိုင် နားမှာ ကျောင်းတက်ခဲ့ရတယ်။ ဒုတိယနှစ်ပြီးမှ လှော်ကားကိုပြောင်းခဲ့ရတာ ..။ ဘာပဲပြောပြော အဆင့်မြင့်သွားတယ်လေ … အရင် ရွှေပြည်သာ ကျောင်းဟောင်းတုန်းက …. ရွှေအိုး အရက်ဖြူ စက်ရုံနားမှာ .. လှော်ကား ကျောင်းသစ် ကျတော့ ဒဂုံ ဘီယာ စက်ရုံနား ရောက်သွားတာ …… မငို ပါနဲ့ ငြိမ်း ရယ် … ကိုကြီးလု … အားပေးပါတယ်။ RC-2 နားက အဆောင်တွေမှာတော့ ၂ နှစ်ခန့် ကျင်လည် ခဲ့ဖူးပါကြောင်း … (မှတ်ချက်။ ။ပလက်ဖောင်း ပေါ်မှာ မဟုတ်ပါ။)
Nyein Nyein
June 15, 2012 at 5:41 pm
ဟုတ်ပါတယ် ကိုကြီးလုရယ်………….. ဒဂုံဘီယာစက်ရုံက တစ်ဖက်၊ အစာချက်စက်ရုံက တစ်ဖက်နဲ့ ကျောင်းတက်ခဲ့ရတာပါ။ အဲဒီ့တုန်းကတော့ အမြင်ကတ်တာပေါ့လေ။ အခုတော့ ပြန်တောင်တက်ချင်လာတာ။ ဒါနဲ့ RC-2ဆိုတာက အေဒီမှတ်တိုင်ဆင်းပြီး ပါရမီလမ်းမှာရှိတဲ့ စီးပွားရေးတက္ကသိုလ်နားက ကွန်ပျူတာကျောင်းလားဟင်။ အခုသင်တန်းဖွင့်ထားတာလေ။ အဲဒါက RC-2 ဆိုရင်တော့ အဲဒီ့မှာ သင်တန်းသွားတက်လိုက်တာ
RC-2 မှာတက်ဖူးပြီဟေ့ လို့ ပြောလို့ရတာပေါ့နော်။
Mလုလင်
June 15, 2012 at 5:52 pm
သင်တန်းခ က .. သိန်းကျော် နေတော့ .. မတက်နိုင်ပါဘူးကွယ် …။ အဲ့နားက အဆောင် က ဆရာ့ စီမှာ … စာလာလာ မေးရတာပါ။ စာတမ်း တင်တုန်းကပေါ့ကွယ်။ ငြိမ်းလေး နဲ့ အသက် ကွာနေ လို့ စိတ်မကောင်းဘူး ကွယ် … 8-D
Mလုလင်
June 15, 2012 at 5:55 pm
😎 သင်္ကေတ က တလွဲ ဖြစ်သွားသေးတယ် .. 🙁
ရဲဘော် မောင်တူး
June 15, 2012 at 8:30 pm
ကျနော်လဲ အောက်စဖုတ်ယူနီဗာစတီ တက်ဖို ့လုပ်နေတာ ။ တက်လို ့ရရင် အတွေ ့အကြုံများကို ပို ့စ်တင်မည်။
ရဲစည်
June 16, 2012 at 12:49 am
လွမ်းစရာတွေက မကင်းခဲ့ပေဘူး ကိုယ့်ဆြာရေ
ကျနော်လဲ ၉၃ နောက်ပိုင်း မြောက်ဒဂုံက RC တွေနဲ့ ကြီးပြင်းခဲ့ရတာ ခုနောက်ပိုင်း သတိရလို့ ပြန်သွားကြည့်တော့ အကုန်ပြောင်းလဲကုန်ပီ ပြိုတာတွေလဲ ပြိုပေါ့ ဘာလို့လဲ ဆိုတော့ အဲ့တုန်းက ကျနော်က ပန်းရံလေ မြောက်ဒဂုံ တခွင်လုံးက RC တွေ ကျနော်တို့ လက်ရာမှ မကင်းခဲ့တာ.. 🙂
kai
June 16, 2012 at 5:24 am
ဓါတ်ပုံလေးတွေ.. ကြည့်ချင်သား..
အဲ့နားက..အဆောင်တွေရောပေါ့..။
Davit
June 18, 2012 at 9:52 am
Post တစ်ခုအနေနဲ့ ပုံလေးတွေတင်ပေးပါ့မယ် ဦးခိုင်ရေ….. 🙂
MaMa
June 16, 2012 at 7:35 am
ရန်ကုန်မှာ RC ၃ခုရှိတဲ့အထဲမှာ RC2 က နှာတဖျား သာသလားလို့။
RC1 ဆိုရင် စတိတ်ကျောင်းနဲ့တူတယ်လို့ ပြောကြတယ်။
လည်စရာ ပတ်စရာ ကျောင်းဝင်းကျယ်ကျယ် မရှိလို့။
RC3 ကျတော့လည်း တက္ကသိုလ် မပီသဘူးတဲ့။
ကျောင်းဝင်းအတန်အသင့် ရှိပေမယ့် ဘေးနားမှာ လူနေအိမ်ခြေတွေ ရပ်ကွက်တွေ ဝိုင်းနေလို့တဲ့။
အဲဒါကြောင့် RC2 ကို တက်ချင်ခဲ့တယ်။
ဒါပေမယ့်လည်း ရွေးချယ်ခွင့် မရှိလေတော့ မတက်ခဲ့ရဘူး။
တက္ကသိုလ်တက်တော့လည်း မိန်းထဲပဲ သွားလည်ဖြစ်တယ်။
RC2 ကို မရောက်ဖူးခဲ့ဘူး။
RC2 နဲ့ ဝေးပေမယ့် ကြားဖူးတဲ့ သတင်းနဲ့ပဲ ကြားထဲက ဝင်ပြီး လွမ်းလိုက်ပါတယ်။ 😀