ဆရာမခေါ်ကြေး
အနုပညာနဲ့ ပတ်သက်ရင် နယ်ပယ်တော်တော်များများကို ကျွန်တော် လုပ်ဖြစ်ပါတယ်။ အတိုချုပ်ပြီးပြောရမယ်ဆိုရင် ရုပ်ရှင်၊ ဂီတနဲ့ စာပေပေါ့။ တစ်လိုင်းချင်းကို ကဏ္ဍခွဲပြီးပြောရမယ်ဆိုရင် ရုပ်ရှင်နယ်ပယ်များ တော်တော်လေးလိုင်းစုံအောင်ကို လုပ်ဖြစ်ပါတယ်။ အောက်ခြေကစပြီး အောက်သက်ကို မှုန်နေအောင် ကြေအောင် လေ့လာဆည်းပူးခဲ့တဲ့အတွက် တော်တော်များများကို လုပ်ဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ သရုပ်တောင်၊ မှတ်တမ်း၊ ရှူတင်မန်နေဂျာ၊ ဆက်တင်မန်နေဂျာ၊ ထုတ်လုပ်သူ အစရှိသဖြင့် တော်တော်လေးကို စုံပါတယ်။
ဂီတနဲ့ပတ်သက်ရင်လည်း ကိုယ်တိုင် သီချင်းမဆိုဖြစ်တာကလွဲလို့ တော်တော်လေးကို ထဲထဲဝင်ဝင် နှံ့နှံ့စပ်စပ်ရှိပါတယ်။ ဂီတအမျိုးအစားလိုင်းစုံကို ခံစားလို့လည်း ရပါတယ်။ ကိုမြကြီးတို့ တွံတေးသိန်းတန်တို့ကို နှစ်နှစ်ခြိုက်ခြိုက်နားထောင်ဖြစ်သလို စိုင်းစိုင်းခမ်းလှိုင်တို့ ရဲလေးတို့ကိုလည်း နားထောင်ဖြစ်ပါတယ်။ ကြိုက်လည်းကြိုက်ပါတယ်။ ကိုယ့်အသံကိုယ် နားထောင်ကြည့်တာ ဘယ်လိုနည်းနဲ့မှ အဆင်မပြေတဲ့အတွက် သီချင်းတော့ မဆိုဖြစ်သေးတာပါ။ သီချင်းတွေတော့ ရေးနေပါပြီး။ ဆိုလိုချင်တာက ဂီတနယ်ပယ်မှာလည်း ကျွန်တော်ဟာ အစိမ်းသက်သက်တစ်ယောက် မဟုတ်ဘူးဆိုတဲ့ သဘောကို သိစေချင်တာပါ။
စာပေနဲ့ ပတ်သက်ရင်လည်း တော်တော်များများလုပ်ပါတယ်။ ဝတ္ထုတိုတွေရေးတယ်၊ ဝတ္ထုရှည်လေးတွေရေးတယ်၊ ဆောင်းပါးလေးတွေ ရေးတယ်၊ အက်ဆေးလေးတွေ ရေးတယ်၊ ကဗျာလေးတွေ ရေးတယ်၊ အယ်ဒီတာချုပ် လုပ်တယ်၊ ထုတ်ဝေသူလုပ်တယ်။ ဒါကြောင့် စာပေနယ်မှာလည်း ကျွန်တော်ဟာ အပြင်လူတစ်ယောက် မဟုတ်ဘဲ ထဲထဲဝင်ဝင်ရှိနေတဲ့ အတွင်းလူတစ်ယောက်ပါ။
ေခေါင်းစဉ်တပ်ထားတဲ့ အတိုင်းပါပဲ။ ဆရာဆိုတဲ့ အခေါ်အဝေါ်နဲ့ပတ်သက်ပြီးတော့ ရေးချင်တာလေးတွေ ရှိတဲ့အတွက် ဒီစာစုကိုရေးဖြစ်တာပါ။ တကယ်လို့များ ကျွန်တော်တင်ပြခဲ့တဲ့ အနုပညာသုံးခုမှာ ကျွန်တော်ကိုယ်တိုင် စီးမျောပျော်ဝင်မနေဘူးဆိုရင်တော့ ဒီစာစုကိုရေးရတာ အင်မတန်အန္တရာယ်များပါတယ်။ ဒါပေမယ့် အနုပညာဆိုတဲ့ ရေစီးကြောင်းထဲမှာ တစ်ကိုယ်လုံးစုံပစ်ပြီး အသည်းအသန်ကူးခတ်မျောပါနေတဲ့အတွက၊် လက်ရှိလည်း မျောနေတဲ့အတွက၊် မသေမချင်းလည်း မျောနေဦးမှာ ဖြစ်တဲ့အတွက် ဒီစာစုကို ရေးဖြစ်တာပါ။
ရေးချင်တဲ့အကြောင်းကတော့ အထက်မှာရေးခဲ့တဲ့အတိုင်း ဆရာဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်ပါတယ်။ အနုပညာနယ်ပယ်သုံးခုမှာ လှုပ်ရှားရပ်တည် စီးမျောနေတဲ့ ကျွန်တော့အတွက် ဆရာအခေါ်ခံချင်တဲ့လူတွေနဲပ ဆရာလို့ခေါ်ချင်တဲ့လူတွေကို ကျန်တဲ့အနုပညာနယ်ပယ်နှစ်ခုမုှာ လုံးလုံးလျားလျားမတွေ့ရဘဲ စာပေအနုပညာနယ်ပယ်ထဲမှာတော့ အဲဒီဆရာကိစ္စဟာ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့်တွေ့ရပါတယ်။
ရုပ်ရှင်နယ်က လူတွေရော၊ ဂီတနယ်က လူတွေရောဟာ ဆရာဆိုတဲ့ဝေါဟာရနဲ့ပတ်သက်ပြီး သိပ်လှုပ်လှုပ်ခတ်ခတ်မရှိကြပါဘူး။ ခေါ်လို့လည်း ဘာမှမဖြစ်သလို မခေါ်လို့လည်း ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် စာပေနယ်မှာတော့ ဆရာလို့ခေါ်လိုက်တဲ့အတွက် ဖြစ်သွားတာတွေ အများကြီးရှိသလို ဆရာလို့မခေါ်လိုက်မိတဲ့အတွက် ပျက်သွားတာတွေလည်း အများကြီးရှိပါတယ်။ သေချာတာတစ်ခုကတော့ စာပေနယ်မှာရှိတဲ့လူတစ်ချို့ဟာ ဆရာဆိုတဲ့ အခေါ်အဝေါ်ဝေါဟာရအပေါ် အဓိပ္ပါယ်ကောက်လွဲပြီး တန်ဖိုးထားမှု မှားနေကြတာပါပဲ။
စာပေနယ်မှာ ကဗျာတစ်ပုဒ်လောက်ပဲဖြစ်ဖြစ်၊ ဝတ္ထုတိုတစ်ပုဒ်လောက်ပဲဖြစ်ဖြစ် မဂ္ဂဇင်းမှာ ရွေးချယ်ဖော်ပြခြင်းခံရပြီဆိုရင် အဲဒီစာရေးဆရာနဲ့ ရင်းနှီးတဲ့ မိတ်ဆွေအပေါင်းအသင်းတွေဟာ အဲဒီစာရေးဆရာကို အခြားတစ်ယောက်နဲ့ မိတ်ဆက်ပေးပြီဆိုရင် နာမည်ရဲ့ရှေ့မှာ ဆရာတပ်ပြီး မိတ်ဆက်ပေးပါတယ်။ သဘောကတော့ ဒီလူဟာ သာမန်လူမဟုတ်တော့ဘူး။ စာရေးဆရာဖြစ်သွားပြီး၊ အနုပညာသမားဖြစ်သွားပြီလို့ ဆိုလိုချင်ပုံရပါတယ်။ အဲဒါကြောင့် ဆရာဆိုတဲ့ နာမ်စား တပ်လိုက်ကြတာ ဖြစ်မယ်ထင်ပါတယ်။
မဖြစ်မနေလုပ်ကိုလုပ်ရမယ့် စည်းမျဉ်းစည်းကမ်းမဟုတ်ဘူးဆိုပေမယ့်လည် ကျွန်တော်တို့ရဲ့ စာပေလိုင်းမှာ အဲဒီယဉ်ကျေးမှုလေးထွန်းကားနေတာ တော်တော်ကြာပါပြီး။ မိတ်ဆက်ပေးလိုက်ကတည်းက ဆရာတို့ ဆရာမတို့ဆိုတဲ့ ဂုဏ်ထူးဆောင်နာမဝိသေသနတပ်ပြီး မိတ်ဆက်အပေးခံခဲ့ရတာဆိုတော့ ကာယကံရှင်ကလည်း သူ့ကို ခေါ်တဲ့ပြောတဲ့အချိန် ဆက်ဆံတဲ့အချိန်မှာ နာမည်ရှေ့က ဆရာတပ်ပြီး ခေါ်မှပြောမှ ဆက်ဆံမှ သဘောကျကျေနပ်တတ်ကြတာများပါတယ်။
တကယ်လို့များ တစ်ယောက်ယောက်က သူ့ကို ဆရာ ဆရာမ မတပ်ပဲ နာမည်ကို ဒီအတိုင်းခေါ်လိုက်ရင် ကာယကံရှင်ရဲ့စိတ်ထဲမှာ အစော်ကားခံလိုက်ရသလိုမျိုး၊ သိက္ခာအချခံလိုက်ရသလိုမျိုးထင်ပြီး အောင့်သက်သက်ဖြစ်သွားတတ်ကြပါတယ်။ အစတုန်းက မရည်ရွယ်ခဲ့ပေမယ့် ခေါ်ပြောဆက်ဆံတာ ကြာလာတဲ့အခါကျတော့ ဆရာဆိုတဲ့ နာမည်မပါရင် နားထဲမှာတစ်မျိုးကို ဖြစ်နေတော့တာပါ။ ဆရာဆိုတဲ့ အခေါ်အဝေါ်ကိုလည်း သာယာမိနေတာလည်း ပါမှာပါ။
ရုပ်ရှင်လိုင်းထဲမှာ ကျင်လည်ကျက်စားရင် ဂီတကိုလည်း ဝါသနာပါတာကြောင့် သေသေချာချာလေ့လာဖြစ်ပါတယ်။ ညီဖြစ်တဲ့ ဖိုးသားကလည်း ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုပြီး အဆိုတော်လုပ်တာကြောင့် ဂီတလောကထဲမှာ အချိန်တော်တော်ကြာကြာကို စီးမျောပျော်ဝင်ဖြစ်ပါတယ်။ ညီဖြစ်သူနဲ့ ပတ်သက်ပြီး သူတို့ခေတ်ရဲ့ အဆိုတော်တွေရော အတီးသမားတွေနဲ့ပါ ရင်းနှီးကျွမ်းဝင်ပါတယ်။ မြန်မာပြည်ကျောက်စိမ်းဆိုတဲ့ ရွာစားကျော်နဲ့ ကျွန်တော်နဲ့ဟာ တကယ့်ညီရင်းအစ်ကိုတွေလို နေလာခဲ့ကြတာပါ။ ရွာစားနဲ့ပတ်သက်ပြီးတော့လည်း မြန်မာသံလိုင်းမှာရှိတဲ့ အရေးသမားတွေ အဆိုသမားတွေ အတီးသမားတွေနဲ့ တော်တော်လေးထဲထဲဝင်ဝင်ကို ရင်းနှီးမှုရှိပါတယ်။
ဆိုလိုချင်တာက ရုပ်ရှင်နယ်နဲ့ ဂီတနယ်မှာ ကျွန်တော်ကျင်လည် ကျက်စားခဲ့ဖူးသလို ရင်းနှီးကျွမ်းဝင်သူတွေ တော်တော်များတယ်ဆိုတာကိုလည်း သိစေချင်တာပါ။ အဲဒီနယ်ပယ်နှစ်ခုမှာ လူတွေအများကြီးနဲ့ ပေါင်းသင်းဆက်ဆံခဲ့ပေမယ့် ဆရာအခေါ်ခံချင်တဲ့ ရောဂါရှိတဲ့သူတစ်ယောက်မှ မရှိခဲ့သလို ဆရာ မခေါ်လို့လည်း စိတ်ဆိုးစိတ်ကောက်တတ်တဲ့သူ တစ်ယောက်ကိုမှ မတွေ့ခဲ့မကြုံခဲ့ဖူးပါဘူး။ စာပေမနယ်ထဲ ဝင်လာတဲ့အခါမှာတော့ ဆရာအခေါ်ခံချင်တဲ့လူတွေ တော်တော်များများကိုတွေ့ရသလို ဆရာမခေါ်တဲ့အတွက် စိတ်ဆိုးစိတ်ကောက်တတ်တဲ့သူ တော်တော်များများကိုလည်း ကြုံရပါတယ်။
ကျွန်တော်ဟာ ငယ်ငယ်လေးကတည်းက အင်မတန်မှ ခေါင်းမာတဲ့ကောင်ပါ။ မလုပ်ချင်ဘူးဆို ဘယ်သူခိုင်းလို့မှ မလုပ်သလို လုပ်ချင်ပြီဆိုရင်ညလး ဘယ်သူတားလို့မှ မရပါဘူး။ အဲဒီအကျင့်ရှိတာကြောင့် ငယ်ငယ်တုန်းက အမေ့ရဲ့တုတ်နဲ့ မကြာခဏ အဆော်ခံရပါတယ်။ ကြီးလာတော့လည်း အဲဒီအကျင့်ကြောင့် ပတ်ဝန်းကျင်က နှုတ်နဲ့ဆော်တာကို မကြာခဏခံရပါတယ်။ အခုလည်း ဒီစာစုကြောင့် ကျွန်တော်အဆော်ခံရမှာ သေချာပါတယ်။ ဒါပေမယ့်လည်း ရင်ထဲမှာ မလိုအပ်လို့မလုပ်ချင်ဘူးဆိုတဲ့ ကိစ္စကို တစ်ယောက်ချင်းလိုက်ပြောနေမယ့်အစား ကျယ်ကျယ်ပြန့်ပြန့်သိသွားအောင် မဂ္ဂဇင်းကနေပဲ ရေးလိုက်တာပါ။
စာရေးကြတဲ့ စာရေးဆရာ ဆရာမတွေကို ဆရာ ဆရာမလို့ ေါ်ရမှာ ကျွန်တော့်ရင်ထဲမှာရော စိတ်ထဲမှာရော မလိုအပ်ဘူးလို့ကို တိတိကျကျမှတ်ထားတာပါ။ ကျန်တဲ့လူတွေရဲ့အယူအဆနဲ့တော့ ကွဲလွဲကောင်း ကွဲလွဲပါလိမ့်မယ်။ ကွဲလွဲမယ်လို့လည်း ထင်ပါတယ်။ ပြဿနာမရှိပါဘူး။ လွတ်လပ်စွာာ ကွဲလွဲပိုင်ခွင့် လူတိုင်းမှာရှိပါတယ်။ စာရေးတယ်ဆိုတာကလည်း အခြားသောအနုပညာအလုပ်တွေလို အလုပ်ထဲက အလုပ်တစ်ခုပါပဲ။ စာရေးတဲ့ စာရေးဆရာဟာ သရုပ်ဆောင်တဲ့ သရုပ်ဆောင်တစ်ယောက်ထက်၊ သီချင်းဆိုတဲ့ အဆိုတော်တစ်ယောက်ထက် ဘာတစ်ခုမှ ထူးခြားသာလွန်ကောင်းမွန်နေတယ်လို့ ကျွန်တော်ကတော့ ထင်ကိုမထင်တာပါ။ သရုပ်ဆောင်တစ်ယောက်ကို နာမည်ခေါ်ခွင့်ရှိရင်၊ အဆိုတော်တစ်ယောက်ကို နာမည်ခေါ်ခွင့်ရှိရင် စာရေးတဲ့လူတစ်ယောက်ကိုလည်း နာမည်ပဲခေါ်ခွင့်ရှိရမှာပါ။ နာမည်ခေါ်လာခဲ့ရင်လည်း စာရေးတဲ့လူဟာ အပြုံးမပျက် အလုပ်မပျက်ဘဲ ပုံမှန်ပြန်ထူးသင့်တယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်။
ကျွန်တော်နဲ့ ပတ်သက်တဲ့အကြောင်းလေး ရေးပြချင်ပါတယ်။ ကျွန်တော်ဟာ စာရေးခြင်း အနုပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အမျိုးသားကိုပဲဖြစ်ဖြစ် အမျိုးသမီးကိုပဲဖြစ်ဖြစ် သူတို့နဲ့ ပြောဆိုဆက်ဆံတဲ့နေရာမှာ အခုအချိန်ထိ သူတို့ရဲ့နာမည်ရှေ့မှာ ဆရာ ဆရာမဆိုတဲ့ နာမ်စားတပ်ပြီး မခေါ်ပါဘူး။ နောင်လည်း ခေါ်ဖို့အစီအစဉ် မရှိပါဘူး။ အသက်အရွယ်အလိုက် ရိုသေသမှုပြုတဲ့ နာမ်စားကိုပဲ တပ်ပြီးခေါ်ပါတယ်။ စာလေးတစ်ခုရေးတတ်တာနဲ့တင် ဆရာ ဆရာမဆိုတဲ့ နာမ်စားအစား ဒီ့ပြင် နာမ်စားတစ်ခုပြောင်တပ်ရင် ပိုပြီးအဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တစ်ယောက်တည်းရဲ့ အယူအဆပါ။ ထပ်ပြီး ကွဲလွဲလို့ရပါတယ်။
သရပါဆိုတဲ့ မဂ္ဂဇင်းလေးကို ကျွန်တော်ထုတ်တဲ့အချိန်မှာ ထုတ်ဝေသူဆိုတဲ့ နာမည်ရော အယ်ဒီတာချုပ်ဆိုတဲ့ နာမည်ကိုပါ ခံယူပြီးလုပ်ပါတယ်။ မဂ္ဂဇင်းမှာလည်း ဆောင်းပါး၊ ဝတ္ထု၊ အက်ဆေး၊ ကဗျာလေးတွေ ရေးဖြစ်ပါတယ်။ ကိုယ် က ချင်လို့ ဇာတ်ထောင်ထားတာပါ။ အယ်ဒီတာချုပ်လည်း လုပု်တယ်၊ စာတွေလည်း ရေးတယ်ဆိုတဲ့ အခါကျတော့ ကျွန်တော့ဆီကို စာမူပို့တဲ့လူတွေ၊ ကျွန်တော့မဂ္ဂဇင်းမှာ ပါဝင်ရေးသားကြတဲ့ တစ်ချို့သော စာရေးဆရာကြီးတွေနဲ့ ထိတွေ့ဆက်ဆံရပါတယ်။
အဲဒီအချိန်မှာ ဆရာဆိုတဲ့ နာမ်စားရဲ့ အခန်းကဏ္ဍက အရေးပါလာပါတယ်။ မဂ္ဂဇင်းကို စာမူပို့ကြတဲ့ ကလောင်ရှင်တွေရဲ့ စာမူအကုန်လုံးကို ကျွန်တော်ဖတ်ပါတယ်။ ကြိုက်လို့ရွေးလိုက်ပြီဆိုရင် အဲဒီလူရှိတဲ့နေရာကို ကျွန်တော်ကိုယ်တိုင် ဖုန်းနဲ့လှမ်းဆက်ပြီး အကြောင်းကြားပါတယ်။ အဲဒီအချိန်မှာ ဆရာရဲ့အခန်းက စတော့တာပါပဲ။ ဟိုဘက်က ဖုန်းကိုင်ပြီဆိုတာနဲ့ ကျွန်တော့နာမည်နဲ့ မဂ္ဂဇင်းနာမည်ကို ပြောလိုက်ပါတယ်။ ပြီးတာနဲ့ စာမူရွေးတဲ့အကြောင်း ထပ်ပြောပါတယ်။ အဲဒီလိုပြောပြီးတာနဲ့ ကျွန်တော့မဂ္ဂဇင်းကို စာမူတွေ ထပ်ပြီးပို့ပေးဖို့လည်း ဖိတ်ခေါ်ပါတယ်။
ဖိတ်ခေါ်ပြီး စကားပြောနေတဲ့အချိန်မှာ တစ်ဖက်က စာမူအရွေးခံရတဲ့ စာမူရှင်ဟာ ဝမ်းသာသွားတာရယ်၊ အယ်ဒီတာချုပ်ကိုယ်တိုင် ဖုန်းဆက်ပြီး လှမ်းအကြောင်းကြားကြောင့် အံ့ဩသွားတာရယ်ပေါင်းပြီး ခဏအသံတိတ်သွားတတ်ကြတာ များပါတယ်။ ပြီးတော့မှ ကျေးဇူးတင်ပါတယ်ဆရာဆိုပြီး ပြောပါတယ်။ အဲဒီမှာ စာမူရှင်နဲ့ ကျွန်တော်စပြီး တွေ့တော့တာပါပဲ။
ပထမဆုံး ကျွန်တော်နဲ့ ဖုန်းပြောနေတဲ့ စာမူရှင်ရဲ့ အသက်ကိုမေးပါတယ်။ သူ့အသက်ဟာ ကျွန်တော့်ထက်ကြီးလို့ ဦးလေးအရွယ်ဆိုရင် ဦးလေးလို့ခေါ်ပြီး ကျွန်တော့်အသက်ကို ပြောပြပါတယ်။ ပြီးတာနဲ့ ကျွန်တော်နဲ့ပြောဆိုဆက်ဆံတဲ့အချိန်မှာ ဆရာလို့မခေါ်ဘဲ တူတစ်ယောက်ကို ညီတစ်ယောက်လို သဘောထားပြီး တူလေးတို့ ညီလေးတို့ခေါ်ပြီး ဆက်ဆံဖို့ပြောပါတယ်။
ပြောလိုက်တဲ့အချိန်တိုင်းလည်း တစ်ဖက်က စာမူရှင်ဟာ ပျာပျာသလဲငြင်းပြီး မလုပ်ပါနဲ့ ဆရာရယ်လို့ အမြဲတမ်းပြောတတ်ကြပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ကျွန်တော့ဘက်ကလည်း အမြဲတမ်းပြန်ပြောနေကျ လက်သုံးစကားရှိပါတယ်။ ဘာလဲဆိုတော့ ကျွန်တော့်ကို ဆရာလို့ခေါ်ရင် သူ့ရဲ့စာမူကို မရွေးဘူးဆိုတဲ့ စကားပါ။ အဲဒီလိုခြိမ်းခြောက်လိုက်တော့မှာပဲ တစ်ဖက်စာမူရှင်ဟာ ဆရာဆိုတဲ့နာမ်စားကိုဖြုတ်ပြီး ဆွေမျိုးသားချင်းတစ်ယောက်လို ရင်းရင်းနှီးနှီးဆက်ဆံပါတယ်။
တကယ်လည်း ကျွန်တော့ကို ဆရာခေါ်မှာ ကြောက်တာပါ။ ကျွန်တော့မဂ္ဂဇင်းမှာ မလောင်သွေးတဲ့အနေနဲ့ ရေးသားကြတဲ့ ကလောင်သစ်တွေထဲမှာ ကျောင်းအုပ်ဆရာကြီးတွေပါသလို ဦးပဉ္ဖင်းတွေလည်း ပါပါတယ်။ ပါမောက္ခချုပ်အငြိမ်းစားတွေပါသလို ဗိုလ်ချုပ်အငြိမ်းစား၊ ဗိုလ်ချုပ်ကြီးအငြိမ်းစားတွေလည်း ပါပါတယ်။ ကျွန်တော့ထက် အသက်အရရော ဂုဏ်အရရော အစစအရာရာ ကြီးမြတ်သာလွန်ကြတဲ့ လူကြီးလူကောင်းတွေအများကြီးဟာ သရပါမဂ္ဂဇင်းမှာ ကလောင်သစ်အဖြစ် ရေးကြတာပါ။ ဒါကြောင့် စာရေးတဲ့နေရာမှာ ကလောင်အသစ်ဖြစ်ပေမယ့် ဘဝကိုဖြတ်သန်းခဲ့တဲ့အချိန်မှာတော့ ကျွန်တော့်ထက် အများကြီးပိုပြီး အတွေ့အကြုံတွေ သင်ခန်းစာတွေ အတွေးအခေါ်တွေ ပိုမိုသာလွန်နေကြတဲ့လူတွေပါ။ အယ်ဒီတာချုပ်ဆိုတဲ့အလုပ်ကို ကျွန်တော်လုပ်ရုံနဲ့ ဒီလူတွေရဲ့ ဆရာအခေါ်ကို ကျွန်တော် အခေါ်မခံဝံ့ပါဘူး။
မဂ္ဂဇင်းတစ်ခုရဲ့ အယ်ဒီတာချုပ်အလုပ်ဆိုတာလည်း တကယ်တမ်းတော့ သိပ်ပြီး ခက်ခဲပင်ပန်းလှတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ လုပ်ချင်စိတ်ရှိတဲ့သူတိုင်း လေ့လာသင်ကြားရင် တတ်မြောက်နိုင်တဲ့ အလုပ်တစ်ခုပါ။ ဒါ့ကြောင့် အယ်ဒီတာချုပ် အလုပ်ကို လုပ်နေတဲ့လူတွေဟာ သာမန်လူတွေထက် အများကြီး ကောင်းမွန်သာလွန်နေတယ်လို့ ကျွန်တော်မယူဆပါဘူး။ ဆရာလို့မဖြစ်မနေခေါ်ပြီး လေးလေးစားစားဆက်ဆံရမယ့် လူစားထဲမှာ အယ်ဒီတာချုပ်တွေကို မထည့်လို့လည်း ရပါတယ်။ ငယ်ငယ်ကတည်းက စာဖတ်လာတဲ့အတွက် စာတိုပေစလေးတွေလည်း သရပါမဂ္ဂဇင်းမှာ ကျွန်တော်ရေးဖြစ်ပါတယ်။ ဒါကလည်း သိပ်တော့ မထူးဆန်းလှပါဘူး။ ကိုယ်တိုင်ထုတ်ဝေသူ ကိုယ်တိုင်အယ်ဒီတာချုပ်ဆိုတော့ ပယ်ရဲတဲ့သူ မရှိတဲ့အတွက် ရေးခွင့်ရနေတာပါ။ စာရေးဆရာဖြစ်သွားတယ်ပေါ့။
စာရေးတဲ့အတွက်လည်း ကျွန်တော့်ကို ဆရာခေါ်ရလောက်အောင် မထိုက်တန်ဘူးလို့ ထင်ပါတယ်။ အယ်ဒီတာချုပ်ရယ်၊ စာရေးတယ်ဆိုတဲ့ အလုပ်ရယ်ဟာ အခြားသော အနုပညာအလုပ်တွေကို လုပ်သလိုပဲ ကြိုးစားအားထုတ်မယ်ဆိုရင် လူတိုင်းလုပ်နိုင်တဲ့ အလုပ်တွေပါ။ ဒါကြောင့် စာလေးတွေ ကဗျာလေးတွေလည်း မတောက်တခေါက်ရေးနေတဲ့ မဂ္ဂဇင်းလေး တစ်စောင်ကိုလည်း အယ်ဒီတာချုပ်လုပ်နေတဲ့ ကျွန်တော့်လို မလောင်လေးမလောက်စား ပမွှားလေးကို ဆရာလို့ မခေါ်ကြပါနဲ့လို့ လေးလေးနက်နက် တောင်းပန်ချင်ပါတယ်။
တကယ်လည်း ကျွန်တော်လုပ်နေတဲ့ အလုပ်ကလေးတွေလောက်နဲ့ ဆရာဆိုတဲ့ နာမ်စားဟာ မတန်တာပါ။ မဂ္ဂဇင်းတစ်အုပ်ကို တည်းဖြတ်တတ်ရုံ၊ စာကလေးပေကလေး ရေးတတ်လောက်ရုံနဲ့တော့ ဆရာဆိုတဲ့ နာမ်စားနဲ့ ကျွန်တော် မဟပ်မိသေးပါဘူး။ ဒါ့ကြောင့် ကျွန်တော့်မဂ္ဂဇင်းကို စာမူပို့ကြမယ့် စာမူရှင်များအနေနဲ့လည်း ကျွန်တော့ကို ဆရာမခေါ်ကြပါနဲ့။ ကျွန်တော်ကလည်း ကျွန်တော့်မဂ္ဂဇင်းကို စာမူပို့ပေးနေတဲ့ စာရေးဆရာ၊ ဆရာမတွေ အားလုံးကို ဆရာ ဆရာမလို့ မခေါ်ပါရစေနဲ့။ တစ်ယောက်နဲ့တစ်ယောက် “ဆရာမခေါ်ကြေး”ပေါ့။ ဖြစ်မလား။
မင်းအုပ်စိုး
အယ်ဒီတာချုပ်
**သရပါ ရသစာပေမဂ္ဂဇင်း၊ အတွဲ(၃)၊ အမှတ် (၇)၊ ၂၀၀၁ ဩဂုတ်လ မှာ မင်းအုပ်စိုးရေးထားတဲ့ ဆရာမခေါ်ကြေး ဆိုတဲ့စာကို လက်အညောင်းခံပြီး လူကြီးမသိအောင် အလုပ်တွေကြိုးစားသလို ဟန်ဆောင်ကာ ရိုက်တင်ပေးလိုက်ပါတယ်။ ရွာသူရွာသားတွေရဲ့ အမြင်လေးတွေကို သိချင်ပါတယ်။ မွန်မွန်ကိုယ်တိုင်မှာလည်း တူတဲ့အမြင်ရော မတူတဲ့အမြင်ရော ရှိပါတယ်။ အားလုံးရဲ့ အမြင်တွေကို ဖတ်ချင်ပါတယ်။
28 comments
မဟာရာဇာ အံစာတုံး
June 23, 2012 at 12:59 pm
ကိုမင်းအုပ်စိုးကို မေးလိုက်ပါဦးဗျာ ..
ဆရာလို့ မခေါ်ဘဲ ချရာ လို့ ခေါ်ရင်ကော .. လို့ ….
နောက်တာပါ …..
မမွန်မွန် ဖတ်စေချင်လို့
ကြိုးစားပမ်းစား ရိုက်ပြီးတင်ထားတာလေးကို
ဖတ်သွား၊ မှတ်သွားပါတယ်နော့ ..
ကျေးကျေးပါ ..
မွန်မွန်
June 23, 2012 at 1:06 pm
typing error လေးတွေ ရှိပါတယ်။ တစ်မနက်တည်းနဲ့ အပြီးရိုက်လိုက်တာဆိုတော့ တင်ချင်ဇောနဲ့ ပြန်မစစ်လိုက်မိဘူး ဖြစ်သွားတယ်။ နည်းနည်းလောက် ဖြည့်ဖတ်ပေးကြပါနော်…။
ပြီးတော့ မဂ္ဂဇင်းရဲ့ခုနှစ်က ၂၀၁၁ ဩဂုတ်လ ဖြစ်ပါတယ်။
နွေဦး
June 23, 2012 at 1:21 pm
အေးဗျ မင်းအုပ်စိုး ဆိုတာနဲ့ ပဲမြစ်ပြုတ် တန်းမြင်တာ..
မကြိုက်ပေမဲ့ “ဆရာ မခေါ်ကြေး ” ဆိုတာတော့ သဘောတူတယ်ဗျ ။
ဘယ့်နှယ်ဗျာ ..အလုပ်ထဲမှာ ရုံးက ခလေးမတွေက ဆရာ ဆရာ နဲ့ မကြိုက်ဘူး..
ဆရာမခေါ်နဲ့ ပေါ့ ခဏခဏ ပြောတော့ ခလေးမလေးတွေက ပြောင်းခေါ်ပါတယ် ..
တချို့က ဦးလေး ဦးလေး တဲ့ တချို့က အဘ အဘ တဲ့
ဒီလိုခေါ်စေချင်တာမှ မဟုတ်တာ..ခုမှ ၅ဝကျော်ကျော် ၆ဝနားနီးနီးရှိသေးတာ..
မသကာ ခေါ်ရ “အကိုကြီး”လောက်ပေါ့ဗျာ…
ဒါ့ကြောင့် ဆရာ မခေါ်ကြေး ဆို ကျုပ်က သဘောကျတာ…
ဟိုကောင်တွေကတော့ ဆရာလို့ဘဲ ခေါ်ပေါ့ ဟုတ်ဘူးလား ။
ko khin kha
June 23, 2012 at 1:32 pm
ဆရာမခေါ်ကြေး ကိုဒီလိုတွေဖတ်ရင်
ဆရာ မခေါ်ကြေး
ဆရာမ ခေါ်ကြေး
manawphyulay
June 23, 2012 at 1:40 pm
ဟီး စပြီး ဖတ်ကြည့်လိုက်ကတည်းက ဆရာမ ခေါ်ကြေးဆိုလို့ ဘယ်သူက ဘယ်သူ့ကို ခေါ်တာပါလိမ့်ဆိုပြီး ဝင်ဖတ်ကြည့်တာပါ။ ကျွန်မ အမြင်ကတော့ ခေါ်သင့်တဲ့သူကို ခေါ်တာ ကောင်းမယ်လို့ မြင်မိပါတယ်။
ကိုပေါက်(မန္တလေး)
June 23, 2012 at 1:40 pm
1-သေချာတာတစ်ခုကတော့ ဒီမန်းလေးဂေဇက်မှာစာရေးနေသူတွေက ဆရာ /ဆရာမ အခေါ်ခံချင်နေသူတွေမဟုတ်ဘူးဆိုတာကိုပါဘဲ။
ကိုယ်အလုပ်နဲ့ကိုယ်မအားတဲ့ကြား က ဝါသနာအရ မျျှဝေသူတွေအဖြစ်ခံယူနေကြတော့
ဒီဆောင်းပါးက ကျနော်တို့ ရွာနဲ့အကျုံးမဝင်ပါဘူး။
2-သူများဆောင်းပါးကို သူ့ကွယ်ရာမှာဝေဖန်ရတာကို မလုပ်ချင်ပေမယ့် ပြောပြချင်ပါသေးတယ်
မြန်မာတွေက လွယ်လွယ်ကူကူ ဆရာခေါ်လေ့ရှိပါတယ်။
လေးစားရိုသေသမူ့နဲ့ပေါ့၊
ဆို်က်ကား ဆရာ မြင်းလှည်းဆရာ ကျောင်းဆရာ
တစ်ချို့ ခင်တဲ့သူအချင်းချင်းဆိုရင် အာစရ ိ ပေါ့။
အဲတော့ ဒီလို ဆရာလို့ခေါ်လိုက်တဲ့အတွက် ခေါ်သူရော အခေါ်ခံရသူပါ ဘာမှမဖြစ်ပါ။
တစ်ခုတော့ရှိပါတယ် ဆရာ ဆိုတဲ့အသုံးအနုံးနဲ့ပါတ်သက်လို့ ခံစားမူ့တစ်စုံတစ်ရာ ရင်ထဲမှာရှိနေရင်တော့ မပြောတတ်ဘူး။
ဒီခံစားမူ့ကတော့ တစ်ယောက်ချင်းနဲ့ဘဲဆိုင်မယ်ထင်ပါတယ်။
hein latt
June 23, 2012 at 1:42 pm
ဝုတ်ဘ ဝုတ်ဘ အစက ဆရာမ ခေါ်ကြေးဆိုလို. ဘယ်ကျောင်းကများ ငွေအနည်းအများပေးပြီး ခေါ်တာပါလိမ့်လို. လတ်စသတ်တော့ ဂလိုကိုး….
surmi
June 23, 2012 at 1:51 pm
သိပါဘူးဗျာ
ဒေါ်မွန်မွန်ကိုယ်တိုင် အယ်ဒီတာချုပ်လားလို့
စာမူပို ့မလို ့ပြင်နေတာ
စိန်ဗိုက်ဗိုက်
June 23, 2012 at 2:20 pm
ဆိုက်ကားဆရာ..
ကားဆရာ..
စာရေးဆရာ….ဆရာ့ဆရာ….ဆရာဆရာ့….
ဘယ်သူက စခေါ်ခဲသလဲတော့ မသိ..
တစ်ခုတော့ရှိတယ်.
ကိုယ်မသိတာ..မတတ်တာကို သိတဲ့..တတ်တဲ့လူကို ကျေးဇူးတင်သဖြင့် ဆရာတပ်ခေါ်တယ်..ထင်မိပါတယ်..
ဆရာလို ့
ခေါ်သည်မခေါ်သည်က ခေါ်သူရဲ့အခွင့်အရေးဖြစ်ပြီး ခေါ်တာကို ကြိုက်တာမကြိုက်တာက အခေါ်ခံရသူရဲ့ အခွင့်အရေးဖြစ်ပါတယ်နော
လွတ်လပ်စွာ သဘောထားကွဲလွဲ ခွင့်ရှိပါတယ်..
ရွာထဲမှာလဲ ငခြောက်ရဲ့ အချစ်တော် ချစ်စ/ဆရာ ဆိုပြီး ပုတ်ဂို တစ်ယောက်ရှိပါတယ်..
သူလာရင် ဘယ်လိုမှတ်ချက်ပေးမလဲ သိချင်ပါရဲ့
😀
ဘဲဥ
June 23, 2012 at 3:08 pm
ဆရာ, မခေါ်ကြေးကို ဆရာမ, ခေါ်ကြေးလို့ဖတ်မိလိုက်တာ အဟီးးးးးး
လာထားတစ်ဆယ်
shwe kyi
June 23, 2012 at 3:49 pm
ရွှေကြည်ကတော့ ဆရာခေါ်မှကြိုက်တဲ့သူကိုဆရာလို့တပ်ခေါ်မယ်။
မကြိုက်ရင် မခေါ်ဘူးပေါ့နော။
မမွန်မွန်ရေကျေးဇူးပါ။ တကူးတက ပင်ပင်ပန်းပန်းရိုက်တင်ပေးလို့လေ။
mayjuly
June 23, 2012 at 3:57 pm
အဲ ဆရာမခေါ်ကြေး …ဆရာမ ခေါ်ကြေး ဟိဟိ တူဘူးနော် …
kyeemite
June 23, 2012 at 4:30 pm
ဆရာကြီးမိုက်…
ဟေ…နားဝင်ချိုသကွာ…
ဗျို့ဆရာကြီးမိုက်…..
ဟေ…
တဟေ ဟေ လုပ်မနေနဲ့ ..အရက်ကြွေးတွေဆပ်အုံးတော့…
အေးပါ မိစိန်ပေါက်ရယ်…
မန်းဂေဇက်က ဆရာ့စာမူခရရင်ဆပ်ပါ့မယ်..တကထဲ..
အားလုံးကိုဆရာတင်ထားတဲ့….
ဆရာကြီးမိုက်။
စိန်ဗိုက်ဗိုက်
June 23, 2012 at 4:36 pm
အောင်မာ..အောင်မာ
မာမီမိုက်ခ် က မာမီမိုက်ခ် ပေါ့
ဘယ့်နှယ် ဆရာကြီးမိုက်ဖြစ်ရမှာဒုံးတော့
😀
mamanoyar
June 23, 2012 at 8:31 pm
ဟုတ်ပါ့ဗိုက်ဗိုက်ရယ်နော်
Don Juan Ronald
June 23, 2012 at 4:52 pm
တ ရုတ် ကြီး တ ယေါက် အ နေ နဲ့ နည်းနည်း ဝင် ဖြီး လိုက် ဦး မယ် ။
ကု လား ဖြူ တွေ တော့ အ မြဲ “ Yes , Sir ” လို့ ထူး ကြ တယ် နော် ။
ကျ နော် တို့ တရုတ် အ ဆို တ ခု ရှိ တယ် ၊ လူ ၃ ယောက် အတူတူ နေ ရင် ၊ အဲ ဒီ ထဲ မှာ တ ယောက် ယောက် တော့ ကိုယ့် ဆရာ ဘဲ ၊
ကျနော် ငယ်ငယ် တုံး ကတော့ သ ဘော သိပ် မ ပေါက် ဘူး ၊ အ သက် နဲနဲ လေး ရ လာ မှ သဘော ပေါက် တာ ။
ကိုယ့် ထက် တော် မှ ဆရာ ခေါ် ရ တာ မ ဟုတ် ပါ ဘူး ၊ ဥပမာ ၊ ကိုယ် ဘေး က လူ က မတော် မရာ တွေ လုပ် နေ သည် ကို ကြည့် ပြီး ၊
မိမိ ကိုယ် ၌ အဲလို မျိုး အ ကျင့် မျိုး ကော ရှိ နေ သလား ? အဲ လို မျိုး အ ကျင့် ကို ဘယ် လို ရှောင် ရ မှာ လဲ ၊ ကိုယ့် သား သမီး လည်း အဲ လို မျိုး အ ကျင့် ရှိ နေ သလား ၊ ဘယ် လို ဆုံး မ ရ မှာ လည်း ၊ စ သ ဖြင့် ပေါ့ ဗျာ ၊ ဒါ ငြေ့် ဒီ လူ ဟာ ကိုယ့် ဆရာ ပေါ့ ၊ ဟုတ် တယ် ဟုတ် ?
ကျ နော် တို့ အ ရွယ် က ကွန် ပြူ တာ ဆို တာ သိပ် ကျွမ်း တာ မ ဟုတ် ဘူး ၊ အဲ ဒီ တော့ ပြဿနာ လေး တွေ ရှိ ရင် ကိုယ် က မှတ် ထား ပြီး ၊ ရုံး ရောက် မှ ကိုယ့် သား အ ရွယ် ရှိ တဲ့ က လေး တွေ စီ မှာ ပညာ စီး ပူး ပြီး ဒီ လို နဲ့ တတ် ခဲ့ တာ ၊ အဲ ဒီ က လေး တွေ က ကိုယ် ဆရာ အ ရင်း ခေါက်ခေါက် မဟုတ် ရင် ဘာ လဲ ….ဟိဟိဟီး
ဆိုက် ကား ဆ ရာ မ ဟုတ် တဲ့ လူ ဆိုက် တက် နင်း ရင် ချက် ချင်း မောက် သွား မည် ။
Bus မောင်း တဲ့ ပုဂ္ဂိုလ် ဟာ ပါ ဆင် ဂျာ ဒါဇင် ပေါင်း များ စွာ ၏ အ သက် ကို ကိုင် ထား သည့် အ တွက် ၊ ထို ပုဂ္ဂိုလ် အား ကား ဆရာ လို့ ခေါ် ဖို့ ရန် ဝန် မ လေး ပါ ။
ဒါ ကြောင့် ကျ နော် တော့ ဆရာ ဆို တဲ့ အ ခေါ် အ ဝေါ်ကို ကျယ်ကျယ် ပြန့်ပြန့် သုံး လေ့ ရှိ ပါ သည် ၊
ဥပမာ ၊ ဆရာ ကြောင်ကြီး ၊ ဆရာ ပါ ၊ ဆရာ ဂီ ၊ ဆရာ ထူး ဆန်း ……..စသဖြင့် ပေါ့ ဗျာ ~~~
“ ဗိုလ် ” ဆို သည့် အသုံး အနှုံး ကို လည်း ကျယ် ကျယ် ပြန့်ပြန့် သုံး သင့် ပါ သည် ၊ ကာ လ ကြာ ရှည် စွာ လူ အ ချင်းချင်း ဗိုလ် ကျ ခဲ့ သည့် လူ တွေ များ လွန်း နေ ချင်း ကြောင့် ဖြစ် ပါ သည် ……ဟိဟီဟီး
အ မှန် တော့ “ ဆရာ ” ဆို တာ ရို သေ လို့ ခေါ် တာ ၊ အရည်အချင်း ရှိ လို့ ခေါ် တာ ၊ အ ခြေနေ အ ရ ခေါ် တာ နှင့် မ ခေါ် ချင် ဘဲ နဲ့ ခေါ် တာ တို့ ရှိ တာ တော့ အ မှန် ပါ ဘဲ ။
ကျေး ဇူး တင် ပါ သည် ။
မိုက်ကယ်ဂျော်နီအောင်ပု
June 23, 2012 at 6:29 pm
ဒီအကြောင်းမျိုးက အော်းစတေးလျှမှာနေတဲ့ သဘုံ ဘုန်းကျော်တောင်ရေးဘူးသေးတယ်
အတွေးတူတာလား ဘယ်သူက ဘယ့်သူ့ကို ခိုးချသလဲမပြောတတ် 😀
စာရေးဆရာဆိုတာ လက်ကြောမတင်းဘူးဆိုတာတောင် အဆစ်ပါလိုက်သေး
အပေါ်က ဆရာကြီးပြောတဲ့ အကြောင်းကို နှစ်ခြိုက်မိပါတယ် ဆရာကြီးရယ်
( အ မှန် တော့ “ ဆရာ ” ဆို တာ ရို သေ လို့ ခေါ် တာ ၊ အရည်အချင်း ရှိ လို့ ခေါ် တာ ၊
အ ခြေနေ အ ရ ခေါ် တာ နှင့် မ ခေါ် ချင် ဘဲ နဲ့ ခေါ် တာ တို့ ရှိ တာ တော့ အ မှန် ပါ ဘဲ ။)
ရွာထဲမှာတောင် ချစ်ဆရာ ဆိုတဲ့လူတစ်ယောက်ရှိလိုက်သေးတယ်
ဥပမာဗျာ
ဆိုက်ကားဆရာ
ဗေဒင်ဆရာ
ကားဆရာ
ထီးပြင်ဆရာ
ပြောရရင်တော့ မော်တော်ကားလမ်းမှာ ဝါးလုံးကို ဆေးသုတ်
လမ်းပိ်တ်ပြီးရှာဖွေရေးလုပ်တဲ့လူတွေကိုလည်း ဆရာလို့ခေါ်ရပါတယ်
ဒါပေသိ ကျုပ်ဘယ်လိုမှ သဘောမတွေ့တာကတော့
ပြောရရင်တော့ သဘောမတွေ့ယုံတင်မဟုတ်ပါဘူး
ဒေါသချောင်းချောင်းတောင်ထွက်ဘာဒယ်
အထက်မှာဆိုခဲ့ပြီးသလို အခြေနေအရ ဘာဆရာ
ညာဆရာတွေခေါ်ကြပေမယ့်
ဒန်အိုပေါက်တွေကိုဖာတဲ့ လူကိုကြတော့
အိုးဖာတဲ့ ကလား ဒဲ့
သားဦး၊မြေးဦး
June 23, 2012 at 5:13 pm
ဟီးးးးးးးးးကျနော်တင်ခဲ့ဖူးတဲ့“မင်းအုပ်စိုး သောင်းကျန်းနေတာပါတဲ့”ပို ့စ်ကို
သွားသတိရသဗျာ။
ညလေး
June 23, 2012 at 5:18 pm
အဟိဟိဟ…….ဒုန်းကျဉ်နဲ.လူ……..မမြင်ဝူးနော်.
MaMa
June 23, 2012 at 6:50 pm
အချို့နေရာတွေမှာ ဆရာခေါ်ခြင်းဖြင့် အာပတ်လွတ်၊ ဝိနည်းလွတ်သွားနိုင်တာတွေ ရှိပါတယ်။
ကိုယ်နဲ့ အသက်သိပ်မကွာဘူးလို့ထင်ရင် တဖက်လူကို ခင်ဗျား လို့ သုံးတယ်။
ကိုယ့်ထက်ငယ်တဲ့အခါကျတော့လည်း သား တို့ မောင်လေးတို့ လို့ ခေါ်ရမှာ နှုတ်မရဲဘူး။
ကိုယ့်ထက်ကြီးတယ် ထင်ပြီး ဦးလေး ခေါ်လို့ စိတ်ဆိုးသွားတာတွေကလည်း ဖြစ်တတ်တော့
များသောအားဖြင့် ကြီးကြီးငယ်ငယ်ရွယ်ရွယ် အားလုံးကို အာပတ်လွတ် ဆရာ/ ကြီး လို့ ခေါ်လိုက်ရော။ 🙂
မောင်ပေ
June 23, 2012 at 6:52 pm
ခေါ်ချင်သလိုခေါ်
စော်ကားတဲ့အခေါ်မျိုးမဟုတ်ရင် ဘယ်သူမဆို လက်ခံကြမှာပါ..
နေဝန်းနီ
June 23, 2012 at 9:52 pm
ကိုယ်နဲ့ တော့ ဘာမှမဆိုင်ပါဘူး ဝင်ပွားလိုက်ဦးမယ်…။ သဘောမတူလည်း ရပါတယ်…။ စာရေး ဆရာ …။ တေးရေးဆရာ …။ ဆရာဗျ…. ဆရာ….။ သူရေးပေးတဲ့ အတိုင်း လိုက်ဆိုရတာ …။ ဇာတ်ညွှန်းခွဲပြီး ရုပ်ရှင်ရိုက်ရတာ….။ အဆိုတော်က တေးရေးဆရာကို ဆရာပြန်လုပ်လို့မရသလို ရုပ်ရှင်မင်းသားက ဇာတ်လမ်းကို ပြင်ချင်တိုင်းပြင်လို့မရဘူး…။ စာရေးဆရာဘက်က ကန့်ကွက်လို့ရတယ်…။ အေးလေ…။ ခုတော့ ဟိုကားခိုးရိုက် ဒီကားမှီးရိုက်ခောတ်ဆိုတော့ စာရေးဆရာကို သောက်ဂရုမစိုက်လည်း ရတယ် ဆိုတဲ့ အပေါက်ချိုးတာဖြစ်မှာပေါ့…။
may flowers
June 23, 2012 at 11:47 pm
မေဖလားဝါးကတော့ တစ်ချို့နေရာတွေမှာ တစ်ချို့သူတွေကို ဆရာခေါ်ဖြစ်တတ်ပါတယ်။
ဥပမာ ဆိုက်ကားဆရာ ဆိုတာမျိုးပေါ့..ဆိုက်ကားသမားလို့ခေါ်တာထက် ပိုယဉ်ကျေးပြီး သူတို့လဲ
အဲလို ခေါ်တာပိုကြိုက်ကြမယ်ထင်လို့ပါ………လူအမျိုးမျိုးစိတ်အထွေထွေပေါ့လေ။
Thel Nu Aye
June 24, 2012 at 2:44 am
အာဟိ ခေါင်းစဉ်ဖတ်ပြီး ကလေးစာသင်ဖို့ကျူရှင်ဆရာမခေါ်တဲ့အကြောင်းရေးထားတယ်မှတ်လို့။ [:*] ဆောဒီးပါ။
_________________________
I added cool smileys to this message… if you don’t see them go to: http://s.exps.me
ဖိုးထောင်
June 24, 2012 at 11:13 am
ဟိတ် မွန်မွန် ညည်းဘာလုပ်နေတာလဲ (သူ့အထက်အရာရှိအသံဖြင့်)
မင်းအုပ်စိုးက သူ့ကိုဆရာခေါ်တာမကြိုက်ဘူး ဘာကြောင့်လဲတိလား သူက ပဲမြစ်လေ
သူ့ကို ပဲမြစ်ခေါ်ရင် အရမ်းသဘောကျတယ် မယုံခေါ်ကြည့်
ကိုပေါက်(မန္တလေး)
June 24, 2012 at 2:06 pm
ကဖိုးထောင် ဇာတ်တွေရှုပ်အောင်မလုပ်နဲ့လေကွယ်။
လမ်းကြောင်းတွေလွဲကုန်မယ်
မွန်မွန်
June 25, 2012 at 9:47 am
ရုံးပိတ်ရက်မှာ အင်တာနက်မသုံးဖြစ်လို့ ကွန်မန့်ပြန်မရေးနိုင်တာ တောင်းပန်ပါတယ်။
မွန်မွန်လည်း ဒီစာထဲက အားလုံးကို လက်ခံလို့ ရေးတင်လိုက်တာ မဟုတ်ပါဘူး။ ရွာသူရွာသားတွေရဲ့ မတူတဲ့အမြင်လေးတွေကို ဖတ်ချင်လို့ပါ။
ဟုတ်ပါတယ်။ ဆရာခေါ်တယ်ဆိုတာ ပီယဝါစာ ဆိုတဲ့ အထဲမှာ ထည့်လို့ရတယ်ထင်တယ်။ ဆရာတပ်ခေါ်ကြရင် သဘောကျတာမကျတာထက် နားထောင်လို့ကောင်းပါတယ်။ ဆိုက်ကားသမားဆိုတာထက် ဆိုက်ကားဆရာလို့ခေါ်တာက ပိုကောင်းတယ်လေ။
ဒါပေမယ့် ဆိုက်ကားဆရာလို့ခေါ်ပေမယ့် ဆရာ..ကျွန်တော်က လို့တော့ ဘယ်သူကမှ မပြောကြဘူး ထင်ပါတယ်။ အဲဒီတော့ ဆိုက်ကားဆရာဆိုတာ ဆရာဆိုတဲ့ ဝိသေသထက် ပီယဝါစာ သဘောမျိုးထည့်ခေါ်ကြတာဖြစ်နေတယ်။
သူပြောထားတာကတော့ စာပေနယ်က ဆရာကိုပြောထားပါတယ်။ စာရေးဆရာမှာပါတဲ့ ဆရာဆိုတာ ပညတ်ချက်တစ်ခုအနေနဲ့ထည့်ထားတာ မှန်ပေမယ့် စာပေနယ်မှာတော့ စာရေးတဲ့သူကို ဆရာ၊ဆရာမ တပ်ခေါ်ပြီး ကျွန်တော် ကျွန်မ ဆိုပြီး ပြောတတ်ကြပါတယ်။
(သေချာတာတစ်ခုကတော့ ဒီမန်းလေးဂေဇက်မှာစာရေးနေသူတွေက ဆရာ /ဆရာမ အခေါ်ခံချင်နေသူတွေမဟုတ်ဘူးဆိုတာကိုပါဘဲ။
ကိုယ်အလုပ်နဲ့ကိုယ်မအားတဲ့ကြား က ဝါသနာအရ မျျှဝေသူတွေအဖြစ်ခံယူနေကြတော့
ဒီဆောင်းပါးက ကျနော်တို့ ရွာနဲ့အကျုံးမဝင်ပါဘူး။)
လေးပေါက်ပြောထားသလိုပါပဲ။ မွန်မွန်ကလည်း အဲဒီလိုပြောချင်လို့ တင်တာမဟုတ်ပါဘူး။ အမြင်လေးတွေကို သိချင်ရုံသက်သက်ပါ။ သူပြောထားတဲ့ စာပေနယ်က ဆရာဆိုတဲ့ ဝေါဟာရအကြောင်းပါ။
မွန်မွန်လည်း ကိုယ်အရမ်းကြိုက်တဲ့၊ အရမ်းလေးစားရတဲ့ စာရေးဆရာတွေကို ဆရာတပ်ခေါ်ပါတယ်။ ချစ်ဦးညိုရေးတဲ့စာတွေကို အရမ်းသဘောကျတယ်။ သူ့ရဲ့ ပညာနဲ့ အရေးအသားကို အရမ်းလေးစားတယ်။ အဲဒီတော့ စကားပြောရင်တောင် ဆရာချစ်ဦးညိုရဲ့ ဘယ်စာအုပ် စသဖြင့် ဆရာတပ်ပြီးပြောပါတယ်။ စာရေးဆရာတိုင်း မဟုတ်ပေမယ့် အရမ်းလေးစားရတဲ့သူတွေကို ခေါ်ဖြစ်ပါတယ်။ (ဆရာဇော်ဂျီ၊ ဆရာဖေမြင့်၊ ဆရာကြီး မင်းသုဝဏ် စသဖြင့်ပေါ့…)
အဲဒီတော့ ဆရာဆိုတာကို ပညတ်ချက်တစ်ခုအနေနဲ့ ခေါ်နေကြပေမယ့် တကယ်တမ်း ဆရာ ကျွန်တော်က လို့ပြောဖြစ်တာကတော့ စာပေနယ်တစ်ခုမှာပဲ များမယ်ထင်ပါတယ်။ ဒါပေမယ့် သူပြောသလိုတော့ စာရေးတဲ့သူတိုင်းကို ဆရာ မခေါ်ဘူးလို့တော့ မဟုတ်ပါဘူး။ မွန်မွန်လေးစားရတဲ့ စာရေးဆရာကြီးတွေကိုတော့ ခေါ်ဖြစ်မှာပါ။ မွန်မွန့်ရဲ့ အမြင်လေးပေါ့။
ကြောင်ကြီး
June 25, 2012 at 11:21 am
ဦးကြောင်ကိုတော့ အဘခေါ်မှ ကြိုက်တယ် မွန်မွန်ရေ.. လာ..သမီးလေး.. ဦးကြောင်ပေါင်ပေါ်မှာထိုင်…ကာရာအိုကေ အတူတူ ဆိုရအောင်… 😳