မိခင်ကြီးရဲ့ကဗျာ
((ရင်ထဲမှကဗျာ))
တစ်ခါတရံ …
ကွေ့ကောက်လှည့်ပြေး၊ လမ်းကလေးကို
မျှော်ငေးပြန်ကြည့်၊ တမ်းတမိလျှင် …၊
အသိမကြွယ်၊ ဝင့်မထယ်လည်း
ပြုံးရယ်ရွှင်လန်း၊ ပွင့်သစ်ပန်းနှယ်
ဖြတ်သန်းလျှောက်ခဲ့ဖူးပါရဲ့။
ဒီလိုနဲ့ဘဲ …
ဘဝပီပြင်၊ ကြည်စင်လှိုက်မော
မာယာတောမှာ၊ သောသောညံညံ
ချစ်ဟန်မုန်းဟန်၊ ငိုသံရယ်သံ
ပတ်လည်ရံ၍၊ ရုန်းကန်လှုပ်ရှား
အမှားအမှန်၊ အခါးအချို
မလိုတမာ၊ လိုသကာတွေ …။
စိတ်မှာရင့်ကျက်၊ အသိနက်နဲ၊
ဝေခွဲပိုင်ပိုင်၊ ဆုံးဖြတ်နိုင်သော် …
ဘယ်မှာလေလဲ၊ အောင်ပွဲတွေ၊
ဘယ်မှာလေလဲ၊ တရားသစ္စာ၊
အော် … ရေရာသေချာခြင်းမရှိ၊
ပကတိ … သုည … ဒုက္ခဘုံ။
ပြုံး စာတိုပေစတွေ လက်တည့်စမ်းတဲ့ ဆယ်ကျော်သက်အရွယ်ကစပြီး ယနေ့ထက်တိုင် “ဘုတ်သိုက်မအနေနဲ့ ဘဝမှာ ဘာလုပ်လုပ်ဖြစ်နိုင်တယ်။ ဒါပေမယ့် စာရေးဆရာတော့ တစ်သက်လုံးမဖြစ်ဘူး” ဆိုတဲ့ စကားနဲ့ ကောင်းကောင်းကြီး ထောပနာပေးခဲ့တဲ့သူဟာ တခြားလူ ဟုတ်ရိုးလား။ ပြုံးရဲ့မိခင်ကြီးပါပဲ။ ပြုံးစပ်တဲ့ကဗျာ ဟူသမျှကို “ကဗြုတ်” တွေဖြစ်ကြောင်း ပယ်ပယ်နယ်နယ်ကြီး ပြောတတ်တဲ့လူပါ။ မေမေ့ရဲ့ အားရစရာအားပေးစကားတွေကြောင့် ပြုံးရဲ့ကိုယ်တိုင်ရေး အချစ်ဝတ္ထု ၆အုပ် လွှင့်ပစ်ခဲ့ဖူးတယ်။ ငယ်နုစဉ်တုန်းကတော့ အဝေဖန်ခံရတိုင်း ဒေါသတွေထွက်ရ၊ တကျက်ကျက်ရန်ဖြစ်ရနဲ့ အခု ပြုံးအသက် ၄ဝ အရွယ်မှာတော့ ပြန်တွေးလိုက်ရင် ရယ်စရာ တစ်မျိုးဖြစ်နေပါပြီ။
———-
ပြုံးတို့မောင်နှမသုံးယောက်မှာ မေမေ့ဆီက စာကဗျာ ဝါသနာပိုးကို ရခဲ့တဲ့လူဟာ ပြုံးပါ။ ပြုံးဟာ ပြုံးမေမေနဲ့ အားလုံးနီးပါး တူတဲ့လူလို့ ပြောရင်လည်းရပါတယ်။ ဗုဒ်ဓဟူးသမီး ဖြစ်တာကအစ၊ မျက်နှာကျနဲ့ အရပ်အမောင်း (ကျန်နှစ်ယောက်က အရပ်တော်တော်မြင့်တယ်)၊ ကော်ဖီကြိုက်တာ၊ ဂဂျီဂဂျောင်နိုင်တာ၊ အစားအသောက် ဂျေးများတာ၊ ရွံတတ်တာ(ကိုယ်တိုင်က သန့်သန့်ပြန့်ပြန့် နေတတ်တယ်လို့မဆိုလို)၊ ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းလွန်းတာ၊ သီးသန့်တစ်ကိုယ်တည်းနေတတ်တာက အလယ်၊ တူညီတဲ့ကံကြမ္မာဆိုးကို ရခဲ့တာ အဆုံး၊ အားလုံးတူတဲ့ သားအမိလို့ ပြောရင်ရနိုင်ပါတယ်။ အဲဒီလို ဝါသနာတူ စရိုက်တူလို့ တစ်ယောက်နဲ့တစ်ယောက် အလွမ်းသင့်မယ်များ ထင်ရင်တော့ အလွဲကြီး လွဲပါပြီ။
မေမေက သူ့သမီးကြီး အပျိုကြီးမမကို အင်မတန် အားကိုးတယ်။ အငယ်ဆုံး သူ့သားကိုတော့ အချစ်ဆုံးပေါ့လေ။ အလတ်မ ပြုံးနဲ့ကတော့ ဘယ်နေရာမှ အမြင်မတူ၊ စကား ခေါင်းစဉ်လေးတစ်ခု စမိပြီဆိုတာနဲ့ တကျက်ကျက်ဖြစ်ရပြီ။ ဥပမာ ပြုံးက ကဗျာဆို မော်ဒန်မှ၊ သူကတော့ ရတုတွေ ပိုဒ်စုံတွေ အလွတ်နီးပါးရထားတဲ့လူဆိုတော့ စာတစ်ကြောင်း ကဗျာတစ်ပုဒ် ကာရန်လွတ်ပြီဆိုတာနဲ့ “ကဗြုတ်” တွေလို့ ခနဲ့တတ်တယ်။
ပြုံးနဲ့ မတည့်လွန်းအားကြီးတော့ ပြုံးစိတ်ထဲ သားအမိအရင်းမှ ဟုတ်ပါလေစလို့ အမြဲမပြတ် တွေးခဲ့ဖူးတယ်လေ။ ကိုရီးယားကားတွေထဲမှာလည်း ဆေးရုံမှာ ခလေးတွေမှားတတ်တာ ကြည့်ထားတာဆိုတော့ ပြုံးစိတ်ထဲ DNA စစ်ဖို့လိုတယ်လို့ ထင်တယ်။ ဒါနဲ့ DNA ဆိုတာ ရေရေရာရာ မသိပေမယ့် စစ်ကြည့်ကြဖို့ မေမေ့ကိုပြောတော့ မေမေက “သောက်ရူးမထနဲ့။ တစ်အိမ်လုံးမှာ ညည်းနဲ့ငါအတူဆုံး … စိတ်ပုပ်တဲ့နေရာမှာ” တဲ့။
———
အခုကဗျာလေးကတော့ ပြုံးရဲ့မေမေ တလောကတင် ပြုံးထံပို့လိုက်တဲ့ စာထဲမှာရေးထားတဲ့ ကဗျာပါ။ ယခုဆို အသက် ၇၄နှစ်ရှိပြီဖြစ်တဲ့ မေမေ့အသက်အရွယ်အရ ကဗျာကလည်း နည်းနည်းတော့ရင့်နေမှာပေါ့နော်။ မေမေ့ကိုယ်ရေးရာဇဝင်ကတော့ မေမေက ဆရာဇော်ဂျီမြို့သူဖြစ်ပါတယ်။ ဆရာဇော်ဂျီရဲ့ အစ်မအရင်း ဆရာမကြီးဒေါ်လှမြင့် ရဲ့ တပည့်ရင်းလည်းဖြစ်ပါတယ်။ ဒီအကြောင်းကို ထည့်ပြောရတာကတော့ သူအမြဲဂုဏ်ယူပျော်ရွှင်တဲ့အချက်မို့ပါပဲ။ ဟိုခေတ်က ဆရာတပည့်ဆိုတာမျိုးက အခုခေတ်လို မဟုတ်ဘူးလေ။ မေမေဟာ တိုင်းရင်းမေလို ဂျာနယ်မျိုးတွေမှာ ကဗျာရေး၊ တဖြည်းဖြည်းနဲ့ အရှိန်ရလာပြီး ဆရာကြီးဒဂုန်တာရာတို့နဲ့ စုပေါင်းကဗျာစာအုပ်လေး ထုတ်ခဲ့ကြပါသေးတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ ရန်ကုန်ကိုပြောင်း၊ သားရေးသမီးရေးတွေနဲ့ဆိုတော့ သူ့ကဗျာတွေဟာ သူ့ဒိုင်ယာရီထဲမှာပဲ ရှိတော့တယ်။ ပြုံးထံ စာရေးတိုင်း ကာရန်နဘေမလွတ်အောင် စာရေးတတ်တယ်။ အခု သူ့အကြောင်း မန်းဂေဇက်မှာတင်တာ သူမသိသေးဘူး၊ သိရင်တော့ ပြုံးကို မေတ္တာပို့ဖို့များတယ်။
——-
ကဗျာဆိုတာ ကာရန်ပါမှ လို့ယူဆတဲ့လူတွေရော၊ ကာရန်မဲ့ကဗျာကိုမှ ရင်ခုန်တတ်တဲ့လူတွေရော၊ ဒီကဗျာလေးကို နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်ရှင်။ ။
24 comments
စိန်ဗိုက်ဗိုက်
July 2, 2012 at 1:12 pm
ဪ.
ကျော်က ဒေါ်ပြုံးစပ်ထားတယ်ထင်တာ..
ဒေါ်ပြုံးရဲ့ မာမီစပ်ပေးတာကိုးဗျာ..
ပထမဆုံး ကွန်းမန် ့နဲ ့ပထမဆုံး လက်မလေး အားပေးပါရစေဗျာ..
ကျော်လဲ ဝမ်းဒေးကျရင် ကဗျုတ်ကောင်းကောင်းလေးတွေ စပ်ချင်ပါသေးတယ်..
ဂိန်
ပစ်စလက်ခတ် မျက်ရည်
July 2, 2012 at 1:15 pm
တစ်ရှူးကုန်သွားလို့ ..အငိုရပ်ထားတုန်း..
ဒုတိယလက်မလေးနဲ့ အားပေးသွားပါတယ်ဂျာ..
အဟင့် …
🙁
mamanoyar
July 2, 2012 at 1:41 pm
အင်း မေမေကြီးရဲ့ကဗျာတွေလည်း
ဖတ်ဖူးချင်ပါတယ်ရှင်
မောင်ပေ
July 2, 2012 at 1:58 pm
ဆြာမပြုံး မေမေ ရဲ ့ကဗျာဟာ သားသမီးတွေအတွက် မောမိတဲ့ စိတ်မချတဲ့ သဘောထားနဲ ့ နိဒါန်းစပြီးမှ လောကကြီးရဲ ့ဖြစ်တတ်တဲ့ တရားသဘောတွေနဲ ့အဆုံးသတ်ထားတဲ့ ကဗျာကောင်းတစ်ပုဒ်လို ့ခံစားမိပါတယ်ဗျာ
maung khinmin
July 2, 2012 at 2:12 pm
ဆြာပေ…ပြောသလိုပါပဲ….ခင်ဗျ
အနှစ်သာရအင်မတန်ကြွယ်ဝတဲ့…ဘဝဒသာနတွေနဲ့ဖွဲ့အပ်တဲ့ကဗျာလို့
ခံစားမိပါကြောင်း
Moe Z
July 2, 2012 at 2:28 pm
ဆရာမရေ ကဗျာလေးကိုနှစ်သက်လို့ ကူးခွင့်ပြုပါရှင့် ..
မကြာမကြာ ဒီမှာစာရေးဖို့တောင်းဆိုပါရစေ ..
ကိုအလင်းဆက်တင်ပေးနေတဲ့ တိမ်ယံသစ္စာကိုလည်း
အားလုံးပြီးမှပေါင်းဖတ်ဖို့ကူးထားပါတယ် .. 🙂
amatmin
July 2, 2012 at 2:55 pm
ဆရာမရေ..
ကဗျာကိုလည်းနှစ်သက်သလို..မိဘတွေနဲ့ အလတ်တွေရဲ့
ဆက်ဆံရေးတစေ့တစောင်းကိုလည်း ..
ကိုယ်တိုင်ခပ်လတ်လတ်မို့.သဘောတကျ အားပေးကြောင်းပါဗျ.. 🙂
manawphyulay
July 2, 2012 at 3:13 pm
စာရေးဆရာမ ဝင့်ပြုံးမြင့်များလား မသိဘူးနော်။ တကယ်လို့သာ စာရေးဆရာမ ဝင့်ပြုံးမြင့်ဆိုရင်တော့ သမီးတောင် ဒီလောက်အရေးကောင်းတာ အမေ ဒီလိုရေးသားပေးပို့တာလေးတွေကတော့ ပြောဖွယ်ရာ မရှိဘူးလို့ မြင်မိပါတယ်။ ဆရာမရဲ့ သံစဉ်သံလှိုင်းစိတ်ခိုင်းစေရာ စာအုပ်လေးကစပြီး အရေးအသားလေးတွေ နှစ်ခြိုက်ခဲ့မိပါတယ်။ သဘောလည်းကျတယ်။ အန်တီကိုလည်း မြင်ဖူးခဲ့ပါတယ်။ အန်တီက သဘောကောင်းတယ်။
shwe kyi
July 2, 2012 at 4:02 pm
ဖြတ်သန်းခဲ့တဲ့ဘဝခရီးလမ်းကိုပြန်လှမ်းကြည့်ရင်းသံဝေဂယူထားပုံပဲနော်။
ခံစားလို့ကောင်းပါတယ်ဆရာမရယ်။ အမေတူသမီးလတ်လေးရဲ့ ကဗျာလက်ရာလေးလည်းမြည်းစမ်းပါရစေ။
ဘာသာပြန်စွမ်းအားကတော့ ဖတ်နေရပြီမို့လေးစားရပါတယ်ဆရာမရေ။
မိုး မင်းသား
July 2, 2012 at 6:24 pm
ဆရာမရေ……
ကဗျာတွေစာတွေကို……စောင် ့ဖတ်ပေးနေပါရစေလေ…..
အရမ်းတော်တဲ ့ဆရာမမို ့မဝေဖန်ရဲပါ……
် ့ချစ်ခြင်းမေတ္တာဖြင် ့
ဝင့်ပြုံးမြင့်
July 2, 2012 at 10:44 pm
အူးလေး စိန်ဗိုက်ဗိုက် – နာမည်ချင်းကတူနေတာနော။ ပြုံးနာမည် ဘုတ်သိုက် ဆိုတာ ဗိုက်သုတ် ကိုပြောတာ။ ငယ်တုန်းက စားပြီးရင် ဗိုက်မှာသုတ်ပစ်လိုက်လို့။
မိုးဇက်ရေ – ကူးလို့ရပါတယ်။ ဒီမှာ စာရေးချင်ပေမယ့် မီးအခက်အခဲရှိလို့ပါ။ ဒီနေ့ပဲ မီးလာတာ။ နောက် ၂ရက် ဆိုမီးပြတ်တော့မယ်။ တိမ်ယံတောင် အူးလေးအလင်းဆက် တင်ပေးလို့ အဆင်ပြေတာ။
ပစ်စလတ်ခတ်မျက်ရည် ၊ မမနိုရာ၊ ဆြာပေ၊ မောင်ခင်မင်၊ အမတ်မင်းနဲ့ ရွှေကြည် – ကဗျာလေးကို ကြိုက်တယ် ဆိုလို့ ဝမ်းသာပါတယ်။ ပြုံးကို သိပ်အထင်မကြီးဖို့ ပြောချင်ပါတယ်ရှင်။ အလုပ်တစ်ခုဟာ လုပ်ရင်းနဲ့ တဖြည်းဖြည်း တတ်သွားတဲ့သဘောပါပဲ။ တစိုက်မတ်မတ်လုပ်ဖို့သာ လိုတာပါ။ စာရေးစာဖတ်တာ အချိန်သိပ်ပေးရတယ်။ တခြားအလုပ်တစ်ဖက်နဲ့လူတွေမှာ (ဥပမာ-ရုံးတစ်ဖက်၊ ကျောင်းတစ်ဖက် လူတွေ) အားသာချက် နည်းမှာပါ။ ဒါကြောင့်သာ စာရေးဆရာရှားနေတာ။
မနော ကိုတော့ ဘယ်သူများလဲလို့ စဉ်းစားနေရပြီ။ စဉ်းစားလို့ မထွက်ဘူး။
မိုးမင်းသားရေ – မိုးတွေ ရွာ … ရွာနိုင်လွန်းတယ်နော်။
မိုးမင်းလွန်ကဲ ရွာမစဲလို့
သဲသဲမဲမဲ မညှိုးနဲ့ကွယ်
တဖွဲဖွဲသာ ရွာစေကြောင်းရယ်
မိုးဒေဝါ ပဇ္ဇုန်မှူးကို
အရနှူးလို့ ကူပြောပါ့ရှင် …
ရဲစည်
July 3, 2012 at 5:42 am
အရမ်းကောင်းတဲ့ ကဗျာလေးပါဘဲ ခင်ဗျ
ကူးယူသွားပါတယ်….. သိမ်းထားပီး အေးအေးဆေးဆေး ဖတ်ကြည့်ဖို့ရယ်ပါ၊
လက်မလဲ ထောင် အားပေးသွားပါကြောင်း
နောင်များလည်းဘဲ မကြာ မကြာ ရေးပေးစေလိုပါကြောင်း
kyeemite
July 3, 2012 at 8:24 am
ဒီနေ့..ဂေဇက်ရွာလေးကို ဆရာမတို့လို စာပေအနုပညာသမားတွေ
ဝင်ရောက် ရေးသားလာတဲ့အတွက် ဂုဏ်ယူကြောင်း ပထမဦးစွာ
ပြောပါရစေ..ကျနော်လည်း ကာရံလေးတွေညိတဲ့ ကဗျာလေးတွေကို
ပိုခံစားလို့ရပါတယ်…ကဗျာထဲမှာ…
ဘဝတွေကိုထင်ဟတ်ပြထားတာ…ကျစ်ကျစ်လစ်လစ်နဲ့
တိုတိုနဲ့ထိမိပါကြောင်း…
စတုတ္ထမြောက် လက်မထောင်ပီးအားပေးသွားပါဂျောင်း…
ကြည်ဆောင်း
July 3, 2012 at 11:49 am
ပဉ္စမြောက်လက်မလေးပါ။
{တစ်ခါတရံ …
ကွေ့ကောက်လှည့်ပြေး၊ လမ်းကလေးကို
မျှော်ငေးပြန်ကြည့်၊ တမ်းတမိလျှင် …၊
အသိမကြွယ်၊ ဝင့်မထယ်လည်း
ပြုံးရယ်ရွှင်လန်း၊ ပွင့်သစ်ပန်းနှယ်
ဖြတ်သန်းလျှောက်ခဲ့ဖူးပါရဲ့။}
ပျော်ရွှင်ရယ်မောခဲ့ရတဲ့ကလေးဘဝလေးကိုပြန်သတိရမိပါသေးရဲ့ . . . .။
ခပ်မိုက်မိုက် ကောင်မလေး
July 3, 2012 at 12:19 pm
အင်း…အရမ်းကောင်းပါတယ်ဗျာ…
လွမ်းမိပါတယ်…မေမေသို့….
အားပေးသွားပါတယ်နော်….
ပျော်ရွှင်ပါစေဗျာ….။။။
အလင်းဆက်
July 3, 2012 at 7:11 pm
အပေါ်က ကဗျာကို…. ကျွန်တော်… ကဗျာတစ်ပုဒ်အနေနဲ ့ ဖတ်မိပါတယ် ။ ဒါပေမယ့်…
ကျွန်တော် နှစ်သက်တဲ ့အမျိုးအစား မဟုတ်လို ့… မကြိုက်ဘူး ။ရင် ထဲ သိပ်မရောက်ဘူးပေါ့ဗျာ.။
ဒါက….သာမန်..စာဖတ်သူတစ်ယောက်အနေနဲ ့ဝေဖန်တာပါနော် ..ဆရာမ .။
ဆရာမ..ရဲ ့Comment ထဲမှာ….မိုးမင်းသားကို ပြောရင်းနဲ ့ ရေးလိုက်တဲ ့
ကဗျာတိုလေးကိုတော့ ကျွန်တော် ကြိုက်တယ်..ဗျ ။ ဘာလို ့ကြိုက်လဲ..ဆိုတော့..
မိုးမင်းလွန်ကဲ ရွာမစဲလို့
သဲသဲမဲမဲ မညှိုးနဲ့ကွယ်
တဖွဲဖွဲသာ ရွာစေကြောင်းရယ်
မိုးဒေဝါ ပဇ္ဇုန်မှူးကို
အရနှူးလို့ ကူပြောပါ့ရှင် …
ချစ်စရာကောင်းတဲ ့…လေးလုံးစပ် ကာရန်..စနစ်..ကဗျာလေး…လေ ။
ဒါလည်း..သာမန်စာဖတ်သူ အနေနဲ့ပြောတာပါနော် ။
ကျွန်တော် ဒီ ပို့စ် မှာ အနှစ်သက်ဆုံးက…
ဆရာမ ရေးတဲ ့..စာ..ပါပဲ.။ ( ကဗျာ မဟုတ်ပါ )
စာသားတွေက… ဆိုလိုချင်တဲ ့အကြောင်းအရာ..ကို ..စကားပြောပုံစံနဲ ့ပဲ…
ထိထိမိမိ..ရသမြောက်အောင် ပြောသွားတာကို..လေးစားတယ် … အားကျတယ် ။
ကျွန်တော်….သိသလောက်တော့…စကားပြောနဲ ့ရေးတာက နည်းနည်းပေါ့တတ်တယ် ။ စကားပြော..ဆယ်ကြောင်း ဖတ်ရတာ ထက်…
စကားပြေ တစ်ကြောင်း..ကို ဖတ်ရတာက ပို အရသာ..ရှိတတ်တယ်….။
အခု ဆရာမရေးသွားတဲ့ စကားပြောလေး..က….ရသ ဝတ္ထု တစ်ပုဒ် ဖတ်လိုက်ရသလို…
ကြည်နူးစေတဲ ့ရသ..ကို ပေးစွမ်းနေပါတယ်…
အသော..လေး….နဲ ့ရေးသွားလို ့ ဖတ်ရတာ….ချော…နေတာပါပဲ..။
အဟိ ။ ဆရာမ ရဲ ့ပို ့စ်ကို…စိတ်ရှိလက်ရှိဝေဖန် လိုက်ရရင်…
ဆရာမ ရဲ ့ နဂို..ကောင်းမွန်နေတဲ ့ စာပေလက်ရာ..လေး..ပျက်လို ပျက်စီး ဖြစ်သွားမှာ.. မြင်ယောင်ပါတယ် ။
ကျွန်တော် ့လို ခပ်ညံ ့ညံ ့ ဝေဖန်ပုံနဲ ့ဆို….လေ..။
ရသ စာပေ လက်ရာကောင်းတွေ …ဝေဖန်ရေး..ဆိုးဆိုးတွေ.ကြောင့် ပျက်စိး..ခဲ့တာ များပြိ..။
ဆရာမရေ… စာတွေ..ဆက်ရေးပါ.ဦးဗျာ။
စောင့်မျှော်….ဖတ်ရှု..နေပါ့မယ်။
လေးစားစွာ…
အလက်ဆင်း
နောက် ထပ်
က
padonmar
July 3, 2012 at 9:06 pm
ပြုံးရေ
အမေကိုချစ်သော အမေကလည်း(မတဲ့ဘူးဆိုပေမယ့်ငေါ့တော့တော့လေးချစ်တဲ့) ချစ်မှန်းသိသော
သမီးတစ်ယောက်ရဲ့ ချစ်ဖွယ်စာလေးကို အားပေးသွားပါကြောင်း။
MaMa
July 3, 2012 at 11:26 pm
မိဘမျိုးရိုးဆိုတာ မတိမ်ကောပဲ သားစဉ်မြေးဆက်မှာ တစ်ယောက်မဟုတ် တစ်ယောက်မှာ ပေါ်တတ်တယ်ဆိုသလို
ဆရာမပြုံးက အမေ့အတွက် မျိုးဆက်ကို ထိန်းထားနိုင်သူ ဘမျိုးဘိုးတူ ပေ့ါ။ 🙂
အခုလို မန်းဂေဇက်ရွာကို ရောက်လာတာကိုလည်း ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကြိုဆိုအားပေးပါတယ်။
pooch
July 4, 2012 at 1:26 am
ကဗျာလေး ကူးသွားပါတယ်။ အနှစ်လေးတွေမို့ တခေါက်ဖတ်တာနဲ့ တင် သဘောကျသွားတယ်။
အရီးခင်လတ်
July 4, 2012 at 4:14 am
မပြုံး ရေ
အနှစ်သာရ အပြည့်အဝ ရှိတဲ့ အမေ့ ကဗျာ ကို အားပေးသွားကြောင်း အမေ့ ကိုပြောပြလိုက်ပါ နော်။
ကဗျာ ကို စပ်ချင်ပါသော်လည်း ပါရမီ မပြည့်လို့ ထင်ပါရဲ့ ဘယ်လို မှကို မစပ်တတ်တာ။
တကယ်တော့ စာရေးရတာလွယ်တယ်။
အနှစ်ရှိတဲ့ ကဗျာ ဆိုတာ လွယ်လွယ် နဲ့ စပ်လို့ မရဘူး မဟုတ်လား။
အမေတူ သမီး မပြုံး အတွက် လဲ ဂုဏ်ယူပါတယ်။
တကဲ့ စာရေးဆရာ လဲ ရွာထဲပါလာပြီမို့ ရွာ အတွက်လဲ ဝမ်းသာ ဂုဏ်ယူပါတယ်။
kai
July 4, 2012 at 5:57 am
အဲဒီခေတ်ကကဗျာတွေက.. ဖတ်လို့ကောင်းတယ်.
ကာရန်နဲ့.. အသံအနိမ့်အမြင့်ညှိထားတာလို့.. ခံစားမိလို့ပါ..
တငြိမ့်ငြိမ့်စမ်းရေပေါ်…အလိုက်သင့်မျောနေသလိုပေါ့..
ဒီခေတ်မိုဒမ်ကဗျာတွေကတော့.. စိတ်လှုပ်ရှားစရာကောင်းတယ်..
အဓိပ္ပါယ်လိုက်ဖေါ်ရတာတွေနဲ့.. ခုန်ပေါက်နေသလိုမို့ပါ…။
… ကျောက်ဆောင်တွေနဲ့မြစ်ရေကြမ်းပေါ်.. မျောနေသလိုလို… 🙂
shwe kyi
July 4, 2012 at 10:38 am
သူကြီးရဲ့ တင်စားပုံတွေက လှနေတာပဲ။
snow white
July 5, 2012 at 8:19 pm
စနိုးလည်းကူးယူသွားပါတယ် ဖတ်လို့လည်းကောင်းပါတယ် ရေးသားချက်ကလည်းတအားကောင်းပါတယ်
Thekka
July 12, 2012 at 4:48 pm
ဆရာမနဲ့ ဆရာမ မေမေအကြောင်း ဖတ်ရင်း သမီးမေမေကို သတိရမိတယ်။ အဲလိုပဲ ရင်ထဲမှာ မေတ္တာတွေနဲ့ပေမယ့် အပြင်မှာတော့ အယူအဆမတူတာတွေကြောင့် အမြဲတကျက်ကျက်ပါပဲ။ နောက်ပြီး သမီးလည်း အလတ်ပဲ။ ကဗျာလေးရော ပို့စ်ကိုပါ ကြိုက်ပါတယ်။ ၄ဝကျော် ကျွန်မရဲ့ အသည်းကွဲတမ်းချင်းကို ကြိုက်လို့ ဆရာမ ပို့စ်တွေကို ပြန်ရှာဖတ်တာပါ။