တိမ်ယံသစ္စာ အပိုင်း ( ၁၃ )

alinsettJune 20, 20121min2156

လမ်းမြှောင်တစ်ခုလုံး အုတ်ကျိုးအုတ်ပဲ့ သံတိုမယ်နတွေ ပွစာကျဲနေသည်။ စက်ဘီးတာယာဟောင်းများ၊ ပုလင်းပတ်ကွာနေသော ပုလင်းများ၊ စုတ်ပြတ်မဂ္ဂဇင်း စာစောင်နှင့်

အထိတ်တလန့် ပြူးတူးပြဲတဲ သတင်းစာများ၊ အားလုံးဗြဲလရမ်း ပျံ့ကျဲနေသည့်အလယ်တွင် အုတ်နှင့်အင်္ဂတေပြားအပုံကြီး။ သံချေးကိုက် သံကြွပ် မီးလင်းဖိုတစ်လုံး နံရံကိုမှီလျက်ရှိသည်။

အစုတ်ပလုတ်ပုံကြီးထဲမှ ကျွန်တော်မကြည့်ဘဲ မနေနိုင်သော အရာနှစ်ခုမှာ ……………………………………
………………………………………………………….
……………………………………………………………
___________________________________________

အစုတ်ပလုတ်ပုံကြီးထဲမှ ကျွန်တော်မကြည့်ဘဲ မနေနိုင်သော အရာနှစ်ခုမှာ တစ်ခုက နံရံကိုမှီထောင်ထားသော အပြာရောင်စွန်။ သံကြွပ်မီးလင်းဖိုအနီးတွင် ရှိသည်။ နောက်တစ်ခုမှာ

အုတ်ကျိုးပုံပေါ် ပစ်တင်ထား သော ဟက်ဆန်၏ အညိုရောင် ချည်ကတ္တီပါဘောင်းဘီ။

”မသိတော့ဘူးကွာ။ အဖေပြောတော့ အပြစ်ရှိတယ်တဲ့” ဟု ဝေလီပြောသည်။ ဝေလီ့စကားသည် မရေရာခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ထိတ်လန့်ခြင်း သုံးမျိုးစလုံး

တစ်ပြိုင်တည်းပေါင်းထားသော စကားဖြစ်သည်။ ဟက်ဆန် မြေကြီးပေါ် မှောက်နေ သည်။ ကာမဲနှင့်ဝေလီက ဟက်ဆန့်ကို လက်မောင်းတစ်ဖက်စီမှ လက်လိမ်ချိုးထား၍

ဟက်ဆန့်လက်နှစ်ဖက်စလုံး နောက်ကျောဘက်တွင်ရှိသည်။ အာစွပ်သည် ဟက်ဆန့် ပေါ် မတ်တပ်ရပ်နေသည်။ အာစွပ်၏နှင်းတောစီးဖိနပ်ခွာက ဟက်ဆန့်လည်ဂုတ်ကို ကြိတ်နေသည်။

”မင်းအဖေ မသိပါဘူးကွာ။ အပိုးမကျိုးတဲ့မြည်းကို ပညာပြတာများ ဘာအပြစ်မှ မရှိဘူး” ဟု အာစွပ်ဆိုသည်။

”ငါမသိဘူး” ဟု ဝေလီ ရေရွတ်သည်။

”မင်းသဘောပဲ” ဟု အာစွပ်ပြောပြီး ကာမဲဘက်လှည့်ကာ ”မင်းကကော”

”ငါကတော့ … အင်း … ”

”ဒီသတ္တဝါက ဟာဇာရာပဲကွာ” ဟု အာစွပ်ပြောသည်။ သို့သော် ကာမဲ မျက်နှာလွှဲထားသည်။

”ကောင်းပြီ။ မင်းတို့ငပျော့နှစ်ကောင်ကို လုပ်စေချင်တာက သူ့ကိုကိုင် ထားရုံပဲ။ ရတယ်မဟုတ်လား”

ဝေလီနှင့် ကာမဲခေါင်းညိတ်သည်။ သူတို့ကြည့်ရသည်မှာ စိတ်ပေါ့သွား ပုံရသည်။ အာစွပ်သည် ဟက်ဆန့်နောက်ကျောတွင် ဒူးထောက်ကာ အဝတ်မပါသော ဟက်ဆန့်တင်ပါးကို

ဆွဲမ’သည်။ ဟက်ဆန့်တင်ပါးကို လက်တစ်ဖက်ဖြင့်ထိန်းပြီး ကျန်အားနေသောလက်တစ်ဖက်ဖြင့် သူ့ဘောင်းဘီခါးပတ်ကို ဖြုတ်သည်။ ဂျင်းပင်ကို ဇစ်ဆွဲဖြုတ်သည်။ အတွင်းခံဘောင်းဘီကို

ဆွဲချသည်။ ဟက်ဆန့်နောက်တွင် နေရာယူသည်။ ဟက်ဆန် မရုန်းကန်။ တအီအီပင် ငိုညည်းမပြ။ ခေါင်းကိုအနည်း ငယ်လှည့်လိုက်၍ သူ့မျက်နှာကို

ကျွန်တော်ဖမ်းမိလိုက်သည်။ ဖြစ်လိုရာဖြစ်စေတော့ ကြိတ်မှိတ်သည်းခံလိုက်ရသောမျက်နှာ။ ဟက်ဆန်၏ ထိုအကြည့် – ပီဘိ သိုးကလေး တစ်ကောင်၏အကြည့်ကို ယခင်တုန်းက

ကျွန်တော်မြင်ခဲ့ဖူးသည်။
———–

မနက်ဖြန်သည် မွတ်စလင်ပြက္ခဒိန်၏ နောက်ဆုံးလ။ အစ်နေ့သုံးရက်၏ ပထမဆုံးနေ့။ ဘုရားသခင်အတွက် တမန်တော် အေဗရာဟင်မ်သည် သူ့သားရင်း ကိုပင် စတေးတော့မည်အထိ

ကျင်းပပူဇော်ကြသောနေ့ဖြစ်သည်။ ယခုနှစ်အတွက် လည်း ဘာဘာသည် သိုးတစ်ကောင် စိတ်ကြိုက်ဝယ်ယူခဲ့သည်။ သိုးကလေးသည် ပေါင်ဒါမှုန့်လိုဆွတ်ဆွတ်ဖြူကာ နားရွက်နှစ်ဖက်သာ

နက်ကြုတ်ကောက်လိမ်နေသည်။

ကျွန်တော်တို့အားလုံး ဟက်ဆန်၊ အလီ၊ ဘာဘာနှင့်ကျွန်တော် ခြံနောက် တွင် ရပ်နေကြစဉ် မွတ်စလင်ဘာသာရေးဆရာက ဘုရားစာရွတ်သည်။ မုတ်ဆိတ်ကြီးကို သပ်သည်။

ဘာဘာက လေသံဖြင့်ရေရွတ်သည်။ မြန်မြန်လုပ်ပါ တော့။ တိရစ္ဆာန်လေးကို ထုံးစံနှင့်အညီ စီရင်သတ်ဖြတ်ရန် ရှည်လျားထွေပြားသော ဘုရားစာကို ဘာဘာဒေါပွနေဟန်တူသည်။

အစ်နေ့ပွဲတော်၏ နောက်ကွယ်တွင် ဘာဘာက သရော်မြဲ။ ဘာသာရေးနှင့်ဆိုင်သမျှ ဘာဘာသရော်မြဲ။ သို့သော် အစ်နေ့အစဉ်အလာရိုးရာကို ဘာဘာလေးစားပါသည်။ ထုံးစံအရ

အသားကို သုံးပုံခွဲရမည်။ မိသားစုအတွက် တစ်ပုံ၊ မိတ်ဆွေများအတွက် တစ်ပုံ၊ ဆင်းရဲသားများ အတွက် တစ်ပုံ။ ဘာဘာကတော့ နှစ်တိုင်းနှစ်တိုင်း ဆင်းရဲသားများကိုသာ

အကုန်ပေးပစ်လိုက်မြဲ။ ဘာဘာ့အပြောအရ သူဌေးတွေ ဝဖီးနေပါပြီဟူ၏။

ဘာသာရေးဆရာ ဘုရားရှိခိုးဆုတောင်းပြီးပြီ။ ဓားကိုကောက်ယူလိုက်သည်။ ထုံးစံအရ သိုးအား ဓားကိုမမြင်စေရ။ အလီက တိရစ္ဆာန်လေးအား သကြားခဲလေး ကျွေးသည်။

ဤသည်ကလည်း ထုံးစံတစ်ရပ်။ သေခြင်းတရားသည် ချိုမြရမည်။ သိုးကလေး ကန်ကျောက်သော်လည်း အပြင်းအထန်တော့မဟုတ်။ ယဇ်ဆရာသည် သိုးကိုမေးရိုးမှကိုင်၍ ဓားသွားကို

လည်ဂုတ်ပေါ်တင်ကာ လက်ဖျစ်တစ်တွက် အတွင်းမှာပင် လည်မျိုကိုလှီးချလိုက်သည်။ ထိုလက်ဖျစ်တစ်တွက်ကလေးအတွင်း မှာပင် သိုးမျက်လုံးကို ကျွန်တော် မြင်လိုက်ရသည်။

ကျွန်တော့်ကို အိပ်မက်များထဲထိ ရက်ပေါင်းများစွာ လိုက်လံခြောက်လှန့်နေတော့မည့် ထိုအကြည့်။

ဘာကြောင့်များ နှစ်စဉ်ကျင်းပမြဲ ထိုဟာလာထုံးတမ်းကို ကျွန်တော် စောင့်ကြည့်နေမိပါလိမ့်။ မြက်ခင်းပေါ်မှသွေးကွက် ပြယ်လွင့်သွားသည့်တိုင် အိပ်မက် ဆိုးများကတော့ မပြယ်နိုင်သေး။

သို့ပေမယ့် ကျွန်တော် အမြဲတမ်းကြည့်ဖြစ်သည်။ တိရစ္ဆာန်လေး၏ မျက်လုံးထဲမှလက်ခံကြည့် – ထိုအကြည့်ကြောင့် ထိုဟာလာ ထုံးတမ်းကို ကျွန်တော်ကြည့်သည်။ မဟုတ်မဟပ်ဖြစ်စေဦး၊

တိရစ္ဆာန်လေး နားလည်သည်ဟု ကျွန်တော်တွေးမိသည်။ သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။ ထိုအကြည့်သည် …

——–

လက်ကြားလမ်းလေးထဲ ကျွန်တော်ဆက်မချောင်းတော့။ လက်ကောက် ဝတ်ဆီ ပူပူနွေးနွေးအရာများ ဆင်းလာသည်။ မျက်တောင်ပုတ်ခတ်လုပ်လိုက်တော့မှ ကျွန်တော်

ကိုယ့်လက်သီးကိုယ် ပြန်ကိုက်ထားဆဲဖြစ်ကြောင်းတွေ့ရသည်။ လက် ခေါက်မှ သွေးထွက်လာသည်အထိ နာနာကိုက်ထားခဲ့သည်။ သည့်အပြင်…ကျွန်တော် ငိုနေမှန်း သိလိုက်ရသည်။

လမ်းချိုးလေးကိုအကွေ့ အာစွပ်၏ တအီအီတအင့်အင့် အသံကိုကြားရသည်။

ကျွန်တော် ဆုံးဖြတ်ချက်ချဖို့အတွက် နောက်ဆုံးအခွင့်အရေး ရှိသေးသည်။ ကျွန်တော် ဘာကောင်ဖြစ်လာမည်နည်းကို ဆုံးဖြတ်ချက်ချဖို့အတွက် နောက်ဆုံးသော အခွင့်အရေး။

လက်ကြားလမ်းထဲ ဝင်ချပြီး ဟက်ဆန့်ရှေ့မားမားမတ်မတ် ရပ်၍ရ သည်။ တစ်လျှောက်လုံး ဟက်ဆန်က ကျွန်တော့်ကို ကာကွယ်ပေးခဲ့သလို ကာ ကွယ်ဖို့ – ဖြစ်ချင်ရာဖြစ် လက်ခံဖို့။

သို့မဟုတ် ကျွန်တော် ထွက်ပြေးနိုင်ပါသည်။

အဆုံးတွင် ကျွန်တော်ထွက်ပြေးပါသည်။

ကျွန်တော်ပြေးသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် သူရဲဘော ကြောင်သူ။ အာစွပ်ကို ကျွန်တော်ကြောက်သည်။ သူ ကျွန်တော့်ကို ဘာလုပ်မလဲ ကျွန်တော်ကြောက်သည်။

အသားနာမည်ကို ကျွန်တော်ကြောက်သည်။ ထိုစကားများမှာ ဟက်ဆန့်ကို ဥပေက္ခာပြုလာစဉ် ကျွန်တော့်ကိုယ်ကျွန်တော် ပြောလာသော စကားများ။ ကိုယ့်ကိုယ်ကိုယ် သည်အတိုင်း

ယုံခိုင်းထားသည်။ သူရဲဘောကြောင်ခြင်း ကိုသာ ကျွန်တော် ဆန္ဒပြင်းပျနေခဲ့သည်။ အရင်းစစ်တော့ အကြောင်းရင်းမှန်မှ ကျွန်တော်ထွက်ပြေးနေရခြင်း။

အာစွပ် မှန်ပါသည်။ လောကကြီးမှာ ဘာမှအလကားမရ။ ဟက်ဆန်သည် ကျွန်တော်ပေးဆပ်လိုက်ရသော အဖိုးအခ။ ဘာဘာ့ကို အနိုင်ရဖို့ ကျွန်တော်သတ် လိုက်ရသော

သိုးကလေးဟက်ဆန်။ ထိုအဖိုးအခသည် တရားမျှတပါ၏လော။ ကျွန်တော် ကဖျက်ကယက် မလုပ်နိုင်ခင်မှာတင် အဖြေက ကျွန်တော့်သိစိတ်ထဲ ပွင့်အံလာသည်။ ဟက်ဆန်သည်

ဟာဇာရာတစ်ယောက်သာ မဟုတ်လော။

လာရာလမ်းအတိုင်း ပြေးလာခဲ့သည်။ လာခဲ့ရာလမ်းအတိုင်း တစ်သဝေ မတိမ်း ပြေးလာခဲ့ပြီးမှ ဈေးအရောက်တွင် ဆိုင်ခန်းလေးရှေ့ ဒယီးဒယိုင်ဖြစ်လာကာ သော့ခလောက်ခတ်ထားသော

တံခါးကိုမှီနေရသည်။ ထိုနေရာတွင်ရပ်ပြီး အမော ဆို့နေသည်။ ချွေးဒီးဒီးစီးစီးကျကာ ဤအဖြစ်ကို အမြစ်မှ လှန်သွားစေချင်ခဲ့သည်။

နောက်တစ်ဆယ့်ငါးမိနစ်ခန့်အကြာတွင် စကားသံ ဘောလုံးကန်သံများ ကြားရသည်။ ဆိုင်ခန်းလေးနောက်တွင် ကျွန်တော်ဝပ်ပြီး အာစွပ်နှင့် လက်ပါးစေနှစ်ဦး

ရယ်မောခုန်ပေါက်ဆင်းလာသည်ကို စောင့်ကြည့်သည်။ နောက်ထပ်ဆယ်မိနစ်စောင့်ရန် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အားတင်းထားသည်။ ထို့နောက် နှင်းလွှမ်းလျှိုနှင့် အပြိုင်ရှိသော

လမ်းအတိုင်းပြန်လျှောက်သည်။ လူမကွဲတကွဲ မှောင်မှောင်မဲမဲထဲ ဟက်ဆန် ကျွန်တော့်ဘက်လျှောက်လာသည်ကိုတွေ့သည်။ လျှိုနဖူးပေါ်မှ အရွက်မဲ့အရိုးပြိုင်းပြိုင်း သစ်ခေါက်ဖြူပင်အနီး

သူနှင့်ကျွန်တော်ဆုံသည်။

သူ့လက်ထဲတွင် အပြာရောင်စွန်။ ထိုစွန်သည် ကျွန်တော်ဦးဆုံးမြင်သော အရာ။ ခုတော့လည်း ကျွန်တော်မညာနိုင်တော့။ ကျွန်တော့်မျက်လုံးများက တခြားအ စုတ်အပြဲများကို မမြင်ပါဟု

မညာနိုင်တော့ပြီ။ သူ့အစိမ်းတောက်တောက်အကျႌ ရွှံ့လူးကာ အတွင်းမှ ရှပ်အကျႌသည် ကော်လာအောက်တွင် စုတ်ပြဲနေသည်။ သူ လမ်းလျှောက်ရပ်သည်။ လဲပြိုတော့မလို

ယိမ်းထိုးလာပြီးမှ သူ့ကိုယ်သူပြန်ထိန်း လိုက်နိုင်သည်။ ကျွန်တော့်ကို စွန်ကမ်းပေးသည်။

”မင်းဘယ်ရောက်နေတာလဲ။ ငါမင်းကို ရှာနေတာ” ထိုစကားကိုပြောထုတ်ရ သည်က ကျောက်ခဲဝါးရသည့်နှယ်။

ဟက်ဆန်သည် အကျႌလက်စကို မျက်နှာဆီဆွဲယူပြီး မျက်ရည်နှင့်နှပ်များ သုတ်သည်။ သူ တစ်ခုခုပြောအောင် ကျွန်တော်စောင့်နေသော်လည်း ညဉ့်မှောင်ရီထဲ နှစ်ဦးသား

တိတ်ဆိတ်စွာရပ်နေခဲ့သည်။ နေဝင်မိုးချုပ်၏ အရိပ်တို့က ဟက်ဆန့်ကို မဟုတ်ဘဲ ကျွန်တော့်မျက်နှာကိုသာ အုပ်ထားပေးသဖြင့် ကျွန်တော် ကျေးဇူးတင် မိတော့သည်။

ဟက်ဆန့်အကြည့်ကို တုံ့ပြန်စရာမလိုခဲ့။ အဖြစ်အပျက်တွေကို ကျွန်တော်သိကြောင်း သူသိများနေသလား။ အကယ်၍ သူသိလျှင် သူ့မျက်လုံးထဲ ကျွန်တော်ကြည့်ခဲ့ပါက

ဘာမြင်ရနိုင်သနည်း။ အပြစ်တင်ခြင်းလား။ နာကျည်းခြင်း လား။ သို့တည်းမဟုတ် ကျွန်တော်အကြောက်ဆုံး မာယာကင်းသောသံယောဇဉ်လား။

ဟက်ဆန် တစ်ခုခုပြောလိုက်ရာ အသံကအက်ကွဲသွားသည်။ ပါးစပ်ကို ပိတ်သည်။ ပြန်ဖွင့်ပြီးမှ ပြန်ပိတ်သွားသည်။ နောက်ခြေတစ်လှမ်းဆုတ်၍ မျက်နှာသုတ် သည်။

လမ်းမြှောင်ထဲမှပြဿနာကို ဆွေးနွေးရန် သူနှင့်ကျွန်တော် သည်တစ်ကြိမ် တည်းသာ အနီးကပ်ဆုံးဖြစ်ခဲ့သည်။ သူငိုချလိုက်တော့မလား ကျွန်တော် ထင်မိလိုက် သေးသော်လည်း

သူမငို၍ တော်ပါသေး။ သူ့ဘောင်းဘီတင်ပါးပိုင်း မဲညစ်နေသည်ကို ကျွန်တော် မမြင်ဟန်ဆောင်ထားသလို သူ့အသံအက်ကွဲနေသည်ကို ကျွန်တော် မကြားယောင်ဆောင်နေလိုက်သည်။

မဲညစ်သောသွေးစသွေးနလေးများ သူ့ခြေထောက် များကြားမှ တစက်စက်ယိုစိမ့်ကျကာ နှင်းပွင့်တွေပေါ် စွန်းထင်းသွားသည်ကိုလည်း ကျွန်တော် မမြင်ဟန်ဆောင်နေခဲ့သည်။

”ဆပ် စိတ်ပူနေတော့မယ်” ဟူသောစကားကိုသာ သူဆိုခဲ့သည်။ ထို့နောက် ကျွန်တော့်ကို ခွာရှဲကာ တလှုပ်လှုပ်ထွက်ခွာသွားခဲ့သည်။
—————–

ကျွန်တော် ကြိုတင်စိတ်ကူးထားသည့်အတိုင်း ဖြစ်လာခဲ့ပါသည်။ ဆေးတံငွေ့မွှန်ထွန်နေသော စာကြည့်ခန်းတံခါးကို ကျွန်တော် ဖွင့်ဝင်လာခဲ့ရာ

လက်ဖက်ရည်သောက်၊ ရေဒီယိုနားထောင်နေသော ဘာဘာနှင့် ရာဟင်ခန်တို့၏ ဦးခေါင်းများ ကျွန်တော့်ဆီ လှည့်လာသည်။ ကျွန်တော့်အဖေ ဘာဘာ၏နှုတ်ခမ်းဖျား ပေါ်ဝယ်

အပြုံးတစ်စခြယ်လှယ်လာသည်။ လက်မောင်းနှစ်ဖက်ဖွင့်ပေးသော် ကျွန်တော် စွန်ကိုချပြီး ဘာဘာ့လက်မောင်းအိုးကြီးထဲဝင်သည်။ ဘာဘာ၏ နွေးထွေးသော ရင်ခွင်ကျယ်ကြီးထဲ ကျွန်တော်

မျက်နှာမြှုပ်၍ငိုသည်။ ဘာဘာက ကျွန်တော့်ကို တင်းတင်းဖက်ထား၍ ရှေ့ထိုးနောက်ငင် လှုပ်လှုပ်ပေးသည်။ ဘာဘာ့လက်မောင်း ကြားထဲ ကျွန်တော့်ပြစ်မှုကို

ကျွန်တော်မေ့လျော့သွားခဲ့သည်။

___________________________

အခန်း(၈)

တစ်ပတ်လုံးလုံး ဟက်ဆန့်ကိုမတွေ့ရ။ မနက်အိပ်ယာနိုးလျှင် ပေါင်မုန့်မီးကင်၊ လက်ဖက်ရည်နှင့် ကြက်ဥပြုတ်က မီးဖိုချောင်စားပွဲပေါ်မှ အသင့်စောင့်နေသည်။ မီးပူထိုး၊ ခေါက်ထားပြီးသား

ကျွန်တော်ဝတ်ရမည့်အဝတ်ကို ခန်းမထဲမှ ကြိမ်ကုလား ထိုင်ပေါ် အသင့်တွေ့ရသည်။ ခါတိုင်းဆိုလျှင် ခန်းမထဲ ဟက်ဆန်မီးပူထိုးပေးနေကျ။ ဤနည်းဖြင့် ကျွန်တော်တို့

စကားပြောလေဖောနိုင်ကြသည်။ ကျူးလစ်ပန်းခင်း များအကြောင်း စပ်ဆိုထားသော ရှေးဟောင်းဟာဇာရာတေးများကိုလည်း အပိုင် ဟဲနိုင်ကြသည်။ ခုတော့ ခေါက်ထားပြီးသား

အဝတ်အစားများကသာ ကျွန်တော့်ကို ဆီးကြိုလင့်နေသည်။ မနက်စာကို ကျွန်တော်ပြီးအောင် မစားနိုင်။

မိုးအုံ့သောတစ်မနက်။ ကျွန်တော် ကြက်ဥကို ပန်းကန်ပြားနှုတ်ခမ်းနှင့် ခေါက်နေစဉ် ခွဲပြီးသားထင်းများ မနိုင့်တနိုင်သယ်ပိုး၍ အလီဝင်လာသည်။ ဟက်ဆန် ဘယ်ရောက်နေလဲ

ကျွန်တော်မေးကြည့်ရာ ”ဟက်ဆန် ပြန်အိပ်သွားပြီ” ဟု အလီ ဆိုသည်။ မီးလင်းဖိုရှေ့ ဒူးထောက်ထိုင်ကာ လေးထောင့်တံခါးလေးကို ဆွဲဖွင့်သည်။

အလီသည် ထင်းချောင်းကိုင်လျက်သား တန့်နေသည်။ မျက်နှာပေါ်တွင် စိတ်ပူသည့်အရိပ်အရောင် ဖြတ်ပြေးသွားသည်။

”ခုတလော ဟက်ဆန် တချိန်လုံး အိပ်ချင်နေပုံပဲ။ ဘုရားတော့ ရှိခိုးတယ်။ ဒါ အလီမြင်တယ်။ ရှိခိုုးပြီးရင် စောင်ထဲပြန်ကွေးနေရော။ အလီ မေးလို့ရမလား”

”မေးစရာရှိ မေးလေ”

”စွန်ပြိုင်ပွဲပြီးကတည်းက သူအိမ်ပြန်လာတော့ သွေးနည်းနည်းထွက်နေ တယ်။ ရှပ်အကျႌပြဲနေတယ်။ ဘာဖြစ်ခဲ့သလဲ အလီမေးတော့ သူက ဘာမှမဟုတ်ပါဘူး တဲ့။ စွန်လုရင်း

ကလေးအချင်းချင်း ရန်ဖြစ်ကြတာပါတဲ့”

ကျွန်တော် စကားမပြန်။ ကြက်ဥသာ ခေါက်မြဲခေါက်နေသည်။

”သူတစ်ခုခု ဖြစ်ခဲ့သလား။ အလီ့ကို မပြောဘဲ အုပ်ထားတာရှိသလား၊ အေမား”

…………………………………………………….

……………………………………………………

…………………………………………………..
_________________________________________________________

ဆက်ပါဦးမည် .။

_____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________–
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ..

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ်

စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________

လေးစားစွာဖြင့်..

6 comments

  • shwe kyi

    June 20, 2012 at 12:07 pm

    စကားတွေတောင်ဆွံ့ အသွားတယ်။ ဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ်။
    ဆက်ဖတ်ပါဦးမယ်ရှင်..။

  • မောင်ပေ

    June 20, 2012 at 12:14 pm

    ကိုအလင်းစက်ရေ ၊ ထုံးစံအတိုင်းဘဲဗျို ့။
    ဖတ်စရာပေးလို ့ကျေးကျေးဘာ။

  • အလင်းဆက်

    June 20, 2012 at 12:25 pm

    shwe kyi ရေ.. ဒီအခန်းက
    ဟက်ဆန်ကို အနိုင်ကျင့်ပုံက ရင်နာစရာပါ ။
    ပြီးတော့ ဟက်ဆန်ရဲ ့သခင့်အပေါ်..သစ္စာ စောင့်သိတတ်လိုက်ပုံက ….အံ့မခန်း ပါပဲ..။

    အဆက်မပြတ်စောင့်မျှော် ဖတ်ရှု လို ့ ကျေးဇူးပါပဲ.ဗျ ။

    ကိုကြီး မောင်ပေရေ….
    တင်ပေးသမျှ ကို ဖတ်ရှု ဖို ့ သိမ်းယူသွားတတ်လို ့…အရမ်းကျေးဇူးတင်ပါတယ် နော်။

  • mamanoyar

    June 21, 2012 at 9:36 am

    ကြိုက်တယ် အားပေးနေမယ်နော်

  • အလင်းဆက်

    June 21, 2012 at 6:47 pm

    အားပေး ဖတ်ရှုကြသူများ အားလုံးကို လေးစားစွာ.ကျေးဇူးတင်လျက်ပါဗျာ.။

    • စိန်ဗိုက်ဗိုက်

      June 21, 2012 at 7:08 pm

      တာဝန်မပျက် တင်ပေးတဲ့ အူးလေးဆက်ဆက်ကိုလဲ ကျေးဇူးတင်ဘာဒယ်ဗျား..

Leave a Reply