တိမ်ယံသစ္စာ အပိုင်း ( ၁၆ )

alinsettJune 24, 20121min2004

……………………………

ယခုမှ ဟက်ဆန် တလည်းသီးတစ်လုံး ကောက်သည်။ ကျွန်တော့်ဆီ သူလျှောက်လာသည်။ တလည်းသီးကိုခွဲပြီး သူ့နဖူးနှင့် ရိုက်ချလိုက်၏။ ”ကဲကွာ” သူ့မျက်နှာမှ

အနှစ်နီနီများ သွေးထွက်သလို ယိုကျလာသည်။ ”မင်းကျေနပ်ပြီလား။ မင်းနေသာသွားပြီလား” ဟု သူအက်ကွဲစွာပြောပြီး ချာခနဲလှည့်ကာ တောင်ကုန်း အတိုင်း

ပြေးဆင်းသွားသည်။

ကျွန်တော် မျက်ရည်တမံကျိုးခဲ့ရသည်။ ဒူးထောက်လျက်သား ရှေ့တိုး နောက်ငင် ယိမ်းထိုးလှိုက်ဖိုနေသည်။ ”ငါ မင်းကို ဘာဆက်လုပ်ရမလဲ ဟက်ဆန်။ ငါ

ဘာဆက်လုပ်ရမလဲ”

မျက်ရည်သွေ့စ တောင်ကုန်းပေါ်မှ ကျွန်တော် မလှမ်းချင့်လှမ်းချင် ဆင်းလာချိန်တွင်မူ ဤမေးခွန်း၏အဖြေကို သိခဲ့ရပြီ။

____________________________________

ထိုနှစ်နွေ၊ ၁၉၇၆ခု နွေတွင် ကျွန်တော် တစ်ဆယ့်သုံးနှစ်ပြည့်ခဲ့သည်။ အာဖဂန်နစ္စတန် ငြိမ်းချမ်းသိုသိပ်ခဲ့သောနောက်ဆုံးနှစ်၏ နောက်တစ်နှစ်ဟု ခေါ်ရမည်။ ကျွန်တော်နှင့်

ဘာဘာ့ကြား သွေးအေးသွားသည်။ ကျူးလစ်ပန်းစိုက်တုန်းက ကျွန်တော် မဆင်မခြင် ပြောမိသည့်စကားမှ စခဲ့သည်ဟု ကျွန်တော်ထင်သည်။ ထိုစကားပြောမိသည့်အတွက်

ကျွန်တော် အမှန်ပင်နောင်တရနေသည်။ သို့ရာတွင် မပြောမိလျှင်လည်း ကျွန်တော်တို့၏ ပျော်ရွှင်စရာ တစ်ခန်းရပ်ပြဇာတ်ကလေး အချိန်တန်တော့လည်း

ပြီးဆုံးသွားရမည်သာ။ အနှေးနှင့် အမြန်သာကွာသည်။

နွေအကုန်ထိ ညစာဝိုင်းသည် ဇွန်းခက်ရင်းသံများအစား စကားသံများ ညံခဲ့သည်။ ဘာဘာသည် ညစာစားပြီး စာကြည့်ခန်းဝင်သည့်အလေ့ကို အစပြန် ကောက်ခဲ့သည်။

တံခါးကိုပိတ်သည်။ ကျွန်တော်လည်း ဟာဖိဇ်နှင့် ခိုက်ယမ် တို့ကိုမျက်နှာအပ်ရသည်။ လက်သည်းတွေ ပန်းကုံးရောက်တော့မတတ် တတိတိ ကိုက်ကာ ပုံတိုပတ်စတွေသာ

ရေးချွတ်နေခဲ့သည်။ ဘာဘာများ ကျွန်တော့်ဝတ္ထု ထပ်ဖတ်ခိုင်းဦးမလား အတွေးဖြင့် ရေးပြီးသားများကို ကျွန်တော့်ခုတင်အောက် ပုံထားသည်။
္ထ
——————

”အားလုံးကိုဖိတ်ပါ။ မဖိတ်ပါက ပါတီပွဲမမည်”

ဤသည်မှာ ပါတီပွဲနှင့်ပတ်သက်သော ဘာဘာ့ဆောင်ပုဒ်ဖြစ်၏။ ကျွန်တော့် မွေးနေ့ပါတီ မကျင်းပမီ တစ်ပတ်အလိုတွင် ဖိတ်ရမည့်လူစာရင်း စေ့စေ့စပ်စပ် ကြည့်ခဲ့ရပုံကို

ကျွန်တော်မမေ့သေး။ ကျွန်တော့်ကို လက်ဆောင်များပေး၊ ဝမ်းသာ စကားပြောမည့် ကာကာ ခါလာ ဦးဦးဒေါ်ဒေါ်များအပြင် နောက်ထပ်ဧည့်စာရင်း လေးရာကျော်တို့၏

လေးပုံသုံးပုံကို ကျွန်တော်မမှတ်မိ။ ထိုစဉ်မှာပင် ကျွန်တော် သဘောပေါက်မိသည်က ဧည့်သည်တော်များသည် ကျွန်တော့်အတွက် လာကြခြင်း မဟုတ်။ မွေးနေ့ရှင်က

ကျွန်တော်။ ပွဲ၏စူပါစတားက အခြားတစ်ယောက်ဖြစ်သည်။

အိမ်ကြီးတစ်အိမ်လုံး ဘာဘာငှားထားသော လူများပျားပန်းခတ်နေသည်။ သားသတ်သမားကြီး ဆာလာဟူဒင်က နွားကလေးတစ်ကောင်နှင့် သိုးနှစ်ကောင် ဆွဲဝင်လာသည်။

သုံးကောင်စလုံးအတွက် ငွေတစ်ပြားမှလက်မခံ။ ခြံထဲ ပေါ်ပလာပင် အနီးတွင် သူကိုယ်တိုင် သားသတ်ပေးရာ အပင်ခြေရင်းမှ မြေကြီးများနီရဲသွားသည်။ ”သစ်ပင်အတွက်

သွေးကကောင်းတယ်” ဟူသောစကားကိုပင် ကျွန်တော်မှတ်မိ သေးသည်။

ကျွန်တော်မသိသောလူများ ဝက်သစ်ချပင်ပေါ်တက်ကာ မီးကြိုးနှင့် လျှပ်စစ် မီးပွင့်လေးများ ဆင်ကြသည်။ ခြံထဲတွင် စားပွဲများ ဒါဇင်ချီ၍ ခင်းကျင်းကြသည်။ စားပွဲတွေပေါ်

စားပွဲခင်းခင်းသည်။ ပါတီပွဲမကျင်းပမီ အကြိုညက ဘာဘာ့မိတ်ဆွေကြီး ရှာရီနောရပ်ကွက်မှ အသားခပတ်ဆိုင်ပိုင်ရှင် ဒဲလ်မိုဟာမက် ရောက်လာပြီး

ဟင်းခတ်အမွှေးအကြိုင်များ အိတ်လိုက်ချပေးသွားသည်။ သားသတ်သမားကြီးလိုပင် ဒဲလ်မိုဟာမက် (ဘာဘာ့အခေါ် ဒဲလို) သည် ထိုအတွက် ငွေကြေးတစ်ပြားတစ်ချပ်မှ

မယူပေ။ သူ့မိသားစုအပေါ် ဘာဘာ့ကျေးဇူးရှိကြောင်း ပြောသွားသည်။

ကျွန်တော့်ကို တိုးတိုးပြောပြသူမှာ ရာဟင်ခန်။ ဒဲလိုသည် အသားစိမ်း နှပ်ချိန်တွင် ဘာဘာက ဒဲလိုအား စားသောက်ဆိုင်ဖွင့်နိုင်အောင် ငွေအရင်းအနှီး ထုတ်ပေးခဲ့သည်။ ဒဲလို

ပြန်ဆပ်သောငွေကို ဘာဘာကလက်မခံ။ ဒဲလိုသည် ဘာဘာ့ခြံထဲ ဇိမ်ခံကားကြီးမောင်းဝင်လာပြီး ပြန်ဆပ်သောငွေကို မယူမချင်း သူမပြန်တော့ဟု အကျပ်ကိုင်တော့မှ

ဘာဘာက ငွေလက်ခံခဲ့သည်။

ကျွန်တော့်မွေးနေ့ပါတီကား တကယ့်ပွဲကြီးပင် ဖြစ်တော့၏။ လက်ထဲ ဖန်ခွက်ကိုယ်စီဖြင့် စင်္ကြံတွင်စကားကောင်းနေသူများ၊ လှေကားပေါ် ဆေးလိပ်ခဲ နေသူများ၊

အဝင်တံခါးကိုမှီနေသူများ၊ တစ်အိမ်လုံး လူတွေတိုးမပေါက်ဖြစ်နေပုံကို ကျွန်တော် ယခင်က မကြုံဖူးခဲ့။ ဧည့်သည်တွေ ကြုံသလိုနေရာလပ်တွေ့တိုင်း ဝင်ထိုင်ကြသည်။

စားဖိုဆောင်ကောင်တာပေါ်၊ ခန်းမထဲတင်မက လှေကားအောက် တွင်ပင် ဝင်ထိုင်ကြသည်။ ခြံနောက်ဘက်တွင် အနီအပြာအစိမ်း မီးပွင့်လေးများ သစ်ပင်ထက်မှ

မှိတ်တုတ်ပြနေသည်။ ဆလိုက်မီးများ ကွက်စိပ်ထိုးထား၍ ဧည့်သည် များ၏မျက်နှာ မီးရောင်ဟပ်လျက်။ ဘာဘာသည် တစ်ခြံလုံးကို အပေါ်စီးမှ မြင်ရနိုင်သော

လေသာဆောင်ကို စတိတ်စင်လုပ်ထားရုံသာမက ခြံထဲနေရာအနှံ့ အသံချဲ့စက်များချထားသည်။ လှုပ်ယိမ်းမြူးကနေသော လူအုပ်ကြီး၏ အထက်ဘက် တွင်

အဆိုတော်အာမက်ဇာဟာသည် အကော်ဒီယံတီးကာ သီချင်းဟစ်နေသည်။

ကျွန်တော်သည် မိတ်သင်္ဂဟအသိခပင်း တစ်ဦးချင်းစီကို နှုတ်ဆက်ရသည်။ ဘာဘာသည် သူ့သားတော်မောင်ကို လိမ္မာယဉ်ကျေးအောင် မဆုံးမ၊ မသွန်သင်တတ်

ပါကလားဟု အကဲ့ရဲ့မခံရအောင် ဤကိစ္စကို ဖိဖိဆီးဆီးလုပ်သည်။ ကျွန်တော်သည် ပါးပြင်ပေါင်းရာချီ၍ နမ်းရှုတ်ခဲ့ရသည်။ လူစိမ်းများကို ပွေ့ဖက်နှုတ်ဆက်ရသည်။

မွေးနေ့လက်ဆောင်အတွက် ကျေးဇူးတင်စကားပြောရသည်။ ကျွန်တော်၏ ပလတ် စတစ်ဆာဂျရီ အပြုံးကြောင့် ကျွန်တော့်မျက်နှာကြီး ကိုက်ခဲတောင့်တင်းလာသည်။

ကျွန်တော်သည် ဘာဘာနှင့်အတူ ခြံထဲ အရက်ဘားအနီးရပ်နေစဉ် ”ဟက်ပီ ဘတ်ဒေး အေမား” ဟု နှုတ်ဆက်သံကြားသည်။ အာစွပ်နှင့် အာစွပ်၏လက်ဆောင်။

အာစွပ်အဖေ မာမွတ်သည် အရပ်ပုပု၊ အသားမည်းမည်း မျက်နှာသွယ်သွယ်မို့ ခွတီးခွကျပုံစံထဲကဖြစ်သည်။ ခန္ဓာကိုယ်အချိုးအစား သေးညှက်သော၊ စိတ်လှုပ်ရှား လွယ်သော

အာစွပ်အမေ ‘တင်ညာ’သည် အပြုံးအရယ်များသည်။ မျက်တောင်အလွန် ခတ်သည်။ ယခုမူ အာစွပ်သည် မိဘနှစ်ပါးအလယ်တွင် မိန့်မိန့်ကြီးပြုံးလျက်ရှိသည်။ အရပ်ကြီးက

မိဘနှစ်ပါးပေါ် မားလျက်။ မိဘနှစ်ပါး၏ ပခုံးကို အာစွပ် ပိုင်စိုးပိုင်နင်း သိုင်းဖက်ထားပုံသည် သူ့မိဘနှစ်ပါးကို သူကပဲ ဤနေရာဦးဆောင်ခေါ်ငင်လာခဲ့ သကဲ့သို့ရှိသည်။

သူကပဲ မိဘလိုလို၊ သူတို့ကပဲ ကလေးတွေလိုလို။

ကျွန်တော် ရိပ်ခနဲရိပ်ခနဲ ခေါင်းမူးလာသည်။ ဘာဘာက ယခုလိုလာသည့် အတွက် ကျေးဇူးတင်ကြောင်းပြောနေသည်။

”အေမားအတွက် လက်ဆောင်ကို ငါကိုယ်တိုင်ရွေးလာတာ” ဟု အာစွပ်ဆိုသည်။ သူ့အမေ မျက်နှာရှုံ့သွားပြီး အာစွပ်ကို ကြည့်နေရင်းမှ ကျွန်တော့်ကို

ဖျပ်ခနဲကြည့်သည်။ ပြုံးပြပုံက မှင်မသေ။ ပြုံးပြီးမျက်တောင်ခတ်သည်။ ဘာဘာ သတိထားမိရဲ့လား မသိ။

”အာစွပ် သားရေ … ဘောလုံးကန်တုန်းပဲလား” ဟု ဘာဘာမေးသည်။ ဘာဘာသည် ကျွန်တော့်ကို အာစွပ်နှင့် သူငယ်ချင်းဖြစ်စေချင်သည်။

အာစွပ် ပြုံးပြသည်။ တကယ့်အရိုးခံစစ်စစ် ချိုမြသောအပြုံးလေး … ကျွန်တော် ကြက်သီးဖြန်းဖြန်းထသွားသည်။

”ကန်တုန်းပဲ ကာကာ”

”ညာတောင်ပံလား”

”ဒီနှစ် ကျွန်တော် ရှေ့တန်းတက်ကစားပါတယ် ကာကာ။ ဒါမှ သွင်းဂိုး များများပိုရအောင်။ နောက်အပတ်ကျရင် မီခရို-ရေယန်အသင်းနဲ့ ကစားဖို့ရှိပါတယ်။

ပွဲကောင်းဦးမှာပါ။ သူတို့အဖွဲ့မှာ လူတော်တွေပါပါတယ်”

ဘာဘာ ခေါင်းညိတ်သည်။ ”ကာကာ ငယ်တုန်းကလည်း ရှေ့တန်းမှာပဲ ကစားတာကွ”

”ကာကာသာ ကစားချင်ရင် ကစားနိုင်ဦးမှာ၊ ကျွန်တော်လောင်းရဲတယ်ဗျာ” ဟုပြောပြီး အာစွပ်သည် ဘာဘာ့ကို မျက်စိတစ်ဖက်မှိတ်ပြသည်။

ဘာဘာကလည်း ပြန်မှိတ်ပြသည်။ ”ဒီလိုလား။ အဖေကသားကို ကမ္ဘာကျော်မြှောက်လုံးတွေ သင်ပေးထားတယ်ပေါ့” ဘာဘာသည် ပြောပြောဆိုဆို အာစွပ်အဖေ

မာမွတ်ကို တံတောင်ဖြင့်တွတ်လိုက်ရာ မာမွတ်ခမျာ လဲကျရန်နည်း နည်းလေးသာ လိုတော့သည်။ မာမွတ်၏ တဟားဟားရယ်သံသည် သူ့ဇနီး တင်ညာ ၏အပြုံးလိုပင်

ဘဝင်ကျစရာကောင်းနေသည်။ ကျွန်တော့်စိတ်ထဲ ရုတ်ချည်းဝင်လာ သော အတွေးမှာ သူတို့၏သား အာစွပ်သည် မိဘတွေအား အတိုင်းအတာတစ်ခုထိ

ခြိမ်းခြောက်ထားသလော။

ကျွန်တော်လည်း အပြုံးတစ်ခု တုပရသည်။ သို့သော် ကျွန်တော် တတ်စွမ်း သမျှအကုန်မှာ ပါးစပ်ထောင့်စွန်းကို ရေးရေးကလေးကွေးတက်အောင် လုပ်ပြခြင်းသာ။ ဘာဘာက

အာစွပ်နှင့် အလွမ်းသင့်နေ၍ ကျွန်တော့်အစာအိမ်တစ်ခုလုံး ဗြောင်း ဆန်နေပြီ။

အာစွပ်မျက်လုံးများ ကျွန်တော့်ထံရွေ့လာသည်။ ”ဝေလီနဲ့ ကာမဲလည်း ရောက်နေပြီ။ မင်းမွေးနေ့ကို ဘယ်အလွတ်ပေးလိမ့်မလဲကွာ” ဟုပြောသည်။ ဟားတိုက်နေခြင်းက

မျက်နှာပြင်အောက်နားကလေးတင် ရှိနေသည်။ ကျွန်တော် စကားမပြန်ဘဲ ခေါင်းသာညိတ်ပြလိုက်သည်။

”မနက်ဖြန်ကျရင် ငါတို့အိမ်မှာ ဘော်လီဘောကစားမလို့။ အေမား ဝင် ကစားပါလား။ ဟက်ဆန့်ကိုပါ ခေါ်ချင်ခေါ်ခဲ့လေ” ဟုအာစွပ် လောကွတ်ချော်သည်။

”ပျော်ရမှာပဲ။ အေမားကော ဘယ်လိုလဲ” ဟု ဘာဘာဝင်မေးသည်။

”ဘော်လီဘော ဝါသနာမပါပါဘူး” ဟု ကျွန်တော် မသဲမကွဲပြောလိုက် သည်။ ဘာဘာ့မျက်လုံးများ အရောင်တောက်နေရာမှ မှိန်ကျသွားကာ တိတ်ဆိတ်မှု သာ

မသက်မသာကျန်ရစ်သည်။

”စိတ်မကောင်းပါဘူး အာစွပ်ရေ” ဟု ဘာဘာက ပခုံးတွန့်၍ပြောသည်။ ကျွန်တော့်အတွက်များ ဘာဘာကတောင်းပန်ရသေးသည်။ ကျွန်တော် စပ်ဖျဉ်းဖျဉ်း

ဖြစ်သွားသည်။

”ကိစ္စမရှိပါဘူး။ ဒါပေမယ့် အေမားကို အမြဲကြိုနေတယ်နော်။ အေမား စာဖတ်ဝါသနာပါတယ်ကြားလို့ စာအုပ်လက်ဆောင်ယူလာတယ်။ ကျွန်တော့် အကြိုက်ဆုံးတွေထဲက

တစ်အုပ်ဗျ” အာစွပ်သည် ထုပ်ပိုးထားသော လက်ဆောင် ထုပ်ကို ကျွန်တော့်အား ကမ်းပေးသည်။ ”ဟက်ပီ ဘတ်ဒေး”

အာစွပ်သည် ချည်သားရှပ်အကျႌ၊ အပြာရောင်ဘောင်းဘီရှည်၊ အနီရောင် လည်စည်း၊ မဲနက်တောက်ပြောင်နေသော ဖိနပ်တို့ကို ဝတ်စားထားသည်။ ကိုလုံး ရေမွှေးနံ့

တသင်းသင်းနှင့် ရွှေရောင်ဆံပင်ကို သေသေသပ်သပ် သ’ထားသည်။ လူကြီးတွေနှင့် အရွှန်းဖောက်နိုင်သော လျင်ဉာဏ်တင်မက မွေးရာပါဉာဏ်ရည်ဉာဏ် သွေး၊

ကျလောက်စရာရူပကာ၊ ထောင်မောင်းသောအရပ်၊ ခံ့ညားသောအဝတ်အစား တို့ဖြင့် အာစွပ်သည် အပေါ်ယံအပရိကအားဖြင့် မိဘတိုင်း၏ အိပ်မက်-စံပြသားလှ

ရွှေစင်ကလေးဖြစ်သည်။ ကျွန်တော့် အတွက်ကမူ သူ့မျက်လုံးများက သစ္စာဖောက်နေ သည်။ သူ့မျက်လုံးတွေထဲ ကျွန်တော်ကြည့်လိုက်မှဖြင့် အပြင်ပန်းပြိုကျသွားကာ

နောက်ကွယ်မှ စိတ်မကျန်းမာခြင်း ပြူလှစ်လာသည်။

”ပေးနေတာ မယူဘူးလား၊ အေမား” ဟူသော ဘာဘာ့အသံကြားသည်။

”အန်”

”သားအတွက် လက်ဆောင်လေ။ အာစွပ်က လက်ဆောင်ပေးနေတယ်လေ”

သည်တော့မှ ကျွန်တော် အငေးရပ် မျက်လွှာချပြီး အာစွပ်ထံမှ လက်ဆောင် ကိုယူရသည်။ သည်လိုလူတွေနှင့် ကင်းကင်းနေကာ ကိုယ့်အခန်းထဲ ကိုယ့်စာအုပ် တွေနှင့်သာ

အဖော်ပြုနေချင်တော့သည်။

”အေမား” ဟု ဘာဘာခေါ်သည်။

”ခင်ဗျာ”

လူပုံအလယ်တွင် ကျွန်တော်လုပ်ပုံမဟုတ်တိုင်း ဘာဘာလေသံတိုးတိုးဖြင့် ပြောတတ်မြဲ။ ”အာစွပ်ကို ကျေးဇူးတင်စကား မပြောတော့ဘူးလား”

အာစွပ် အာစွပ်နှင့် မကြားချင်တော့။ ဘာဘာက ကျွန်တော့်ကို ‘အေမား သားရေ’ လို့ဘယ်နှစ်ခါ ခေါ်ခဲ့ဖူးသလဲ။

”ကျေးဇူး” ဟု ကျွန်တော်ပြောလိုက်သည်။ အာစွပ်အမေကြည့်ပုံက ကျွန်တော့်ကို တစ်ခုခုပြောချင်ပုံရသည်။ သို့သော်မပြော။ အာစွပ်၏မိဘနှစ်ပါးစလုံး စကားတစ်ခွန်းမှ

ပြောမသွားသည်ကို ကျွန်တော်သတိထားမိသည်။ ကိုယ့်ကိုယ် ကိုယ်ရော၊ ဘာဘာ့ကိုရော အရှက်မခွဲမိခင် ကျွန်တော်နောက်ဆုတ်ကာ ”မွေးနေ့ပွဲလာ တာ

ကျေးဇူးပဲနော်” ဟုပြောလိုက်သည်။ အာစွပ်နှင့် သူ့သွားဖြီးပြုံးကို မမြင်ချင်တာက ပိုသည်။

ဧည့်သည်လူအုပ်ကြီးကို ကျွန်တော်ရှောင်ခွာပြီး သံပန်းဂိတ်တံခါးမှ လှစ်ခနဲ ထွက်လာခဲ့သည်။ ကျွန်တော်တို့အိမ်နှင့် နှစ်အိမ်ကျော်တွင် မြေကွက်လွတ်ကြီးရှိသည်။

ထိုမြေကွက်လွတ်ကို တရားသူကြီးတစ်ဦးက ဝယ်ယူလိုက်ပြီဖြစ်ကြောင်း၊ ဆောက်လုပ်ရေးအတွက် ဗိသုကာများ ဒီဇိုင်းထွင်နေပြီဖြစ်ကြောင်း၊ ရာဟင်ခန်အား

ဘာဘာပြောပြသံကြားရသည်။ လောလောဆယ်တော့ မြေကွက်ကြီးသည် ဖုန်တွေ ခဲတွေပေါင်းပင်တွေမှလွဲ၍ ဟာလာဟင်းလင်းနှင့် ကြည့်မကောင်း။

အာစွပ်ပေးသော လက်ဆောင်ထုပ်ကို စက္ကူများခွာပစ်လိုက်သည်။ လရောင် ဝိုးဝါးအောက် စာအုပ်အဖုံးကို ထောင်ကြည့်ရာ ဟစ်တလာအတ္ထုပ္ပတ္တိ ဖြစ်နေသည်။

ပေါင်းပင်တွေကြားထဲ ကျွန်တော် စာအုပ်လွှင့်ပစ်လိုက်သည်။ တံတိုင်းကိုမှီပြီး မြေပြင်ပေါ်လျှော၍ ထိုင်ချသည်။ မှောင်ကြီးမဲကြီးထဲ ကျွန်တော် ထိုပုံအတိုင်း ဆက်ထိုင်နေသည်။

ဒူးများရင်ဘတ်ရောက်အောင် ကွေးရင်း၊ ကြယ်တွေကိုသာ မော့ကြည့်ရင်း ညတာလွန်မြောက်ဖို့သာ စောင့်စားနေရသည်။

”ဧည့်သည်တွေကို ဧည့်ခံနေရမှာ မဟုတ်လား”

ရင်းနှီးပြီးသားအသံနှင့်တကွ ရာဟင်ခန် ကျွန်တော့်ထံလျှောက်လာသည်ကို တွေ့သည်။

”ကျွန်တော့်ကို မလိုအပ်ပါဘူးဗျာ။ ဘာဘာရှိနေတာပဲ”

ကျွန်တော့်ဘေးနား ရာဟင်ခန်လာထိုင်စဉ် ဖန်ခွက်တွင်းမှ ရေခဲတုံးလေးများ ထိခတ်သွားသည်။

”ကာကာ အရက်သောက်မှန်း ကျွန်တော်မသိဘူး”

”လက်စသတ်တော့ သောက်နေတာကိုး” ဟု ရာဟင်ခန်ဆိုကာ ကျွန်တော့် အား ပျော်စေပျက်စေသဘောဖြင့် တံတောင်တွတ်သည်။ ”ဒါပေမယ့် အရေးကြီးဆုံးပွဲမှ

သောက်တာဗျား”

ကျွန်တော် ပြုံးပြသည်။ ”ကျေးဇူးတင်ပါတယ်”

ရာဟင်ခန်က ကျွန်တော့်ထံ ဖန်ခွက်မြှောက်ပြပြီး တစ်ငုံငုံသည်။ စီးကရက်တစ်လိပ် မီးညှိသည်။ ဘာဘာနှင့်အတူ သောက်လေ့ရှိသော အစီခံမပါသည့်

ပါကစ္စတန်စီးကရက်ဖြစ်သည်။

”တချိန်တုန်းကတော့ ကာကာလည်း လက်ထပ်ဖို့ကြံခဲ့ဖူးတယ်ကွဲ့။ သားကိုပြောပြဖူးသလား”

”တကယ်လား”

ရာဟင်ခန်က အိမ်ထောင်ပြုဖို့ စိတ်ကူးရှိသည်ဆို၍ ကျွန်တော်ပြုံးချင်ချင် ဖြစ်လာသည်။ ရာဟင်ခန့်ကို ကျွန်တော်က ဘာဘာ့အစားထိုးအတ္တအဖြစ်၊ ကျွန်တော့်

စာရေးသားခြင်း၏ ဂုရုကြီးအဖြစ်၊ ပေါင်းဟောင်းသင်းဟောင်းကြီးအဖြစ်၊ ပြည်ပခရီး သွားတိုင်း ကျွန်တော့်အတွက် လက်ဆောင်မမေ့သူအဖြစ် ကျွန်တော်မှတ်ယူထားသည်။

သို့သော် သူ့အားခင်ပွန်းသည်တစ်ဦး၊ ဖခင်တစ်ဦးအဖြစ် မြင်ကြည့်ဖို့ဆိုသည် မှာ …

ရာဟင်ခန် ခေါင်းညိတ်ပြသည်။ ”တကယ်ကွဲ့။ အဲဒီတုန်းက ကာကာ တစ်ဆယ့်ရှစ်နှစ်ပဲရှိသေးတယ်။ သူ့နာမည်က ဟိုမိုင်ရာ တဲ့။ ဟာဇာရာတိုင်းရင်းသူ။ ကာကာတို့

အိမ်နီးချင်းအိမ်က အစေခံရဲ့သမီး။ သူကလေ … သိပ်လှတာပဲ။ ဆံပင်တွေက အညိုရောင်ဖျော့ဖျော့လေး။ မျက်လုံးကြီးတွေက သပြေညိုရောင်။ ရယ်တဲ့အခါများ … ကွာ

… ခုချိန်ထိ ကာကာ သူ့အသံကြားနေရတုန်း” ရာဟင်ခန် သည် လက်ထဲမှဖန်ခွက်ကို လှည့်နေသည်။ ”ကာကာတို့အဖေရဲ့ ပန်းသီးခြံထဲမှာ ကာကာတို့

တိတ်တိတ်လေးတွေ့ကြတယ်။ ညသန်းကောင်ကျော်ဆို လူကုန်အိပ်ပြီ လေ။ ဒီတော့မှ သစ်ပင်တွေအောက် လမ်းလျှောက်တယ်။ လက်ချင်းတွဲပြီးတော့ … စိတ်ထဲ

တစ်မျိုးဖြစ်သွားလား၊ အေမား”

”နည်းနည်းပါ”

”မသေနိုင်ပါဘူးကွာ” ဟုပြောရင်း ရာဟင်ခန် စီးကရက်ဖွာသည်။ ”ဒါ့အပြင် ကာကာတို့ စိတ်ကူးတောင်ယဉ်လိုက်သေးတယ်။ ကာကာတို့ အကြီးအကျယ်

မင်္ဂလာဆောင်ကြမယ်ပေါ့။ ကဘူးနဲ့ ကင်ဒဟာက ဆွေမျိုးတွေ မိတ်ဆွေတွေကို ဖိတ်မယ်။ မင်္ဂလာဆောင်ပြီးရင် အိမ်ကြီးဆောက်မယ်။ ပြတင်းအကျယ်ကြီးပါတဲ့

အဖြူရောင်အိမ်ကြီး။ ခြံထဲမှာ သီးပင်စားပင်တွေရယ် ပန်းတွေရယ် အစုံစိုက်မယ်။ ကာကာတို့မွေးတဲ့ ကလေးတွေဆော့ဖို့ မြက်ခင်းလုပ်မယ်။

သောကြာနေ့ ဗလီမှာ ဝတ်တက်ပြီးရင် အိမ်သားတွေအကုန် ကာကာတို့အိမ်မှာဆုံကြမယ်။ ခြံထဲက ချယ်ရီပင်အောက်မှာ စားကြမယ်။ ရေတွင်းထဲကရေ

ခပ်သောက်ကြမယ်ပေါ့ကွာ။ ပြီးရင် လက်ဖက်ရည်သောက် ချောကလက်မြုံ့ပြီး ကလေးတွေဆော့တာကို ကြည့်ကြ မယ်။ ကာကာတို့မွေးလာမယ့် ကလေးတွေရယ်၊

ဝမ်းကွဲမောင်နှမတွေရယ်၊ တပြုံကြီး ပေါ့ကွာ”

ရာဟင်ခန်သည် စကော့ဝီစကီကို တစ်ကျိုက်ကြီးကျိုက်ချပြီး ချောင်းတဟွပ် ဟွပ်ဆိုးသည်။ ”အဲဒီအကြောင်းတွေ ကာကာက ကာကာ့အဖေကိုလည်း ပြောပြလိုက် ရော

သူ့မျက်နှာမြင်စေ့ချင်တယ် အေမားရေ။ ကာကာ့အမေကတော့ တကယ်ကို သတိလစ်သွားတာ။ ကာကာ့ညီမတွေက အမေ့မျက်နှာကို ရေနဲ့ပက်ရတယ်။ ယပ်ခတ်

ပေးရတယ်။ ကာကာ့ကိုကြည့်နေလိုက်ကြတာ … ကာကာကပဲ အမေ့လည်ပင်း ဓားနဲ့လှီးလိုက်သလိုမျိုး။ ကာကာ့အစ်ကို ‘ဂျလာ’ ကတစ်ခါတည်း တောလိုက်ရိုင်ဖယ်

သွားယူတော့ အဖေကဆွဲရတယ်” ထိုနေရာတွင် ရာဟင်ခန် ခါးသီးစွာရယ်သည်။ ”လောကကြီးနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတာ ကာကာနဲ့ ဟိုမိုင်ရာလေ။ ဒီမယ် သားအေ

မား။ ကာကာပြောမယ်။ နောက်ဆုံးမှာ လောကကြီးက အနိုင်ရစမြဲပဲ။ အရာအားလုံး ဟာ ဒီသဘောအတိုင်းပဲကွယ်”

”နောက်တော့ကော ဘာဆက်ဖြစ်လဲ၊ ကာကာ”

”အဲဒီနေ့မှာပဲ ကာကာ့အဖေက ဟိုမိုင်ရာနဲ့ တစ်မိသားစုလုံးကို လော်ရီ ကားပေါ်တင်ပြီး ဟာဇာရာစခန်းပို့လိုက်တယ်။ ဒီကတည်းက ကာကာ သူ့ကိုမတွေ့ တော့ဘူး”

”စိတ်မကောင်းပါဘူး ကာကာ”

”အဲဒီလိုသာ အကောင်းဆုံးပါပဲကွာ” ဟုဆိုကာ ရာဟင်ခန် ပခုံးတွန့်သည်။ ”ဟိုမိုင်ရာလည်း ခံစားခဲ့ရမှာပဲ။ ကာကာ့မိသားစုဟာ ဟိုမိုင်ရာကို ဘယ်တော့မှ

တန်းတူရည်တူအဖြစ် လက်သင့်ခံနိုင်မှာမဟုတ်ဘူး။ လူတစ်ယောက်ကို ဒီနေ့ဖိနပ် တိုက်ခိုင်း၊ နောက်နေ့ ‘နှမလေးရေ’ လို့ ဘယ်သူမှ မခေါ်နိုင်ပါဘူး” ထိုနေရာတွင်

ရာဟင်ခန်သည် ကျွန်တော့်ကိုကြည့်သည်။ ”သားအေမားလည်း ကာကာ့ကို ပြောချင်တာ အချိန်မရွေးပြောနိုင်တယ်။ သိတယ်နော်။ အချိန်မရွေးပဲ”

”သိပါတယ်” ဟု ကျွန်တော် မရေမရာဖြေလိုက်သည်။ သူ ကျွန်တော့်ကို ကြာမြင့်စွာ ကြည့်နေပုံသည် ကျွန်တော့်ထံမှ စကားအလာကို စောင့်နေသလိုဖြစ်သည်။

သူ၏နက်ရှိုင်းသော မျက်လုံးနက်နက်များက ကျွန်တော်တို့ကြားတွင် မြွက်ဟ မထားသော လျှို့ဝှက်ချက်ရှိကြောင်း အရိပ်အမြွက်ပြောနေသည်။ တစ်ခဏတော့

ကျွန်တော့်ဝေဒနာကို ထုတ်ဖော်ပြောမိတော့မလို ဖြစ်သွားသည်။ ပြောမိလျှင် သူ ကျွန်တော့်ကို ဘာထင်မည်နည်း။………………………………………………………………………………………………………………………………………….

_________________________________

ဆက်ပါဦးမည် .။

_____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________–
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ..

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ်

စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________

လေးစားစွာဖြင့်..

……………….

4 comments

  • မောင်ပေ

    June 24, 2012 at 7:02 pm

    စိတ်နုတဲ့ချာတိတ်တွေကို သတိထားမိတာကလား
    “ကျွန်တော် မျက်ရည်တမံကျိုးခဲ့ရသည်။ ” ၊ မျက်ရည်များပေါများကြွယ်ဝကြသူများပေတကား။
    ထုံးစံအတိုင်း ကူးသွားပါသည်။

  • shwe kyi

    June 25, 2012 at 1:07 pm

    ပလတ် စတစ်ဆာဂျရီ အပြုံး တဲ့ ရွှေကြည်လည်းအဲလိုမကြာခနပြုံးဖူးတယ်။
    သိပ်ပင်ပန်းတယ်။

  • မိုး မင်းသား

    June 25, 2012 at 6:03 pm

    အေမားရေမွေးနေ ့မှာပျော်ရွှစ်ပါစေ……..

    အလင်းဆက်ရေ…..ဆက်ဒူးထားဗျ……..

  • အလင်းဆက်

    June 25, 2012 at 7:21 pm

    ရွှေကြည်နဲ ့ ကိုကြီး မောင်ပေ…
    အဆက် မပြတ် တင်ပေးသမျှကို အဆက်မပြတ် ဖတ်ရှု.နေကြတယ်.နော် ။
    ကျေးဇူးပါ.။

    မိုးမင်းသားကိုလည်း ကျေးဇူးတင် ခင်မင်လျက်ပါ ။

Leave a Reply