“သတင်းထောက်တစ်ဦး၏ မှတ်စု(၄)
ခင်ဗျားလည်းချစ်သူရှိနိုင်တာပဲ။ သူလည်းချစ်သူရှိနေနိုင်တယ်။ ခင်ဗျားလည်းချစ်နေတဲ့သူရှိနေနိုင်သလို။ အားလုံးလည်းချစ်နေတဲ့သူ၊ ချစ်ရမယ့်သူရှိနေနိုင်တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ သတင်းထောက်တွေကျတော့ ချစ်ရေးချစ်ရာဆိုတာတော်တော်ပြောရခက်တဲ့ကိစ္စဗျ။
သတင်းထောက်တစ်ယောက်ရဲ့ရည်းစားဖြစ်ရတာ၊ သတင်းထောက်တစ်ယောက်နဲ့ ချစ်သူဖြစ်ရတာ၊ သတင်းထောက်တစ်ယောက် ရည်စားထားရတာတော်တော်ဒုက္ခရောက်ပါတယ်။ ကျွန်တော်တို့အရင် စီနီယာသတင်းထောက်ကြီးတွေဆိုလည်းတော်တော်ဒုက္ခရောက်ကြပါတယ်။ မိန်းမရနေတဲ့ အစ်ကိုသတင်းထောက်တွေဆိုလည်းသူတို့မိန်းမတွေနဲ့ တော်တော်လေးအဆင်ပြေအောင် နေကြရတာဗျ။
ဘာလို့လဲလို့ ခင်ဗျားတို့ကမေးမယ်။ သတင်းထောက်တွေကသာမန်လူတွေ မဟုတ်ကြလို့လား။ အခွင့်ထူးခံလူတန်းစားတွေလား။ ဘယ်လိုဟာတွေလည်းလို့ ပြန်ပြောကြမယ်ထင်တယ်။
တစ်ခုမှ မဟုတ်ပါဘူး။ သတင်းထောက်တွေဆိုတာလည်းသာမန်လူတွေပါပဲ။ ဒါဆိုဘာကြောင့် ချစ်ရေးချစ်ရာမှာအဆင်မပြေကြတာလဲ။
သတင်းထောက်ကို ပြည်သူတွေပိုင်တယ်။ သတင်းထောက်ရဲ့အသက်ဟာ ပြည်သူတွေလက်ထဲမှာ။ သတင်းထောက်ဆိုတာဘယ်သူနဲ့မှ ငြိစွန်းတဲ့သူတွေ မဟုတ်ဘူး။ အဲဒီလိုကြီးကြီးကျယ်ကျယ်တွေပြောတာ ကြားဖူးပါလိမ့်မယ်။ သဘောတူရင်လည်းတူပေါ့လေ။ မတူရင်လည်း…။
ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်ကတော့ သတင်းထောက်ကိုသတင်းတွေကပိုင်တယ်။ သတင်းတွေကိုသတင်းထောက်ကချစ်ရတယ်။ သတင်းကိုသတင်းထောက်ကသစ္စမဖောက်ရဘူး။ သတင်းတွေအပေါ်ကျောသားရင်သားမခွဲခြားရဘူး။ အဲဒီလိုမြင်ပါတယ်။
ဒီလိုသာမန်သတင်းထောက်တွေကဘာလို့ချစ်ရေးချစ်ရာမှာအဆင်မပြေဖြစ်ကြရတာလဲ။
ခြုံပြီးပြောရင်ရတဲ့ အဖြေကတော့ သတင်းထောက်တွေဟာအချိန်ကိုမပိုင်ပါဘူး။ အချိန်မရှိပါဘူး။ အိမ်မပြန်ဘဲသတင်းရှိတဲ့နေရာမှာအိပ်ရတဲ့ ရက်တွေကလည်းမနည်းဘူးလေ။ နောက်ပြီးတော့ သတင်းထောက်တွေဟာပုံမှန်အားဖြင့် ငွေရေး၊ ကြေးရေးမှာချို့တဲ့ကြပါတယ်။ အဲဒါတွေကချစ်ရေးချစ်ရာတွေမှာအဆင်မပြေရတဲ့ အကြောင်းတွေပါပဲ။
ဥပမာသတင်းထောက်တစ်ယောက်ဟာသူကြိုက်နေတဲ့ (သတင်းလောက, က မဟုတ်တဲ့ အပြင်က) ကောင်မလေးတစ်ယောက်နဲ့ ချိန်းထားတယ်ဆိုပါစို့။ အဲဒီမှာတင် ပြဿနာနည်းနည်းရှိပါတယ်။ သူချိန်းတဲ့အချိန်ဟာသူကြိုက်နေတဲ့ကောင်မလေးပါးစပ်ကပြောသလိုဖြစ်တဲ့ အချိန်မဟုတ်ပါဘူး။ ရုံးချိန်ရယ်၊ စာမူပိတ်ချိန်၊ ဖောင်ပိတ်ချိန်၊ ပွဲတွေ၊ အင်တာဗျူးတွေနဲ့လွတ်တဲ့အချိန်နဲ့ကိုက်ညီမှ အဲဒီသတင်းထောက်အတွက် အဆင်ပြေပါလိမ့်မယ်။ စာမူခထုတ်တဲ့နေ့လည်း ဖြစ်ရပါဦးမယ်။ အဲ…ဖောင်ပိတ်မယ့်နေ့မှ ကောင်မလေးကအဖြေပေးမယ်ဆိုရင်တော့ သေမယ်သာကြံတော့။
ကျွန်တော်တို့ ပြည်တွင်းဂျာနယ်တွေမှာအကြမ်းအားဖြင့် စိစစ်ရေးကိုစာမူတင်ရတာ ပ-မူနဲ့ ဒု-မူဆိုပြီးတော့ နှစ်ပိုင်းရှိပါတယ်။ ဆောင်းပါးတွေ၊ သတင်းဆောင်းပါးတွေ၊ ကျန်းမာရေးသတင်းတွေ၊ အစည်းအဝေးသတင်းတွေ၊ ပညာရေးသတင်းတွေ၊ အထူးသဖြင့် မသိုးတဲ့သတင်းတွေ(ဘယ်အချိန်အဲဒီသတင်းကိုဖတ်ဖတ် update ဖြစ်နေမယ့်သတင်းမျိုးတွေ) ကိုပ-မူမှာအဓိကဦးစားပေးအနေနဲ့ ထည့်ရပါတယ်။ ဒု-မူကျတော့ ကိုယ့်ဂျာနယ်ထွက်မယ့်ရက်နဲ့ အနီးစပ်ဆုံးရက်တွေမှာ ဖြစ်တဲ့ သတင်းတွေ၊ အထူးသဖြင့် Breaking News တွေကိုအဓိကထည့်ရပါတယ်။ နောက်တစ်မျိုးပြောရရင်တော့ မျက်နှာဖုံးတက်နိုင်မယ့် သတင်းမျိုးတွေပေါ့ဗျာ။
ဒု-မူမှာဆောင်းပါးတို့၊ သတင်းဆောင်းပါးတို့၊ မပါတော့ပါဘူး။ နောက်ဆုံးဒု-မူမှာပါ မမှီလို့ ကျန်ခဲ့တဲ့ သတင်းတွေကိုတော့ “A4 လိုက်တယ်” ဆိုတာရှိပါတယ်။ A4 စာရွက်ကလေးမှာသတင်းတွေကိုထက်,အောက်စီပြီးတော့ စိစစ်ရေးကိုတင်ရတာပါ။ အဲဒီ A4 တင်ပြီးရင်တော့ ဘယ်လောက်ကောင်းတဲ့သတင်းဖြစ်ဖြစ် တင်လို့မရပါဘူး။ ဒါပေမယ့် သတင်းကလည်းကောင်းနေတယ်၊ စိစစ်ရေးတင်ရင် ထိနိုင်တယ်ဆိုရင် တစ်ချို့ အယ်ဒီတာတွေကစိစစ်ရေးမတင်ဘဲ Print လေ့ရှိပါတယ်။ (နောက်ရက်မှာတော့ အယ်ဒီတာနှင့်အဖွဲ့ကပျော်ပျော်ပါးပါးကြီးလက်မှတ်သွားထိုးပြီတော့။ နောက်တစ်ခါ မလုပ်တော့ပါဘူးပေါ့။ဒါပေမယ့် လုပ်တာပဲ။ နောက်တစ်ခါ လက်မှတ်လည်းထိုးရတာပဲ။ ဒါပေမယ့် နည်းနည်းများလာပြီဆိုရင်တော့ လေးပတ်တို့၊ နှစ်လတို့ ပိတ်တာတွေ ဖြစ်ကုန်ရော။)
အဲဒီဒု-မူတင်တဲ့နေ့ကတော့ ကျွန်တော်တို့ရဲ့ ဖောင်ပိတ်ရက်ပေါ့ဗျာ။ တိုက်တစ်ခုနဲ့တစ်ခုမတူတာလေးတွေ၊ အနည်းငယ်တော့ရှိပါတယ်။ ကျွန်တော်ပြောတာကဂျာနယ်တွေ အများဆုံးလုပ်လေ့ရှိတဲ့ပုံစံလေးတွေပါ။အဲဒီ(ဒု-မူနဲ့ A4)တင်တဲ့နေ့ကတော့ အယ်ဒီတာတွေ၊ သတင်းထောက်တွေအလုပ်တွေကိုအသေအကြေ ဖြတ်ရတဲ့နေ့ပေါ့ဗျာ။ အဲဒီနေ့မှာသတင်းတွေလည်းအပြီးတင်ရမယ်၊ စာမူခကဂျာနယ်ထွက်တဲ့နေ့မှရတာလေ။
အဲဒီလိုအကြောင်းကြောင်းတွေကြောင့် သတင်းထောက်တစ်ယောက်ရည်စားရပြီဆိုရင် အဲဒီကောင်ဟာတော်တော်ကံထူးတဲ့ကောင်ပါပဲ။ (တစ်ခုတော့ရှိတယ် သတင်းလိုက်နေရင်းကိုဗူးနေတဲ့ ဗူးသတင်းထောက်တွေလည်းအများကြီးပေါ့ဗျာ။)
အဲဒီလိုသတင်းထောက်တစ်ယောက် ရည်းစားရသွားတယ်ဆိုပါစို့ဗျာ။ ကောင်မလေးနဲ့ချိန်းပြီဆိုရင် ကောင်မလေးကသတိရလို့ လာတွေ့ပါဦးတို့၊ ဘာတို့မရဘူး။ မနက်ခြောက်နာရီလောက်ထ၊ကောင်မလေးအိမ်ရှေ့မှာသွားစောင့်ပြီးပန်းစည်းပေးဖို့ အချိန်မရှိပါဘူး။ ကော်ဖီဆိုင်မှာထိုင်ပြီးအတူတူ ကြည်နှုးဖို့ ဝေလာဝေးပေါ့။ အဲဒီသတင်းထောက်အားတဲ့အချိန်၊ သတင်းတွေပါးတဲ့အချိန်နဲ့ ဂျာနယ်ထွက်တဲ့နေ့နဲ့လည်းကြုံတယ်၊ ကောင်မလေးလည်းအားတဲ့အချိန်ဆုံပြီဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။
မဖြစ်စလောက်နဲ့ ကျွန်တော်ကောင်မလေးတစ်ယောက်ရဖူးပါတယ်။ သူက ILBC က CT (Class Teacher) ဆိုလားပဲ။ သူ့ရာထူးလဲသေသေချာချာမမှတ်မိတော့ပါဘူးဗျာ။
အဲဒီကောင်မလေးနဲ့ချစ်သူဖြစ်ပြီး နှစ်ရက်အကြာမှာ၈၈ ကျောင်းသားတွေ(မင်းကိုနိုင်၊ ကိုကိုကြီးတို့အပါအဝင်)ထောင်ကလွတ်တယ်ဗျာ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့ကလည်းကောင်မလေးရဲ့မွေးနေ့။ သူကမင်းကိုနိုင်တွေ၊ ဘာတွေ ဂရုမစိုက်ဘူး။ သူ့မွေးနေ့မနက် ၅:၃ဝ မှာသူ့အဆောင်ကိုလာပြီးချောကလက်ကျွေးရမယ်တဲ့။သူကအဲဒီအချိန်မှာမွေးတာတဲ့ဗျာ။သွားရော။ ဘယ်လိုဖြစ်နိုင်မှာလဲ။
၈၈ တွေ လွတ်မယ်ဆိုတော့ မလွတ်ခင်ညတစ်ညလုံးကင်မရာအသင့်ပြင်၊ ရီကော်ဒါအားသွင်း(အဲဒီအချိန်တုန်းက ကျွန်တော့်မှာရုံးကပေးထားတာလေးတွေ ရှိနေပါပြီ)။ နောက်ပြီးအရင်က၈၈ တွေရဲ့ထောင်ကျခဲ့ဖူးတဲ့ ရက်စွဲတွေ၊ ပုဒ်မတွေ၊ ရှေ့နေနာမည်တွေပြန်စု၊ နိုင်ငံခြားသတင်းတွေဌာတွေရဲ့ ထင်မြင်ချက်တွေ၊ တစ်ခြားအဖွဲ့အစည်းတွေရဲ့ ၈၈တွေကိုကြိုဆိုမယ့် လှုပ်ရှားမှုတွေ၊ တစ်ညလုံးစောင့်ကြည့်နေရတာပေါ့ဗျာ။ ၈၈ တွေရဲ့ မိသားစုတွေကိုဖုန်းဆက်။ ဘယ်သူကဘယ်ကိုသွားမလဲပေါ့။ တစ်ချို့(ကျွန်တော်ကြုံခဲ့တာတစ်ခုကကိုလှမျိုးနောင်ရဲ့ မိသားစုပါ။ ကျွန်တော်ဖုန်းဆက်တော့ တစ်မိသားစုလုံးဝမ်းသာနေကြလွန်းလို့ တစ်ယောက်မှ စကားမပြောနိုင်ကြပါဘူး၊ ကျွန်တော်လည်းအဲဒီအချိန်မျိုးမှာမမေးတော့ပါဘူး၊ လွတ်မယ်ဆိုတာသေချာအောင် အတည်ပြုပြီးတော့ ဖုန်းချလိုက်ပါတယ်။)ရှာသင့်တဲ့ အချက်အလက်တွေအကုန်ရှာ၊ ကျောင်းသားခေါင်းဆောင်တွေကိုအခွင့်သင့်ရင် မေးလို့ရမယ့် မေးခွန်းတွေကိုအယ်ဒီတာနဲ့တိုင်ပင်၊ အကြံညဏ်တောင်းရသေးတယ်။
[ဒီလိုမျိုးအရေးကြီးတဲ့ ပုဂ္ဂိုလ် (Public Figure) တစ်ယောက်ကတစ်ခုခု (တစ်နေရာရာက ပြန်လာတာ၊ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ မဖြစ်နိုင်တဲ့အချိန်) အဲဒီလိုအခါမျိုးတွေမှာသတင်းထောက်တွေကခံစားချက်ကိုဦးစားပေးပြီးမေးခွန်းတွေကိုအဓိကမေးလေ့ရှိပါတယ်။ နောက်ပြီးတော့ သူနဲ့ပတ်သက်တဲ့ အပြင်မှာလောလောဆယ်ဖြစ်ပျက်နေတဲ့ ကောလာဟလလိုကိစ္စမျိုးတွေကိုမေးရပါတယ်။ သူ(အမေးခံရသူ) ဖြေရှင်းပြီးဖြေရမယ့်(အချိန်ယူဖြေရမယ့်)မေးခွန်းမျိုးတွေ သွားမေးရင်တော့ ဝေ့လည်ကြောင်ပတ် အဖြေတွေပဲရတတ်ပါတယ်။ ချက်ချင်းဖြေလေ့ဖြေထလဲမရှိပါဘူး။ ဒါပေမယ့် (ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းတို့လိုအချိန်ရရ၊ မရရဝေ့လည်ကြောင်ပတ်လုပ်တတ်တဲ့သူတွေကတော့ ချွင်းချက်ပေါ့ဗျာ။)
လက်တန်းဖြေနိုင်မယ့် မေးခွန်းမျိုးတွေ ကျွန်တော်တို့ ရွေးပြီးမေးရပါတယ်။ တစ်ခုရှိသေးတာကအဲဒီလိုအပြေးအလွှားမေးခွန်းတွေ မေးနေတုန်းတစ်ခြားသတင်းထောက်တွေ သိထားပြီးတဲ့ မေးခွန်းမျိုး၊ ဒီလိုအချိန်မျိုးမှာမမေးသင့်တဲ့ မေးခွန်းမျိုးသတင်းထောက်တစ်ယောက်ယောက်ကမေးမိရင်တော့၊ အချင်းချင်းအဟားခံရပါတယ်၊ ဒါတောင် မသိဘူးလားဆိုတဲ့ အထာနဲ့ပါ။]
အဲဒီလိုပြင်ဆင်ရင်းနဲ့ တစ်ညလုံးအိပ်ဖို့အချိန်တောင်မရှိပါဘူး။
နောက်နေ့မနက် ၅ နာရီလောက်ကတည်းအင်းစိန်ထောင်ရှေ့မှာသွားစောင့်နေရတယ်။ ကောင်မလေးကိုဘယ်ကချောကလက်ကျွေးနိုင်ပါ့မလဲဗျာ။ ကျွန်တော့်မှာကိုကိုကြီးတို့၊ မင်းကိုနိုင်တို့ကျွေးမယ့်ချောကလက်ကိုပဲမျှော်နေရတယ်။ ဒီသတင်းကဂျာနယ်ရှေ့ဖုံး(Front Cover) မှာပါမှာကိုးဗျ။ ဘယ်အချိန်ထွက်လာမလဲတစ်မျှော်မျှော်နဲ့ပေါ့။ အင်းစိန်ထောင်ကနေလေယဉ်ကွင်းကိုသွား။ လေယဉ်ကွင်းမှာလေယဉ်နဲ့ပါလာမယ့် ကျောင်းသားခေါင်းဆောင်တွေကိုတစ်နေ့လုံးစောင့်ရတယ်။ လေယဉ်တစ်စီးဆိုက်လာပြီဟေ့ဆိုရင် သတင်းထောက်တွေ တိုးလို့၊ ကြိတ်လို့ပေါ့ဗျာ။ သတင်းထောက် အယောက် ၁၀ဝ လောက်ကြားထဲမှာတိုးလို့၊ ဝှေ့လို့။ ပြန်တွေးကြည့်ရင် ပျော်စရာကြီး။
၄ နာရီလောက်မှ ပြီးသွားတယ်။ အဲဒီကနေနောက်ဆုံးမင်းကိုနိုင်ကသူ့အိမ်မှာသတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုတာနဲ့ တောင်ဥက္ကလာမှာရှိတဲ့ သူ့အိမ်ကိုတန်းသွား။ သွားတာကတော့ တစ်ချို့ နာမည်ကြီးပြီး၊ ချမ်းသာတဲ့ ဂျာနယ်တိုက်ကသတင်းထောက်တွေကတော့ ဂျာနယ်တိုက်ကထုတ်ပေးထားတဲ့ ကားတွေနဲ့ တစ်နေရာနေတစ်နေရာကိုသွားကြတယ်။ တစ်ချို့ကျတော့လည်းသတင်းထောက်တွေစုပြီးတက္ကစီငှားပြီးသွားကြတယ်။သတင်းထောက်ဆိုတာကလည်းသတင်းတစ်ခုကြိုသိပြီဆိုရင် အဲဒီသတင်းမဖြစ်ခင်ကတည်းက ကြိုရောက်နေမှ စိတ်ချမ်းသာတာဗျ။ အဲဒီလိုမရှိတဲ့ သတင်းထောက်ကျတော့လည်းသူများကားတွေနဲ့ ကားကြုံလိုက်ပေါ့ဗျာ။(မှတ်မှတ်ရရ ကျွန်တော်ဆိုလေယဉ်ကွင်းမှာတုန်းက မြန်မာပို့စ်ကအစ်ကိုကြီးကျွေးတဲ့ မနက်စာစားပြီး၊ Messenger ဂျာနယ်ကကားနဲ့ ကားကြုံလိုက်ခဲ့တာ)။
တစ်ခုပြောရဦးမယ်ဗျ။ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ ဒေါ်အောင်ဆန်းစုကြည်တို့ ထောင်ကထွက်လာမှ ဓါတ်ပုံသတင်းထောက်တွေ သူတို့အစွမ်းပြခွင့်ရသလို ကျွန်တော်တို့လိုသတင်းထောက်အသစ်တွေလည်းအတွေ့အကြုံသစ်တွေ အများကြီးရခဲ့ပါတယ်။
ကျွန်တော်ကဒီဘက်မှာထောင်ကထွက်နေတဲ့အချိန်ကောင်မလေးဆီမှာတော့ တစ်ယောက်တည်း ပြည်တွင်းစစ်နှစ်ကြိမ်လောက်ဖြစ်ပြီးနေပြီ။ အဲဒီနေ့ကကောင်မလေးဆီတောင် မရောက်လိုက်ပါဘူး။ ည ၁၁:၃ဝ လောက်မှအိမ်ပြန်ရောက်တယ်။ ရောက်တာနဲ့ ဓါတ်ပုံတွေစစ်၊ သတင်းရေးဖို့ပြင်ရတယ်။ဖုန်းလည်းမဆက်ဖြစ်လိုက်ဘူး။
နောက်တစ်ပတ်လောက်ထိကောင်မလေးက ကျွန်တော့်ကိုအကျယ်ချုပ်ချထားတယ်။ ဘာမှလည်းမပြောဘူး။ ဖုန်းဆက်ရင် အင်း၊ဟင့်အင် အဲဒီနှစ်လုံးပဲပြောတယ်။ ၈၈ ကျောင်းသားတွေ လွတ်တဲ့သတင်းကလည်းစိစစ်ရေးထိတယ်။ (ခပ်တုံးတုံးဓါတ်ပုံလေး နှစ်ပုံနဲ့ စိစစ်ရေးကပြင်ဆင်၊ ပြုပြင်၊ ဖြတ်တောက်ပြီးသတင်းတိုတိုလေးတစ်ပုဒ်ပဲပါတယ်။ ခဲလေသမျှ သဲရေကျပါပဲ။)
သိပ်မကြာပါဘူးဗျာ။ နှစ်လလောက်ပါပဲ။ ကောင်မလေးလည်းဘယ်ခံနိုင်မလဲ။တစ်လမှာသူနဲ့တွေ့ရတဲ့အချိန်ကသူတို့ ILBC ကျောင်းအားတဲ့ Sunday မှာ ကျွန်တော် သတင်းမရှိပါမှ တွေ့ကြရတာ။ အဲ…သတင်းထောက်ဆိုတာကလည်းသတင်းပေါ်အိပ်၊ သတင်းနားစားဆိုတော့(မြန်မာဗီဒီယိုတွေထဲကလို-“ရှင်…ကျွန်မနဲ့သတင်းဘယ်သူ့ကိုပိုချစ်လဲ”လိုမျိုးမေးခွန်းတွေ ထွက်လာတော့တာပေါ့။ သတင်းထောက်တို့မျက်ရည် မြေမခစတမ်း။ လမ်းခွဲတစ်ခုမှာ ငြိမ်သက်ဆဲကိုယ်စီဒါဏ်ရာများနဲ့ ပေါ့ဗျာ။
ဒါပေမယ့် တစ်ခုတော့ရှိတယ်ဗျ။ သတင်းထောက်တွေဟာသတင်းလောက, က မဟုတ်တဲ့ တစ်ခြားနယ်ပယ်ကလူတွေနဲ့ ချစ်သူဖြစ်ကြလို့သာဒီလိုအခက်အခဲတွေ ကြုံတွေ့ကြရတာပါ။ သတင်းထောက်အချင်းချင်းချစ်သူတွေဖြစ်ကြရင်တော့………။
(ဆက်ဦးမည်)
16 comments
မြတ်ကျော်သူ
July 2, 2012 at 1:56 pm
ဒီပို့စ်နာမည်က
“သတင်းထောက်တစ်ဦး၏ မှတ်စု(၄)” ဖြစ်ပါတယ်…
Title ပေးရန် သတိလွတ်သွားသည့်အတွက် တောင်းပန်ပါတယ်ခင်ဗျာ…
မောင်ပေ
July 2, 2012 at 2:18 pm
ကိုမြတ်ကျော်သူရေ… ဖတ်ရတာအရမ်းကောင်းတယ်ဗျာ ။ ဖတ်ရင်းနဲ ့ကိုယ်တိုင် သတင်းထောက်နေရာကို ရောက်သွားသလိုပါဘဲ ။ ကောင်မလေးက နားလည်မပေးပါလားလို ့လဲ ခံစားရတယ် ။ သတင်းထောက်အချင်းချင်းတွေ ဖလှယ်တဲ့ ရင်ခုန်သံတိုးတိုးလေးတွေကိုလဲ ဆက်ဖတ်နေမယ်ဗျို ့..။
mamanoyar
July 2, 2012 at 2:23 pm
ရှင်…ကျွန်မနဲ့သတင်းဘယ်သူ့ကိုပိုချစ်လဲ”
အဲတော့ ဘယ်လိုဖြေမလဲနော်
သိချင်လိုက်တာ
ပစ်စလက်ခတ် မျက်ရည်
July 2, 2012 at 2:23 pm
အိုင်အယ်လ်ဘီစီ က ဆိုပဲ ..ဖယားဖယား ….
စိုးတယ်…စိုးမိတယ် ..စိုးရိမ်မိတော့တယ်…
စိန်ဗိုက်ဗိုက်
July 2, 2012 at 2:24 pm
သတင်းထောက်အချင်းချင်းချစ်သူတွေဖြစ်ကြရင်တော့………
ဆိုတော့..
ဆိုတော့..
အဟဲ..ဆက်ပါဦး..
😀
ဝမ်းတွင်းရူး
July 2, 2012 at 6:03 pm
အင် နာတို ့တောင်မသိလိုက်ဘူး။ILBC ကဗိုလ်မလေးကို မုန် ့ကျွေးကြိုက်
တယ်ပေါ့။နောက်တာနော်။
MaMa
July 2, 2012 at 6:46 pm
( သတင်းကိုသတင်းထောက်ကသစ္စမဖောက်ရဘူး။ )
ဆိုတဲ့ စာကြောင်းလေးမှာ ၂ခုပြောချင်တယ်။
အဲဒီစာကြောင်းလေးဖတ်ပြီး သတင်းသမား၊ သတင်းထောက်ဆိုတာ လေးစားစရာပါလားလို့ မြင်မိတယ်။
(အဲဒီစာကြောင်းနဲ့ မကိုက်ညီသူတွေ မပါ)
နောက်တစ်ခုကတော့ တာဝန်နဲ့ ဝတ္တရားအရ ပြောရဦးမယ်။
သစ္စာ မှာ ရေးချ ကျန်ခဲ့တယ်။
ပညာရှိသတိဖြစ်ခဲမို့ သတိပေးရခြင်းသာ ဖြစ်ပါကြောင်းးးးးးး
ရွာစားကျော်
July 2, 2012 at 8:17 pm
CJ ရူး ရူးနေသူများအတွက် တကယ့် ဗဟုသုတပါပဲဗျာ။ ရင်ကွဲခဲ့တဲ့သူကို အားနာလို့ ဖတ်လို့ကောင်းလိုက်တာပြောရမှာ တမျိုးကြီးပဲ..။ အားပေးသွားပါတယ်ဗျာ။
ဆက်ရန် အမြန်တင်ပါဗျို့။
ဝမ်းတွင်းရူး
July 2, 2012 at 9:17 pm
သံတွဲသား အသည်းကွဲသတင်းထောက်ကြီးရေ ဗယာကြော်ပါဗျို ့—-အဲလေ—-
ဗူးသီးကြော်—-အင်းမှားပြန်ပီ။Bravo!!!!!!
kyeemite
July 3, 2012 at 10:57 am
ရွာထဲသတင်းသမားဖြစ်ချင်သူတွေ..အားလုံးအတွက်
တကယ့်အဖိုးတန်တဲ့ အတွေ့အကြုံလေးတွေပါဗျ…
ကျုပ်လည်းခံစားဖတ်ရှု့ရင်း မှတ်စရာရှိတာကိုလည်း
မှတ်သားနေပါဂျောင်း..(မှတ်ချက်။သတ်ပုံမစစ်ရ)
ပုံ/ကြီးမိုက်။
ကြည်ဆောင်း
July 3, 2012 at 10:58 am
(နောက်ရက်မှာတော့ အယ်ဒီတာနှင့်အဖွဲ့ကပျော်ပျော်ပါးပါးကြီးလက်မှတ်သွားထိုးပြီးတော့၊နောက်တစ်ခါမလုပ်တော့ပါဘူးပေါ့၊ ဒါပေမဲ့လုပ်တာပဲ)
ကိုယ်လုပ်ချင်တာကိုယ်လုပ်လိုက်ရလို့ ပျော်နေမဲ့ အယ်ဒီတာတွေမျက်နှာကိုမြင်ယောင်ရင်း . . . .
ကြားထဲကနေ အားကျကျေနပ်မိပါတယ်။
မွန်မွန်
July 3, 2012 at 11:30 am
ဆယ်တန်းပြီးတော့ journalist သင်တန်း မတက်ဖြစ်တာပဲ မှန်တယ်ပြောရမယ်..မွန်မွန်သာဆို အဲဒီလို အပင်ပန်းခံနိုင်ပါ့မလား မသိဘူး .. 🙂
ကိုမြတ်ကျော်သူရဲ့ အတွေ့အကြုံတွေကို ဆက်လက်စောင့်မျှော်နေပါကြောင်း…
etone
July 3, 2012 at 11:37 am
အကောင်းဆုံးကတော့ …. မိန်းမယူပြီးမှ သတင်းထောက်လုပ်တာ အကောင်းဆုံးပဲ .. ဟိဟိ… ။
ပြောမယ့်သာပြောရတာ .. တခြား နိုင်ငံမှာတော့ သတင်းထောက်တွေရော ၊သတင်းလွတ်လပ်ခွင့်တွေရော ၊ မီဒီယာရဲ့ အရေးပါမှုတွေရော … ဒီမှာ ထက်ပိုမယ်ထင်တယ်… ။ ဒီနိုင်ငံမှာ တချို့သော သတင်းထောက်တွေ သတင်းသွားယူရတာတောင် ကဒ်မကလို့ ဘာပဲပြပြ မျက်နှာငယ်ကြရတယ် ။ ဆက်လက်ဗရက်တီလိုဟာမျိုးနားကပ်ပြီး သူမဖြေချင်တာမျိုး မေးလိုက်မိရင် .. ပါးရိုက်ခံရတဲ့ သာဓကကလည်း ရှိသေးတယ်လေ ။ ဒီတော့ ….. သတင်းထောက်ဆိုတာ အတော်ကြီး ဝါသနာပါမှ ဖြစ်တဲ့ အလုပ်မျိုးပါပဲ … ။ လူရော စိတ်ရော နှစ်ပြီး လုပ်ရတာမျိုးကြောင့်လေ … ။
ဒါပေမယ့်လည်း … ယနေ့ခေတ်မှာ လေသံကြား ဖမ်းတရား နာချင်တဲ့ သတင်းထောက်တွေလည်း ဒုနဲ့ဒေးပေါ်ပေါက်နေပါတယ် သတင်း အနံ ့ရတာနဲ့ …. အင်တာနက်ထဲ ဖလပ်ဖလပ်ဆိုတက်ရှာပြီး ကောက်ပရင့်လိုက်တာပဲ ….. ။ သတင်းထောက်စိတ်သာ တကယ်ရှိလျှင် … အဲ့လို လက်လွတ်စံပယ်မလုပ်သင့်ဘူး ။
ဟိုးတလောက ကျွန်မဆီတွေရောနှောတဲ့အကြောင်းရေးတယ် … ။ အဲ့ဒီပို့စ်ထဲမှာတင် တရုတ်က မြောင်းထဲက ဆီထုတ်တဲ့အကြောင်း ကျွန်မအီးမေးလ်မှာ နှစ်ပေါက်လောက်တဲ့ အချိန်က ရခဲ့ဖူးတာလေးပါ ပြန်ချရေးပြီး လင့်ပါတင်ရေးပေးတယ် …. မကြာလိုက်ပါဘူး … ဂျာနယ် တချို့မှာ တရုတ်နိုင်ငံက ဆီပုံတွေပါလာလိုလာ … မြန်မာနိုင်ငံထဲက ဆီတွေက တရုတ်ကလာတဲ့ ဟိုဆီတွေ ဖြစ်လိုဖြစ်နဲ့ .. အိမ်မှာ ထိုင်နေတဲ့လူကြီး သူမတွေနားထဲ အထိရောက်သွားတဲ့ အဖြစ်ပါပဲ … ။
တကယ်ဆို ရယ်ချင်ပါတယ် ။ တရုတ်မှာ မြောင်းထဲက ဆီတွေထုတ်တဲ့အကြောင်း ရထားတဲ့ အီးမေးလ်တောင် တနှစ်ကျော်နေပါပြီ အခုမှ အဲ့ဒီပုံနဲ့စာတွေကို ကိုးကားပြီး ဂျာနယ်တချို့မှာ ထည့်ရေးတာ … တရေးနိုးလာတာများလားလို့ … သိချင်စိတ်ဖြစ်မိပါတယ် အင်တာနက်ထဲက သတင်းတွေကို စီစစ်မှု မရှိပဲ ကူးတင်ပလိုက်တဲ့ အဖြစ်ပျက်တစ်ခုခု မှတ်မှတ်ရရဖတ်ခဲ့ဖူးသေးတယ် ဂျာနယ်ကိုတော့ နာမည်တပ်မပြောချင်ပါဘူး …. ပြည်တွင်းဂျာနယ်တစ်ခုမှာပါ … ခန္ဓာကိုယ်အောက်ပိုင်းမပါတဲ့ လူသားလေ … ကိုယ်တပိုင်းကြီးပဲ ဆက်နေတာ ကျင်ငယ်၊ကြီးစွန့်လျှင် ကျန်တဲ့ ခန္ဓာတပိုင်းက ပါးစပ်က စွန့်ရတယ် … ဂျာနယ်ထဲမှာတော့ ကံကံဧ။် အကျိုး ဘာညာစသဖြင့် ပွားတယ်ပေါ့ .. နောက်မှ သိလိုက်တာ .. အင်တာနက်ထဲက … Hoax ပါတဲ့ .. ဟိဟိ …
ကျွန်မအစ်ကိုလည်း ပြည်တွင်းဂျာနယ်နဲ့ မဂ္ဂဇင်း တချို့မှာ ရေးနေတဲ့ သတင်းထောက်ပါပဲ … ။ အ လုပ်နဲ့ ပတ်သတ်လို့ သူ့ကျန်းမာရေးအတွက် မိသားစုတွင်း ခဏခဏ စကားများရတယ် ၊ မိန်းမနဲ့ခဏခဏ ကွိုင်ပတ်ရတယ် …. ။ ဒါပေမယ့်လည်း … ဝါသနာအရလုပ်တဲ့ သူ့အလုပ် … ဘယ်တော့မှ … ချမ်းသာတယ်ကို မရှိတာ မျက်မြင်ပါပဲ … ။ 🙄
မွန်မွန်
July 3, 2012 at 3:58 pm
ုဟုတ်ပါ့ အစ်မရယ်..မွန်မွန်လည်း ထူးဆန်းနေတာ (ကိုထူးဆန်း မဟုတ်)။ အခုမှ ဒီကိစ္စက ဂျာနယ်ထဲမှာ ခေတ်စားလာတာပါလိမ့်လို့… တစ်ခါတစ်လေ မေးလ်ကရတာတွေကို ဂျာနယ်ထဲမှာ ထည့်တာ တွေ့မိတယ်… ဒီတစ်ခါတော့ အသေအချာ မှတ်ထားတော့မယ်… ပြီးရင် ပြန်ဖွမယ်… 🙂
မြတ်ကျော်သူ
July 3, 2012 at 3:31 pm
ဟုတ်ပါတယ်..etone ရေ…အဲဒီလို သတင်းထောက်တွေအများကြီးရှိပါတယ်…
ဒိထက်ဆိုးတဲ့ သတင်းထောက်တွေလည်း ဒုနဲ့ဒေး…
အဲဒီအကြောင်းတွေကို နောက်ပိုင်းမှာ ရေးသွားဖို့ ကျွန်တော် စိတ်ကူးထားပါတယ်…
စုန်းပြူးတွေကိုတော့ ပြောလို့မဖြစ်ဘူးဗျာ…သူတို့က နေရာတကာတိုင်းမှာရှိနေတာဆိုတော့…
ထူးပြီးတော့ မဆိုတော့ပါဘူး…
etone
July 3, 2012 at 3:53 pm
ဟုတ်ကဲ့ ကိုမြတ်ကျော်သူရေ ..အားပေးလို့ စောင့်ဖတ်နေပါတယ် ။