တကယ် မသေခင် အစမ်းသေကြည့်ရအောင်…….

Khin Thida SoeJune 28, 20102min891

တကယ် မသေခင် အစမ်းသေကြည့်ရအောင်

ဒီဘဝ ဒီခန္ဓာ နဲ့ သံသရာ ဝဋ်ဇတ် အမြစ်ပြတ် အောင် အားမထုတ်နိုင်သေးဘူး

ဆိုရင်တော့ သေလွန်ပြီးတဲ့ နောက် ကောင်းရာ သုကတိ ရောက်ဖို့ ကိစ္စ ကို အရေး တကြီး

ထည့်သွင်း စဉ်းစားရပါဦးမယ်။

သောတပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ အရိယာပုဂိုလ် ကတော့ ကောင်းရာ သုဂတိ

ရောက်ဖို့ သေချာပြီးသာပါ။ အောက်ဆုံး အရိယာ ဖြစ်တဲ့ သောတာပန် ပုဂိ္ဂုလ် ဖြစ်သွားပြီ

ဆိုရင် ပဲ အပ္ပါယ် လေးပါး ဆိုတဲ့ မကောင်းရာ ဒုဂ္ဂတိ ကို လုံးဝ မရောက်နိုင်တော့ပါဘူး။

သောတာပန် မှ မဖြစ်သေးဘူး ဆိုရင်တော့ ဘယ်လောက် ကောင်းတဲ့ ပုထုဇဉ်ဖြစ်ဖြစ်

ဘယ်လောက် အဆင့်မြင့် တဲ့ သူတော်စင်ပဲဖြစ်ဖြစ်၊ အကြောင်း မတော်ရင် အာရုံဆိုး၊ နမိတ်ဆိုး တွေ

ထင်မြင်လာပြီး အပ္ပါယ် လေးပါး ကျရောက်သွားနိုင်ပါတယ်။

တကယ် သေလွန်ခါနီး အချိန် မှာ အာရုံဆိုး၊ နမိတ်ဆိုး တွေ ထင်မြင်မလာဖို့ အတွက်

မသေခင်ကတည်းက ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်၊ အသေကြီးကို ရင်ဆိုင်နိုင်ဖို့

အသေလေး နဲ့ လေ့ကျင့် ထားရပါမယ်။

အသေကြီး ဆိုတာ ဘဝ တစ်ခုလုံးရဲ့ နောက်ဆုံးအပြီးအပြတ် သေလွန်ခြင်း ကို ပြောတာပါ။

တကယ်သေသွားတာကိုပြောတာပါ၊ အသေလေး  ဆိုတာ ကတော့ ဘဝ တစ်နေ့တာ ရဲ့ အိပ်စက်ခြင်း

ကိုပြောတာပါ၊ တဒင်္ဂ တစ်ခဏ သေသလိုဖြစ်သွားတာကို ပြောတာပါ။ အသေကြီး ဆိုတာ မနိုးသော

အိပ်စက် ခြင်းဖြစ်ပြီး အသေလေးဆိုတာကတော့ နိုးသော အိပ်စက်ခြင်း ဖြစ်ပါတယ်။

မနိုးသော အိပ်စက်ခြင်း နဲ့ အိပ်စက်ခါနီး အချိန်မှာ အကောင်းဆုံး အနေအထားဖြစ် နေဖို့ အတွက်

နိုးသော အိပ်စက်ခြင်းနဲ့ အိပ်စက် ခါနီး အချိန်ကို အကောင်းဆုံး အနေအထားဖြစ်အောင် လေ့ကျင့်

ထားဖို့ လိုအပ်ပါတယ်၊။

အသေကြီး နဲ့ သေခါနီး အချိန် မှာ အာရုံကောင်း ၊နမိတ်ကောင်း တွေ ထင်မြင်နေဖို့အတွက်

အသေလေး နဲ့ သေခါနီး အချိန်ကို အာရုံကောင်း ၊ နမိတ်ကောင်းတွေနဲ့ ထုံမွမ်းပေးထားရပါမယ်။

ညအိပ်စက် တာဟာ အသေလေး နဲ့ သေတာပါ၊ ညအိပ်တော့မယ် လို့ မျက်စိမှိတ် လိုက်တာ

နဲ့ တစ်ပြိုင်နက် အာရုံ ကောင်းတွေ ၊ ကုသိုလ် အာရုံတွေ ပဲ ထင်မြင် နေစေရပါမယ်။

ကုသိုလ် အာရုံ က ဒါန အာရုံ ၊ သီလ အာရုံ ၊ သမထ အာရုံ ၊ ဝိပဿနာ အာရုံ၊ လို့

လေး မျိုး ရှိပါတယ်။

တကယ် သေခါနီး အချိန်မှာ ဘယ်ကုသိုလ် အာရုံ ထင်လာမယ်၊ ဘယ်ကုသိုလ် အာရုံ

ယူလို့ ရမယ် ဆိုတာ ကြိုတင် မသိနိုင်တဲ့ အတွက် အိပ်ခါနီး အချိန် မှာ ကုသိုလ် အာရုံ လေး မျိုးလုံး

ကို ယူထားရပါမယ်။

စနစ်တကျ ကြိုတင် လေ့ကျင့်ထားတာ တောင်မှ တကယ့် တကယ် သေခါနီးကျတော့

ဘယ်ကုသိုလ် ကို အာရုံ ယူရမှန်းမသိ ဖြစ်နေတတ်ပါတယ်။ တကယ်လို့ သိခဲ့ရင် တောင်မှ

အင်အား ကြီးမား တဲ့ အစွဲ အလမ်း အာရုံတွေ ၊ အတွယ် အတာ အာရုံတွေ ရဲ့ လွှမ်းမိုးမှုကြောင့်

ကုသိုလ် အာရုံ ကို အာရုံ ယူဖို့ ခက်ခဲနေတတ်ပါတယ်။

ဒါကြောင့် ည အိပ်ခါနီး အချိန်ကို တကယ် သေခါနီး အချိန်လို့  သဘောထားပြီး ကုသိုလ်

အာရုံ စွဲမြဲ အောင် အလေး အနက် ထား ကြိုးစား ကြရပါမယ်။

ဒါန အာရုံ အနေနဲ့ ဒီ နေ့ ဒီအချိန် အထိ ဘဝ တစ်သက်တာ မှာ ပြုခဲ့တဲ့ ဒါန ကောင်းမှု

တွေထဲ က ကိုယ် အနှစ်သက်ဆုံး၊ ကိုယ် ပီတိ အဖြစ်ဆုံး ဒါန ကောင်းမှု တစ်ခု ခု ကျု အာရုံပြု ရပါမယ်။

အဲဒီ ဒါန ကောင်းမှု ဟာ ငွေကြေး  အကုန်အကျ အနေနဲ့ နည်းချင်လည်းနည်းမယ်၊

များချင်လည်းများမယ်၊ လုံးဝ မကုန်ကျဘဲ ရင်လည်းရှိမယ်။ အကုန်အကျ အနည်းအများ က အဓိက

မဟုတ်ပါဘူး၊ ကိုယ်တကယ် နှစ်သက်ကျေ နပ် ဖို့ ကိုယ် တကယ် ဝမ်းမြောက် ပီတိ ဖြစ်ဖို့က အဓိက ပါ၊

အကုန် အကျ  များတိုင်း အကျိုးပေး ထက်သန် တာ မဟုတ်ပါဘူး၊ ပီတိ အားကောင်းမှ အကျိုး

ပေး ထက်သန်တာပါ။

ကိုယ် ပီတိ အဖြစ်ဆုံး ဒါနကောင်း မှု ကို ခုလောလော ဆယ် လှူနေရသလို အာရုံထင်မြင်ပြီး

ဝမ်းမြောက် ပီတိ ဖြစ်နေရပါမယ်။

ညအိပ်ရာ ဝင်ခါနီး တိုင်း ဘုရားသောက်တော် ရေ အသစ် လဲ တဲ့ အကျင့် ကို စွဲစွဲ မြဲမြဲ

လုပ်ပေးပါ။ အိပ်ခါနီး ( အသေလေးနဲ့သေခါနီး ) ရဲ့ အနီး ကပ်ဆုံး ဒါန ကုသိုလ် ဖြစ်လို့

အာရုံယူရတာ အလွန် လွယ်ကူပါတယ်၊ အေးချမ်း မှု နဲ့ တစ်နေ့တာ ကို အဆုံးသတ် လိုက်ရတဲ့

အတွက် …….ဘဝ တစ်လျှောက်လုံး အစစ အရာရာ အဆင်ပြေ အေးချမ်းရပါလိ့မ်မယ်။

သီလ ကုသိုလ် အနေနဲ့ အောက်ထစ်ဆုံး ငါးပါး သီလ၊ လူဝတ်ကြောင် တိုင်း မစောင့် မဖြစ်

စောင့် ရပါမယ် ။ ငါးပါးသီလ ကို ဆင်ခြင်ရပါမယ်။ ဆင်ခြင် လိုက်တဲ့ အချိန် မှာ ငါးပါး သီလ

လုံခြုံသူ ဖြစ်နေဖို့ အတွက် ညအိပ်ရာ ဝင်ချိန် တိုင်း ငါးပါး သီလ ကို အသစ် ခံယူ ဆောက်တည်ပါ။

ဆောက်တည်ပြီး အချိန်က စပြီး မကျိုးပေါက်စေနဲ့ ။ အိပ်တော့ မယ်ဆိုရင် ကျိုးပေါက်စရာ မရှိ

တော့ပါဘူး။ ဒါဆိုရင် အခု ငါနောက်ဆုံး ငါးပါး သီလ ယူပြီးတဲ့ အချိန် က စပြီး ငါးပါး သီလ လုံခြုံ

နေပြီ လို့ ဝမ်းမြောက် ဝမ်းသာ ဖြစ်နိုင်ပါတယ်။

ရှစ်ပါးသီလ၊ သာမဏေသီလ၊ ရဟန်းသီလ၊ ကျင့်သုံး သူတွေ ကလည်း ကိုယ့်သီလ ကိုယ်

ဆင်ခြင်နှလုံးသွင်း ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေရပါမယ်၊ ကုစားသင့်တာရှိရင် မအိပ် ခင်က

ကြိုတင် ကုစား ထားရပါမယ်။

သမထ ကုသိုလ် အနေနဲ့ ကိုယ်အနှစ်သက်ဆုံး ကိုယ် အယုံကြည်ဆုံး ဘုရားဂုဏ်တော်

တစ်ခုခု ကို ပွါး များရပါမယ်။

ဥပမာ—အရဟံ ဂုဏ်တော်ကို နှစ်သက် ၊ အကြည်ညိုဆုံးဖြစ် ရင်

အရဟံ….ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား ၊ အရဟံ…..ပူဇော် အထူး ကို ခံယူတော်

မူထိုက်သော မြတ်စွာဘုရား ၊ လို့ အရဟံ ဂုဏ်တော် ရဲ့ အဓိပ္ပါယ် ကို အာရုံ ထင်မြင်အောင်

စိတ်ထဲကနေ နှလုံး သွင်းပွါးများရပါမယ်။

ဘုရားဂုဏ်တော် ကိုးပါးလုံး ကို အဓိပ္ပါယ် သိသိ ပွါးနိုင်ဖို့ အတွက် မြန်မာ လို အဓိပ္ပါယ်

ဖွင့်ဆိုချက် တွေကိုလည်း လေ့လာထား ရပါမယ်။ ကျက်သင့် တာတွေကိုလည်း ကျက်ထားရပါမယ်။

နောက်တစ်ခု သမထ အနေနဲ့ မေတ္တာ ဘာဝနာ ပွားများ နေရပါမယ်။ အနည်းဆုံး သတ္တဝါ

အားလုံးချမ်းသာကြပါစေ၊ လို့ သုံးခါ လောက် ပွားများနေရပါမယ်။

ကိုယ် နှစ်သက် ရာ၊ ကိုယ် အားသန် ရာ မေတ္တာ ပွါး နည်းတွေ နဲ့ လည်း ပွါး များနိုင်ပါတယ်။

ဒါန ကုသိုလ် ၊ သီလ ကုသိုလ် ၊ သမထ ကုသိုလ် တွေ ကို အစဉ် အတိုင်း အာရုံ ပြု

ဝမ်းမြောက် ပြီး ပြီ ဆိုရင် နောက် ဆုံး ဝိပဿနာ ကုသိုလ် နဲ့ အိပ်လိုက်ပါတော့။

နှာသီးဝ လေထိရာ အရပ်မှာ သတိ ကပ်ထားပြီး လေဝင် ရင်  ဝင်တယ် ၊ လေထွက် ရင်

ထွက်တယ်   ရှု မှတ် ပြီးနေပါ။

ဝင်တိုင်းထွက်တိုင်း သာ တစ်ဆက်တည်း သိနေ မယ်ဆိုရင် လေးငါးချက် ထက် ပိုမှတ်

စရာ မလိုပါဘူး ၊ ချက်ချင်း အိပ်ပျော် သွားပါလိမ့်မယ်။ ဝင်လေ ထွက်လေ ရှု မှတ်ခြင်း ဟာ

အကောင်းဆုံး အိပ်ဆေးပါပဲ။

လေဝင်၊ လေထွက် တိုင်း ထိတွေ့ တွန်းကန် မှုတွေ ကို သိနေမယ်ဆိုရင် လောဘ၊ ဒေါသ

စတဲ့ ကိလေသာ တွေ လည်း ဖြစ်ခွင့် မရတော့ပါဘူး။ သမာဓိ ၊ ဉာဏ် ရင့်သန်ပြီးသား ပုဂိုလ် ဆိုရင်

အိပ်ရာဝင် မှာ လေဝင်လေထွက် မှတ်ရင်းနဲ့ မဂ် ကျပြီး နိဗ္ဗာန် ကို မျက်မှောက်ပြုသွားနိုင်ပါတယ်။

ညအိပ်တိုင်း ဒါနအာရုံ၊ သီလအာရုံ ၊ သမထ အာရုံ ၊ ဝိပဿနာ အာရုံ နဲ့ အိပ်စက်

သွားမယ်ဆိုရင်  သေလွန်ခါနီး မှာလည်း အဲဒီ အာရုံလေးမျိုး တစ်မျိုးမျိုး နဲ့ သေလွန်မှာ

သေချပါတယ်။ ကုသိုလ် အာရုံ နဲ့ သေလွန် သွားသူ ကို ကောင်းရာသုဂတိ ဘုံတွေက သူဦးကိုယ်ဦး

လက်ကမ်းကြိုနေကြမှာပါ။

ဒါကြောင့် ညအိပ်ရာ ဝင် ၊ခေါင်းအုံးပေါ် ခေါင်းချ ကျောဆန့်ပြီးတာနဲ့ တစ်ပြိုင်နက်

‘ငါ  ခဏသေလိုက်ဦးမယ် ‘  လို့ ကိုယ့်ကို ကိုယ် စိတ်ထဲက ပြောပြီး သေနည်း လေ့ကျင့် ကြဖို့

အထူး တိုက်လိုက်ပါတယ် ၊ မသေခင် လုပ်ရမယ့် အလုပ်တွေ ထဲမှာ သေနည်းကျင့် တဲ့ အလုပ်

ကိုလည်း ထိပ်ဆုံးနေရာက ထည့်သွင်း ထားရပါမယ်။