ကွမ်းစားခြင်း အနုပညာ

အဇဋာJuly 4, 20121min41913

ကွမ်းစားခြင်းအနုပညာ

ကွမ်းစားခြင်းဟူသည့် အတတ်ပညာတစ်ခုအားအနုပညာမြောက်စေလိုသည့်အတွက်၊ ထို့ပြင် ကွမ်းစားခြင်း၏ အနုအလှများအားလည်း ပြလိုသည့်အတွက် ဤကဲ့သို့ ကွမ်းစားခြင်းကို အနုပညာနှင့်ပေါင်းစပ်ကာ ကွမ်းစားခြင်းအနုပညာဟု နာမည်ကင်ပွန်း တပ်လိုက်ရပေသည်။(စာရေးသူ)

 

အဖွင့်

ဒီနေ့ခေတ်မှာအနုပညာတွေ တော်တော်ပေါများနေလေသည်။ ဤကဲ့သို့ပေါများခေတ်စားနေဘိသည့် အနုပညာများသည် မိတ်ဆွေတို့သိပြီးဖြစ်သည့် အနုပညာသည်တို့၏ လုပ်ငန်းများကို အဓိပ္ပါယ်သက်ရောက်သည်ကား မဟုတ်ရေးချမဟုတ်။ ယနေ့ခေတ်ကြီးအတွင်း ဖြစ်ပျက်လျှက်ရှိသည့် နယ်ပယ်အသီးသီးက ကျော်ခွလာသည့်၊ ကျော်ကြားလာသည့်၊ လူဘောင်သို့ တွင်တွင်ကြီးသွတ်သွင်းခြင်းခံထားရသည့် ပညာရပ်များအားအနုပညာဟူသည့် နာမဝိသေသနကိုထည့်သွင်းလိုက်ပြီးသကာလဘာအနုပညာ၊ ညာအနုပညာစသည်ဖြင့် ရေးကြီးခွင်ကျယ် အနုပညာများများပြားနေသည်မှာကား အထူးပြောဖွယ်ရှိသည်ဟုပင် မထင်။

ယနေ့အချိန်အခါတွင်မှာကား“မည်သည့်ကိစ္စပင်ဖြစ်လင့်ကစားအနုပညာဟူသည့်စကားလုံးကိုတွဲဖက်မြင်ကြရမည်မှာကားသမိုင်းပေးတာဝန်တစ်ရပ်ဟုယုံကြည်ရမည်ဖြစ်ကြောင်း” လည်းကြေးမုံသတင်းစာနှင့် မြန်မာ့အလင်းတွင် နေ့စဉ်ခေါင်းကြီးအဖြစ်ဖေါ်ပြလျှက်ရှိသည့် နိုင်ငံတော်သမ္မတကြီး၏သဘောထားများတွင် အတိအလင်း ထည့်သွင်းပြောကြားထားပြီး၊ အတိုက်အခံများဘက်မှလည်း အထူးထောက်ခံသည်ကိုလည်းတွေ့ရှိရသည့်အတွက် ထိုကိစ္စအားအထူးပြောဖွယ်ရာမရှိပေ။

ထို့ကြောင့် အနုပညာများသည် “လမ်းဘေးသေးမပေါက်ရ” ဆိုသည့် နံရံရေးစာများနေရာအနှံ့တွေ့ရသကဲ့သို့ နေရာတိုင်း၊ နယ်ပယ်တိုင်းတွင် အနုပညာချင်တိုင်းအနုပညာနေလေတော့သည်မှာမိတ်ဆွေတို့လည်းသိပြီးဖြစ်ပေတော့သည်။

သိသိသမျှ အနုပညာများကိုချရေးရသည်ရှိသော်-

-ခေါင်းဆောင်မှုအနုပညာ၊ နိုင်ငံတည်ဆောက်ခြင်းအနုပညာ၊ အိမ်ထောင်မှုအနုပညာ၊ ဆက်ဆံရေးအနုပညာ၊ စေ့စပ်ညှိနှိုင်းခြင်းအနုပညာ၊ နိုင်ငံရေးအနုပညာ၊ လူမှုရေးအနုပညာစသည်၊ စသည်ဖြင့်…။

အနှီဖော်ပြခဲ့သည်များမှာကားအကျွန်ုပ်ပတ်ဝန်းကျင်ရှိနီးစပ်သမျှ ဖြစ်ပေသည်။ လက်လှမ်းမမှီနိုင်သည့် အရွယ်အစားကြီးမားနေမည့် အနုပညာများလည်းရှိနေပေလိမ့်မည်ဟုပြောလျှင် မည်သူကမျှ ငြင်းအံ့မထင်။ ကိုယ်ကျွမ်းကျင်ရာ၊ တစ်ခါတစ်ရံကိုယ်တိုင်မကျွမ်းကျင်ပါလျှက် ဟိုကိစ္စဟိုပြဿနာကိုအနုပညာဟူသည့် စကားတစ်လုံးထည့်လိုက်၍ ချော်လဲပြီးရောထိုင်လိုက်ကြသည်မှာကား ကျွန်ုပ်တို့၏ ဒီမိုကရေစီညီအစ်ကိုမောင်နှမများဖြစ်နေသည့်အတွက်ကြောင့် လုံးပီတိဂွမ်းဆီထိသကဲ့သို့ ကြည်နူးရပေသည်။

ထိုထိုပညာရှိကဝိများက အနှီကဲ့သို့ အနုပညာများကိုတာဝန်ကျေပွန်စွာရေးသားကြသကဲ့သို့ အကျွန်ုပ်သည်လည်းကိုယ်တတ်ကျွမ်းသည့် ပညာရပ်တစ်ခုအားအနုပညာဟူသည့် နာမဝိသေသနတပ်အပ်ကာ ဤ “ကွမ်းစားခြင်းအနုပညာ”ဟူသည့် ကျမ်းတစ်စောင်ကို ပြုစုမိချေတော့သည်။ထို့ပြင် ယနေ့ကဲ့သို့ ခေတ်မီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ်ပြုပြင်ပြောင်းလည်းနေသည့် အချိန်သမယတွင် ယခုကဲ့သို့ စာပေသဲတစ်ပွင့်အနေနှင့် တစ်ဖက်တစ်လမ်းကပါဝင်လက်သရမ်းခွင့်ရသည့်အပြင်၊ ကျွန်ုပ်၏ကျမ်းခန့်များကိုဖတ်ပြီးသကာလဗဟုသုတတိုးပွားစေမည်ဆိုလျှင် ကျွန်ုပ်အတွက် များစွာယူကြုံးမရဝမ်းသာနေမည်မှာအမှန်ပင်ဖြစ်ပေတော့သည်။

 

အနုပညာ၏ အဓိပ္ပါယ်

အနုပညာဟူသည်မှာကားအနု၊ အလှ အရာများအားတန်ဆာဆင်ယင်ကာလူအများစိတ်ဘဝင်တွင် ထင်ဟပ်ရအောင် ကျွမ်းကျင်လိမ္မာစွာ၊ ပညာမြောက်စွာပြုပြင်ပြုလုပ်အပ်သည့် အခြင်းအရာတစ်ခုဖြစ်သည် ဟု ကျွန်ုပ်ကိုယ်တိုင်ရေးကျမ်းတစ်စောင်တွင် ကျွန်ုပ်ကိုယ်တိုင် အဓိပ္ပါယ်ဖွင့်ဆိုဖူးလေသည်။ (လိမ်လည်လှည့်ဖြားခြင်းအနုပညာကျမ်း-စာမျက်နှာ ၂၀၆၅ တွင်ရှု)

အနှီအဓိပ္ပါယ်ဖွင့်ဆိုချက်အရတစ်စုံတစ်ခုအားအနုပညာမြောက်စွာပြရမည်ဟုဆိုရေးချဆိုလာပြီဆိုပါကထိုတစ်စုံတစ်ခုကမည်သို့ပင် ကြမ်းတမ်းခက်ရှ နေပေလိမ့်ကစားထိုတစ်စုံတစ်ခု၏နောက်တွင်ကပ်လျှက် အနုပညာဟူသည်ကိုထည့်လိုက်ခြင်းသည် အလွန်ပင် လှပသည့် အချင်းအရာဖြစ်သွားသည် ဟူသတတ်။(အကျယ်ကို-ဆောင်ကြာမြိုင်တွင်းမြာပွေခြင်းအနုပညာကျမ်း-စာမျက်နှာ ၃၈၉၄ တွင်ရှု)

ထို့ပြင် တစ်စုံတစ်ခုကိုလိမ်လှည်လှည့်ဖြားချင်သည် ဆိုပါကလည်းထိုထိုအနုပညာဟူသည့် စကားလုံးသည် အထူးပင်သင့်လျော်ကြောင်းမှာလည်း ကျွန်ုပ်၏ကျမ်းကသက်သေခံနေပေလိမ့်မည်။(လိမ်လည်လှည့်ဖြားခြင်းအနုပညာ-ညွှန်းပြီး)

 

ကွမ်းစားခြင်းအစ မြန်မာက

မည်သည့်ကိစ္စကိုမည်သည့်နေရာကစသည်ဟုတွင်တွင်ကြီးမပြောခြင်းသည် ယနေ့တွင် ခေတ်မမှီတော့သည့်အတွက် ယခုကဲ့သို့ ချစ်ခင်စဖွယ်ကောင်းအောင်၊ မြန်မာလူမျိုးများသည်လည်းကမ္ဘာ့အလယ်ဂုဏ်တင့်တယ်အောင် ကွမ်းစားခြင်းအစ မြန်မာကဟုဆိုလိုက်ခြင်းဖြစ်ပေသည်။အောက်ပါ လင်္ကာ၊ ကဗျာစာသားမှာကားဟိုးရှေးဘုရင်လက်ထက်ကပင် မြန်မာမင်းများကွမ်းစားကြသည်ကိုဖော်ပြနေပေသည့်အတွက် မိတ်ဆွေတို့အနေနှင့် ငြင်းဆိုခြင်းငှာမတတ်သာဖြစ်ပေတော့မည်။

ကွမ်းစားခြင်းအစမြန်မာကဟူသည့် စကားအားထောက်ခံနေသည့်အချက်များရှိနေပေသေးသည်။ အနှီကဲ့သို့ မြန်မာမင်းများကွမ်းစားကြသည်ဟူ၍သာကျမ်းဂန်များ၌တွင်ကျယ်စွာတွေ့နိုင်ပြီးထိုခေတ်ထိုအခါကအရှေ့ဘက်တွင် ကောရိယ၊ အိသရေလ၊ ဟိန္ဒူစတန်နီ၊ စိန၊ ရုရှား၊ ဂျပန်နှင့် အနောက်ဘက်မှ အမေရိက၊ ဗြိတိသျှ  စသည့်အရပ်အရပ်မှ ရာဇဝင်ဆရာများ၊သမိုင်းဆရာများ၏ ရေးသားထားချက်များအရမြန်မာမှ လွဲ၍ တစ်ခြားကမ္ဘာ့နိုင်ငံများမှ ဘုရင်များကွမ်းစားသည်ဟုသူတို့၏ကျမ်းများ၌မလာပါ။ မြန်မာ့ကျမ်းဂန်လာလင်္ကာကို ကြည့်ကြပါအံ့။

 

တံတားဦးကကွမ်းနုဝါ

ငမြာ(ငန်းမြာ) ကဆေး

ကွမ်းသီးတောင်ငူနဲ့

ကိုင်းထုံးဖြူ၊ ပြည် ရှား

သာဝါးလို့ထွေး။

တံတားဦးကကွမ်းနုဝါ ဟူသည်မှာကားတံတားဦးမြို့က ကွမ်းရွက်သာလျှင် ဝါဝါနုနုနှင့် စား၍အကောင်းဆုံးဟုပြောခြင်းဟူလို။ ငမြာကဆေးဟူသည်မှာကားငမြာဆိုသည့်နေရာကဆေးကသာအကောင်းဆုံးဟူလို။ ကိုင်းထုံးဖြူဆိုသည်မှာကားစစ်ကိုင်းကထုံးဖြူဖြူသာလျှင် ကောင်းသည်ဟူ၍ဖြစ်ပြီး ပြည်မြို့က ရှားစေး၊ တောင်ငူမြို့က ကွမ်းသီးနှင့်ဆိုပါကအထူးပြောဖွယ်မလိုသည့် ကွမ်းယာကောင်းတစ်ယာဖြစ်ပေတော့သည်ဟုဆိုလိုခြင်းဖြစ်ပေတော့သည်။ သာဝါးလို့ထွေးဆိုသည်မှာကားကွမ်းယာတစ်ယာဝါးပြီးသကာလအသာအယာညက်ညက်ညောညော ဖြည်းဖြည်းချင်းစားကြသည် ဟူ၍ဖြစ်ပေသည်။ ဤအချက်မှာကားရှေးမြန်မာတို့ စည်းကမ်းကြီးပုံ၊ နူးညံ့ပုံတို့ကိုပေါ်ပေါ်တင်တင်ကြီးဖော်ပြနေပေသည်။

 

အထက်ပါ အခြင်းအရာတို့ ကိုကြည့်ခြင်းအားဖြင့် ရှေးမြန်မာတို့သည် တစ်နယ်တစ်ကျေးပင်လျှင်သွားရောက်၍ ကွမ်းစားကြခြင်းအမှု ကိုပြုလုပ်ခဲ့ကြသည်ကိုတွေ့ရသည်။ထို့ပြင် ကွမ်းစားရန်အတွက် နိုင်ငံအဝှမ်းလှည့်လည်သွားရောက်ခဲ့သည်ကိုလည်းတွေ့မြင်ကြရမည်ဖြစ်သည်။ ထို့ပြင်တစ်မုံ့ တစ်နေရာနှင့်တစ်နေရာ၊ တစ်မြို့နှင့်တစ်မြို့ကိုကွမ်းစားခြင်းအတွက်ပင်လျှင် လွယ်လွယ်ကူကူသွားရောက်နိုင်ခဲ့ကြသည်ကို ကြည့်သော် ထိုခေတ်ထိုအခါက မြန်မာ့ကွမ်းယာသည် ကမ္ဘာအနှံ့သို့ပင် ပြန့်နှံ့ခဲ့လေသလားဟူ၍ပင် စဉ်းစားချင်စရာဖြစ်နေပေတော့သည်။ထို့ပြင် အောက်စဖို့ထ် အက်ဒဗန့်စ် လန်းနားအဘိဓာန် (Oxford Advanced Learner’s Dictionary, 8th edition)တွင်လည်း-

betel[ uncountable ] “the leaves of a climbing plant, also called betel , chewed by people in Asia” ဟုဖွင့်ဆိုထားသည့်အတွက် အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည့်မြန်မာနိုင်ငံသည် ကွမ်းစားခြင်းတွင် တမူထူးခြားနေနိုင်သည်။

ထို့ပြင် ဒီဘက်ခေတ်တွင်လည်းမြန်မာတို့၏ လွတ်လပ်ရေးစာဆိုကြီးသခင်ကိုယ်တော်မှိုင်း၏ ပုံတူပန်းချီများတွင်ရော၊ ရှေးမှီနောက်မှီစာရေးဆရာကြီးများ၏ရေးသားချက်များအရပါ၊ စာဆိုကြီး၏ကွမ်းစားခြင်းကိုအထူးတွေ့ရှိရပေသည်။ အကယ်၍အလျင်းသင့်ပါကသခင်ကိုယ်တော်မှိုင်း၏ ဓါတ်ပုံတစ်ပုံကိုသေသေချာချာယူ၍ကြည့်ပါလေ၊ ကွမ်းအစ်ကြီးအားဟီးလို့တွေ့ရမည်ဖြစ်သည်။ ဤအချက်များကိုကြည့်၍ရှေးကမြန်မာများကွမ်းစားခြင်းကိုအထူးခုံမင်သည်ကိုမြေကြီးလက်ခတ်မလွဲတွေ့နိုင်ပေသည်။

သို့သော် ကွမ်းစားခြင်းအတတ်ပညာနှင့် ကွမ်းစားခြင်းအနုပညာကိုကားကျမ်းတစ်စောင်၊ ပေတစ်ဖွဲ့မျှ ရေးဖွဲ့ခဲ့သည်ကိုမတွေ့ရပေ။ ဦးကုလား၏ မဟာရာဇဝင်ကြီးတွင်လည်းကွမ်းစားခြင်းနှင့်ပတ်သက်၍ ခလုတ်တိုက်ရေးဖွဲ့ခဲ့ခြင်းမျိုးပင် မတွေ့ရပေ။ (ဤနေရာတွင် ဦးကုလားကိုဦးကုလားဟုသာသုံးနှုန်းပါမည်။ ပြန်ကြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ-ဦးမြန်မာမွတ်ဆလင် ဟုသုံးနှုန်းလျှင် စာမချောမှာစိုး၍ဖြစ်ပြီး၊ ဦးကုလားကိုသိသော မြန်မာလူမျိုးများအနေနှင့် အထင်အမြင်မလွဲစေရန်ဖြစ်သည်-ဤကားစကားချပ်။)

ထို့ပြင် သမိုင်းပညာရှင်ဒေါက်တာသန်းထွန်း၏ တွေ့ရှိချက်များ၊ ရေးသားချက်များအရ ပျူခေတ်၊ ပုဂံခေတ်၊ ကျောက်စာများတွင်လည်းကွမ်းနှင့်ပတ်သက်၍ အကျယ်တဝင့် ရေးသားထားသည်ကိုမတွေ့ရပေ။ ဆရာတက္ကသိုလ်စိန်တင်၏ သမိုင်းနောက်ခံဝတ္ထုများတွင်လည်းမတွေ့ရပေ။ ဆရာတင်နိုင်တိုး၏ ရာဇဝင်သစ်ကျမ်းများတွင်လည်းကွမ်းစားခြင်းအသစ်များကိုစိုးစဉ်းမျှ မမြင်ရပေ။ ဤသည်ကိုသာဖော်ထုတ်တင်ပြနိုင်မည်ဆိုပါက မြန်မာ့သမိုင်းတွင် မှတ်တိုင်သစ်တစ်တိုင် စိုက်ထူနိုင်လိမ့်မည်ဟုမျှော်လင့်မိချေသည်။

(ကျမ်းလေးနေမည်စိုး၍သော်လည်းကောင်း၊ ဖတ်ရသည်မှာရှည်နေမည်စိုး၍လည်းကောင်း၊ အကျွန်ုပ်၏ ကျမ်းအားဤနေရာတွင် ခတ္တမျှနားပါမည်။ နောက်ပိုင်းတွင် အလျင်းသင့်ပါက ကွမ်းစားခြင်းအနုပညာကိုအကျယ်တဝင့် ဆက်လက်ရှင်းလင်းသွားမည်ဖြစ်ကြောင်းမိတ်ဆွေများကိုအသိပေးအပ်ပါသည်)

 

ဒေါက်တာထုံးမွှေဒုတ်(ခ) မြတ်ကျော်သူ

(D.Lit on Platform, Ph.D in Betal Quid)

ဆက်သွယ်ရန်-“ထုံးမွှေဒုတ်” ကွမ်းဆိုင်နှင့် ကွမ်းသုတေသနဌာန, 9th Floor, Traders Hotel

ကွမ်းယာများကို Door to Door စနစ်ဖြင့် မြန်မာနိုင်ငံရှိမည်သည့်မြို့နယ်မဆိုပို့ဆောင်ပေးလျှက်ရှိပြီး နိုင်ငံတိုင်းရှိ “ထုံးမွှေဒုတ်” ကွမ်းဆိုင်များတွင်လည်းအားပေးနိုင်ကြောင်းနှင့် DHL, FedEx ကဲ့သို့သောပါဆယ်ဝန်ဆောင်မှုများနှင့်ပါ ကမ္ဘာတစ်ဝှမ်းသို့ ဝန်ဆောင်မှုပေးလျက်ရှိသည်။

13 comments

  • မြတ်ကျော်သူ

    July 4, 2012 at 7:27 pm

    ခေါင်းစဉ်တပ်ရန် သတိလွတ်သွားသည့်အတွက်….
    ဒီတစ်ခါ ထပ်တောင်းပန်ရပါဦးမည်ခင်ဗျာ…
    ဒီ Post နာမည်က ကွမ်းစားခြင်း အနုပညာ ပါခင်ဗျာ…

  • ဝမ်းတွင်းရူး

    July 4, 2012 at 7:34 pm

    သံတွဲသား စတင်းထောက်ကီးက ထုံးမွှေဒုတ်ဘွဲ ့ခံဖြစ်တွားပီရာ။
    ခေါင်းစဉ်တပ်ဖို ့မေ့နေတဲ့လူကို ရည်းစားကထားသွားတာ နည်း
    သေးတယ် ဝေ့။

  • မြတ်ကျော်သူ

    July 4, 2012 at 7:38 pm

    ကျွန်တော့်အချစ်ကို ကျွန်တော်ခေါင်းစဉ်တပ်ဖို့ မေ့သွားလို့ …
    သူမက ကျွန်တော့်ကို ထားသွားခဲ့တာလေ…
    ကျွန်တော်က အမြဲခေါင်းစဉ်တပ်ဖို့ မေ့နေတဲ့သူတစ်ယောက်ပါဗျာ….’Q’….

  • ဝေးလွင့်တိမ်

    July 4, 2012 at 7:52 pm

    ခ်ခ် … ပိုစ့်ဖတ်ရင်း ကွမ်းတွေဝါးပြီး ဘေးကိုထွေးလိုက်တာ ဗျစ်ကနဲ …. ဟင့် ငါလဲစည်းကမ်းမဲ့သူပါလား ။ ဒဏ်ပေးပစ်မယ် ကိုယ့်ကိုကိုယ် ဒီကွမ်းတစ်ဗူး မကုန်မချင်း ဝါးစေ … ။ ဟုတ်ကဲ့ ကျွန်တော့အပြစ်ဒဏ် ကျွန်တော်ခံယူပါ့မယ်ခင်ည … ။ဟီဟိ

  • အလင်းဆက်

    July 4, 2012 at 8:10 pm

    ကွမ်းစားခြင်းက အနုပညာ တစ်ရပ်…ဟု…
    မှတ်သားသွားပါသည်..။ သို့သော်…
    လမ်းဘေး..ေ နရာ များတွင် ကွမ်းတံတွေးကို ပျစ်ပျစ် မြည်အောင် ထွေးနေကြ၍
    လမ်းများ..( ပတ်ဝန်းကျင် ညစ်ပတ်မှု များ..) ကတော့…အနုပညာ မဟုတ် ..ဟု ထင်ပါသည် ။

    ကွမ်းတံတွေးများေ ပကျံနေသော…နေရာများကို..
    မော်ဒန် ပန်းချိီကား တစ်ချပ် ပမာ..မခံစားနိုင်သေးသောကြောင့်…..

  • snow white

    July 4, 2012 at 8:22 pm

    တံတားဦးကကွမ်းနုဝါ

    ငမြာ(ငန်းမြာ) ကဆေး

    ကွမ်းသီးတောင်ငူနဲ့

    ကိုင်းထုံးဖြူ၊ ပြည် ရှား

    သာဝါးလို့ထွေး။ ကဗျာလေးတောင်စပ်ထားလိုက်သေးတယ် ကွမ်းရဲ့ဘေးထွက်ဆိုးကျိုးလေးပါတွဲတင်ပေးလိုက်ပါလား စားနေသူတွေ ဝိုင်းပြီးcomment ရအောင်လို့။။။။။။။

    • htoosan

      July 4, 2012 at 10:52 pm

      ဒေါ်နှင်းဖြူ .. အဲ့ဒီ့ကဗျာက ကိုမြတ်ကျော်သူ စပ်တယ်လို့ထင်တာလား ။ 😀

  • မြတ်ကျော်သူ

    July 4, 2012 at 8:25 pm

    ရေးမလို့ပါပဲဗျာ…
    ဒါပေမယ့် အရမ်းရှည်သွားမှာစိုးလို့…ဆက်မရေးဘဲ ရပ်ထားလိုက်ရတယ်…
    ဒီတစ်ပုဒ်က ကျွန်တော့်ရဲ့ ပထမဆုံး သရော်စာ တစ်ပုဒ်ပါခင်ဗျား…

  • ဝေးလွင့်တိမ်

    July 4, 2012 at 8:28 pm

    ငစိမ်းပေါ်
    ငဖြူတက်
    အဖန်လာတော့
    နီရောင်စွက် …. ။ ။

    အစိမ်းပေါ်ကို
    အဖြူတင်
    အဖန်ရောတော့
    နီရောင်ဆင် …. ။

    ငစိမ်းပေါ်
    ငဖြူတက်
    အဖန်စွက်တော့
    အနီရောင်ထွက် …. ။

    (ကွမ်းကိုစကားထာဖွက်တဲ့ စာချိုးလေးတွေပါ)

  • မောင်ပေ

    July 4, 2012 at 9:02 pm

    ဆြာကျော်ရေ
    ကျုပ်က သွားမကောင်းလို ့
    ကွမ်းသီးကို အူတိုင်တွေရွေးပြီး ၊ သေးသေးလေးဖြစ်အောင်ပြန်စိတ်ပြီးမှ ကွမ်းနုရယ် မုံရွာမြို ့က ထွက်တဲ့ ရှောက်ပေါင်းမွှေးမွှေးလေးနဲ ့ဝါးတာဗျ ။
    အခုစာကို ကွမ်း၂ယာလောက်ညက်ခန် ့မှာ ဖတ်လို ့ပြီးကြောင်း ကွန်မင့်ဖြင့် သတင်းပို ့ခဲ့ပါတယ်ဗျို ့။

  • ကိုရင်မောင်

    July 4, 2012 at 9:21 pm

    ဒီမှာကွမ်းငတ်နေတာ နှစ်နဲ့ချည်နေပါပေါ့….
    အမယ်တမျိုးတော့ကောင်းသား
    ညိုနေတဲ့သွားတွေဖြူသွားပြီဝေ့…
    တမျိုးတော့မကောင်းပြန်ဘူး
    ဆေးလိပ်စွဲနေတယ်ဝေ့….

  • မြတ်ကျော်သူ

    July 5, 2012 at 12:36 am

    အထက်က ကဗျာက ကျွန် ရေးထားတာ မဟုတ်ပါဘူး
    နောက်ပြီတော့ ဒီ post ကိုရေးရတဲ့ ရည်ရွယ်ချက်က
    အနုပညာဆိုတဲ့စကားလုံးကို အလွဲသုံးစားလုပ်နေတဲ့သူတွေကို သရော်လိုခြင်း ဖြစ်ပါတယ်
    အားလုံးကွမ်းစားနိုင်ကြပါစေ

  • kyeemite

    July 5, 2012 at 1:26 pm

    အနုပညာဆန်ဆန်ဖတ်သွားပါတယ်ဗျို့…
    ခုတော့ ထမင်းစားခြင်းအနုပညာအလုပ်သွားလုပ်လိုက်ပါအုံးမယ်…
    ပြန်လာမှ မိုက်မဲခြင်းအနုပညာအကြောင်းဆွေးနွေးကြသေးတာပေါ့..

Leave a Reply