လေလွင့်သူတယောက်၏ လွမ်းဆွတ်မှု

Knowledge SeekerJune 26, 20121min1483

ခြေတလုံးအိမ်တိုင်ဘဝနှင့် ကမ္ဘာအရှေ့မှအနောက် တောင်မှမြောက်သို့ ကျွန်တော်လေလွင့်နေခဲ့သည်မှာ နှစ်ပေါင်း မနည်းတော့ပါ။ တစ်နှစ်ပြီး တစ်နှစ် အသက်ကြီးလာသလို အကြားအမြင် ဗဟုသုတလည်း တိုးခဲ့သည်။ ကမ္ဘာ့ရွာ တစ်ဖြည်းဖြည်း ကျဉ်းလာသည်။ မွေးရပ် မြေကအမေ တစ်နေ့ထက်တစ်နေ့ အိုစာသွားခဲ့သည်။

လွန်ခဲ့သောနှစ် (၂၀) က မွေးရပ်မြေ ရထားဘူတာမှ အစပြုလို့ ကမ္ဘာကြီးကို စူးစမ်းဖို့ ကျွန်တော် ခြေလှမ်းစခဲ့သည်။ နှစ်ပေါင်း (၂၀) အတွင်း ပီကင်းမှ ရှန်ဟိုင်း၊ ကွမ်တုန်မှ ဟောင်ကောင်၊ နယူးယောက်ခ်မှ ဝါရှင်တန်၊ တောင်အမေရိကားမှ တောင်အာဖရိကထိ၊ ထိုမှတဆင့် လန်ဒန်မှ ဆစ်ဒ်နီသို့ အလုပ်လုပ်ရင်း လှည့်လည်ရင်း ကျွန်တော်ရောက်ခဲ့ဖူးသော နိုင်ငံများ (၂၀) ကျော် ခဲ့သည်။

နေရာသစ် တခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော် ပြောင်းလဲနိုင်ခဲ့ဖူးသည်။ သို့သော် စိတ်ထဲတွင် အမေ့ကို လွမ်းဆွတ်မှုက ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့။ IP ဖုန်းကတ်လေးတွေပေါ်လာမှ အမေ့ကို မကြာခဏ ကျွန်တော် ဖုန်းဆက်နိုင်ခဲ့သည်။ ဖုန်းထဲတွင် အမေ၏အေးချမ်းသော အသံသည် ဘဝ၏စိန်ခေါ်မှုများကို ရင်ဆိုင်ဖို့ ကျွန်တော့်အတွက် အင်အား ပိုဖြစ်စေခဲ့သည်။

အမေ့၏အသံမှာ တစ်နှစ်ထက်တစ်နှစ် ပိုအိုစာသွားခဲ့သည်။ အမေ့နှင့် ဖုန်းပြောတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့၊ အမေ့ကိုစိတ်မပူဖို့၊ နေရာ တကာ သတိနှင့်သွားလာဖို့၊ ခွင့်ယူပြီး ပြန်မလာဖို့၊ ပြန်လာရင် ငွေကုန်ကြေးကျများပြီး အလုပ်အကိုင် ပျက်မည်ဖြစ်ကြောင်း ထပ်သလဲလဲ ပြောသည်။ ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ အမေ ကျွန်တော့်ကို လွမ်းနေပြီ တွေ့ချင်နေပြီဖြစ်ကြောင်း ကျွန်တော် သိလိုက်ပါသည်။

အမေ (၇၅) နှစ် ရှိပါပြီ။ ကျွန်တော်လက်ဘေးက အလုပ်တွေကိုချ၊ စိတ်ထဲက အစီအစဉ်တွေ ကိုဖျက်ပြီး အမေ့ဆီ တစ်လပြန်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ထိုတစ်လအတွင်း ဘာမှမလုပ် ဘာမှ မတွေးဘဲ အမေ့အနားတွင် နေမည်။ ကျွန်တော်ပြန်လာခဲ့မည့်အကြောင်း အမေကို ဖုန်းဆက် အကြောင်းကြားပြီးနောက် အမေ စတင် အစီအစဉ်ဆွဲတော့သည်။ မှတ်စုစာအုပ်တစ်အုပ်ဖြင့် ကျွန်တော်ကြိုက်သော အစားအစာ
များ မှတ်၊ ကျွန်တော် ငယ်ငယ်က ကြိုက်သော အိပ်ရာခင်းကို ပြန်ပြင်ချုပ်၊ ကျွန်တော်ရောက်တုန်း အဆင်သင့်ဝတ်ဖို့ အဝတ်အစားတွေ ပြင်ဆင်ရင်း အမေအလုပ်တွေ ရှုပ်နေခဲ့သည် ဆိုသည်ကို နောက်မှကျွန်တော်သိခဲ့ရသည်။ အသက် (၇၅) နှစ် ရှိနေပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်ရင် မောတတ်တဲ့အမေ ကျွန်တော် ပြန်လာဖို့အတွက် ပြင်ဆင်ရင်း မောဖို့ မေ့နေပြီဖြစ်ကြောင်း ကျွန်တော်ခံစားမိသည်။ အမေနှင့်တွေ့သည့်အခါ အမေ့ကို ပြေးပြီးဖက်လိုက်မည်ဟု စိတ်ကူးနှင့် လေယာဉ်ပေါ်တွင် ကြည်နှုးနေမိသည်။ တကယ်တမ်း အမေနှင့် တွေ့သောအခါ ကျွန်တော်ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင် ကြိုနေသော အမေသည် သစ်ခြောက်ပင်အိုနှင့် တူနေသည်။ မျက်နှာပေါ်က အရစ်
အစင်းများကြောင့် အမေသည် အရင်ပုံရိပ်နှင့် မတူတော့။ အမေ တော်တော် အိုစာသွားခဲ့ပါလား ။

အိမ်ပြန်ရောက်လျှင်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သော ဟင်းများကို အမေ စတင် ချက်ပြုတ်တော့သည်။ သို့သော် ထိုဟင်းများကို ကျွန်တော် မကြိုက်တော့ကြောင်း အမေကို မပြောဖြစ်ခဲ့။ မျက်စိမှုန်လာပြီ ဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက်၊ ပေါ့တစ်ခွက် အရသာများ အရင်နှင့် မတူတော့။ ကျွန်တော်အတွက် ပြင်ဆင်ထားသော အိပ်ရာခင်းမှာလည်း ဂွမ်းစစ်စစ် စောင်ထူကြီးတွေဖြစ်သည်။ ထို
စောင်ထူကြီးများကို ခြုံအိပ်ရသောအကျင့် ကျွန်တော်မှာ မရှိတော့ ။ ဂွမ်းစောင်အစား သိုးမွေးစောင် နုနုလေးပဲ သုံးတော့ကြောင်း အမေ့ကို ကျွန်တော် မပြောဖြစ်ခဲ့။ ကျွန်တော်ပြန်လာတာ အမေ့ကို လွမ်းလို့ တွေ့ချင်လို့ ပဲလေ။

အိမ်ပြန်ရောက်စ နှစ်ရက်တွင် အလုပ်များ ရှုပ်နေသောကြောင့် အမေနှင့် စကားကောင်းကောင်း မပြောဖြစ်ခဲ့။ ပြောဖြစ်ပြန်တော့လည်း လူဖြစ်အင်များ၊ လူ့ဘဝအကြောင်းများကို ထပ်သလဲလဲ ပြောနေတော့သည်။ ထိုအကြောင်းများသည် လွန်ခဲ့သော (၁၀) နှစ်ခန့်က အမေ အပ်ကြောင်းထပ်အောင် ပြောခဲ့သော စကားများဖြစ်သည်။ ထိုအကြောင်းအရာနှင့် ကျွန်တော့်၏ဘဝနှင့် အလုပ်အကြောင်းကို ခိုင်းနှိုင်းပြီး
ပြောတော့သည်။ ကျွန်တော် စိတ်အနှောင့်အယှက် ဖြစ်လာလျှင် ထိုအကြောင်းအရာများသည် ခေတ်နောက်ကျနေပြီဖြစ်ကြောင်း ပြောမိလျှင် အမေသည် တွေတွေလေးနှင့် တစ်နေရာရာကို ငေးကြည့်နေတတ်သည်။

မျက်စိများ မှုန်ဝါးလာပြီဖြစ်သောကြောင့် အမေ ဟင်းချက်ရာတွင် သန့်ရှင်းမှုကို ဦးစားမပေးတော့ကြောင်း ကျွန်တော် သတိပြုလာမိသည်။ အမေချက်သော ဟင်းထဲတွင် တစ်ခါတစ်ရံ ပိုးကောင်များ၊ ယင်ကောင်များ ပါလာတတ်သလို၊ ထမင်းဟင်းများ ကြမ်းပြင်ပေါ်သို့ ကျလျှင်လည်း ပြန်ကောက်ထည့်လာတတ်သည်။ အခြေအနေများသည် ယခင်ကနှင့် မတူတော့။ အိမ်တွင်မချက်စားဘဲ ဆိုင်တွင် မှာစားရန်ပြောသောအခါ
အပြင်စာများသည် ညစ်ပတ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြောသည်။ ထမင်းချက် အဖော်တစ်ယောက် ရှာထားခဲ့မည်ဟု ပြောပြန်လျှင် အမေသည် “ငါ လှုပ်ရှားနိုင်သေးတယ်။ ငါ မအိုသေး” ဟု ကျွန်တော့်ကို စိတ်ဆိုးလေသည်။ ကျွန်တော်မြို့ထဲသို့သွားလျှင် အမေလည်း လိုက်ချင်သည်။ နောက်ဆုံးတွင် အမေခြေလှမ်းကြောင့် လိုရာသို့ မရောက်နိုင်ခဲ့။

အကြောင်းအရာ တစ်ခုခု ဆွေးနွေးမိပြန်လျှင်လည်း ကျွန်တော်အယူအဆများသည် မှားနေပြီဖြစ်ကြောင်း၊ လမ်းမှားလိုက်နေပြီ ဟု အမေ ထင်နေသည်။ အရာရာတိုင်းသည် ခေတ်နှင့်အညီ တိုးတက်နေပြီဖြစ်ကြောင်းကို ကျွန်တော် အားမနာစွာ အမေ့ကို ပြောဖြစ်ခဲ့သည်။

နောက်ပိုင်း အမေနှင့်ပြောဖြစ်သော စကားတိုင်းတွင် ကျွန်တော်သည် စိတ်အနှောင့်အယှက်ဖြစ်ပြီး စကားလမ်းကြောင်းလွှွဲခြင်းများကို လုပ်လာမိသည်။ ကျွန်တော် စိတ်မရှည်သောအချိန်တွင် စကားသံကို အကျယ်ကြီး ပြောမိခြင်း၊ စကားဖြတ်ခြင်းများ ပြုလုပ်မိသောအခါ အမေသည် ပြောလက်စ စကားကိုရပ်ပြီး တွေတွေလေးနှင့် နှုတ်ဆိတ်နေတတ်သည်။

ခွင့်တစ်လပြည့်၍ ကျွန်တော်ပြန်ခါနီးအချိန်တွင် အမေသည် ကုတင်အောက်က သေတ္တာဟောင်း တစ်ခုဖြင့် နှစ်ရှည်လများ သိမ်းထားသော သတင်းစာဖြတ်ပိုင်းများကို ကျွန်တော်အား ပေးလေသည်။ ထိုသတင်းစာ ဖြတ်ပိုင်းများမှာ ကျွန်တော် ပြည်ပရောက်စဉ် ကျွန်တော် ရောက်ခဲ့ ဖူးသမျှ နိုင်ငံတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများပင်ဖြစ်သည်။ ကျွန်တော်ကို ပြရန် ထိုဖြတ်ပိုင်းများကို ဂရုတစိုက် ညှပ်ပြီး အမေ
သိမ်းထားခြင်းဖြစ်သည်။ ကျွန်တော်လက်ထဲသို့အပ်ပြီး ကျွန်တော်နှင့်အတူ ယူဆောင်သွားစေလိုသည်။

မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့အမေ၊ သတင်းစာ တစ်မျက်နှာချင်းကို ကုန်အောင် ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှ ခက်ခက်ခဲခဲ ညှပ်ခဲ့သည်ဆိုသည်ကို ကျွန်တော်အသိ။ သို့သော် အသုံးမဝင်တော့သော ထိုသတင်းစာများကို ကျွန်တော် ယူမသွားချင်ပေ။ ကျွန်တော် တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲမှ ဖြတ်ပိုင်းလေး တစ်ခု လွှင့်ကျသွားသည်။ ကျွန်တော်ထက်ဦးအောင် အမေက ကောက်ယူ
လိုက်ပြီး အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။

“ဘာဖြတ်ပိုင်းလေးလဲ မေမေ ကျွန်တော့်ကို ပြပါလား”
အမေ တွေတွေလေးနှင့်ကမ်းပေးပြီး ထမင်းစားခန်းသို့ ထွက်သွားလိုက်သည်။
ကျွန်တော်ချက်ချင်း ဖတ်ကြည့်လိုက်မိသည်။

“ငါ အိုသွားတဲ့အခါ”ဟု ခေါင်းစဉ် တပ်ထားသော ၂၀၀၄ နှစ် ၁၂ လပိုင်း ၆ ရက်နေ့က ဆောင်းပါးလေး ဖြစ်သည်။ ဆောင်းပါးလေးမှာ

“ငါ အိုသွားတဲ့အခါ”

ငါ အိုသွားတဲ့အခါ ငါဟာ အရင်က ငါ မဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့ မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါ သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါ ချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။

မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ် လေးကို မြင်ယောင်ပေးပါ။

ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကို မလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်” ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါ ပြန်ဖြေခဲ့တာကို သတိရပေးပါ။

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊ လမ်းလျောက်သင်စ အရွယ်တုန်း က တစ်လှမ်းချင်း လှမ်းလျောက် ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။

အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာ တွေကို ငါ မေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကား အကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။

တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ဝမ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘဝ တက်လမ်းအတွက် ငါ လမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ ဘဝနောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမျှမှုတွေကို ငါ ပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။

ကျွန်တော် မျက်ရည်မကျအောင် ထိန်းထားရင်း မနားတမ်းဆုံးအောင် ဖတ်လိုက်မိသည်။ ကျွန်တော် သေတ္တာထဲက အကောင်းဆုံး အဝတ်တစ်စုံကို ထားခဲ့ပြီး ထိုဖြတ်ပိုင်းများကို ထည့်လိုက်သည်။ ကျန်သော ဖြတ်ပိုင်းများက ကျွန်တော်အတွက် အသုံးမဝင်သော်လည်း ထိုဆောင်းပါးပါသော ဖြတ်ပိုင်းလေးမှာ ကျွန်တော် ဘယ်နေရာ ရောက်ရောက် ကျွန်တော် အပါးအမြဲမခွာတော့။

ယခုထက်ထိ ထိုမှန်ဘောင် သွင်းထားသော ဖြတ်ပိုင်းလေးမှာ ကျွန်တော့် စာကြည့်စားပွဲပေါ်တွင် ရှိနေသည်။ ကျွန်တော့်လို ဘဝတူ အမိမြေကို ခွဲပြီး အမေနှင့် ဝေးနေသူများ အတွက် ထိုဆောင်းပါးကို တင်ပြလိုက်ပါသည်။ အမြဲ ဖုန်းမဆက်နိုင်သော်လည်း အခါကြီး ရက်ကြီးများတွင် အမေ့ကို ဖုန်းဆက်ပြီး သတိရကြောင်း၊ ကျန်းမာကြောင်း၊ အမေချက်သော ဟင်းများကို စားချင်ကြောင်း……………

ရာသီ အလီလီပြောင်းခဲ့လည်း
မနေ့တစ်နေ့ကလိုပဲ အမေ
အမေ ထွက်သွားတဲ့ရက်
အိပ်မက်တစ်ခုလို ထင်မှား
အမေ့ ပုံရိပ်တွေ ရှင်သန်နေဆဲပါ။

မြို့ပြတစ်ခုရဲ့ရင်ခွင် သမီးဝင်ကာနားခို
အမေ့ရွာလောက် မပျော်ဘူး။
မိုးမျှော်တိုက်တွေက ခိုင်ခံ့
အမေ့တဲအိုလောက် မလုံခြုံဘူး။
ပီဇာတွေ၊ ဘာဂါတွေစား
အမေ့ ထမင်းကြမ်းလောက် မမြိန်ဘူး။
မြို့ပြတွေရဲ့ နေရောင်ခြည်
အမေ့ ရင်ခွင်လောက် မနွေးထွေးဘူး။

နီယွန်မီးတွေ ထိန်လင်း
လမ်းပြကြယ်တွေ ဘယ်နှစ်ှစင်းလင်းလဲ
အမေ့ရဲ့ လမ်းညွှန်မှုမရှိလို့
အနာဂတ်ဟာ မဲမှောင်နေဆဲပါ အမေ။

“ဘယ်တော့မှ မငိုနဲ့ “…..တဲ့
အမေ့ရဲ့ နောက်ဆုံးစကားတစ်ခွန်း
သမီးအတွက် ခွန်အားဖြစ်လို့
ကျလုလုမျက်ရည်တွေ မျိုသိပ်
လောကဓံရဲ့ မုန်တိုင်းကြား
အခါးအသီးတွေ ခါးစည်းခံရင်း
ဘဝလှေကို အားမာန်နဲ့ လှော်ခတ်ဆဲပါအမေ။

ဘဝမှာ အမေသာ စံပြ
အမေ့ကို နမူနာယူလို့
အမေတူသမီး ပီသစွာနဲ့
ကံကြမ္မာရဲ့ ဇာတ်ကွက်တွေအောက်မှာ
အံကြိတ်လို့ ဟန်ချက်ညီညီ ကရင်း
အမေ့ကို လွမ်းဆွတ် သတိရဆဲပါ အမေ။

(၂၆. ၉. ၁၉၉၉) ထာဝရ ခွဲခွာသွားသော အမေ့အား လွမ်းဆွတ်လျှက်
နိုင်းနိုင်းစနေ

ကျေးဇူးပြု၍ ပြန်လည်မျှဝေ ပေးကြပါ…………..ကျေးဇူးတင်ပါသည်။
aungzin25

3 comments

  • ကိုရင်မောင်

    June 26, 2012 at 10:02 am

    ငါအိုသွားတဲ့အခါ ဆိုတဲ့ဆောင်းပါးကို မန်းလေးထဲမှာဖတ်ခဲ့ဘူးတယ်လို့ထင်ပါတယ်…
    ဒီတုန်းကလဲ ဒီဆောင်းပါလေးကိုဖတ်ပြီး မရှိတော့တဲ့မိခင်နဲ့ဖခင်ကြီးတို့ကိုလွမ်းဆွတ်သတိရနေမိတယ်…
    ခုဆိုတို့တွေ မိခင်ဖခင်နေရာတွေရောက်လာကြပြီး ဆိုတော့ တို့လဲတနေ့ကြုံလာရတော့မယ်….
    အရမ်းကောင်းတဲ့ဆောင်းပါလေးပါ…….
    ဖတ်မိတိုင်း လွမ်းဆွတ်ရပါတယ်….
    ခုလိုဆိုက်ပေါ်တင်ပေးတာကျေးဇူးတင်ပါတယ်…..

  • mamanoyar

    June 26, 2012 at 11:00 am

    ဖတ်ပြီး မျက်ရည်တောင်လည်မိပါတယ်
    ငါအိုသွားသောအခါ ဆိုတဲ့ ဆောင်းပါးလေးဟာ
    အရမ်းကိုမှန်ပြီး အရမ်းကောင်းတဲ့ စာသားလေးတွေပါ

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 1:10 pm

    လောကဓံရဲ့ မုန်တိုင်းကြား
    အခါးအသီးတွေ ခါးစည်းခံရင်း
    ဘဝလှေကို အားမာန်နဲ့ လှော်ခတ်ဆဲပါအမေ။

    ဘဝမှာ အမေသာ စံပြ
    အမေ့ကို နမူနာယူလို့
    အမေတူသမီး ပီသစွာနဲ့
    ကံကြမ္မာရဲ့ ဇာတ်ကွက်တွေအောက်မှာ
    အံကြိတ်လို့ ဟန်ချက်ညီညီ ကရင်း
    အမေ့ကို လွမ်းဆွတ် သတိရဆဲပါ အမေ။

    အမေ့ရဲ့မေတ္တာရိပ်အေးချမ်းလှပါတယ်….
    အနှိုင်းမဲ့…သောချစ်ခြင်းများစွာဖြင့်..
    အမေ ကျန်းမာလို့ ပျော်ရွှင်ပါစေနော်…။
    မိုက်လေး…..။

Leave a Reply