တိမ်ယံသစ္စာ အပိုင်း ( ၁၄ )
”စွန်ပြိုင်ပွဲပြီးကတည်းက သူအိမ်ပြန်လာတော့ သွေးနည်းနည်းထွက်နေ တယ်။ ရှပ်အကျႌပြဲနေတယ်။ ဘာဖြစ်ခဲ့သလဲ အလီမေးတော့ သူက ဘာမှမဟုတ်ပါဘူး တဲ့။ စွန်လုရင်း
ကလေးအချင်းချင်း ရန်ဖြစ်ကြတာပါတဲ့”
ကျွန်တော် စကားမပြန်။ ကြက်ဥသာ ခေါက်မြဲခေါက်နေသည်။
”သူတစ်ခုခု ဖြစ်ခဲ့သလား။ အလီ့ကို မပြောဘဲ အုပ်ထားတာရှိသလား၊ အေမား”
__________________________________________________
”သူတစ်ခုခု ဖြစ်ခဲ့သလား။ အလီ့ကို မပြောဘဲ အုပ်ထားတာရှိသလား၊ အေမား”
ကျွန်တော် ပခုံးတွန့်ပြသည်။ ”ကျွန်တော် ဘယ်လိုလုပ်သိမှာလဲ”
”အေမား အလီ့ကို ပြောမယ်မဟုတ်လား။ တစ်ခုခုဖြစ်ခဲ့ရင် ပြောမယ် မဟုတ်လား”
”သူဘာဖြစ်နေမှန်း ကျွန်တော် ဘယ်လိုလုပ်သိမှာလဲ။ သူဖျားချင်ဖျား နေမှာပေါ့။ လူဆိုတာ ဖျားတတ်တာပဲဟာ။ ကဲ၊ ကျွန်တော် အခုချမ်းလွန်းလို့ ခဲပြီး သေတော့မယ်။
‘ဒီနေ့မီးမွှေးဦးမှာလား”
—————–
ထိုနေ့ညက သောကြာနေ့တွင် ဂျာလာလာဘက် သွားချင်ကြောင်း ဘာဘာ့ကို ကျွန်တော်ပူဆာသည်။ ဘာဘာသည် စာရေးစားပွဲနောက် ဆုံလည် ကုလားထိုင်တွင် ခုံကိုလှုပ်ထိုင်၍
သတင်းစာဖတ်နေသည်။ ဘာဘာသည် သတင်းစာ ကိုချ၊ စာကြည့်မျက်မှန်ကိုချွတ်သည်။ ကျွန်တော် မျက်မုန်းကျိုးသော မျက်မှန်ကြီး။ ဘာဘာ အဖိုးကြီးမဖြစ်သေး။
လူ့ပြည်တွင် နှစ်ပေါင်းများစွာနေရဦးမည့်သူက ဘယ့်အတွက်ကြောင့် စိတ်ပျက်စရာမျက်မှန်ကြီး တပ်ထားရသနည်း။
”ဘာလို့မသွားရမှာတုန်း” ဟု ဘာဘာကဆိုသည်။ ခုတလော ကျွန်တော် ပူဆာသမျှ ဘာဘာလိုက်လျောနေသည်။ လွန်ခဲ့သည့် နှစ်ညကလည်း ကျွန်တော့်ကို ရုပ်ရှင်ရုံခေါ်သွားသည်။
”ဟက်ဆန့်ကိုရော မမေးတော့ဘူးလား။ ဂျာလာလာဘက်ကို လိုက်ခဲ့ဖို့”
ဘာကြောင့်များ ဘာဘာအမြဲတမ်း ဖျက်ဆီးနေပါလိမ့်။
”သူသိပ်နေမကောင်းဘူး” ဟု ကျွန်တော်ဖြေလိုက်၍ ”ဟုတ်လား” ဟု ဆိုကာ ဘာဘာ ခုံအလှုပ်ရပ်သွားသည်။ ”သူ ဘာဖြစ်လို့လဲ” ဟု မေးလာပြီဖြစ်ရာ ကျွန်တော်
ပခုံးတွန့်ပြ၊ မီးလင်းဖိုအနီးမှ ဆိုဖာပေါ်ဝင်ထိုင်သည်။
”သူ အအေးမိနေတယ်။ အလီပြောတော့ အိပ်ချည်းနေတာပဲတဲ့”
”ဒီရက်ပိုင်း ဟက်ဆန့်ကို သိပ်မတွေ့မိဘူး။ ဒါကြောင့်ကိုး၊ ဒီတော့ အအေးမိပြီပေါ့”
စိုးရိမ်ကြောင့်ကြမှုဖြင့် ဘာဘာ့မျက်ခုံးများ တွန့်နေပုံကို ကျွန်တော်မုန်းသမှ သိပ်မုန်း။
”အအေးမိရုံပါပဲ။ ဒီတော့ သောကြာနေ့ ကျွန်တော်တို့ သွားမလား၊ ဘာဘာ”
”သွားမယ်၊ သွားမယ်။ ဟက်ဆန် မပါတာနာတာပဲ။ ဟက်ဆန်ပါရင် အေမား ပိုပျော်ရမှာ”
”ဘာဘာနဲ့ကျွန်တော် နှစ်ယောက်ထဲလည်း ပျော်တာပါပဲ” ဟု ကျွန်တော် ပြောတော့ ဘာဘာပြုံးသည်။ မျက်စိမှိတ်ပြသည်။ ”အကျႌထူထူဝတ်ထား” ဟု ဆိုသည်။
—————–
ကျွန်တော့်ဆန္ဒအတိုင်း နှစ်ယောက်ထဲ ဖြစ်သင့်လျက်ဖြစ်မလာ။ ဗုဒ္ဓဟူး နေ့ညတွင် ဘာဘာသည် နောက်ထပ်လူနှစ်ဒါဇင် ခေါ်ဖို့လုပ်သည်။ ဘာဘာသည် နှစ်ဝမ်းကွဲညီ ‘ဟိုမေရောင်’
ထံတယ်လီဖုန်းဆက်၍ သောကြာနေ့ ဂျာလာလာဘက် သွားမည့်အကြောင်းပြောပြရာ ပြင်သစ်တွင် ဗိသုကာပညာသင်ထားသော၊ ဂျာလာလာဘက်တွင် အိမ်တစ်လုံးရှိသော ဟိုမေရောင်က
လူစေ့တက်စေ့ဖြစ်အောင် သူ့ကလေးများနှင့် ဇနီးနှစ်ယောက်အပြင် သူ၏နှမဝမ်းကွဲ ရှာဖီကာသည် မိသားစုနှင့် အတူ ဟာရက်မှအလည်လာဖို့ရှိရာ သူတို့လည်း ဂျာလာလာဘက်သို့
လိုက်ပါနိုင် ကြောင်း၊ သည့်အပြင် ရှာဖီကာသည် ကဘူးတွင် ဝမ်းကွဲအစ်ကို နာဒါနှင့်အတူ နေဦးမည်ဖြစ်၍ ဟိုမေရောင်သည် နာဒါနှင့် သိပ်မတည့်လှသော်လည်း နာဒါမိသားစု
ကိုပါ ခေါ်မှကောင်းမည်ဖြစ်ကြောင်း၊ ထိုအခါ နာဒါ၏အစ်ကို ဖာရောက်ကိုပါခေါ်ရ တော့မည်ဖြစ်ကြောင်း၊ မခေါ်ပါက ဖာရောက်စိတ်ခုပြီး သူတို့ကို နောက်လကျင်းပမည့် သူ့သမီး
မင်္ဂလာဆောင်သို့ မဖိတ်ဘဲ နေလိမ့်မည်ဖြစ်ကြောင်း၊ ဤသို့ဖြင့် …
ကျွန်တော်တို့ ဗင်ကားသုံးစီး လူအပြည့်တင်သည်။ ကျွန်တော်က ဘာဘာ၊ ရာဟင်ခန်၊ ကာကာဟိုမေရောင်၊ ကာကာ၏ ဇနီးနှစ်ယောက် တို့နှင့်အတူလိုက်သည်။ ဘာဘာက
ကျွန်တော့်အား ငယ်ကတည်းက ဦးလေးအရွယ်ဆိုလျှင် ‘ကာကာ’ ခေါ်တတ်အောင်၊ အဒေါ်အရွယ်ဆိုလျှင် ‘ခါလာ’ ခေါ်တတ်အောင် သင်ပေးထားသည်။ ကာကာ၏ ဇနီးအကြီးသည်
မျက်နှာပေါက်ဆိုးသည်။ လက်တွင် ကြွက်နို့များသီး နေသည်။ ဇနီးအငယ်သည် ရေမွှေးနံ့တထောင်းထောင်းနှင့် မျက်လုံးများမှိတ်၍ ကတတ်သူဖြစ်သည်။ ကာကာ၏
သမီးအမွှာလေးများလည်း ထိုနည်းအတိုင်း။
ကားနောက်ခုံတွင် ထိုင်လိုက်ရင်း ကျွန်တော် ကားမူးခေါင်းနောက်နေသည်။ ခုနစ်နှစ်အရွယ် အမွှာနှစ်ယောက်ကြားထဲညပ်ပြီး အမွှာတွေ တစ်ယောက်ကို တစ်ယောက် ရိုက်ကြပုတ်ကြတိုင်း
ကျွန်တော့်ပေါင်သာ အရိုက်ခံနေရသည်။
ခရီးသည် နှစ်နာရီခရီးမျှသာ။ သို့သော်တောင်ပေါ်လမ်းကို ဝဲကတော့ထိုး တက်ပြီး ဇောက်ထိုးဆင်းရသော လမ်းများချည်းမို့ ပစောက်ကွေ့ရောက်တိုုင်း
ကျွန်တော့်အစာအိမ် ဗြောင်းဆန်နေတော့သည်။ ဗင်ကားထဲ တစ်ယောက်တစ်ပေါက်နှင့် အသံတွေ ညံထွက်နေသည်။ အာဖဂန်စကား ဆိုသည်က စူးရှသောအသံမျိုးမို့
နားကလောစရာကောင်းလိုက်ပါဘိ။
အမွှာနှစ်ယောက်ထဲက တစ်ယောက်ကို ကျွန်တော်မေးသည်။ ဖာဇီလာ လား၊ ကာရီမာလား၊ ဘယ်သူကဘယ်သူမှန်း ကျွန်တော်မပြောတတ်။ ကျွန်တော်ကား
မူးနေ၍ လေရှူရကောင်းအောင် နေရာချင်းလဲထိုင်ပါရန်ပြောရာ ကောင်မလေးက လျှာထုတ်ပြပြီး မရဘူးငြင်းသည်။ ကျွန်တော်က သူမ၏အကျႌအသစ်ပေါ် အန်ချမိပါက
ဘာမှမတတ်နိုင်ဟု ပြောတော့မှ ကားပြတင်းမှ ခေါင်းထုတ်ခွင့်ရခဲ့သည်။
ချိုင့်ကျင်းထူပြောလွန်းသော တက်လိုက်ဆင်းလိုက် လမ်းမကြီးကို ကျွန်တော်ကြည့်သည်။ လမ်းသည် တောင်ကိုရစ်ကာ အဖျားရှူးဝပ်စင်းကျန်ခဲ့သည်။ ခရီးသည်များ
ငပိသိပ်ငချဉ်သိပ်တင်လာသော လော်ရီကားရောင်စုံများကို ကျွန်တော် ရေတွက်သည်။ ကားပေါ်ဝယ် ခရီးသည်များ ဆောင့်ကြောင့်ထိုင်လိုက်လာကြရသည်။ ကျွန်တော်အားတင်း၍
မျက်လုံးများ မှိတ်ထားသည်။ ပါးနှစ်ဖက် လေတိုးအောင် လုပ်သည်။ ပါးစပ်ဟပြီး လေကောင်းလေသန့် ရှူသွင်းသည်။ လူက နေလို့ကောင်း မလာသေး။ ကျွန်တော့်နံဘေးကို
လက်တို့နေပြန်သည်။ ဖာဇီလာ သို့မဟုတ် ကာရီမာ။
”ဘာလဲ”
”စွန်ပြိုင်ပွဲအကြောင်း ပြောနေတာ”ဟုဘာဘာလှမ်းပြောသည်။ ကားအလယ် ခုံတွင်ထိုင်သော ကာကာဟိုမေရောင်နှင့် သူ့ဇနီးနှစ်ယောက်က ကျွန်တော့်ကို ပြုံးကြည့်နေသည်။
”အဲဒီနေ့က စွန်အကောင်တစ်ရာကျော်မယ်နော်။ အဲဒီလောက်ရှိမယ် မဟုတ်လား အေမား”
”ထင်တာပဲ” ကျွန်တော့်မှာ ဗလုံးဗထွေး။
”အကောင်တစ်ရာလောက်ရှိတာ ဟိုမေရောင်။ နောက်ဆုံးတစ်ကောင်ထဲ ကျန်တာ အေမားရဲ့စွန်ပဲ။ နောက်ဆုံးပြတ်ကျတဲ့စွန်လည်း အိမ်မှာရှိပါ့ဗျာ။ အပြာရောင် လေး၊ လှတယ်ဗျ။
ဟက်ဆန်နဲ့ အေမား နှစ်ယောက်အတူ လိုက်ခဲ့တာ”
”တော်လိုက်တာ” ဟု ကာကာဟိုမေရောင်ပြောသည်။ လက်တွင် ကြွက်နို့ များသီးနေသည့် ကာကာ၏ပထမဇနီးက လက်ခုပ်စတီးသော် ဒုတိယဇနီးလည်း ပါလာပြီး တစ်ကားလုံး
လက်ခုပ်တွေတီးကြ ချီးမွမ်းကြနှင့် ရာဟင်ခန်တစ်ဦးသာ ခပ်မဆိတ် ရှိနေသည်။ သူ ကျွန်တော့်ကိုကြည့်နေပုံက တစ်မျိုးကြီးဖြစ်၏။
”ကားကို လမ်ဘေးရပ်ပေးပါ ဘာဘာ” ဟု ကျွန်တော်ပြောလိုက်သည်။
”ဘာ”
”ကျွန်တော် ကားမူးလို့” ဟု ဝူးဝူးဝါးဝါးဖြေပြီး ကာကာဟိုမေရောင်၏ သမီးအမွှာများပေါ် ကိုယ်ကြီးယိမ်းကျလာသည်။
ကောင်မလေးမျက်နှာ ရှုံ့မဲ့နေသည်။ ”ကားရပ်ပေးပါ ကာကာ။ သူဖျားနေပြီ။ သမီးအကျႌအသစ်ပေါ် သူအန်ချလိမ့်မယ်” ဟုကောင်မလေး သံကုန်ညှစ်အော်သည်။
ဘာဘာ ကားကိုလမ်းဘေးဆွဲချသည်။ သို့သော် ကျွန်တော်မရတော့။
မိနစ်အနည်းငယ်အကြာတွင် သူတို့တတွေ ဗင်ကားကိုလေထုတ်ကြစဉ် ကျွန်တော်က လမ်းဘေးကျောက်တုံးပေါ် ထိုင်နေသည်။ ငိုနေသောအမွှာထဲမှ တစ်ယောက်ကို သူတို့အဖေ
ကာကာဟိုမေရောင်က ဂျာလာလာဘက်ရောက်လျှင် အကျႌအသစ် ဝယ်ပေးမည်ဟုဆိုကာ ချော့သည်။ ဘာဘာက ကာကာဟိုမေရောင် နှင့်အတူ ဆေးတံသောက်သည်။
ကျွန်တော်မျက်စိမှိတ်ကာ နေမင်းဆီ မျက်နှာမူသည်။ နံရံပေါ် လက်ရိပ်အရုပ်ကစားသလို မျက်ခွံတွင်းဝယ် ပုံရိပ်ကလေးများ ထင်လာသည်။ ပုံရိပ်ကလေးများ လိမ်တွန့်စုစည်းသွားကာ
ပုံရိပ်တစ်ခုတည်းအဖြစ် ပီပြင်ထင်ရှား လာသည်။ ထိုပုံမှာ … လက်ကြားလမ်း အုတ်ကျိုးပုံပေါ် ပစ်တင်ထားသော ဟက်ဆန်၏ အညိုရောင် ချည်ကတ္တီပါ ဘောင်းဘီရှည်။
—————–
ဂျာလာလာဘက်တွင်ရှိသော ကာကာဟိုမေရောင်၏ အဖြူရောင်နှစ်ထပ် အိမ်ကြီး၏လေသာခန်းမှ မျှော်လိုက်လျှင် ပန်းသီးပင်၊ တယ်သီးပင်တို့ဖြင့် တံတိုင်း ခတ်ထားသော ခြံကျယ်ကြီးကို
အပေါ်စီးမှ လှမ်းမြင်ရလေသည်။ နွေအခါဆိုလျှင် ဥယာဉ်မှူးကြီးက ခြံစည်းရိုးကို တိရစ္ဆာန်ပုံပေါ်အောင် ညှပ်ထားသည်။ ခြံထဲတွင် မြစိမ်းရောင်ကြြွေပားခင်းထားသော ရေကူးကန်လည်းရှိရာ
ကျွန်တော်သည် ရေကန် အစွန်းတွင်ထိုင်ပြီး ခြေထောက်များတွဲလောင်းချထားသည်။ ကန်ခြေတွင် နှင်းများ ချွဲကျိနေသည်။ ကာကာဟိုမေရောင်၏ ကလေးများ တူတူပုန်းတမ်း ကစားနေကြ
သည်။ အမျိုးသမီးများ ချက်ပြုတ်နေကြပြီမို့ ကြက်သွန်ကြော်ရနံ့ရသည်။ ပေါင်းအိုး လေတိုးသံ၊ သီချင်းသံ၊ ရယ်သံ မကြားချင်မှအဆုံး။ လေသာခန်းပေါ်မှ ဘာဘာ၊ ရာဟင်ခန်၊
ကာကာဟိုမေရောင်၊ ကာကာနာဒါတို့ ဆေးတံခဲနေကြသည်။ ပြင်သစ်တွင် ရိုက်လာခဲ့သောဓာတ်ပုံဆလိုက်များ ပြသရန် ရုပ်သေပြစက်ကို တပါတည်းယူလာ ခဲ့ကြောင်း
ကာကာဟိုမေရောင်က ပြောပြနေသည်။ ကာကာတို့များ ပဲရစ်ကပြန်ရောက် လာသည်မှာ ဆယ်နှစ်ရှိပြီ။ ခုထိ ကြွားကောင်းတုန်း။
ဘာဘာနှင့် ကျွန်တော် သူငယ်ချင်းတွေ ဖြစ်ခဲ့ပြီ။ တလောတုန်းက ခြသေ့င်္ကြီးမာဂျန်ကိုကြည့်ဖို့ တိရစ္ဆာန်ရုံသွားကြသေးသည်။ လူအလစ်တွင် ကျွန်တော် က ဝက်ဝံကြီးကို
ခဲဖြင့်ဆော်ခဲ့သည်။ ရုပ်ရှင်ရုံပန်းခြံနှင့် မျက်နှာချင်းဆိုင်မှ စားသောက် ဆိုင်ကိုလည်း ဘာဘာနှင့်အတူ ရောက်ခဲ့ကြပြီး သိုးသားခပတ်စားကြသည်။ အိန္ဒိယနှင့် ရုရှားသို့ ရောက်ခဲ့စဉ်က
ကြုံတွေ့ခဲ့ရသမျှအကြောင်း ဘာဘာက ကျွန်တော့်ကို မနည်းမနောပြောပြခဲ့သည်။ ဘုံဘေတွင် လက်နှင့်ခြေမရှိသော ဇနီးမောင်နှံက အိမ်ထောင်သက် လေးဆယ့်ခုနစ်နှစ်ရှိကြောင်း၊
သားသမီးဆယ့်တစ်ဦး ပြုစုပျိုး ထောင်ခဲ့ကြောင်း ဘာဘာပြော၍သိရသည်။ ဘာဘာနှင့်အတူ တစ်နေ့လုံး စကားတွေ ပြော၊ လျှောက်လည်ခဲ့ရသည်။ နောက်ဆုံးမတော့
ကျွန်တော့ဆန္ဒပြည့်ဝခဲ့ပြီ။ သို့ရာ တွင် ကျွန်တော့်ရင်ထဲ ယခုတော့ထူးထူးခြားခြား။ ယခုကျွန်တော် ခြေထောက်တွဲ လောင်းချထားသော ရေကန်ဟောင်းလောင်းလို ကျွန်တော့်ရင်ထဲ
လပ်ဟာနေသည်။
နေကျသွားချိန်တွင် ဇနီးနှင့်သမီးများက ကျွန်တော်တို့အား ခူးခပ်ကျွေး သည်။ အာဖဂန်ရိုးရာဓလေ့အတိုင်း စားကြခြင်းဖြစ်ရာ အခန်းပတ်ပတ်လည် ဖုံပေါ် ထိုင်ကြသည်။ စားပွဲခင်းကို
ကြမ်းပြင်ပေါ်”ဖြန့်ခင်းကာ လေးဦးတစ်ဝိုင်း ငါးဦးတစ်ဝိုင်းစီ ဒေါင်းလန်းကြီးထဲ လက်ရေတပြင်စီး လက်ဖြင့်စားကြခြင်းဖြစ်သည်။ ကျွန်တော် မဆာသော်လည်း ဘာပဲဖြစ်ဖြစ် ဘာဘာတို့နှင့်
တစ်ဝိုင်းတည်းထိုင်သည်။ ဘာဘာ၊ ကာကာဖာရောက်၊ ကာကာဟိုမေရောင်၏ သားနှစ်ကောင်နှင့် ကျွန်တော်က ဒေါင်းလန်းတစ်ခုထဲတွင် စားသည်။ ညစာမစားခင် စကော့ဝီစကီ
အနည်းအကျဉ်း မော့ထားသော ဘာဘာက စွန်ပြိုင်ပွဲအကြောင်း လေချဉ်တက်၍ မပြီးသေး။ အားလုံးကို ကျွန်တော်က အပြတ်အသတ်နိုင်ခဲ့ပုံ၊ နောက်ဆုံးစွန်ကို ကျွန်တော်က အိမ်အပြန်
သယ်ခဲ့ပုံ။ ဘာဘာ့အသံဩကြီး အခန်းထဲဟိန်းနေသည်။ စားနေသည့်လူတွေ ဒေါင်းလန်းပေါ်မှ ခေါင်းထူကာ ချီးမွမ်းကြသည်။ ကာကာဖာရောက်က မပေသော လက်ဖြင့် ကျွန်တော့်ကျောကို
ပုတ်သည်။ ကျွန်တော့်အတွက်ကတော့ မျက်လုံးထဲ ဓားဦးနှင့်အဆွခံရသလို။
သန်းကောင်အကျော်တွင် ဘာဘာနှင့် ဝမ်းကွဲညီများ ပိုကာကစားပြီးကြ၍ ကျွန်တော်တို့ ညစာစားသည့်အခန်းထဲတွင်ပင် မွေ့ယာများခင်းအိပ်ကြသည်။ အမျိုးသမီးများ
အပေါ်ထပ်တက်သည်။ နောက်တစ်နာရီလွန်သွားသည်အထိ ကျွန်တော်အိပ်၍ မရနိုင်သေး။ ကျွန်တော့်ဆွေမျိုးတွေ တခေါခေါဟောက်နေ ကြသည့်တိုင် ကျွန်တော်ကတော့ အိပ်ယာထဲ
ဘယ်လူးညာလှိမ့်နှင့် ရေးရေးမျှမပျော်။ ကျွန်တော် ထထိုင်သည်။ ပြတင်းမှ လရောင်ကလေးထိုးနေသည်။
”ဟက်ဆန် မုဒိမ်းကျင့်ခံရတာကို ကျွန်တော်ကြည့်နေခဲ့တယ်”
ထိုစကားကို ကျွန်တော် ဘယ်သူ့ကိုမှ ပြောခြင်းမဟုတ်။ ဘာဘာသည် အိပ်ယာထဲ တလူးလူးတလိမ့်လိမ့် ရှိနေသည်။ ကာကာဟိုမေရောင်က အိပ်ပျော်ရင်း ညည်းလျက်။
တစ်ယောက်ယောက်နိုးလာပြီး ကျွန်တော့်စကားကို ကြားပါစေ ဆုတောင်းသည်။ သို့မှသာ ထိုဖုံးကွယ်မှုကြီးနှင့် ကျွန်တော် အတူဆက်နေသွားစရာ မလိုဘဲ လမ်းခွဲ၍ရမည်။
သို့သော် နိုးလာသူမရှိ။ ထိုအခါ တိတ်ဆိတ်မှုနှင့်အတူ ကျွန်တော်ဘေးသင့်ခဲ့သော ကျိန်စာ၏ သဘောသဘာဝကို နားလည်လာရတော့သည်။
ဟက်ဆန့်အိပ်မက်ကို အမှတ်ရမိသည်။ ရေကန်ထဲတွင် မိစ္ဆာကောင်မရှိ၊ ရေသာရှိသည်ဟု ဟက်ဆန်ပြောခဲ့သည်။ ထိုတစ်ချက်သာလျှင် ဟက်ဆန်မှားခဲ့သည်။ ရေကန်ထဲ မိစ္ဆာရှိနေပါသည်။
ထိုမိစ္ဆာကောင်က ဟက်ဆန့်ကို ခြေချင်းဝတ်မှ ချုပ်ကာ နောက်ကျိနေသော ကန်အောက်ခြေထိ ဆွဲချသွားခဲ့သည်။ ထိုမိစ္ဆာကောင်မှာ ကျွန်တော်ဖြစ်၏။
ညညအိပ်မရနိုင်ဘဲ မျက်စိကြောင်နေခဲ့သည့် ကျွန်တော့်ဘဝ ထိုညမှ စခဲ့သည်။
————
နောက်ရက်သတ္တပတ် ခါးလယ်ရောက်သည်အထိ ကျွန်တော် ဟက်ဆန့်ကို စကားမပြော။ နေ့လည်စာကို တစ်ဝက်သာစားသည်။ ဟက်ဆန်ပန်းကန်ဆေး နေသည်။ ကျွန်တော်
အပေါ်ထပ်တက် အခန်းအောင်းမည်အလုပ် ဟက်ဆန်က ကျွန်တော့်အား တောင်ကုန်းပေါ်တက်ကြဖို့ခေါ်သည်။ ကျွန်တော်မောနေသည်ဟု ပြောလိုက်သည်။ ဟက်ဆန့်ကြည့်ရသည်မှာလည်း
ပန်းလျနေပုံပင်။ ဟက်ဆန် ပိန်ကျသွားသည်။ မျက်အိတ်ဖောင်းဖောင်းအောက်တွင် အညိုရစ်ပေါ်နေသည်။ သို့သော်ဟက်ဆန် နောက်တစ်ခေါက်ထပ်ခေါ်သော် ကျွန်တော် မဆိုင်းမတွ
သဘောတူလိုက်သည်။
တောင်ကုန်းလေးပေါ် ခပ်သုတ်သုတ်တက်ကြသည်။ ရွှံ့ထူသော နှင်းခင်း လမ်းပေါ်ဝယ် ကျွန်တော်တို့ဖိနပ်တွေ တစွပ်စွပ်မြည်နေသည်။ နှစ်ဦးလုံး စကား မဆိုဖြစ်ကြ။
တလည်းသီးပင်အောက်ထိုင်တော့မှ ကျွန်တော်မှားမှန်းသိသည်။ ဤတောင်ကုန်းပေါ်ကို ကျွန်တော်တက်မလာသင့်။ ပင်စည်ပေါ်ဝယ် အလီ့စားဖို ဆောင်သုံးဓားဖြင့် ကျွန်တော်ကိုယ်တိုင်
ထွင်းခဲ့သောစာသား ”အေမားနဲ့ ဟက်ဆန် … ကဘူးမြို့ရဲ့ပသီဘုရင်များ”။ ယခုမူ ထိုစာသားကို ကျွန်တော်မကြည့်ဝံ့တော့ပြီ။
‘ရှာနာမာ’ကို ပြန်ဖတ်ပြပါရန် ဟက်ဆန်တောင်းဆိုသော် ကျွန်တော် စိတ်ပြောင်းသွားပြီဖြစ်ကြောင်း၊ အခန်းသာပြန်လိုကြောင်း ဖြေလိုက်သည်။ ဟက်ဆန် အကြည့်လွှဲ
ပခုံးတွန့်ရုံသာ။ နှစ်ယောက်သား တိတ်ဆိတ်စွာ လာလမ်းအတိုင်း ပြန်ဆင်းကြသည်။ ကျွန်တော့်ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် နွေဦးကို စောင့်နိုင်စွမ်းမရှိတော့။
—————–
ထိုနှစ် ၁၉၇၅ခု၏ ကျန်ဆောင်းရက်များသည် ကျွန်တော့်မှတ်ဉာဏ်ထဲ ရေးတေးတေးသာ ကျန်တော့သည်။ ဘာဘာ အိမ်မြဲနေ၍ ကျွန်တော်အတန်အသင့် ပျော်ခဲ့ရသည်ကို သတိရသည်။
ဘာဘာနှင့် ကျွန်တော် တူတူထမင်းစားသည်။ ရုပ်ရှင်အတူကြည့်သည်။ ကာကာဟိုမေရောင်နှင့် ကာကာဖာရောက်တို့ထံ အတူတူ လည်သည်။ တခါတလေ ရာဟင်ခန်ရောက်လာပါက
ဘာဘာက ကျွန်တော့်အား စာကြည့်ခန်းထဲ လူကြီးတွေနှင့်အတူ လက်ဖက်ရည်သောက်ခွင့်ပေးသည်။ ကျွန်တော့် ပုံဝတ္ထုတချို့ကိုပင် ဘာဘာက ကျွန်တော့်အား ဖတ်ပြခိုင်းသည်။
ကျွန်တော့်အဖို့ ကြည်မွေ့စရာချည်းပဲမို့ နောင်လည်း သည်အတိုင်း အရှည်တည်တံ့တော့မည်ဟုပင် ယုံထားခဲ့သည်။ ဘာဘာလည်း ကျွန်တော်နှင့် ထပ်တူထပ်မျှဟု ကျွန်တော်ထင်သည်။
ကျွန်တော်တို့သားအဖ နှစ်ဦးစလုံး အသိတရားပိုရှိခဲ့သင့်ပါသည်။ အကြောင်းမှာ တံခွန်စိုက်စွန်တိုက်ပွဲအပြီး သုံးလေးလလောက်ကတော့ ဘာဘာနှင့် ကျွန်တော် ချိုမြသော
ပုံရိပ်ယောင်ကလေးထဲ နစ်မျောသွားခဲ့ကြသည်။ တစ်ဦးကိုတစ်ဦး ယခင်နှင့်မတူသော ရှူထောင့်မှ မြင်ခဲ့ကြသည်။ မိမိတို့ကိုယ်ကို လှည့်စားခဲ့ကြသည်။ ဝါး၊ ကော်၊
စက္ကူမျှဖြင့်သာလုပ်ထားသော ကစားစရာလေးက ကျွန်တော်တို့နှစ်ဦး ကြားမှ ချောက်နက်ကြီးကို တစ်နည်းနည်းဖြင့် ရင်ကြားစေ့ပေးနိုင်လိမ့်မည်ဟု မိမိတို့ဖာသာ လှည့်စားခဲ့ကြသည်။
အပြင်ခဏခဏထွက်တတ်သော ဘာဘာ အပြင်ထွက်သွားချိန်တွင်မတော့ ကျွန်တော် အခန်းအောင်းသည်။ ဝတ္ထုဖတ်၊ ဝတ္ထုရေး၊ မြင်းပုံအဆွဲကျင့်သည်။ မနက်မနက်ဆိုလျှင် မီးဖိုထဲမှ
ချိုးချိုးချွတ်ချွတ် ဟက်ဆန့်အသံ၊ ငွေထည်ထိခတ်သံနှင့် လက်ဖက်ရည်အိုးဆူသံများ ကြားသည်။ တံခါးပိတ်သွားသံကြားမှ ကျွန်တော် အောက်ဆင်းထမင်းစားသည်။
ကျွန်တော့်ပြက္ခဒိန်တွင် ကျောင်းဖွင့်မည့်ရက်ကို ဝိုင်းထားပြီး ရက်တွက်နေခဲ့သည်။
စိတ်တိုစရာကောင်းသည်က ဟက်ဆန်သည် ကျွန်တော်တို့နှစ်ဦးကြားမှ ကိစ္စလေးများကို ယခင်လိုဖြစ်အောင်နွှေးနေသည်။ နောက်ဆုံးအခေါက်ကို ကျွန်တော် မှတ်မိသေးသည်။
ဖာစီဘာသာပြန် အိုင်ဗင်ဟိုဝတ္ထုကို ကျွန်တော်ဖတ်နေစဉ် ဟက်ဆန် ကျွန်တော့်အခန်းတံခါး လာခေါက်သည်။
”ဘာကိစ္စလဲ”
ဟက်ဆန်သည် အခန်းအပြင်မှနေ၍ ”ငါမုန့်သွားဝယ်မလို့။ အဲဒါ … အဲဒါ … မင်းကောလိုက်မလားလို့”
”ငါစာဖတ်မလို့” ဟုဖြေရင်း နားသယ်ကို နှိပ်သည်။ ခုတလော ဟက်ဆန် ကျွန်တော့်အနီး ရစ်သီရစ်သီလုပ်လာလျှင် ကျွန်တော်ခေါင်းကိုက်ပစ်လိုက်မြဲ။
”နေသာနေတယ်”
”ငါမြင်ပါတယ်”
”လမ်းလျှေက်ထွက်ရရင် ပျော်စရာကြီးနေမှာနော်”
”မင်းထွက်ပေါ့”
”အစ်ကိုအေမားကိုပါ လိုက်စေချင်တယ်” ထိုနေရာတွင် စကားတန့်နေပြီး တံခါးပေါ် အလေးအပင်တစ်ခု လာတိုက်သည်။ ဟက်ဆန့်နဖူးဖြစ်နိုင်သည်။
”အစ်ကိုအေမားပေါ် ငါဘာလုပ်ခဲ့မိမှန်း မသိဘူး။ ငါ့ကိုပြောပြပါလား။ ဘာဖြစ်လို့ အတူမဆော့တော့တာလဲ”
”မင်း ငါ့ကို ဘာမှမလုပ်ပါဘူး၊ ဟက်ဆန်။ သွားမှာသာသွားကွာ”
”ပြောပြပါလား၊ ဒါဆို နောက်မလုပ်တော့ဘူး”
ကျွန်တော် ပေါင်ခွင်ပေါ် ခေါင်းမှောက်ချပြီး ပြုတ်တူညှပ်သလို နားသယ်ကို ဒူးနှစ်လုံးဖြင့် ညှပ်ထားသည်။ ”မင်းနောက်မလုပ်ဖို့ကိစ္စကို ငါပြောပြမယ်” ဟုဆိုကာ မျက်စိများ
တင်းတင်းမှိတ်ထားသည်။
”ဘာဖြစ်ဖြစ် ပြောပါ”
”ငါ့ကိုနှောက်ယှက်နေတာတွေ ရပ်စေချင်ပြီ။ ငါနဲ့ဝေးဝေးနေ”
………………………………………
………………………………………..
……………………………………………
_________________________________
ဆက်ပါဦးမည် .။
_____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER
မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________–
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်
မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ..
2009 / ဇွန် ၊ ပထမ အကြီမ် ။
စာမျက်နှာ စုစုပေါင်း…350
13 x 21 စင်တီဆိုဒ်
စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________
လေးစားစွာဖြင့်..
……………….
9 comments
စိန်ဗိုက်ဗိုက်
June 21, 2012 at 6:58 pm
အူးအလင်းဆက်ရေ..
ကူးသွားဘာဒယ်..ဗျား..
ဗွမ်း..ဗွမ်း..ဗွမ်း..အဲလေ..ရေကူးတာနဲ ့မှားတွားလို ့..
ခစ်ခစ်..ဗျစ်..
တာဝန်ကျေပါပေ့ရဲဘော်..
သာဓု..သာဓု…
မောင်ပေ
June 21, 2012 at 9:03 pm
အုဗိုက် သာဓု ကို တစ်ကြိမ် ထပ်ဖြည့်ပေးပြီး
ကျုပ် လဲ ကူးသွားပါကြောင်းးးး
ကျေးကျေးဘာနော် လင်းလင်းစက်
အလင်းဆက်
June 21, 2012 at 7:02 pm
ဦးစိန်..တို ့လာရင် အသံကို စုံ..နေတာပဲ.။
သာဓုပါတော်..သာဓု..သာဓု….
မိုး မင်းသား
June 21, 2012 at 7:08 pm
အလင်းဆက်ရေ………
အပိုင်း(၁၃)ကိုဖတ်ရတာ…တော်တော်မောသွားပါတယ်ခင်ဗျ…….
လေးစားပါတယ်ဟက်ဆန်လေးရေ……
သခင် ့အပေါ်သစ္စာရှိမှု ့ကအံ ့မခန်းစရာပါနော်….
ဒါနဲ ့စိန်ဗိုက်က….စိန်ပေါက်ပေါက်မဟုတ်လား….
ဗျစ်..ဗျစ်ကဘာတုန်းဗျ…….
အလင်းဆက်
June 21, 2012 at 7:15 pm
ဟုတ်ကဲ ့ မိုးမင်းသမီးကြီးရေ…
တိမ်ယံသစ္စာ တစ်အုပ်လုံးကို ဖတ်ပြိးရင် အဲဒီ ထက် အဆ များစွာ.မောပြီးကျန်ခဲ့နိုင်ပါတယ်..လို ့ကြိုပြောပါရစေ.။
ဟက်ဆန်…အစား..မောရတယ် ပြီးတော့ ပြန်လည် ပေးဆပ်မယ့် အေမား အစားလည်းမောရမယ်..ပြီးတော့ အခြား အရာများစွာကြောင့်လည်း..မောရဦးမယ် ။
စိန်ဗိုက်ရဲ ့ ဗျစ်..ဗျစ်ကတော့ ကျွန်တော် ထင်တာ..ထွက် ကျတာ လားမသိ..။
အဟိ ။
စိန်ဗိုက်ဗိုက်
June 21, 2012 at 7:24 pm
ဟုတ်တယ် အကိုရေ..
ဒက်ပါ ခံထားလို ့သာ တော်သေးတာပ
ဗျစ်..ဗျစ်စ်..
အလင်းဆက်
June 21, 2012 at 7:28 pm
ဟဲ ့..ပလုပ်တုတ်….
ကျွန်တော့် ပို ့စ်တော့ နံကုန်ပါတော့မယ်.
ဖတ်သူများ နှာခောင်းလေးပိတ်ပြီး ဖတ်တော်မူကြပါဂျို ့..။
ဒီမှာ စိန်ဗိုက်ကြီး.. အင်း အင်းတွေ…ထွက် ကျ နေလို ့…..
အဟိ…. တို ့မီးရှို ့မီး.လုပ်လိုက်ပြီ…
shwe kyi
June 22, 2012 at 10:38 am
ဟုတ် နှာခေါင်းလေးပိတ်ပြီးဖတ်သွားပါတယ်။
အေမားက အဖြစ်အပျက်တွေကိုမေ့ထားပြီး အတိတ်ကနေထွက်ပြေးချင်နေပုံပဲ။
ဟက်ဆန်ကိုရှောင်နေတယ်။
အလင်းဆက်
June 22, 2012 at 6:01 pm
ရွှေကြည်ရေ…အေမား..နောင်တတွေ ရနေပြီ။ သူ..ရပ်ကြည့်နေခဲ့..တာ မှားတယ်.လို ့ သူ ခံစားနေရပြီ.။
အပု်ိုုင်း 15 မှာ…သူ တစ်ခုခု လုပ်ဖို ့ ဆုံးဖြတ်လိုက်တယ်..။