တိမ်ယံသစ္စာ အပိုင်း ( ၁၅ )
”အစ်ကိုအေမားပေါ် ငါဘာလုပ်ခဲ့မိမှန်း မသိဘူး။ ငါ့ကိုပြောပြပါလား။ ဘာဖြစ်လို့ အတူမဆော့တော့တာလဲ”
”မင်း ငါ့ကို ဘာမှမလုပ်ပါဘူး၊ ဟက်ဆန်။ သွားမှာသာသွားကွာ”
”ပြောပြပါလား၊ ဒါဆို နောက်မလုပ်တော့ဘူး”
ကျွန်တော် ပေါင်ခွင်ပေါ် ခေါင်းမှောက်ချပြီး ပြုတ်တူညှပ်သလို နားသယ်ကို ဒူးနှစ်လုံးဖြင့် ညှပ်ထားသည်။ ”မင်းနောက်မလုပ်ဖို့ကိစ္စကို ငါပြောပြမယ်” ဟုဆိုကာ မျက်စိများ
တင်းတင်းမှိတ်ထားသည်။
”ဘာဖြစ်ဖြစ် ပြောပါ”
”ငါ့ကိုနှောက်ယှက်နေတာတွေ ရပ်စေချင်ပြီ။ ငါနဲ့ဝေးဝေးနေ”
________________________________________
”ငါ့ကိုနှောက်ယှက်နေတာတွေ ရပ်စေချင်ပြီ။ ငါနဲ့ဝေးဝေးနေ” ဟု ကျွန်တော် ငေါက်ထည့်လိုက်သည်။ ကျွန်တော့်နည်းနာအတိုင်း သူကျွန်တော့်ကို ပြန်လုပ်စေ ချင်သည်။
တံခါးဆောင့်ဖွင့်ပြီး ပြန်အော်စေချင်သည်။ ဤနည်းဖြင့် ကျွန်တော်တို့ ကြားမှ အဖုအထစ်ကိုရှင်းရန် ပိုလွယ်ကူသွားလိမ့်မည်။ သို့သော်ဟက်ဆန်သည် ဘာဆိုဘာမျှ မလုပ်ဘဲ အတန်ကြာမှ
ကျွန်တော်တံခါးဖွင့်ကြည့်လိုက်ရာ သူမရှိတော့။ ကျွန်တော် အိပ်ယာပေါ်ပုံလဲကာ ခေါင်းအုံးမျက်နှာအပ်၍ငိုသည်။
ထိုကိစ္စဖြစ်ပြီးနောက်ပိုင်းတွင် ဟက်ဆန်သည် ကျွန်တော်နှင့် ခပ်ဝေးဝေးမှ နေသည်။ သူနှင့်ကျွန်တော် မတိုးမိအောင် ကျွန်တော့်ဘက်ကလည်း အစီအစဉ်ချထား သည်။
အဘယ်ကြောင့်ဆိုသော် အနီးအနားတွင် သူရှိနေလျှင် အခန်းထဲမှ အောက်စီ ဂျင်များ ယိုစိမ့်ထွက်သွားသည်။ ကျွန်တော့်ရင်အုံထဲ တင်းကျပ်ပြီး အသက်ကောင်း ကောင်း မရှူသွင်းနိုင်တော့။
လေမဲ့ရပ်ဝန်းတွင် ကျွန်တော် ဟောဟဲလိုက်နေသည်။ သို့သော် အနီးအနားတွင် သူမရှိလျှင်လည်း နေရာတိုင်းသူရှိနေပါသည်။ ကြိမ်ကုလား ထိုင်ပေါ်မှ လက်နှင့် လျှော်ဖွပ်မီးပူထိုးထားသော
အဝတ်အစားများတွင် သူရှိသည်။ တံခါးအပြင်ဘက်ချထားသော နွေးနွေးထွေးထွေး လွှာဖိနပ်တွင်သူရှိသည်။ ကျွန်တော် အောက်ထပ်ဆင်း၊ မနက်စာစားချိန်တွင် မီးရှိန်တက်နေပြီဖြစ်သော
မီးလင်းဖိုထဲမှ ထင်းချောင်းများတွင် သူရှိသည်။ ဘယ်နေရာ လှည့်ကြည့်လှည့်ကြည့်၊ သူ၏သစ္စာရှိမှု … သူ့သစ္စာတုံးကြီးကိုသာ တွေ့နေရသည်။
နွေဦးဝင်စ ကျောင်းမဖွင့်မီ ရက်ပိုင်းအလိုတွင် ဘာဘာနှင့် ကျွန်တော်ခြံထဲ ကျူးလစ်ပန်းပင်စိုက်ကြသည်။ နှင်းခဲအများစု အရည်ပျော်သွားကြပြီမို့ မြောက်ဘက် တောင်တန်းများပေါ်တွင်
အားမွေးစမြက်ခင်းစိမ်းလွင်ပြင်များ အကွက်အပြောက် ထနေသည်။ ဝန်းကျင်သည် ဖြူရော်အေးမြလျက်။ ဘာဘာသည် ကျွန်တော့်ဘေးနား ဆောင့်ကြောင့်ထိုင်ကာ မြေတူးလိုက်၊
ကျွန်တော်ကမ်းပေးသော ပန်းဥများမြှုပ်ကာ စိုက်လိုက်နှင့် ကျွန်တော့်ကိုလည်း စကားတပြောပြောရှိနေသည်။ ကျူးလစ်ပန်း ဆောင်းတွင်းစိုက်လျှင် အကောင်းဆုံးဆိုသော
လူပြောသူပြောစကား အဘယ်မျှ မှားကြောင်း ဘာဘာက ကျွန်တော့်အားပြောပြသည်။
ကျွန်တော်လည်း အချက်ကျသည့်နေရာတွင် ဘာဘာ့ကိုသွေးတိုးစမ်းကြည့် သည်။ ”ဘာဘာ၊ အစေခံအသစ်တွေခေါ်ဖို့ စိတ်ကူးမရှိဘူးလား”
ဘာဘာသည် ကျူးလစ်ပန်းဥကိုချ၊ တူရွင်းပြားကို မြေကြီးထဲစိုက်ကာ ဥယာဉ်ခြံသုံးလက်အိတ်များကိုချွတ်သည်။ ကျွန်တော့်ကြောင့် ဘာဘာ အလန့်တကြား ဖြစ်သွားပြီ။
”အေမား ဘာပြောတာလဲ”
”ကျွန်တော် တွေးရုံတွေးကြည့်တာပါ”
”ဘာကြောင့် လူသစ်ခေါ်ရမှာလဲ” ဟု ဘာဘာ မာဆတ်စွာမေးသည်။
”ကျွန်တော်မေးကြည့်ရုံပါ” ဟူသောကျွန်တော့်စကား အဖျားဆွတ်တိမ်ဝင် သွားသည်။ ပြောမိသည့်အပေါ် ခုပင်ကျွန်တော် စိတ်မကောင်းဖြစ်နေပြီ။
”ဒါဟက်ဆန်နဲ့ မင်းရဲ့ကိစ္စလား။ မင်းတို့နှစ်ယောက်ကြားမှာ ပြဿနာ ရှိတယ်ဆိုတာ ဘာဘာသိတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒါမင်းရဲ့ကိစ္စပဲ။ ဘာဘာ့ ကိစ္စမဟုတ်ဘူး။ ဘာဘာ
ဘေးထွက်ထိုင်နေတယ်”
”ကျွန်တော် စိတ်မကောင်းပါဘူး၊ ဘာဘာ”
ဘာဘာ လက်အိတ်ပြန်စွပ်သည်။ ”ဘာဘာလည်း အလီနဲ့အတူ ကြီးလာ တာပဲ” ဟု သွားကြီးစေ့၍ပြောသည်။ ”ဘာဘာ့အဖေက အလီ့ကိုအိမ်ခေါ်လာတယ်။ အလီ့ကို
သားရင်းနဲ့မခြား ချစ်ခဲ့တာ။ ဘာဘာတို့မိသားစုနဲ့ အလီ တစ်အိမ်ထဲ နေလာခဲ့ကြတာ နှစ်ပေါင်းလေးဆယ်ရှိပြီ။ နှစ်ပေါင်းလေးဆယ်တောင် ရှိပြီကွ။ ဒါနဲ့တောင် မင်းကဒီလိုထင်သလား။
ဘာဘာ သူ့ကိုနှင်ထုတ်မယ်လို့ ထင်သလား” ပြောနေရင်း ဘာဘာ ကျွန်တော့်ဘက်လှည့်ကြည့်သည်။ ဘာဘာ့မျက်နှာသည် ကျူးလစ်ပန်းကို ရဲရဲတွတ်နေသည်။ ”ဘာဘာ
မင်းကိုတစ်ခါမှ လက်ဖျားနဲ့ မထိဖူး ဘူး။ ဒါပေမယ့် ဒီစကားနောက်တစ်ခါ ပြောလို့ကတော့ …” ဘာဘာ မျက်နှာလွှဲ သည်။ ခေါင်းရမ်းပြီး ”မင်းကြောင့် ဘာဘာရှက်ရတယ်။ ပြီးတော့
ဟက်ဆန် … ဟက်ဆန် ဘယ်မှမသွားဘူး။ နားလည်လား အေမား”
ကျွန်တော် ခေါင်းငုံ့ပြီး အေးစိမ့်နေသော မြေစာခဲများ လက်တစ်ဆုပ်စာ ကောက်ယူ၍ လက်ကြားထဲမှလျှောချသည်။
”နားလည်လားလို့ မေးနေတယ်” ဟု ဘာဘာအော်ချရာ ကျွန်တော် တွန့်ပြီး ”ဟုတ်ကဲ့ ဘာဘာ” ဟုဖြေပေးသည်။
”ဟက်ဆန် ဘယ်မှမသွားဘူးကွ” ဟု ဘာဘာငေါက်သည်။ တူရွင်းဖြင့် တွင်းသစ်တူးရာ လိုအပ်သည်ထက် အားကိုပိုသုံးသည်။ ”သူက ဘာဘာတို့နဲ့ ဒီအိမ်မှာပဲနေမှာ။ ဒါသူ့အိမ်။
ဘာဘာတို့ဟာ သူ့မိသားစု။ ဒီလို မတော်တရော် မေးခွန်းမျိုး နောင်ဘယ်တော့မှ မမေးနဲ့”
”မမေးတော့ပါဘူး ဘာဘာ။ ကျွန်တော် စိတ်မကောင်းပါဘူး”
ကျန်သော ကျူးလစ်ပန်းဥများကို တိတ်ဆိတ်စွာစိုက်ခဲ့ကြသည်။
—————
နောက်အပတ် ကျောင်းတွေဖွင့်သောအခါ ကျွန်တော်ပေါ့ပါးသွားသည်။ ချွန်ပြီးသားခဲတံကိုယ်စီ၊ ဗလာစာအုပ်အသစ်ကိုယ်စီဖြင့် ကျောင်းသားလေးများ ကျောင်းဝင်းထဲ မှိုလိုပေါက်နေသည်။
အချင်းချင်းတွတ်ထိုးကြ၊ ဖုန်ထအောင်ကန်ကြနှင့် အတန်းခေါင်းဆောင် ဝီစီမှုတ်သံကို စောင့်နေကြသည်။ မှန်ပြတင်းများ ကွဲအက် လျက်ရှိသော၊ ကျောက်ခင်းစင်္ကြံလမ်းကလည်း
မှောင်လျက်ရှိသော နှစ်ထပ်ကျောင်း ဆောင်သည် အိုမင်းလျက်ရှိချေပြီ။ အင်္ဂတေကွာကျကာ အကွက်အကွက်ထလျက် ရှိသော နံရံ၏မူလအရောင် နွံဝါရောင်ကိုမူ ကြိုကြိုကြားကြား
မြင်ရနိုင်သေးသည်။
ကျောင်းသားအများစုသည် ကျောင်းကိုခြေကျင်လာသည်။ ဘာဘာ၏ အနက်ရောင်မြင်းရိုင်းကားကြီးကတော့ မနာလိုဖြစ်ချင်စရာထက်ပင် ပိုသေးသည်။ ဘာဘာ
ကျွန်တော့်ကိုကားပေါ်မှချပေးစဉ် ကျွန်တော့်မျက်နှာကြီး ဝြံ့<ွကားဝင်းပနေ သင့်သော်လည်း ကျွန်တော် တကယ်ဖြစ်နေသည်က အပျော့စားအရှက်ရမှု။ ထို့ပြင် လပ်ဟာနေခြင်း။ ဘာဘာသည်
ဂွဒ်ဘိုင်မပြောဘဲ ကားမောင်းထွက်သွားသည်။
စွန်ပြိုင်ပွဲဒဏ်ရာများ ပြိုင်ကြသည်ကို ကျွန်တော် လျစ်လျူရှူကျော် ဖြတ်လာပြီး လူတန်းထဲဝင်တန်းစီသည်။ ခေါင်းလောင်းထိုးပြီ။ သတ်မှတ်ထားသော စာသင်ခန်းထဲ ဝင်လာကြသည်။
ကျွန်တော်က နောက်ဘက်ခုံတွင်ထိုင်သည်။ ဖာစီ ဆရာက သင်ရိုးညွှန်းတမ်း စာအုပ်များဝေစဉ် အိမ်စာတွေ တနင့်တပိုးကြီးပေးပါစေဟု ကျွန်တော်ဆုတောင်းသည်။
ကျောင်းကြောင့် ကျွန်တော် အခန်းအောင်းချိန်ပိုရခဲ့သည်။ ဆောင်းတွင်းတုန်း က အဖြစ်အပျက် – ကျွန်တော် အသာကြည့်နေခဲ့သည့်ပြစ်မှုမှ ကျွန်တော့်စိတ်ကို ခဏတဖြုတ်
ဖယ်ခွာ၍ရခဲ့သည်။ ဟက်ဆန်နှင့် ဟက်ဆန်ဖြစ်ပျက်ခဲ့ပုံတို့အစား ကမ္ဘာမြေကြီးဆွဲအား၊ အဟုန်၊ အက်တမ်နှင့် ဆဲလ်များ၊ အင်္ဂလို-အာဖဂန်စစ်ပွဲ များနှင့်သာ ကျွန်တော်
ထွေးလုံးရစ်ပတ်ဖြစ်နေခဲ့သည်။ သို့ရာတွင် ကျွန်တော့်စိတ် သည် လက်ကြားလမ်းထဲ ပြန်ရောက်သွားမြဲ။ အုတ်ပုံပေါ်မှ ဟက်ဆန်၏ အညိုရောင် ချည်ကတ္တီပါဘောင်းဘီပေါ်
ကျွန်တော့်စိတ်ကလေး ချွတ်နင်းထွက်ခွာသွားသည်။ နှင်းပွင့်တွေပေါ် တစက်စက်ကျနေသည့် အနီစွေးစွေးသွေးစက်တွေဆီ အတွေးတွေ ထပ်ချပ်မကွာလိုက်ပါသွားသည်။္ထ
——————–
မြူထသော နွေတစ်ရက်။ နေ့လည်ပိုင်းတွင် ကျွန်တော်က ဟက်ဆန့်အား တောင်ကုန်းပေါ်တက်ကြရအောင်ဟု ခေါ်သည်။ ကျွန်တော်ကိုယ်တိုင်ရေးထားသော ဇာတ်လမ်းတစ်ပုဒ်
ဖတ်ပြမည်ဟု ပြောထားသည်။ ဟက်ဆန်က ခြံထဲတွင် အဝတ်များ လှန်းနေသည်။ ဖုတ်ပူမီးတိုက်အလုပ်လုပ်နေသော ဟက်ဆန်၏ စိတ်အားထက်သန်မှု ကို ကျွန်တော်မြင်နေရသည်။
တောင်ကုန်းပေါ်တက်ကြစဉ် ကျွန်တော်တို့ထွေရာလေးပါး ပြောဖြစ်ကြ သည်။ သူက ကျွန်တော့်ကျောင်းအကြောင်းမေးသည်။ ဘာတွေသင်ရလဲမေးသည်။ ကျွန်တော်က
ကျောင်းမှဆရာတွေအကြောင်း၊ အထူးသဖြင့် သင်္ချာဆရာဒဏ်ပေးပုံကို ပြောပြသည်။ စကားများသောကျောင်းသားများအား လက်ချောင်းကြားထဲ သတ္တုချောင်း ထည့်ညှစ်ကြောင်း
ပြောသောအခါ ဟက်ဆန်သည် မျက်နှာရှုံ့မဲ့ပြီး ကျွန်တော့်အတွက် ပူနေသည်။ ငါကံကောင်းပါတယ်ကွာ ဟုဟက်ဆန့်ကိုပြောလိုက်သည်။ ကံတရား ဟူသည် ဘယ်နေရာမှ
အသုံးမဝင်အရာမထင်မှန်း ကျွန်တော်သိပြီးသား။ တကယ် တော့ အတန်းထဲတွင် ကျွန်တော်လေဖောပြီးပြီ။ သို့သော် ကျွန်တော့်အဖေ သူဌေးမှန်း လူတိုင်းအသိ။ ထိုဒဏ်မျိုးမှ ကျွန်တော်
လွတ်ငြိမ်းချမ်းသာခွင့်ရသည်။
တလည်းပင်ကြီး၏ သစ်အေးရိပ်အောက် သုသာန်တံတိုင်းပုလေးကို ကျွန် တော်တို့မှီပြီး ထိုင်ကြသည်။ နောက်တစ်လနှစ်လအတွင်း တောင်စောင်းတစ်ခုလုံး
ရွှေအိုရောင်လွှမ်းရတော့မည်ဖြစ်သော်လည်း ခါနွေဦးက ခါတိုင်းလိုမဟုတ်ဘဲ နွေမပီ ရာသီလင့်ကာ ဖင့်နွှဲနေခဲ့သည်။ မြက်ရိုင်းတို့ ဝါရော်ညှိုးခြောက်ရမည့်အစား အဆုပ် အခဲ
အပွင့်အဖူးများဖြင့်သာ စိမ်းလဲ့ယိမ်းနွဲ့နေသည်။ အောက်ဘက်တွင် နေရောင် အောက် ထင်းကြွနေသော ဝဇီရာအက္ခဘာခန်ရပ်ကွက်၏ နံရံမြင့်ခေါင်မိုးပြား တိုက်တာအိမ်ယာများ။
ခြံဝင်းများထဲလှန်းထားသော လျှော်ဖွပ်ပြီးအဝတ်များကား လေအသွဲ့တွင် တနွဲ့နွဲ့နှင့် လေပြည်အလာ မြူးကနေသော လိပ်ပြာလေးများနှင့်မခြား။
ကျွန်တော်တို့ တလည်းသီး တစ်ဒါဇင်ခန့်ခူးသည်။ တစ်ပါတည်းပါလာ သော ဝတ္ထု၏ ပထမဆုံးစာမျက်နှာကို ကျွန်တော်ဖွင့်ပြီး စာအုပ်ချထားလိုက်သည်။ ကျွန်တော်ထရပ်ပြီး
ကြွေကျနေသော အမှည့်လွန်တလည်းသီးတစ်လုံး ကောက်ကိုင်ကာ ''မင်းကို ငါ ဒီအသီးနဲ့ပေါက်ရင် မင်းငါ့ကိုဘာပြန်လုပ်မလဲ'' ဟု တလည်းသီးကို မြှောက်ဆော့ရင်း
ဟက်ဆန့်ကိုမေးကြည့်သည်။
ဟက်ဆန့်အပြုံး နွမ်းယဲ့သွားသည်။ ကျွန်တော်မှတ်မိသည်ထက် ဟက်ဆန် သည် အသက်ပိုကြီးနေသည်။ မဟုတ်သေး၊ အသက်ကြီးခြင်းမဟုတ်။ ရင့်ရော် သွားခြင်းဖြစ်၏။
ဖြစ်နိုင်ပါ၏လော။ သူ၏နေလောင်မျက်နှာ ပါးရေနားရေတွန့် နေသည်။ မျက်လုံးနှင့် ပါးစပ်တဝိုက်မှ ခေါက်ကြောင်းများသည် ကျွန်တော်ကိုယ်တိုင် ဓားတစ်လက်ယူပြီး ကိုယ့်ဟာကိုယ်
ထွင်းယူလို့ရသည်အထိ နက်ရှိုင်းနေသည်။
''မင်း ဘာပြန်လုပ်မလဲ'' ဟု ကျွန်တော်ထပ်မေးသည်။
သူ့မျက်နှာသွေးဆုတ်သွားသည်။ သူ့ဘေးနားတွင် ကျွန်တော်ဖတ်ပြမည် ဆိုသော ပုံဝတ္တု – တွဲထားသောစာရွက်များ လေအခတ်တွင် တဖျပ်ဖျပ်ဖြစ်လျက်။ ကျွန်တော် သူ့ကို
တလည်းသီးဖြင့် ပစ်ပေါက်လိုက်သည်။ တလည်းသီးက သူ့ ရင်ဘတ်ကိုထိမှန်ပြီး နီရဲစိုရွှမ်းသော အနှစ်များပေါက်ထွက်လာသည်။ ဟက်ဆန့်အော် သံသည် အသားနာခြင်းနှင့်
အံ့ဩသွားခြင်း နှစ်ခုပေါင်းဖြစ်၏။
''ပြန်ပေါက်လေကွာ'' ဟု ကျွန်တော်အော်ရာ ဟက်ဆန်သည် ပေစွန်းသွား သော သူ့ရင်ဘတ်ကို ငုံ့ကြည့်နေရာမှ ကျွန်တော့်ကိုကြည့်သည်။
''ထ၊ ငါ့ကိုပြန်ပေါက်'' ဟု ကျွန်တော်ပြောတော့ ဟက်ဆန်ထရပ်ပါသည်။ သို့သော် ရပ်ရုံရပ်နေပြီး မှင်တက်တွေဝေနေသည်။ သာဓကဆောင်ရလျှင် သောင်ယံ ပေါ် အေးအေးလူလူ
လမ်းလျှောက်ထွက်နေရာမှ ရုတ်တရက် ဒီရေတရကြမ်းတက်ကာ ပင်လယ်ထဲဒရွတ်ဆွဲ အခေါ်ခံသွားရသူပမာ မှင်တက်နေသည်။
ကျွန်တော် သူ့ကို တလည်းသီးနောက်တစ်လုံး ထပ်ပေါက်ရာ သည်တစ် ကြိမ် ပခုံးထိသည်။ တလည်းသီးအနှစ်ချွဲချွဲများ မျက်နှာသွားစဉ်သည်။ ''ပြန်ပေါက်ကွ'' ဟု
ကျွန်တော်ငေါက်သည်။ ''ငါ့ကိုပြန်ပေါက်ကွ။ သောက်ကောင်ရ''။ ကျွန်တော့်ကို ပြန်ပေါက်စမ်းပါတော့။ သူပေးသည့် အပြစ်ဒဏ်ကို ကျွန်တော့်မှာ အာသာငမ်းငမ်း တောင့်တခဲ့ရသည်။
သို့မှသာ ကျွန်တော်ညအိပ်ပျော်နိုင်မည်။ သို့မှသာ ကျွန်တော်တို့ နှစ်ဦးကြား အားလုံးပုံမှန်ပြန်ဖြစ်နိုင်မည်။ သို့သော် ကျွန်တော် သူ့ကိုတလည်းသီးဖြင့် တရစပ်ပေါက်နေသည့်တိုင် သူ
ကျွန်တော့်ကို ဘာမှပြန်မလုပ်။ ''မင်းစကြောက် … မင်းသတ္တိမရှိတဲ့ကောင်''
ကျွန်တော် သူ့ထံဘယ်လောက်တောင် ပစ်ပေါက်နေမိမှန်းမသိ။ ကျွန်တော် သိသည်က ကျွန်တော် အပစ်ရပ်လိုက်ချိန်တွင် ကျွန်တော်ကိုယ်တိုင် ခြေကုန်လက်ပန်း ကျနေပြီ။
ဟက်ဆန်ကတော့ သေနတ်ပစ်တပ်ဖွဲ့တစ်ဖွဲ့လုံး ဝိုင်းပစ်ခြင်းကို ခံလိုက်ရသ ကဲ့သို့ တစ်ကိုယ်လုံး နီရဲရွှဲနေသည်။ ကျွန်တော် ဒူးများညွတ်ပြိုသွားသည်။ ပန်းလျ အားကုန်၍
စိတ်စက်ပါကွဲပြိုသွားသည်။
ယခုမှ ဟက်ဆန် တလည်းသီးတစ်လုံး ကောက်သည်။ ကျွန်တော့်ဆီ သူလျှောက်လာသည်။ တလည်းသီးကိုခွဲပြီး သူ့နဖူးနှင့် ရိုက်ချလိုက်၏။ ''ကဲကွာ'' သူ့မျက်နှာမှ အနှစ်နီနီများ
သွေးထွက်သလို ယိုကျလာသည်။ ''မင်းကျေနပ်ပြီလား။ မင်းနေသာသွားပြီလား'' ဟု သူအက်ကွဲစွာပြောပြီး ချာခနဲလှည့်ကာ တောင်ကုန်း အတိုင်း ပြေးဆင်းသွားသည်။
ကျွန်တော် မျက်ရည်တမံကျိုးခဲ့ရသည်။ ဒူးထောက်လျက်သား ရှေ့တိုး နောက်ငင် ယိမ်းထိုးလှိုက်ဖိုနေသည်။ ''ငါ မင်းကို ဘာဆက်လုပ်ရမလဲ ဟက်ဆန်။ ငါ ဘာဆက်လုပ်ရမလဲ''
မျက်ရည်သွေ့စ တောင်ကုန်းပေါ်မှ ကျွန်တော် မလှမ်းချင့်လှမ်းချင် ဆင်းလာချိန်တွင်မူ ဤမေးခွန်း၏အဖြေကို သိခဲ့ရပြီ။
——————-
…………………
…………………..
…………………………
_________________________________
ဆက်ပါဦးမည် .။
_____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER
မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________–
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်
မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ..
2009 / ဇွန် ၊ ပထမ အကြီမ် ။
စာမျက်နှာ စုစုပေါင်း…350
13 x 21 စင်တီဆိုဒ်
စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________
လေးစားစွာဖြင့်..
……………….
3 comments
မိုး မင်းသား
June 22, 2012 at 6:09 pm
ဟက်ဆန်အတွက်……..
ငိုချင်လာမိပြီ….အလင်းဆက်ရေ…….
စိတ်ဝင်စားလာပြီ……..သူငယ်ချင်းဆီကတောင်းပြီးအပြီးဖတ်တော ့မယ်…….
မောင်ပေ
June 22, 2012 at 8:17 pm
ဒီတစ်ပိုင်း ကို ခဏလောက်ဖတ်ကြည့်မိတော့မှ ၊ တိမ်ယံသစ္စာကို အစကနေ ဖတ်ဖို ့အချိန်တန်ပြီလို ့.. သိလာရတယ် ။ ထုံးစံအတိုင်း ကူးသွားပါပြီ ။ ကျေးကျေးဘာ…
shwe kyi
June 23, 2012 at 10:02 am
ပိုက်ဆံချမ်းသာတဲ့သူတွေက သူတို့ဖြစ်ချင်တာပဲသိတယ်နော်။
တဖက်သားကိုနားလည်မပေးတတ်ဘူး။ ဒါလည်းသူတို့ ဘဝပေးအခြေအနေကြောင့်ဖြစ်မယ်။
ဟက်ဆန် ငယ်ရွယ်ပြီး ပညာမသင်ရပေမယ့် တကယ်သိတတ်နားလည်တယ် သစ္စာရှိတယ်။
ဟက်ဆန်ကိုလေးစားသွားပြီ။